သူတို့အာဘော် ဒေါက်တာဓမ္မပီယ

ဒေါက်တာဓမ္မပိယ (ITBMU) – မဟာသန္တိသုခကျောင်း ပဋိပက္ခရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်လာနိုင်သနည်း

မဟာသန္တိသုခကျောင်း ပဋိပက္ခရဲ့ နောက်ကွယ်မှာ  ဘာတွေဖြစ်လာနိုင်သနည်း
ဒေါက်တာဓမ္မပိယ (ITBMU)၊ ဇွန် ၂၁၊ ၂၀၁၄

ယခုရက်ပိုင်းအတွင်း ဖေ့စ်ဘုတ်စာမျက်နှာတွေပေါ်မှာ၊ သတင်းစာနှင့် ဂျာနယ်စာမျက်နှာတွေပေါ်မှာ မျှော်လင့်မထားတဲ့ သတင်းတွေ တက်လာတယ်။ “မငြိမ်းချမ်းသော မဟာသန္တိသုခကျောင်းတော်ကြီး↔၊ “ဖမ်းဆီးခံ မဟာသန္တိသုခ ဆရာတော်များ လူဝတ်လဲပြီး အင်းစိန်ထောင်ပို့၊ “သံဃာတော်ငါးပါးအား လူဝတ်လဲ ရုံးထုတ်မည့်ကိစ္စနှင့် ပတ်သက်၍ ရုံးထုတ်ချိန် မတိုင်မီ တုံ့ပြန်သွားမည်↔၊ “မဟာသန္တိသုခကျောင်းတော်အရေး သမ္မတထံ အကူအညီတောင်း↔ဆိုတဲ့ ဒီသတင်းတွေက တိုင်းပြည်တွင်းမှာ ငြိမ်းချမ်းစွာနေလိုတဲ့ ရဟန်းရှင်လူ တို့ရဲ့ စိတ်နှလုံးကို များစွာတုန်လှုပ်သွားစေခဲ့တယ်။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ မျှော်လင့်ထားတဲ့ ဒီမိုကရေစီစနစ်နှင့် ငြိမ်းချမ်းရေးရောင်ခြည်ဟာ ပျောက် ဆုံးတော့မှာလားလို့ သံသယစိတ်တွေနှင့် တွေးတောပူပန်သူတွေလည်း များစွာရှိလာတယ်။ ဘာကြောင့်နည်း။ ဘယ်သူတွေကြောင့်နည်း။ အဖြေရှာဖို့ လိုအပ်လာခြင်းပါ။

အဖြေကို ၀ိုင်းဝန်းရှာဖွေနိုင်ဖို့ဆိုတာ မလွယ်ကူလှပါ။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်သူ၊ ပြည် သား အများစုဟာ ပြဿနာတစ်စုံတစ်ခုနှင့် ကြုံလာခဲ့လျှင် ထိုပြဿနာထဲကို ကိုယ်တိုင်မပါဝင်ဖို့ ရှောင်လွဲ နေတတ်ကြတယ်။ ̏ကိုယ်လုပ်တာမှ မဟုတ်ပဲ၊ ဒီပြဿနာထဲ ကိုယ်မပါရင် ပြီးတာပဲ̋ လို့ အထင်မှတ်မှားပြီး ပြဿနာကို ဝေးဝေးက ရှောင်နေတတ်ကြတယ်။ ဒါဟာ ဒီမိုကရေစီ စနစ်အတွက် ကောင်းမွန်တဲ့ အစဉ်အလာ မဟုတ်ကြောင်း သိထားနိုင်ကြဖို့ပါ။ သိပ္ပံဆရာကြီး အိုင်းစတိုင်းက လူသားတွေ နေထိုင်တဲ့ ဒီကမ္ဘာကြီးဟာ တစ်နေ့တစ်ခြား ပြဿနာတွေ များပြားလာတယ်။ ငြိမ်းချမ်းစွာ နေလိုသူတွေအတွက် အန္တရာယ်တွေဟာ မရှောင်မကွင်းနိုင်လောက်အောင် များပြားလာတယ်လို့ သူကမြင်နေပုံရတယ်။

ဒါကြောင့် ဒီပြဿနာတွေကို နည်းသွားအောင် သူဘယ်လိုနည်းနှင့် ဖြေရှင်းပေးနိုင်မလဲဆိုတာကို စဉ်းစားတယ်။ ထိုနောက် လေ့လာတယ်။ တစ်ချိန်ထဲမှာပဲ သုတေသနပြုတယ်။ ကြိုးစားပြီး အဖြေထုတ် ကြည့်တယ်။ ကြီးကျယ်တဲ့ပြဿနာမျိုးတွေကို တစ်ဦးတစ်ယောက်တည်း ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ နောက် ဆုံးမှာတော့ သူသဘောပေါက်ခဲ့ပုံရတယ်။ သို့သော် ပြဿနာရဲ့အဖြေကို ဖြေရှင်းပေးနိုင်ရန် တိကျသော အဖြေကို ရှာဖွေမတွေ့နိုင်ခဲ့ပေမဲ့ ပြဿနာများရဲ့ မူလအကြောင်းရင်းတစ်ခုကို သီအိုရီတစ်ခုအနေနှင့် ထုတ်ပြ နိုင်ခဲ့တယ်။

သူ့သီအိုရီက – The world is too dangerous to live in, not because of people who do evil, but because of people who sit and let it happen … တဲ့။ ဆိုလိုတဲ့အဓိပ္ပါယ်က – ဒီကမ္ဘာကြီးပေါ်မှာ နေဖို့ ထိုင်ဖို့ (လူသားတွေအတွက်) တစ်နေ့တစ်ခြား အန္တရာယ်တွေ များပြားလာတယ်။ ဒီလို အန္တရာယ်တွေများပြား လာခြင်းဟာ မကောင်းမှုတွေကို (လက်ရဲဇက်ရဲ) ပြုလုပ်နေတဲ့ လူတွေကြောင့်ချည်း မဟုတ်ပဲ။ အဲဒီလူတွေကို အဲဒီလို လုပ်ရဲအောင် လုပ်ခွင့်ပေးထားတဲ့သူတွေ၊ အဲဒီလူတွေ အဲဒီလို လုပ်နေတာတွေကို (ကိုယ်နှင့် မဆိုင် သလို) လက်ပိုက်ကြည့်နေနိုင်တဲ့လူတွေ၊ ဘေးထိုင်ပြီး ရှောင်လွဲနေတဲ့လူတွေကြောင့် ဒီကမ္ဘာကြီးပေါ်မှာ နေထိုင်သွားလာဖို့ အန္တရာယ်တွေ ပိုမိုများပြားလာခြင်းဖြစ်တယ်တဲ့။ စဉ်းစားဖို့နဲ့ ဝေဖန်နိုင်ဖို့အတွက် မျှဝေပေး ခြင်းဖြစ်တယ်။

သိပ္ပံဆရာကြီး အိုင်းစတိုင်းရဲ့သီအိုရီက ဓမ္မလမ်းကြောင်းမကျလှပေမဲ့ လက်တွေ့ကျင့်သုံးမှုအပိုင်းမှာ ယထာဘူတ ကျလှတာကြောင့် နှစ်ခြိုက်မိတယ်။ အစိုင်အခဲကြီးမားတဲ့ ပြဿနာများရဲ့အဖြေကို ဖြေရှင်းနိုင်ဖို့ ဆိုတာ လွယ်ကူတဲ့အရာမျိုးမှ မဟုတ်တာ။ တချို့ပြဿနာများဟာ ဖြေရှင်းနည်းမှန်ကန်လျှင် ငြိမ်းအေးသွား တတ်ကြသော်လည်း တချို့ပြဿနာများက ဖြေရှင်းကာမှ ပိုမိုရှုပ်ထွေးသွားတတ်ကြတယ်။

တကယ်တော့ ဒီလောကမှာ ဘယ်လိုအဖြေရှာတဲ့နည်းက အကောင်းဆုံးဖြစ်တယ်ဆိုတာ ဘယ်သူမှ တပ်အပ်သေချာစွာ မပြောနိုင်ပါ။ သို့သော် အများကျင့်သုံးတဲ့ ဖြေရှင်းနည်းများကိုတော့ သုတေသန သဘောအရ ရှာဖွေတွေ့ရှိထားခြင်းပါ။ ပြဿနာရဲ့ အရှုပ်အထွေးကို ဖြေရှင်းတဲ့အခါမှာ (၁) အစဉ်အလာ အလေ့အကျင့်အတိုင်း ဖြေရှင်းနည်း၊ (၂) မြတ်ဗုဒ္ဓညွှန်ပြတဲ့ ၀ိနည်းဓမ္မကံနည်းနှင့်ဖြေရှင်းနည်း၊ (၃) ကမ္ဘာ့ ထိပ်တန်းရောက် ခေါင်းဆောင်များကျင့်သုံးတဲ့ ဖြေရှင်းနည်းရယ်လို့ ဖြေရှင်းတဲ့နည်း သုံးနည်းကို တွေ့ရှိထား ခြင်းပါ။

နံပါတ် (၁) ဖြေရှင်းတဲ့နည်းက တခါတရံမှာ ပြဿနာကို ငြိမ်းအေးသွားအောင် ဖြေရှင်းပေးသော်လည်း ဖြေရှင်းကာမှ ပြဿနာတွေကို ပိုမိုရှုပ်ထွေးသွားစေတဲ့နည်းမျိုးဖြစ်တယ်။ ပြဿနာတစ်ခုဖြစ်လာပြီဆိုလျှင် နည်းဗျူဟာကို ပါးပါးနပ်နပ် မကိုင်တွယ်ပဲ အင်းအားသုံးပြီး အကြမ်းဖက်တဲ့ ဖြေရှင်းတဲ့နည်းမျိုးဖြစ်တယ်။ ဆွေးနွေးညှိနှိုင်းခြင်းကို အလေးမထားဘဲ၊ မှားခြင်း မှန်ခြင်းကို အလေးဂရုမပြုဘဲ မိမိဖက်က လက်ဦးမှုရယူ နိုင်အောင် အင်းအားသုံး၍ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ ဖျက်ဆီးခြင်း၊ လိုအပ်လာလျှင် သုတ်သင် ချေမှုန်းခြင်း စတဲ့ တစ်ချိန်က စစ်အာဏာရှင်များ၊ သက်ဦးဆိုင်ပိုင် ရှင်ဘုရင်များ၊ ကိုလိုနီနယ်ချဲ့ထွင်လိုသူများ ကျင့်သုံးတဲ့နည်း မျိုးတွေဖြစ်တယ်။ မေတ္တာဓာတ်ကင်းမဲ့တဲ့ ဖြေရှင်းနည်းမျိုးဖြစ်လို့ ဒီဖြေရှင်းနည်းရဲ့ နောက်ကွယ်မှာ အဆုံးမသတ်နိုင်တဲ့ ပြဿနာတွေ၊ ဒေါသအာဃာတတရားတွေ၊ ရန်ငြိုးရန်တုန့်တွေ ကျန်ရစ် နေတတ်တဲ့ နည်းမျိုးပါ။

နံပါတ် (၂) ဖြေရှင်းနည်းက  မြတ်ဗုဒ္ဓညွှန်ပြတဲ့ ဖြေရှင်းနည်းပါ။ မြတ်စွာဘုရားက ရဟန်းသံဃာတော် များ အချင်းချင်းအကြား ပြဿနာတစ်စုံတစ်ခု ပေါ်ပေါက်လာတဲ့အခါ အဓိကရဏသမထနည်း(၇)ပါး (အဓိကရုဏ်းငြိမ်းကြောင်းနည်း (၇) ပါး) ဖြင့် အလျဉ်းသင့်သလို ဖြေးရှင်တဲ့နည်းဖြစ်တယ်။  ၀ိနည်းပိဋကတ် တော်မှာ အတိအလင်း ညွှန်းကြားထားမို့ သံဃာတော်များ၏ အရေးကိစ္စမှာ ဘုရားညွှန်ပြထားသော ဤ(၀ိနည်း ဓမ္မကံနည်းကို အသုံးပြု၍ ဖြေရှင်းသော နည်းသည်သာ အသင့်တော်ဆုံးနှင့် အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့် မည်ဟု ပြောကြားလိုခြင်းဖြစ်တယ်။ ဘုရားသားတော် သံဃာတော်များအကြား ဖြစ်ပွားလျှက်ရှိသော ၀ိနည်း ဓမ္မကံကို ဖြေရှင်းနိုင်ရန် ဘုရားရှင်ညွှန်ကြားထားတဲ့ ၀ိနည်းဥပဒေဖြင့် ဖြေရှင်ခြင်းသည်သာ အသင့်တော်ဆုံး၊ အလျှော်ကံဆုံး ဖြေရှင်းနည်းဖြစ်ကြောင်း ယုံကြည်ထားမိခြင်းပါ။ သံဃာ တော်များအကြား ဖြစ်ပွားနေသော ပြဿနာကို ၀ိနည်းဓမ္မကံအတိုင်း မကျင့်သုံးပဲ အင်အားသုံး၍ လက်ဦးမှုကို ရယူခြင်းသည် သံဃာတော်များ အကြား ပြဿနာများကို ပိုမိုကြီးထွားသွားနိုင်တယ်။

ဝိနည်းပိဋကတ်တော်မှာ မြတ်ဗုဒ္ဓညွန်ကြားထားတဲ့ ဖြေရှင်းနည်း(၇)ပါးထဲမှာ သမ္မုခါဝိနယ ဖြေရှင်း နည်းဆိုတာ ပါဝင်တယ်။ သံဃာတော်များ အချင်းချင်းအကြားမှာ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာတဲ့ အခါမျိုးမှာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အခြေအနေအရပ်ရပ်ကို နှစ်ဦးနှစ်ဖက်အား မေးမြန်းစစ်ဆေးတဲ့ နည်းဖြစ်တယ်။ မေတ္တာတရား၊  ကရုဏာတရားတို့နှင့် အသိဥာဏ်ပညာတို့ကို အစဉ်တစိုက် ရှေ့သွားပြုလျှက် ဘုရားရှင်၏ အဆုံးအမတော်အတိုင်း ပြဿနာကို ဖြေရှင်းတဲ့နည်းပါ။ သံဃာက ဓမ္မ၀ိနယနှင့်အညီ ဖြေရှင်း ပေးတဲ့အခါ မိမိတို့ ပြုလုပ်ဆောင်ရွက်ခဲ့မှု၌ အပြစ်ရှိနေလျှင် အပြစ်ရှိသောရဟန်းက (သို့မဟုတ်) အပြစ်ရှိ နေသော ရဟန်းများက အပြစ်ရှိကြောင်း ၀န်ခံရပြီး၊ သံဃာတော်များက ထိုအပြစ်ရှိသောရဟန်းအား အပြစ် အတိုင်း ဆောင်ရွက်ကြရခြင်းဖြစ်တယ်။ အပြစ်မရှိလျှင်လည်း ကြွရောက်တော်မူလာကြသော သံဃာတော် များအား အပြစ်မရှိကြောင်း ထုတ်ဖေါ်ပြောကြားပြီး အပြစ်ကို ငြိမ်းအေးစေပြီး သံဃသမဂ္ဂီကို ရယူနိုင်ကြခြင်း ဖြစ်တယ်။

အကယ်၍သာ သံဃာတော်များသည် ဘုရားရှင်တိုက်တွန်းတော်မူတဲ့အတိုင်း ၀ိနည်းဓမ္မကံကို ကျင့်သုံး တော်မူကြမည်ဆိုလျှင် ရဟန်းသံဃာတော်များအကြား၊ (ကိုးကွယ်သူ ဒကာဒကာမများအကြား) အာဃာတ တရားတွေ၊ အမုန်းတရားတွေ မကျန်ရစ်ပဲ ကြည်လင်အေးမြတဲ့မေတ္တာတရားတွေ တစ်ပါးအပေါ်မှာ တစ်ပါး ထားနိုင်ကြပြီး ခိုင်မြဲတဲ့ သံဃအဖွဲ့အစည်းကြီးကို ဆက်လက်ရှင်သန်စေနိုင်ခြင်းပါ။ အချိန်မနှောင်းခင် သံဃ မဟာနာယကအဖွဲ့ရဲ့ သံဃဦးသျှောင်ဆရာတော်ကြီးများသည် ဘုရားရှင်ရဲ့ ၀ိနည်းဓမ္မကံ (သမ္မုခါဝိနည်း) အတိုင်း ဟိုဘက် ဒီဘက် ဘက်မလိုက်ပဲ မျှမျှတတ စီရင်ဆုံးဖြတ်ပေးခြင်းဖြင့်၊ နိုင်ငံတော်သမ္မတကြီးမှလည်း ဒီပြဿနာကို ပါဝင်ကူညီဖြေရှင်းပေးခြင်းဖြင့် ငြိမ်းချမ်းရေးကို စောင့်ထိန်းပေးတော်မူကြပါလို့ သံဃဥသျှောင် ဆရာတော်ကြီးများအား ရိုသေစွာဖြင့် လျှောက်ထားရခြင်းပါဘုရား။ အပြစ်တင်ခံရသူ၊ အပြစ်ပြုခံရသူ သံဃာ များအားလုံး သာသနာတော်ကို ညှိုးနွမ်းအောင် ပြုသူများဟု လူပုဂ္ဂိုလ်များ၏ စွပ်စွဲပြောဆိုချက်များကို ဖြေဖျောက်ပေးနိုင်ရန် သံဃာတော်များအချင်းချင်း ကာကွယ်စောင့်ရှောက်ပေးခြင်းဖြင့် မြတ်ဗုဒ္ဓ၏ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို အထူးအမှတ်ရတော်မူကြပါရန် ထပ်မံ၍ ခြေတော်ဦးခိုက် လျှောက်ထားရခြင်းပါဘုရား။

နံပါတ် (၃) ဖြေရှင်းနည်းက ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်များ ကျင့်သုံးတဲ့ ဖြေရှင်းနည်းမျိုးဖြစ်တယ်။ လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ကြီးကျယ်သော ပြဿနာများ ဖြစ်ပေါ်လာ တဲ့အခါ ထိုပြဿနာများကို ငြိမ်အေးစေဖို့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေကို စေလွှတ်ပြီး အတိုက်အခံ ဖြစ်နေကြတဲ့ နှစ်ဖက်ခေါင်းဆောင်များရဲ့စကားတွေကို နားထောင်စေခြင်းပါ။ နှစ်ဖက်ခေါင်းဆောင် တွေကို အတူတကွ တွေ့ဆုံစေပြီး အပြန်အလှန်ဆွေးနွေးကြစေခြင်းပါ။ အပြန်အလှန် နားလည်းမှုကို ရယူနိုင်ရန် ကြိုးစားပေးကြခြင်းပါ။ ချစ်မင်ရင်နှီးမှုများ၊ အပြန်အလှန်နားလည်မှုများ ရရှိလာကြတဲ့အခါ နယ်မြေကိစ္စဆိုင်ရာ ပြဿနာမျိုးဖြစ်နေခဲ့လျှင် နှစ်ဖက်သဘောတူ နယ်မြေကိစ္စများ သတ်မှတ်ပြီး ငြိမ်းချမ်းရေး လက်မှတ်ထိုး ကြတယ်။ နှစ်နိုင်ငံအကြား စစ်ပွဲများဖြစ်နေခဲ့လျှင်လည်း အပစ်အခတ်များရပ်စဲပြီး နှစ်ဖက်ပြည်သူတွေအတွက် စစ်ပြေငြိမ်းရေး စာချွန်လွှာများကို  လက်မှတ်ရေးထိုးနိုင်ကြတယ်။ သဘောထားကြီးမားကြသော ခေါင်းဆောင် များရဲ့ စိတ်ဓာတ်နှင့် မာန်မာနများ ခ၀ါချထားနိုင်ခြင်းအတွက် လေးစားဂုဏ်ပြုမိခြင်းပါ။

အထက်ဖေါ်ပြပါ ဖြေရှင်းနည်းသုံးနည်းတွင် မဟာသန္တိသုခပြဿနာအတွက် ဘယ်နည်းကို သုံး၍  ဖြေရှင်းကြမည်နည်း။ အမှန်ကိုပြောရလျှင် မဟာသန္တိသုခပြဿနာဟာ သေးသေးကွေးကွေးတော့မဟုတ်ပါ။ ပြဿနာရဲ့ နောက်ကွယ်မှာ ပဋိပက္ခဖြစ်စရာ အကြောင်းတွေက များစွာပါဝင်နေခြင်းကြောင့် အနာဂတ် မြန်မာ နိုင်ငံတော်ရဲ့ စည်းလုံးညီညွတ်ရေး၊ အေးချမ်းသာယာရေးနှင့် နိုင်ငံတော်တည်ငြိမ်ရေးတို့ကိုပါ ထိခိုက်စေနိုင်ပြီး၊ ဒီမိုကရေစီစနစ်ကိုပါ ထိခိုက်သွားနိုင်ပါတယ်။

မဟာသန္တိသုခကျောင်းတော်ကြီးပြဿနာနှင့် စပ်လျဉ်း၍ စိတ်မအေးနိုင်တဲ့ သီတဂူဆရာတော်ကြီးက မဟာသန္တိသုခကျောင်းတော်ကြီးတွင်းကို ညအချိန်မတော်ကြီးဝင်ရောက်ပြီး အင်အားသုံး ဖြိုးခွင်းခဲ့တဲ့ဖြစ်ရပ် ကြောင့် အလွန်ဝမ်းနည်းမိကြောင်း၊ ဒီကနေ့ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေဟာ အာဏာနဲ့အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရလက်ထက်က ပုံစံမျိုးတွေ ဒီကနေ့ ပြန်ဖြစ်လာတယ်လို့ ကောက်ချက်ချပြသွားတယ်။  ဒီလိုပြုလုပ် လိုက်ခြင်းကြောင့် ပါတီစုံဒီမိုကရေစီစနစ်နဲ့ အရှိန်အဟုန်ဖြင့် ရှေ့သွားနေတာကို အများကြီး နောက်ပြန် ရောက်သွားစေတယ်လို့ အထူးမိန့်ဟထားတယ်။

ပြဿနာတွေ ထိန်းမနိုင်၊ သိမ်းမနိုင်ဖြစ်သွားတဲ့အထိ ကြီးထွားသွားမှာကို စိုးရိမ်နေမိတဲ့  သီတဂူဆရာ တော်ကြီးက သံဃမဟာနာယက ဆရာတော်ကြီးများ၏ ခြေတော်စုံကို ဦးခိုက်လျှက် လျှောက်ထား တောင်းပန် ထားသည်မှာ – “ဘုန်းကြီးက အားလုံးကို တောင်ပန်ချင်တာက အာဃာတတွေနဲ့ မလုပ်ကြပါနဲ့။ ဒေါသ အာဃာတတွေကို ဖြေကြပါ။ မဖြေနိုင်ရင် ဒီရန်ငြိုးအဆက်ဆက်ကြောင့် နောက်ထပ်မကောင်းတဲ့ အကျိုး ဆက်တွေ ပေါ်လာမှာကို စိုးရိမ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ ဂုဏ်သိက္ခာထိခိုက်ပါတယ်။ သမ္မတရုံး အကြံ ပေးဆိုပြီး ဒါတွေလုပ်တာဟာ သမ္မတကြီးဦးသိန်းစိန်ကိုလည်း ထိခိုက်စေပါတယ်။ … သံဃမဟာနာယက အဖွဲ့ကြီးက ဒီလိုလုပ်တာတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဟောပြောထိန်သိမ်းပြီးတော့ ထိန်းသိမ်းရမယ့်ကိစ္စမှာ သံဃမဟာနာယကအဖွဲ့ကြီးက မထိန်းတဲ့အတွက် ၀မ်းနည်းစရာကောင်းတဲ့ အချက်တစ်ခုဖြစ်သွား ရခြင်း ဖြစ်တယ်။ … တိုင်းသူပြည်သားတွေအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းအောင် ဒကာကြီးဦးအံ့မောင် ခေါင်းဆောင် သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးကနေ ဒါကို အမြန်ဆုံး ရှင်းလင်းပေးပါလို့၊ ဆောင်ရွက်ပေးပါလို့ ဘုန်းကြီးက သံဃမဟာနာယကကို ခြေစုံဦးခိုက်ပြီး၊ လိုအပ်ရင် ကိုအံ့မောင်လည်း လိုအပ်ရင် တောင်းပန် ပါတယ်↔လို့ မိန့်ကြားသွားခြင်းအတွက် ကြားရသူတိုင်း ၀မ်းနည်းမှုတွေ ဖြစ်ကြရတယ်။

ဒီမဟာသန္တိသုခအရေးကိစ္စမှာ သမ္မတကြီးရော၊ သံဃမဟာနာယကဆရာတော်ဘုရားကြီးများပါ နှုတ် ပိတ်နေ၍ မဖြစ်နိုင်တော့ပါ။ နှာစေးနေ၍ မဖြစ်နိုင်တော့ပါ။ တစ်တိုင်းပြည်လုံး အုတ်အော်သောင်းတင်း ဖြစ်သွားတဲ့ ကိစ္စမျိုးမို့ ၀ိနည်းဓမ္မကံအတိုင်း ရဟန်းရှင်လူ ပြည်သူများအားလုံး အဖြူအမဲ သဲသဲကွဲကွဲ သိရှိနိုင်ရန် လိုအပ်လာခြင်းပါ။ အပြစ်ပြုသူ၊ အပြစ်တင်ခံရသူ နှစ်ဖက်စလုံးသော သံဃာတော်များကို မေတ္တာတရားဖြင့် ပြန်လည်ပင့်ဖိတ်၍ ဘက်မလိုက် ၀ိနည်းဓိုရ်အဖွဲ့ကို နှစ်ဖက်သံဃာများရဲ့ ဆန္ဒအတိုင်း ဖွဲ့စည်းပေးပြီး မဟာ သန္တိသုခကျောင်း တော်ကြီးသည် မည်သူအတွက၊် မည်သို့သော သာသနာရေးကိစ္စရပ်များကို ဆောင်ရွက် နိုင်ရန်အတွက် ဖြစ်ပေါ်လာခဲ့ရသည်ဆိုတာကို သံဃာ့ပရိသတ်၊ လူပရိတ်သတ်များရှေ့မှောက်၌ စစ်ဆေးပေးပြီး အမှုမှန်ကို ပြန်လည်ဖေါ်ထုတ်ပေးသင့်ခြင်းပါ။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် သာသနာ တော် အဓွန့်ရှည်ကြာ တည်တန့်နိုင်ရေးတို့အတွက် အကျိုးဆက်များ ဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း ရိုသေ စွာဖြင့် ခြေတော်ဦးခိုက် လျှောက်ထားရခြင်းပါဘုရား။ ချမ်းသာစွာ အိပ်စိက်နိုင်ကြပါစေ။

ဒေါက်တာဓမ္မပိယ (ITBMU)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဒေါက်တာဓမ္မပိယ (ITBMU) – မဟာသန္တိသုခကျောင်း ပဋိပက္ခရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်လာနိုင်သနည်း
  1. First of all I would like to pay respect to Buddha,Dhamma,Samga as a buddhist. Dr Dhammapiya pointed out the right way to fix the problem. please Mr President and Samgha mahanaya should think about to take his advise. this is not only for the sake of the country also for the benefit for people. please make peace. Anger, greed these kind of things are not the Buddha’s way. Please make a move please pay attention for that. It is a serious issue.

Comments are closed.