U Win Tin ကိုရာဇာ လူများ၊ ရုပ်ပုံလွှာများ ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

ကိုရာဇာ – ဦးဝင်းတင်နဲ့ဘ၀နှစ်ခုကို ငြင်းပယ်ခြင်း ( ဗိုလ်မင်းခေါင် )

ဦးဝင်းတင်နဲ့ဘ၀နှစ်ခုကို ငြင်းပယ်ခြင်း ( ဗိုလ်မင်းခေါင် )
ဦးဝင်းတင်နဲ့နေထိုင်ခြင်း
ကိုရာဇာ၊ ဇွန် ၂၄၊ ၂၀၁၄

လူတွေမှာဘ၀တစ်ခုကို တချိန်ချိန်ကအားကျမက်မောလိုချင်မှုတွေ ရှိတတ်ပေမယ့် နေ့တဓူဝမြင်ကြား လာနေရတော့အဲ့ဒီဘ၀ကို ငြင်းဆန်သွားတတ်တာလူ့သဘာဝပါ။ ဒီသဘောသွားဆန်ဆန်စာကို စာရေးဆရာကြီး သော်တာဆွေက ရေးဖူးပါတယ်။ စာကိုကြိုက်ရင်စာကိုသာဖတ်ပါ စာရေးဆရာရဲ့အိမ်ရှေ့မှာနေဖို့ မကြိုးစားပါနဲ့လို့ ရေးသွားဖူးတာ သာဓကတစ်ခုပါ။ ဆိုလိုရင်းကတော့ စာရေးသူရဲ့စာကိုကြိုက်ပြီးဖတ်နေတာအကောင်းသား စာရေးဆရာနဲ့ရင်းနှီးသွားလို့ စာရေးဆရာရဲ့ သဘောသဘာဝ ဓလေ့စရိုက်ကိုကြည့်ပြီး နားမလည်ဘူးဆိုရင် စာကိုပါမကြိုက်ဖြစ်သွားတတ်တယ်လို့ ပြောတာပါ။ အချို့လူတွေတော့ ဘယ်လိုသဘောပေါက်တယ်မသိပါ ။ ကျနော်ဖြင့်စာရေးဆရာတွေကို ရင်းနှီးလို့စာကိုပိုကြိုက်သွားတာမျိုးတောင်ရှိတတ်ပါတယ်။ အဘကအဲ့ဒါနဲ့ ဆန့်ကျင်ဖက် ခံစားချက်ရှိဟန်တူပါတယ်။

“ငါ သတင်းစာဆရာဖြစ်လာတယ်၊ ငါစစ်သားဖြစ်ချင်ခဲ့ဖူးတယ်၊ ငါနိုင်ငံရေးသမားမဖြစ်ချင်ခဲ့ဖူးဘူး။  နှစ်ခုစလုံးက ငါ့ဦးလေးနဲ့အတော်ပတ်သက်နေတယ်ကွ….”

အဲ့ဒီလိုမျိုးမကြာခန လှစ်ဟခြွေပြတတ်ပါတယ်။အဘဦးလေးဖြစ်သူဟာ နှယ်နှယ်ရရမဟုတ်ပါဘူး ဗိုလ်ချုပ်အောင်ဆန်းဦးစီးတည်ထောင်တဲ့ ပထမဆုံးဗမာ့တပ်မတော်သားတွေထဲမှာ ပါဝင်ခဲ့သူဗိုလ်မင်းခေါင် ဖြစ်ပါတယ်။ အဘတို့မျိုးရိုးဟာ တော်လှန်ရေးမျိုးရိုးလို့ပြောရင်ရပါတယ်။ သူ့ရဲ့ဦးလေး၊အဒေါ်၊အကိုအမတွေအား လုံးဟာ အင်္ဂလိပ်၊ဂျပန်တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲတိုက်ပွဲဝင်ခဲ့တယ်။ အဲ့ဒါကြောင့်အဘကလည်း အရေးတော် ပုံမျိုးရိုး အရေးတော်ပုံတပ်သားလို့ မ၀ါမကြွားစကားဆိုလေ့ရှိတာဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မကွယ်လွန်ခင်အထိ ကျနော်က ဉာဏ်သမားမဟုတ်ဘူး မာန်သမားဗျလို့ဆိုသွားတာပါ။ ဉာဏ်သမားဆိုတာက ကုလားထိုင်ပေါ်ထိုင်ပြီး အကွက်တွေချစီစဉ်တာမျိုးဖြစ်ပြီးတော့ မာန်သမားဆိုတာကတော့ ကိုယ်တိုင်ပါဝင်ပတ်သက်ခြင်းလို့အဘကခံ ယူပါတယ်။

“ငါ ကွာ … တချို့လူကြီးတွေလုပ်သလို မလုပ်ချင်ဘူး။ ကိုယ်ကခိုင်း – သူများတွေလုပ်၊  ထောင်တွေကျ … အဲ့လိုဟာ မျိုးတွေမလုပ်ချင်ဘူး။ ငါကနိုင်ငံရေးသမားမဟုတ်ပေမယ့် သတင်းစာဆရာလောကကို နိုင်ငံရေးနဲ့ဖြတ်သန်းလာတာ ငါလည်းဉာဏ်သမားလို နေလို့ရတယ် ဒါပေမယ့် အဲ့ဒီဉာဏ်သမားအလုပ်ကို ငါငြင်းတယ်ပယ်တယ်ကွာ…” တဲ့

အဘဘ၀မှာ အခြားငြင်းပယ်စရာတွေရှိခဲ့သေးလား။ ဥပမာ အိမ်ထောင်မပြုတာတို့ဘာတို့ဆိုတော့ … အဘက ကျနော့်ကို …

” မင်းမို့လို့လည်းမေးတတ်တယ်။ ဒီကိစ္စထားပါကွာ။ ငါတကယ်ငြင်းပယ်ခဲ့တဲ့ဘ၀နှစ်ခုရှိတယ် ။ တိုက်ဆိုင်ထူးဆန်းတယ်ဆိုရမယ်ကွ… လူတစ်ယောက်တည်းကြောင့် ငါကဘ၀နှစ်ခုကိုငြင်းပယ်ခဲ့ရတယ်…။ ဘာမဆို အလွယ်တကူလက်ခံတတ်တဲ့ အဘရဲ့စရိုက်ဉာဉ်ကိုသိထားတော့ အဘငြင်းပယ်ခြင်းဘ၀နှစ်ခုအပေါ် စိတ်မ၀င် စားပဲနေမလားဗျာ… ။ လူစပ်စုပီပီသသနဲ့ ဂျီကျရတာပေါ့ ။ အဘငြင်းပယ်ခြင်းဘ၀နှစ်ခုက ကိုယ်နဲ့တချိန်အလျဉ်း သင့်တိုးမ၀င်လာဘူးလဲ မပြောနိုင်ဘူးလေ။

“မင်းတို့သိတယ်နော် – ဗိုလ်မင်းခေါင် ။ ငါ့ဦးလေးကွ။ အဲ့ဒါ ရဲဘော်သုံးကျိပ်ဝင် ။ သူ့ကြောင့်လည်းငါတို့တမျိုးလုံး တော်လှန်ရေးလုပ်ကြတယ်ပြောရမယ်ကွ ။ သူ့စေ့ဆော်မှုပေါ့ကွာ ။ သူ့ကြောင့်လည်း ငါဗိုလ်ချုပ်အောင်ဆန်းကိုမြင် ဖူးတာ။ စကားပြောဖူးတာ ၊ ကျေးဇူးရှိတယ်ပြောပါတော့ ။ ဒါပေမယ့်ကွာ သူက စစ်ဗိုလ်ဟုတ်လား ။ နောက်ငါတို့ဗမာ့ တပ်မတော်ဆိုတာလည်း ဂျပန်မှာမွေးလာတာ ။ ပါးရိုက်နားရိုက်အားကြီးဝါသနာပါတယ် ။ အချို့ကိစ္စတွေဆိုရင်ကွာ ကြီးနိုင်ငယ်ညှည်းသဘောမျိုး တောင်လုပ်ကြတယ် ။ အဆင့်ဆင့်စစ်သားတွေက …။ ငါလည်းကွာဒါတွေမြင်နေကြား နေရတော့ … အော် စစ်သားဘ၀ကအရိုင်းစိုင်းလိုနေကြတာကလား  တွေးမိတယ်။  ငါ့ဦးလေးနဲ့သူတပည့်တွေကို ကြည့်ပြီးငါတော့ စစ်သားဘယ်တော့မှမလုပ်ဘူးလို့ဆုံးဖြတ်ခဲ့တယ်။”

ဒါအမှန်တရားပေါ့ဗျာ နူးညံ့နှလုံးသားပိုင်ရှင်က ပါးရိုက်နားရိုက်ကိုငြီးငွေ့ ပေမပေါ့။ စာနာတရားလက် ကိုင်ထားကြီးပြင်းနေတဲ့ လူငယ်တစ်ယောက်အနေနဲ့ ကြီးနိုင်ငယ်ညှည်းတွေကို ငြင်းပယ်တော့မှာပေါ့။ နေ့စဉ်ပါး ရိုက်လိုင်စင်သက်တမ်းတိုး ။ အောက်လက်ငယ်သားကိုအမျိုးမျိုး နှိပ်စက်ကြတဲ့အဖွဲ့အစည်းနဲ့ လူသားတရားလက်ကိုင်ထား လူသားအပူကိုငြိမ်းကူဖို့ဖြစ်လာမယ့် လူငယ်တစ်ယောက်က ဒီလိုအဖွဲ့အစည်းမျိုးကို ရှောင်ဖယ်တာမ ဆန်းပါဘူး။ ကျနော်စဉ်းစားမိတာက – ကိုယ့်ထက်စီနီယာက အောက်ကဂျူနီယာကို ပါးနားရိုက်လို့ရတဲ့တပ်မ တော်ကြီးရဲ့ ဆောင်ရွက်နေပုံကိုပြင်ဆင်သင့်တယ်၊ သဘောကတပ်တွင်းစည်းကမ်း၊ တပ်တွင်းဥပဒေ၊ တပ်တွင်း အမိန့်တွေကို မနာခံခြင်းမှတပါး ကိုယ့်စိတ်အလိုမကျတာနဲ့ ပါးရိုက်ခွင့်မရှိဘူးဆိုတဲ့ စစ်ဥပဒေပြဌာန်းစေချင်တာ ဖြစ်ပါတယ်။ ထားပါတော့ဗျာ …  ဒီအမနာပတွေ သူတို့ဖာသာသူတို့ ကျေနပ်ပြီးနေတတ်ရင် ပြီးရောဟုတ်လား…။

အဘရဲ့နောက်တစ်ခု ငြင်းပယ်တဲ့ဘ၀ကိုကျနော်တို့ ထပ်ပြီးလေ့လာကြည့်တာ … ပညာလည်းရမယ် အချိန်ကုန်လည်း သက်သာမယ်ထင်ပါတယ်။ ကျနော်တို့လူသားတရား လက်ကိုင်ထားသူတွေနဲ့  ဒီပါးရိုက် နားရိုက်အုပ်စုနဲ့ သိပ်တော့လည်းမသက်ဆိုင်လှပါဘူး…။ နိုင်ငံရေးသမားတစ်ယောက်ကိုကြည့်ပြီး နိုင်ငံရေးသမား ဘ၀ကို အဘဘာကြောင့်ငြင်း သလဲ ဆိုတော့……

“ဒီလိုကွာ … ငါ့ဦးလေးကစမ်းချောင်းထဲနေတယ်။ စစ်တပ်ထဲကထွက်ပြီးတော့ နိုင်ငံရေးပြန်လုပ်တယ်။ နောက်တော့ဝန်ကြီးတွေဘာတွေဖြစ်ပေါ့ကွာ။ စစ်တပ်ထဲကထွက်ပြီးမှ နိုင်ငံရေးလုပ်တာနော် ။ ခုကောင်တွေထက် အများကြီးသာတယ်။ နိုင်ငံရေးသမားအိမ် … နောက်ပေါက်ပေါက်မြောက်မြောက်မြောက်နိုင်ငံရေးသမားအိမ် ဆိုတော့ လူတွေအများကြီးလာကြတယ် ။ ငါက ငါ့ဦးလေးနေတဲ့အိမ်မကြီးမှာ မနေဘူး။ ဘေးက ဧည့်သလည်လာရင် တည်းခိုတဲ့အိမ်မှာနေတယ်။ ငါ့ဦးလေးက ငါ့ကိုမကြာခနဆိုသလို နင်းခိုင်းနှိပ်ခိုင်း၊ ဆဲဆို အဲ့လိုဆိုတော့ … ငါကရှင်းရှင်း ပြောရရင်ငါ့ဦးလေးကိုသဘောမကျဘူး ။ ငါက အားရင်ဘုရားလေးပေါ်တက်ပြီးစာဖတ်နေတာကွ ။ ငါနေတဲ့အိမ်လေးက ဧည့်သည်တွေလာရင်တည်းတယ်ဆိုပေမယ့် ငါတစ်ယောက်ထဲလိုလို အချိန်တွေကလည်း အများကြီးရှိတာ။ ဧည့်သည်တွေလာရင်တော့ မကြားချင်မြင်လျက်သား ဆိုသလို သူတော့ပြောဆိုနေတာကြားနေရတယ်။ ဟိုလူရှေ့ကျရင်အဲ့ဒီလူချီးမွမ်းခန်းတွေဖွင့် ။ ကွယ်ရာကျတော့အတင်းတွေပြော ၊ ဘယ်လိုသဘောတွေမှန်းမသိဘူး ။  လိမ်တဲ့လူတွေကလည်းရှိသေးတယ်ကွာ ။ ငါတော့ဒီလူသိုက်ကြည့်ပြီး စာအုပ်တစ်အုပ်ဆွဲ၊ ဘုရားပေါ်တက်တော့တာပဲကွ။  ပြီးတော့ငါတွေးတယ်။  ဒီလိုရှုပ်ရှုပ်ထွေးထွေးတွေလုပ်နေရတဲ့နိုင်ငံရေး ငါတော့ တစ်သက်စလုံးမလုပ် တော့ဘူးဆိုပြီး ငယ်ကတည်းကဆုံးဖြတ်ဖြစ်ခဲ့တာကွ….။”

ဒါပေမယ့် အဘ ဘ၀နေ၀င်တော့ နိုင်ငံရေးသမားဘ၀နဲ့အဆုံးသတ်ပါတယ်။ အဘကတော့ငြင်းတယ်။ “ငါက ငါလုပ်တတ်တဲ့ဟာလုပ်နေတာ ငါ့ကိုငါတော့သတင်းစာသမား သတင်းသမားတစ်ယောက်အနေနဲ့ပဲရပ် တည်တယ်ကွ။ နိုင်ငံရေးသမားတစ်ယောက်ထားရမယ့် စိတ်ထားမျိုးငါမထားတတ်ဘူး” လို့ ပြောတော့အဘ မဆုံးခင်အချိန်လေးမှာပါ။

ဘာပြောပြော ကျနော်တို့ကတော့ အဘကခံယူသည်ဖြစ်စေ မခံယူသည်ဖြစ် ဒါမှမဟုတ်လည်း အဘပြောခဲ့သလို နိုင်ငံရေးကိုသတင်းစာပညာနဲ့ အနုပညာမြောက်အောင်လုပ်နေတယ်ပြောပြော … အဘရဲ့လူသားဆန်မှု နိုင်ငံရေးအကွက်မြင်မှု အဘရဲ့စွန့်လွှတ်ခဲ့မှုတွေကို နမူနာယူပြီး အဘလမ်းစဉ် အဘမူဝါ ဒါအတိုင်း လျောက်လှမ်းဖို့သာလိုနေတာမဟုတ်လား။ အဘကိုချစ်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုချစ်ရင် လူထုခေါင်းဆောင်ကိုတကယ်ပဲ ချစ်ခင်ရိုသေလေးစားကြတယ်ဆိုရင်ဖြင့် အဘဦးဝင်းတင်လျောက်ခဲ့သော လမ်းဖြစ်တဲ့ခေတ်လမ်းကို လျောက်ရပါလိမ့်မယ်။ ဒီမိုကရေစီကိုချစ်ရင် လွတ်လပ်မှုကိုမြတ်နိုးရင် အဘဦးဝင်းတင်ထမ်း ပိုးသွားတဲ့ ခေတ်ဝန်ကိုလည်း ကျနော်တို့ဒီ့ထက်မက ထမ်းပိုးရလိမ့်မယ်လို့ မြင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts