ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – အတ္တစားတဲ့ အန္ဓများ

အတ္တစားတဲ့ အန္ဓများ

ကျော်ဟုန်း၊ ဇွန် ၂၄၊ ၂၀၁၄

တနေ့ စာ ၀မ်းရေးတွက်

တလတာ မေးငေါ့ခံ လဲလှယ်။

တလစာ ဖူလုံရေးတွက်

တသက်တာ နာမည်ပျက်ခံ လဲလှယ်။

တသက်စာ ပြည့်စုံရေးတွက်

သံသရာတန်ပြန်ခံ လဲလှယ်။

အနေသာဖို့  အသာနေကြ၊

အစားချောင်ဖို့  အချောင်ရှာကြ၊

တချို့ တွေများ အတ္တကြီး။

ငှက်တွေရဲ့ကြား သိန်းစွန်ဖြစ်ချင်ပြန်

သားကောင်တွေရဲ့ကြား ခြင်္သေ့ဖြစ်ချင်ပြန်

ငါးတွေရဲ့ကြား ငါးမန်းဖြစ်ချင်ပြန်

ဓမ္မကို ဒါးမလို့ ဘာသာပြန်

တရားကို တစ်ရာလောက် တန်ဖိုးမထား

အဓမ္မကို ဇက်ရဲလက်ရဲသုံး

ငါမသေဖို့ ငါတေရဲသတဲ့

တချို့ တွေများ အတ္တကြီး။

အနေသာဖို့  အသာနေရင်

ကိုယ်လွတ်လည်း ကိုယ့်မျိုးဆက်မလွတ်၊

အစားချောင်ဖို့  အချောင်ရှာရင်

တဒင်္ဂ ၀၊ ထာဝစဉ် မ၀၊

သိပင် သိကြလဲ

မျက်စေ့တထောက်ကြည့်

တချို့ တွေများ အတ္တကြီး။

သူရဲဘောကြောင်သူ

ပင်လယ်မှာ နေရာလပ် မရှိ၊

အချောင်သမား၊ အမှောင်သမား

သမိုင်းကောင်းမှာ နေရာ မရှိ၊

သိပင် သိငြား

တချို့ တွေများ အတ္တကြီး။

အဆိပ်စာကို အဆိမ့်စာ ထင်

တပါးမျက်ရည်ကို ဘီယာလို ဇိမ်ယူစုပ်

ဒိန်ပုပ်မှ ရသာကဲဆုံး ထင်

အ၀ိဇ္ဖာဖုံးကြပုံ

ပုံပြင်မဟုတ်ဘူး။

တကယ်တော့

ဒီလို လူတန်းစားမျိုး

ကိုယ့်အသား ကိုယ်ပြန်စားနေတာ

သူတို့ ကိုယ်တိုင် သူတို့ မသိ။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts