ရသဆောင်းပါးစုံ

အောင်ကျော်ဦး(မဟာဝိဇ္ဖာ) – မိုးမခကိုဂုဏ်ပြုခြင်း

မိုးမခကိုဂုဏ်ပြုခြင်း
အောင်ကျော်ဦး(မဟာဝိဇ္ဖာ)၊ ဇူလိုင် ၃၊ ၂၀၁၄

“ရင်ခုန်မိတယ်နော်´´ လို့ နိဒါန်းပျိုးလိုပါတယ်။ မိုးမခရဲ့ဘ၀၊ မိုးမခရဲ့အလှ၊ ဇွဲ၊ သတ္တိ၊ ကြံ့ခိုင်မှု……. တို့နဲ့ မိုးမခရဲ့ နှလုံးသားကို သိမြင်နားလည်ခံစားခဲ့ရလို့ပဲဖြစ်ပါတယ်။

မိုးမခကို “နားလည်ပါတယ်ဗျာ´´လို့လည်း ထပ်ခါထပ်ခါ ဆိုချင်ပါတယ်။ ဘာကိုနားလည်တာလဲ ဆိုတာကို ပြီးမှ ရှင်းပြရှင်းပြပါမယ်။ ကျွန်တော်ရင်ခုန်ခဲ့ရတဲ့အကြောင်းကို ဦးစွာပြောချင်ပါတယ်ဗျာ။

ကျွန်တော်က မိုးခေါင်ရေရှားဒေသမှာ မွေးဖွားခဲ့ပြီး မိုးများရပ်ဝန်းဒေသမှာ ကြီးပြင်းခဲ့ရတယ်။ ဘ၀ အတွက် မိုးရေထဲမှာ လှုပ်ရှားခဲ့ရတယ်။ ကျင်လည် ကျက်စားခဲ့ရပါတယ်။

မိုးခေါင်ရေရှားဒေသမှာ မွေးဖွားတာဆိုတော့ တခါတလေ ရှားရှားပါးပါးကြုံတွေ့ရတဲ့ မိုးရေထဲမှာ ဆော့ ကစားရတာကို လွန်စွာပျော်ပိုက်နှစ်ခြိုက်မိပါတယ်။ ကွင်းပြင်ကျယ်ကြီးထဲမှာ မိုးပေါက်လေးတွေ၊ မိုးရေစက်တွေ မျက်နှာကိုထိမှန်ခဲ့တာလေးတွေက ပျော်စရာတွေပါ။ ဆော့ကစားချင်စိတ်ကများပြီး ငယ်လည်း ငယ်သေးတော့ မိခင်ရဲ့ ဟန့်တားမှုကို စိတ် ကောက်ငြိုငြင်မိပါရဲ့။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင် ပျော်ပျော်ရွှင်ရွှ့င် ရင်ခုန်ခဲ့ရတာပါ။

ကြီးပြင်းလာတော့ ဘ၀အတွက် ရုန်းကန်ရင်းနဲ့ မြန်မာပြည်မြောက်ဖျားဆီက မြင့်မြင့်မားမားတောင်တန်း များစွာ ထူပြောပြီး အလွန်အကျွံမိုးများတဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းမြောက်ပိုင်းက နာဂတောင်တန်း၊ ချင်း တောင်တန်းများ၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီနဲ့ မြစ်ဝကျွန်းပေါ်ဒေသ အနှံ့ အပြားကို ရောက်ခဲ့ပါတယ်။ ကျွန်တော်ရောက်ခဲ့ရတာက တာဝန်ထမ်းဆောင်ရင်းနဲ့ပါ။

ငယ်ငယ်တုန်းက “မိုးရွာရင် မိုးရေချိုးမယ်´´၊ “ဘောလုံးကစားမယ်´´ ဆိုပြီး ပျော်ပါးခဲ့တယ်။ ပျော် ပျော်ရွှင်ရွှင် ဆော့ကစားခဲ့တယ်။ ကြည်နူးမိတယ်။

ကြီးတဲ့အရွယ်မှာတော့ ထိပ်လန့်တုန်လှုပ်ဖွယ် မိုးသက်လေပြင်းတွေ၊ လေပြင်းမုန်တိုင်းတွေကို တွေ့ဖူး လာခဲ့တယ်။ နေ့အချိန်မှာရွာတဲ့မိုးဖြစ်ပေမဲ့ ကောင်းကင်တစ်ခုလုံး မဲမှောင်ပြီး ကိုယ့်လက်ကိုယ်တောင်ပြန်ကြည့် လို့ မမြင်ရတဲ့ တိမ်မဲကြီးတွေကြားမှာ လျှောက်လှမ်းခဲ့ဖူးပါတယ်။ တာဝန်ကျေဖို့လိုတယ်ဆိုတဲ့အသိနဲ့ ရုန်းကန် ခဲ့တယ်။ နားချင်လို့လည်း နားလို့မရတဲ့ ဘ၀မျိုးပါ။ ဒီမိုး ဒီလေတွေကို ရှောင်ချင်ပေမယ့် မရှောင်တိမ်းနိုင်ခဲ့ဘူး။ ငယ်ငယ်က နားထောင်ဖူးတဲ့ သီချင်းစာသားလေးလို `ဒီမိုးမှောင်တုန်း မောင် ပုန်းပါရစေ ခင်´ လို့လည်း မဆိုသာခဲ့ပါ။ မိုးသက်လေပြင်းကို ရှောင်တိမ်းနိုင်ခြင်းမရှိခဲ့ပါ။ မျက်ကွယ်မပြုနိုင်၊ လျစ်လျူမရှုနိုင်ခဲ့ပါ။ ဒါကြောင့် ဒီမိုး ဒီလေ ဒီရေတွေနဲ့ ဒီအတွေ့အကြုံတွေကို ရင်ဆိုင်ကျော်လွှားရှင်သန်ခဲ့ရတဲ့ မိုးမခကို စာနာတဲ့စိတ်နဲ့ `ရင်ခုန်မိတယ်နော်´ လို့ နိဒါန်း ချီခဲ့တာပါ။ မိုးမခလည်း ကျွန်တော့်ရဲ့ ရင်ခုန်သံကို နားလည်မှာပါနော်။

ထပ်ဆင့်ပြီးပြောရရင် `များစွာ၊ များစွာ ရင်ခုန်မိတယ်။ ရင်ခုန်ရတာ အများကြီးပါ။ ဘာကြောင့်လဲလို့မေး ရင်လည်း ဒီမိုး ဒီရေ ဒီလေ………. ……….တွေ ရဲ့ဒဏ်ကို ကြံ့ကြံ့ခံပြီး ကျော်လွှားနိုင်ခဲ့တာကြောင့်ပါလို့ပဲ ပြောချင်ပါတယ်။ မိုးမခက ကမ္ဘာမြေကြီးရဲ့ သဘာဝအလှတရားတွေကို ထိန်းသိမ်းရင်းနဲ့ တန်ဆာဆင်နိုင်ခဲ့ တယ်။ ရေတိုက်စားမှု၊ မြေပြိုမှုတွေမရှိအောင် မိုးမခရဲ့ အမြစ်တွေကဆွဲကုပ်ထားနိုင်ခဲ့တယ်။ ပြီးတော့ လူတွေကို အန္တရာယ်ပြုလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေကိုလည်း လူသားများကို အကျိုးပြုတဲ့ အောက်ဆီဂျင်အဖြစ် ပြောင်းလဲပေးနိုင်ခဲ့တယ်။ ရှင်သန်ဖို့ခက်ခဲတဲ့အရပ်ဒေသမှာ ကျားကုတ်ကျားခဲ ရပ် တည်ရှင်သန်ခဲ့ရတဲ့ မိုးမခကို စာနာမှုနဲ့ နားလည်တယ်နော်လို့ ဆိုခဲ့မိတာပါ။ လူသားတွေကို အကျိုးပြုခဲ့တယ်လို့ အကျိုးပြုဆဲလို့လည်း နားလည်ခံယူမိပါတယ်။

မိုးမခကို တွေ့တော့ ကျွန်တော့်အတွေ့အကြုံတွေထဲက အသိတရားတစ်ခုကို သတိရမိပါတယ်။ ကျွန်တော့်ရဲ့ မွေးမေမေက သင်ကြားပေးတဲ့ အသိတရားလေးတစ်ခုပါ ခင်ဗျာ။ ကျွန်တော် ငယ်ငယ်တုန်းက ယောက်ျားလေးတွေရဲ့ မူရင်းဗီဇအတိုင်း သစ်ပင်တက်ချင်တယ်။ သစ်ကိုင်းဖျားမှာစွန့်စွန့်စားစား ခိုစီးချင်တယ်။ တာဇံလိုပေါ့ခင်ဗျာ။

အဲဒီလိုဆော့ကစားတဲ့အချိန်မှာ မေမေက ဘာပြောသလဲဆိုတော့ `သစ်ပင်ကိုရွေးပြီးတော့ တက်ရ တယ်´ တဲ့။ `မန်ကျည်းပင်ရဲ့ကိုင်းက ခိုင်တယ်။ တမာပင်ရဲ့ကိုင်းက မခိုင်ဘူး။ ကြွပ်ဆတ်တယ်´ တဲ့။ ပြီးတော့ `မှတ်ထား..သား မန်ကျည်းတစ်ညှို လူတစ်ခို၊ တမာတစ်ဖက် လူတစ်သက်။ တမာတစ်ကိုင်း လူ့သချိုင်း´တဲ့ဗျာ။

မန်ကျည်းပင်ရဲ့အကိုင်းက လက်ညှိုးအရွယ်ဖြစ်နေရင်တောင် လူတစ်ကိုယ်လုံးခိုစီးတာကို ခံနိုင်တယ်။ တမာကိုင်းကတော့ လူတစ်ဖက်ရှိတာတောင် မသေချာဘူး။ ကျိုးကျတတ်တယ်။ အန္တရာယ်ရှိတယ်တဲ့လေ။

မန်ကျည်းပင် တမာပင်တို့က အညာနဲ့အပူဒဏ်နဲ့ ရေရှားပါးမှုကို ကြံ့ကြံ့ခံပြီး ရှင်သန်ရတယ်။ မိုးမခကတော့ ဆိုးရွားတဲ့ ရာသီဥတုဒဏ်၊ မုန်တိုင်းလေပြင်းဒဏ်ကို ကြံ့ကြံ့ခိုင်ခိုင် ခုခံရတယ်။  ဘ၀ကိုယ်စီ အလှကိုယ်စီနဲ့ပါပဲလေ။ လူတွေကို အကျိုးပြုပုံချင်းတော့ မတူဘူးပေါ့ဗျာ။မန်ကျည်း၊ တမာကြားမှာ မွေးဖွားခဲ့ရတဲ့ ကျွန်တော်ကတော့ မိုးမခကိုတွေ့ရချိန်မှာ အံ့သြတကြီး ငေးမောကြည့်ခဲ့ရပါတယ်။ အော်…သူ့ဘ၀ နဲ့သူ့အလှ သူ့ခံယူချက်…..သူ့ခံစားချက်…ပြီးတော့ အမိမြေကိုချစ်တဲ့စိတ်……ရှင်သန်လိုက်စမ်းပါ မိုးမခ။ အဓိပာယ် ရှိစွာ ရှင်သန်လိုက်ပါ မိုးမခ။

မိုးမခကို ဂုဏ်ပြုပါတယ်ခင်ဗျာ။ သက်တော် ရာကျော် ထောင်ကျော် ရှည်ပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts