Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ဘုရားသားတော်တွေကို သိန်းတထောင်နဲ့ အာမခံပေး

ဘုရားသားတော်တွေကို သိန်းတထောင်နဲ့ အာမခံပေး
ရန်နောင် (ဗိုလ်တထောင်)
ဇွန် ၂၁၊ ၂၀၁၄
 

မဟာသန္တိသုခကျောင်းတိုက်ကြီးကို ညအချိန်မတော် ၀င်ရောက်စီးနင်းပြီး မတရားဖမ်းဆီး လူဝတ်လဲခံခဲ့ရတဲ့ သံဃာတော်တွေကို တပါး လျှင် ကျပ်သိန်း ၂၀၀ ဖြင့် အာမခံပေးပြီး ရဟန်းပြန်စီးပေးမယ်လို့ သိရပါတယ်။ အဆိုပါအာမခံကြေးကိုတော့ လှုမှုရေးအသင်းတသင်းက စိုက်ထုတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ယင်းအချိန်က အဆိုပါကျောင်းတိုက်မှာ အာဂန္ဓုအဖြစ် သီတင်းသုံးနေထိုင်သော ပီနန်ဆရာတော်ဘုရားကြီး၏တပည့်ရင်း ဦးဥတ္တရအပါအဝင် သံဃာတော်ငါးပါးကို ဖမ်းဆီးခဲ့တာပါ။

ရုံးတင်တရားစွဲဆိုခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ပြုလုပ်ခဲ့ကြတာဖြစ်ပြီး တရားစွဲ ရုံးထုတ်မည့်အချိန်ကို အများပြည်သူက ကြိုတင်သိရှိနေကြသည့်အတွက် တရားရုံးအနီးပတ်ဝန်းကျင်တွင် ရဟုန်းရှင်လူ တထောင်နီးပါးခန့်ကလည်း ရုံးထုတ်သံဃာတွေကို လာ ရောက် ဖူးမျှော်ကြတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ရွှေညဝါဆရာတော်၊ မကွေးဆရာတော်၊ မစိုးရိမ်ဆရာတော်တို့မှဦးဆောင်၍  သံဃာတော်များ၊ ပြည်သူများမှ တညီတညွတ်တည်း အပြစ်မဲ့ ဖမ်းဆီးခံသံဃာတော်များ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဆုတောင်းခြင်း၊ သာသနာရေးမှ သမတရုံးအကြံပေးဆိုသူ ဦးအံ့ မောင်အား ကန့်ကွက်ရှုံ့ချမှုတွေကိုလည်း တရားရုံးပြင်ပမှာ ငြိမ်းချမ်းစွာ ထုတ်ဖော်ခဲ့ကြပါတယ်။

နံနက် ၁၀ နာရီခွဲခန့်မှာတော့  သံဃာတော်တွေကို အချုပ်ကားဖြင့်မဟုတ်ပဲ စူပါကာစတန်ကားနှစ်စီးဖြင့် ခေါ်ဆောင်လာပါတယ်။ လူဝတ်လဲ ဆရာတော်တွေကို ဒကာ၊ ဒကာမတွေက လက်အုပ်ချီမိုး၍ ပူဇော်ခဲ့ကြပါတယ်။ ဆရာတော်တွေကို စွဲချက်တင်မယ့် တရားရုံးအတွင်း ကိုတော့ ပရိတ်သတ်မှ ၀င်ရောက်ကြားနာခွင့် မရရှိခဲ့ကြပါဘူး။

ယခုအစိုးရလက်ထက်မှာ ဘုရားသာတော်တွေတောင် အာမခံနဲ့ နေနေရတဲ့ အဖြစ်အပျက်တွေကြောင့် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် အများပြည်သူက သံသယရှိနေကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts