ရသဆောင်းပါးစုံ

သုအိုက်စံ ● ရှေ့တန်းပြန်

သုအိုက်စံ ● ရှေ့တန်းပြန်
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၆

တောင်ယာမြေက မေးပြီ
ခင်ဗျားတို့စစ်ကြီး ပြီးသွားပြီဆို
ကျုပ်မျိုထားရတဲ့ နင်းမိုင်းကို
ဘယ်မှာ သွားထွေးထုတ်ရမလဲ တဲ့
ခလေးတအုပ်ဟာလည်း
ဒီနားမှာပဲ လာ လာ ခုန်ပေါက်ကစားနေကြတယ်
ခင်ဗျားတို့မှာ ဦးနှောက် အပိုမပါသလိုပဲ
သူတို့မှာလည်း ခြေထောက် အပို မပါဘူး
လာပြန်ခူးစမ်းပါ
ခင်ဗျားတို့စိုက်ခဲ့တဲ့ ငရဲသီး
ဒီလူသတ်မိုင်းဟာ ဝဖီး ရင့်မှည့်နေပြီ
နေပြည်တော်က ပို့လိုက်တဲ့ စစ်ပစ္စည်းတွေ
နေပြည်တော်ကိုပဲ ပြန်ယူသွားကြ
လွှတ်တော်ထဲက လာတဲ့ လူသတ်မိန့်တွေ
လွှတ်တော်ထဲမှာ ပြန်အိပ်စက်ပါစေ
ကိုယ်ထုတ်တဲ့ သေဒဏ်ဟာ
ကိုယ့်ကို ပြန်သက်ရောက်လာရင် ဘယ်လိုလဲ
အဲဒါကိုပဲ ကျုပ်တို့ နှစ် ၆၀ ပူးတွဲပျက်စီးခဲ့တာ
အဲဒီမှာ အမတ် ၅၀၀ ကျော်ဟာ
အစာအိမ်ဖောင်း အိပ်ငိုက်ကောင်းနေတုန်း
အဲဒီတိုင်းပြည်ထဲမှာ လူ သန်း ၅၀ ကျော်ဟာ
အစာအိမ်ကပ် သိပ်ငတ်နေကြတယ်
ဒီကိစ္စ လွှတ်တော်ထဲ ဆွေးနွေးသင့်တယ်လို့
ခင်ဗျားတို့ ဗိုလ်ကြီးအုန်းကျော်မြင့် မလုပ်ကြဘူး
ကျုပ်တို့တောင်တန်းမှာဖူးတဲ့ ချယ်ရီပန်းဟာ
ခင်ဗျားတို့ရဲ့ချွေးနဲ့ မဖြန်းဖြစ်လည်း လန်းပွင့်နေတာပဲ
ကျုပ်တို့က ရိုးရိုးသားသားပဲ ဘိန်းစိုက်စားပါ့မယ်
ရိုးရိုးသားသားပဲ ဘုရားသခင်ကို ဦးတိုက်သွားပါ့မယ်
ဈေးခွေးမိခင် သားချီသလို
ခင်ဗျားမိုင်းကို ခင်ဗျား ပြန်ကိုက်ချီသွားပါ
အဲဒီ ကလေးစစ်သားတဦးဟာလည်း
စစ်သား အမေထံ ပြန်လည်ဖူးသင့်ပါတယ်
စစ်ယူနီဖောင်း ခဏချွတ်ပြီး
သင်္ကန်းစည်းချင် စည်းသင့်ပါတယ်
ကျုပ်တို့ရဲ့ဓမ္မတေးသံကိုလည်း
ဗမာသံစဉ်တွေ လာ လာမထည့်ချင်ပါစမ်းနဲ့
စစ်စိတ်မိုက်ကန်းကန်းကို တုံ့ခနဲရပ်လိုက်
ပင်လုံစာချုပ်ကို ဖျက်လိုက်တဲ့လက်ဟာ
တိုင်းပြည်ကို ဖျက်ပစ်လိုက်တာပဲ မဟုတ်လား
ခင်ဗျားတို့သွားတော့
အခုချိန်ဆို
စစ်သားမယားဟာ အိုဗာတိုင်က ပြန်ရောက်နေလောက်ပြီ
ကြည်နူးတဲ့ မိသားစုရင်ခွင်ထဲ
ခင်ဗျားတို့အလွမ်းတွေကို ပြန်ဗုံးကြဲလိုက်ဗျာ
မြန်မာ့မြေပြန့်ဟာ ငြိမ်းချမ်းပါစေ
မြန်မာ့တောင်တန်းဟာ စိမ်းလန်းပါစေ။ ။

သုအိုင်စံ
၁၆-၁၁-၂၀၁၃

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts