အောင်ဒင် ၏ နွေတစ်ညမှအစပြု၍ စာအုပ်မိတ်ဆက်ပွဲ ကျင်းပပြုလုပ်

အောင်ဒင် ၏  နွေတစ်ညမှအစပြု၍ စာအုပ်မိတ်ဆက်ပွဲ ကျင်းပပြုလုပ်

ရန်နောင်(ဗိုလ်တထောင်)၊ ဇူလိုင် ၃၊ ၂၀၁၄

ခေတ်ပြတိုက်စာပေမှ  စာရေးဆရာ အောင်ဒင်၏ နွေတစ်ညမှအစပြု၍ စာအုပ်မိတ်ဆက်ပွဲကို  ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂ ရက် (ဗုဒ္ဓဟူးနေ့ )ကနေ့လည် ၂နာရီတွင် ဟုမ်းမီဒီယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာအုပ်မိတ်ဆက်ပွဲတွင် အခမ်းအနားမှူးအဖြစ် ဒေါ်ခင်လေးမှဆောင်ရွက်ပြီး ဦးဇာဂနာ၊ဦးမင်းကိုနိုင် တို့မှအမှတ်တရ စကားများပြောကြားခဲ့သည်။

ဦးဇာဂနာ မှ အမှတ်တရ စကားပြောရာတွင် ကျနော်၊အောင်ဒင် နှင့် မင်းကိုနိုင် တို့သုံးယောက်စလုံး ၏ အမေနာမည်များသည် ထူးခြားတိုက်ဆိုင်စွာ တူညီနေကြောင်း၊ဒေါ်လှကြည် သုံးယောက်အနက် အခု နှစ်ယောက်သာကျန်ရှိတော့ကြောင်း ၊ထို့အတွက် ကျန် ဒေါ်လှကြည် နှစ်ယောက်အတွက် ဝမ်းသာရသလို မေမေ မရှိတော့ သည့်အတွက်လည်းစိတ်မကောင်းဖြစ်ရကြောင်း နှင့် အောင်ဒင်ကို အန်းဂရီးဘတ် ဟုခေါ်သည်မှာဘူးလက်လှဆွေထက် စောကြောင်း  စသည်ဖြင့် အမှတ်တရစကားပြောကြားခဲ့သည်။

ဦးမင်းကိုနိုင်မှလည်း အောင်ဒင် ထောင်ကျတဲ့နေ့သည် သူထောင်တလပြည့်သည့်နေ့ဖြစ်ကြောင်း၊ အောင်ဒင်သည် လူအများပြောသလို ဘုဂလန့်၊ခွစာတစ်ယောက်ဖြစ်ပေမဲ့ တိုင်းပြည်ကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ကြောင်း၊ အောင်ဒင်ကြောင့် ထောင်ထဲတွင် နေထိုင်တတ်ခဲ့ကြောင်း  ၊အောင်ဒင် နံရံတွင် ကျောက်ထက်အက္ခရာတင်သလို ရေးခဲ့သည့် စာများ၊ကဗျာများကြောင့်လည်း အားငယ်စိတ်များပျောက်ကာ နေထိုင်နိုင်ခဲ့ကြောင်း အမှတ်တရစကားပြောကြားပါသည်။

စာအုပ်ထုတ်ဝေသူ ဦးပြည်သွေးနိုင်မှလည်း စာအုပ်ကို မေလထဲက ထုတ်ဖို့ရည်ရွယ်ထားကြောင်း၊သို့သော်လည်း  ကိုအောင်ဒင်မှ အက္ခရာစဉ်အညွှန်း ကို ထည့်ခိုင်းသည့်အတွက် အနည်းငယ် နောက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ အောင်ဒင် ၏ စာအုပ်ကိုထုတ်ဝေခွင့်ရသည့် အတွက်လည်း ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။

အောင်ဒင်၏ နွေတစ်ညမှအစပြု၍ စာအုပ်သည် ရှစ်လေးလုံးအရေးတော်ပုံကြီးကို မသိမမှီလိုက်သော သူများအတွက် သုတေသန ပြုစရာ၊ဗဟုသုတဖြစ်စရာစာအုပ်ကောင်းတအုပ်ဖြစ်သည်။ ထိုစာအုပ်အား ခေတ်ပြတိုက် စာပေမှ ဖြန့်ချိပြီး မျက်နှာဖုံးအား ကာတွန်းအော်ပီကျယ်မှ ဒီဇိုင်းထုတ်ရေးဆွဲထားသည်။ ရောင်းဈေးမှာ လေးထောင်ကျပ် ဖြစ်သည်။

စာအုပ်မိတ်ဆက်ပွဲသို့ စာရေးဆရာအောင်ဒင် ကိုယ်တိုင်မလာနိုင်သော်လည်း  စာရေးဆရာ၏ မိခင်ကြီး ဒေါ်လှကြည်နှင့် မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းအများအပြား တက်ရောက်ခဲ့ တာကိုလည်းတွေ့မြင်ခဲ့ရပါသည်။

One thought on “အောင်ဒင် ၏ နွေတစ်ညမှအစပြု၍ စာအုပ်မိတ်ဆက်ပွဲ ကျင်းပပြုလုပ်

  1. အမေနာမည်များသည် ဒေါ်လှကြည် ဟု ထူးခြားတိုက်ဆိုင်စွာ တူညီနေသော ဦးဇာဂနာ၊ ဦးအောင်ဒင်၊ ဦးမင်းကိုနိုင် တို့သုံးယောက်။ အံ့ဖွယ်သုတပဲ…

Comments are closed.