မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ်(၅၃၆)


ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ်(၅၃၆)
မာမာအေး
ဇွန် ၂၅၊ ၂၀၁၄
 
 

● မာအေးဆိုနည်း ကကြီး ခကွေး (၁)

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်

မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ရွှေပြည်တော်နဲ့မာအေး ဝေးနေရာကပြန်ရောက်တာ သုံးကြိမ်သုံးခါရှိခဲ့ပါပြီ။ ကိုယ်နိုင်သလောက် သာသနာအတွက် ပရဟိတ၊ ဂီတပရဟိတတွေလုပ်ခဲ့ပါတယ်။ အောင်မြင်တဲ့အခါ ဝမ်းသာရပါတယ်။ အဆင်မပြေတဲ့အခါ ကိုယ်စိတ်နှစ်ဖြာ မကျန်းမာဖြစ်ပါ တယ်။

သာသနာကတော့ ဗုဒဘာသာကိုးကွယ်မြတ်နိုးသူတွေများစွာရှိနေတဲ့ ကိုယ့်တိုင်းပြည်ဖြစ်တဲ့အတွက် ပျောက်ပျက်စရာမရှိပါဘူး၊ မာအေး တို့ဂီတ၊ မြန်မာဂီတကတော့ အရိုးကို အရွက်ဖုံးရုံတင်မက၊ ညောင်ပင်မြိုသလို အမြိုခံနေရတယ်လို့ မြင်လာမိတာကြောင့်၊ ကိုယ်အသိတရားနဲ့ ကိုယ်၊ ဆိုကြဖို့တီးကြဖို့ ကိုယ်ရောက်တိုင်း ကျိုးစာဖြစ်ခဲ့တာပါဘဲ။ ကိုယ်တိုင်ကလဲ ဝါသနာရှင်အကြီးစားကနေကြီး ထွားလာခဲ့တဲ့ အဆို တော်ပေကိုး၊။“ကိုယ်ကချင်လို့ ကိုယ်ဇာတ်ထောင်တာ” ဆိုတဲ့ သဘင်လောဘရဲ့ ရယ်ရွှင်ဖွယ်စကားလိုပေါ့၊ ကိုယ်ကလဲ အဆိုတော်ဖြစ် လာတော့ ဆိုချင်နေတာပါဘဲ။  မှန်သောသစာစကားကြောင့်  မြန်မာသီချင်းဆိုပွဲတွေ အများကြီးဖြစ်ပေါ်ပါစေသတည်း” ဆုတောင်းပါ တယ်ရှင်။

မာအေးတို့ သီချင်းတွေဖြစ်တည်နေဖို့ရာမှာ၊ ဦးစွာက ပရိသတ်အဓိကပါ။ မာအေးတို့ဖက်က ပီသကြည်မြ ဂီတရသနဲ့အညီ ရေးသားသီကုံးတီးမှုတ်ရွတ်ဆိုနိုင်ဖို့ လုံ့လအားထုတ်တင်ဆက်ရမှာဖြစ်ပါတယ်။ ယဉ်ကျေးမှုတခုအပါအဝင် အနုပညာစခန်းဖြစ်တဲ့အတွက် သက်ဆိုင်ရာ လူကြီးမင်းများကလဲ စိတ်ဝင်တစားစောင့်ရှောက်ဖို့လဲလိုပါတယ်။ မာအေးကတော့ ပရိသတ်လဲမဟုတ်၊ မြှင့်တင်မြှောက်စား ပေးသနားနိုင်တဲ့ သက်ဆိုင်ရာလူကြီးမင်းလဲမဟုတ်တဲ့အတွက်၊ ကိုယ့်အစွမ်းအစရှိသမျှလေးနဲ့ဘဲ ကြဲလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒါကဘာဖြစ်လို့လဲဆိုတော့ ဂီတဝါသနာရှင်လို့ဆိုတဲူ့သူတွေ မာအေးချစ်တဲ့ သောတရှင်ပရိသတ်တွေနဲ့တွေ့တိုင်း ဆုံတဲ့အခါ “မာအေး လိုသီချင်းဆိုချင်လိုက်တာ၊ မာအေးလို သီချင်းဆိုတတ်ချင်လိုက်တာ၊ မာအေးလိုအသံကောင်းချင်လိုက်တာ” တဲ့ ရွှန်းလက်တဲ့မျက်လုံး၊ ဝင်းပတဲ့အပြုံးလေးတွေနဲ့ ပြောတတ်ကြတာကို ကြားရတတ်လေတော့ မပျော်ဘယ်သူရှိမှာလဲ ဖြစ်ရတာပေါ့။

ခုချိန်ကြတော့လဲ မာအေးရဲ့မြေးအရွယ်လေးတွေ ဆိုကြ ပြိုင်ကြ တွေ့နေရနဲ့ နည်းနည်းတော့ အပျာ်သားပါဘဲ။ သူတို့တွေအားလုံးကို သတိရတိုင်း၊ သီချင်းဆိုချင်တဲ့ ရောဂါရှင်တွေကို တွေးမိတိုင်း ဘယ်လိုလုပ်ပြီး သူတို့ဆိုတတ်အောင်လုပ်ပေး သူတို့သိအောင် လုပ်ပေး ရပါ့မလဲ၊ ကူညီရပါမလဲနဲ့ အတော်ခေါင်းစားခဲ့ပါတယ်။

“သီချင်းဆိုတဲ့ကိစက အသံနဲ့ထုတ်ရတာမှမဟုတ်လားရှင်၊ ‘အသံက’ ‘လေ’ ဖြစ်နေတော့ မြင်ရတာမှမဟုတ်ပဲ၊ ကြားနိုင်တဲ့အရာ သာဖြစ်နေတော့ကာ လူကိုယ်တိုင်တွေ့ပြီး နည်းပေးမှ အဆင်ပြေနိုင်မှာဘဲလို့ အတွေးပေါက်လာတာကြောင့် ‘အေး-အဆိုလေ့ကျင့်ရေး ကျောင်း’ ကို ၁၉၇၆ ခုနှစ်က ဖွင့်ပေးခဲ့ပါတယ်။ ဝမ်းရေးကလဲတဖက်ရှိနေသေးတော့ တနှစ်လုံးပေါက် ကျောင်းမျိုးလုပ်မပေးခဲ့ဖြစ်ပါဘူး။ မိုးအခါကာလမှာမှ အဖွဲ့တွေနား၊ ဇာတ်တွေနားသလို ကိုယ်နားဖြစ်တဲ့ ‘မိုးသုံးလ’ ကို ကျောင်းချိန်ပေးခဲ့တာပါ။ ခုတော့လဲ ဝေးလိုက်နီးလိုက် သိတ်ကီးမကိုက်ပြန်ဘူးလေ၊ အရွယ်ကောင်းတွေဟာ မာအေးတို့ဝေးနေသခိုက်မှာ လျှပ်စစ်စီးမျှောနေတဲ့ ဂီတတောမှာ ယောင်ချာချာနဲ့ဆို လမ်းမတည့် အစောင်းအရွဲ့တွေ တွေ့သိရင်မော၊ ပြန်ချောပေးဘို့မပိုင်တော့ပါဘူး။ ဤကို ကျွဲကနိုင်နေတဲ့အကြောင်း ကောင်းကောင်းသိလို့ မြေးအရွယ်တွေဦးစားပေး ဂီတအရေးလမ်းကြောင်းပေးခဲ့ရပါတယ်။ ဂီတပရဟိတအကြောင်းသင့်လို့ တဆင့်လက်ကမ်းတဲ့ အစီအစဉ်လေး တခု လုပ်ပေးခဲ့နိုင်ပါတယ်၊

လူလတ်တွေကဆိုနေကျလို့ ခေတ်နှုတ်ခမ်းထားတွေအပေါ် အတော်ရောက်သွားတော့ သဘောလောက်ပဲရှိမှာမို့ ခလေးငယ်တွေလောက်ပဲ၊ ကိုယ်နဲ့အတူလိုက်နေကျ၊ ကိုယ့်ထဲကိုယ်ယာ အဓိကထားခေါ်ခဲ့ရပါတယ်။ ဟောပြောဖို့နေရာရှာဦးဆိုတာတွေအတွက် မာအေးမလုပ်နိုင် လို့ပါ။ ဒါကိုသဘောပေါက်တဲ့၊ သီချင်းရေး-သီချင်းဆိုဝါသနာကြီးတဲ့ ရေဒီယိုအဆိုတော်တယောက်ဖြစ်ဖူးတဲ့ ‘ကျော်မြတ်သူ’ က- ‘မြသွေး ချယ်’ ဆိုတဲ့ သူ့သမီးလေးလဲပါနေတော့မို့ မာအေး မန္တလေးသင်္ကြန်ရောက်နေတုန်းမှာ MCA အခန်းတခန်း ငှားထားပေးတယ်။ သူတို့ မိသားစုအလှူပေါ့ရှင်။

ဒီကိစကိုမာအေးစရောက်စဉ်ကဘဲ ဂီတအစည်းအရုံးကို ဦးဆောင်လုပ်ပေးဘို့ စီစဉ်ခဲ့တာပါ။ ဒုတိယတခါမှာလဲ သူတို့အဖွဲ့ရဲ့ အစည်း အဝေးတွေနဲ့ကြပ်နေလို့တဲ့။ အများသူငါအတွက် ဆောင်ရွက်မပေးနိုင်ခဲ့ဘူး။ ခုကတော့ ခလေးတစုအတွက် ကြားပွဲဖြစ်သွားပါတယ်။ အမားအတွက်ကတော့ နောင် လူကိုယ်တိုင်ကြုံချင်ကြုံဦးမှာပေါ့လေ။ ခုကတော့ ကြုံလို့တောင် လါမတွေ့နိုင်တဲ့ ဝါသနာရှင်အားလုံးအတွက် BBC ကတဆင့် ပြောပြပေးဘို့ပါဘဲ။

မာအေးရဲ့ဆိုပုံဆိုနည်းကို သိချင်ကြတယ်၊ ယူချင်ကြတယ်ဆိုရင်တော့ မာအေးရဲ့စံနစ်ကိုလိုက်မှဖြစ်မှာပေါ့နော်။ မာအေးရဲ့အဆိုကျောင်းမှာ သင်ပေးတဲ့အတိုင်းဘဲ၊ သူတို့လေးတွေကိုလဲ ပြောပြပေးခဲ့တာပါ။ သီချင်းဆိုမယ့်သူတယောက်သိမှဖြစ်မယ့် အခြေခံအချက်အလက်တွေပေါ့။ ဒါကို မာအေးဆိုနည်း ကကြီး ခကွေးလို့ ခေါင်းစဉ်ပေးပြောလိုက်ပါတယ်။

သီချင်းတပုဒ်ဆိုဖို့ စပြီဆိုတာနဲ့ သီချင်းရေးဆရာကဖြစ်ဖြစ်၊ တီးဝိုင်းခေါင်းဆောင်ကဘဲဖြစ်ဖြစ်၊ သီချင်းစာသားပါတဲ့ စာရွက်တရွက်ပေးမှာ သေချာပါတယ်။ ဒါမှမဟုတ် သီချင်းစာကူးခိုင်းတာမျိုးလဲ လုပ်ခိုင်းတတ်ပါတယ်။ ဒီအခါ သီချင်းစာကို ရေရေလည်လည်သိအောင် နား လည်အောင် အဓိပ္ပါယ်ဘယ်လိုဆောင်တာလဲ၊ စဉ်းစားတွေးခေါ်ကြရပါမယ်။

သူ့စာသားက ပတ်ဝန်းကျင်သဘာဝကို ဖွဲ့ဆိုတာလား၊ အချစ်သီချင်းလား၊ ဘာအကြောင်းအရာကိုဘဲရေးရေး မြန်မာစာတတ်တဲ့သူတိုင်း ဘာ အဓိပ္ပါယ်တွေလဲဆိုတာ သိနိုင်ကြတာဘဲ မဟုတ်လား။ ရိုးရိုးစကားပြေနဲ့ဘဲ ရေးကြတာပါ။ ကိုယ်မသိတာမျိုး ပါလာရင်လဲ၊ သီချင်းရေး ဆရာကိုမေးပေါ့။

နံပါတ် (၂) က- ဒီသီချင်းရဲ့အသံ-တေးသွားအလိုက်ကို၊ တိကျမှန်ကန်စွာ၊ အသံရောက်အောင်လေ့ကျက် သီဆိုကြရပါမယ်။

နံပါတ် (၃) က သီချင်းစာနဲ့သီချင်းအလိုက် ကိုက်ညီပီသတဲ့ သီဆိုမှုကာရံသိမှု၊ အက္ခရာမယွင်းအောင် စောင့်စည်းအသံထွက်ဖို့ဖြစ်ပါတယ်။

စာသိပြီ၊ အသံသိပြီ၊ အက္ခရာပီသအောင်သီဆိုတတ်ပြီဆိုတော့၊ ဒီသီချင်းကိုဘယ်လိုစည်းနဲ့ သီဆိုရမယ် ဆိုတာသိနိုင်ဖို့၊ အဝင်အထွက်၊ အရပ်အနား၊ ရှေ့ကသွားမလား၊ နောက်ကလိုက်ရမလား ခွဲခြားသိရအောင် စည်းဝါးအကြောင်းနားလည်ဖို့ အဓိကလို့သိရမယ်။ လေ့လာ ရမယ်၊ သင်ယူထားရပါမယ်။

ကဲ၊ ဒါလောက်ကြားရရင်နည်းနည်းတော့ အရာထင်လာမှာပါ၊ သောတရှင်တို့ဟာ အမျိုးသားနဲ့ အမျိုးသမီးတွေဖြစ်ကြလို့ နှစ်ဖက်လုံးအတွက် ပြောနိုင်လောက်အောင် ‘သက်ဝေ’ သီချင်းနဲ့ စံပြပြုဘို့ရွေးထားပါတယ်။ ပထမပိုဒ်ကို နားဆင်ထားပါ။ နောက်တပတ်ကျရင်၊ မာအေး ဒီစာဒီသီချင်းပိုဒ်ကို ဘယ်လိုတွေးတယ်၊ ဘယ်လိုခံစားမယ်ဆိုတာ ဆွေးနွေးပြပါမယ်ရှင်။

(သက်ဝေ-မေရှင် အပိုဒ် – ၁ ) သစာမဏ္ဍိုင်မြဲခိုင်ခဲ့ပေ xxx မေတာမိုးတွေသွန်းဖြိုးရွာစွေ အသဲမှာစွဲမက် xxx အသက်ကိုပုံတယ်လေ၊ တ ကိုယ် လုံးသိမ်းကြုံးလိုရာ သုံးသက်ဝေ xxx အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည် xxx အချစ်အတွက်ဖြင့် အသက်ပင်သေသေ xxx အသွေး ယူ အသားကိုလှူလှူ၊ စိတ်တူတယ် ရီရီပြုံးပြုံး xxx မဒီဒေဝီ ဝေသန်ဘုန်းလို နှလုံးပြုကာ xxx ကြည်ဖြူမှာတွေ၊ သက်ဝေအလိုကျ ဆိုသမျှ xxx ကိုယ်ရော စိတ်ကလိုက်လျောရပါမယ်လေ xxx


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts