အုန်းနိုင် – စစ်အုပ်ချုပ်ရေး လက်အောက်မှ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ (၁၈)

စစ်အုပ်ချုပ်ရေး လက်အောက်မှ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ (၁၈)

အုန်းနိုင်၊ ဇွန် ၁၈၊ ၂၀၁၄

ရွေးကောက်ပွဲတရားမျှတမှု အပြည့်အဝရှိရဲ့လား

ဒီရွေးကောက်ပွဲကိုတရားမျှတမှုရှိတယ်လို့ ယေဘုယျပြောကြပေမယ့် ပြည်သူလူထုက အပြတ်မဲပေးလို့သာ နိုင်တာပါ။ မဲရုံတွေမှာပယ်မဲသတ်မှတ်မှုတွေမှာ ဘက်လိုက်မှုတွေရှိပါတယ်။ ကြက်ခြေခတ်တံဆိပ်ရိုက်လိုက်တာမှာ နယ်နိမိတ်မျဉ်းလေးကြောင်းမှာ တစ်ကြောင်းကြောင်းပေါ် သွားမိရင်ပယ်မဲဖြစ်သွားတာပဲ။ တခြားပုဂ္ဂိုလ်ရဲ့ နယ်နိမိတ်မျဉ်းကြောင်းနဲ့ မိတာဆိုရင် ပယ်မဲပေးတာမှာတောင် ဘယ်လောက်ညှိပြီး သူ့ဘက်ကိုယ့်ဘက်မခွဲနိုင်လောက်မှ ပယ်မဲလုပ်ရမှာပါ။ တခြားသူနဲ့ ဘယ်လိုမှမသက်ဆိုင်တဲ့ဘေးမျဉ်းတွေကိုငြိရင် ပယ်တာကတော့ လွန်ပါတယ်။ ခမောက်က အပြတ်အသတ်နိုင်လို့သာ ဒီကိစ္စကို ရေးကြီးခွင်ကျယ်မလုပ်တာပါ။

မြို့နယ်အသီးသီးမှာ ပယ်မဲ အရေအတွက်ဟာ အလွန်များပါတယ်။ ကျွန်တော်တို့မြို့နယ်ရဲ့အမှတ်(၁)နယ်မြေမှာ မဲထည့်သူဦးရေ(၂၉၉၃၉)မဲမှာ ပယ်မဲ(၅၆၁၀)မို့ (၁၈.၇၃)ရာခိုင်နှုန်းပါ။ နယ်မြေ(၂)မှာ မဲထည့်သူဦးရေ (၂၉၅၄၅)မဲမှာ ပယ်မဲက (၅၆၉၉)မဲမို့ (၁၉.၂)ရာခိုင်နှုန်းပါ။ ဒီပယ်မဲရာခိုင်နှုန်းဟာ တစ်ပြည်လုံးမှာလည်း ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် မဲဆန္ဒနယ်မြေများကလွဲလို့ အတူတူလောက် ရှိပါတယ်။

မဲထည့်သူတွေကြက်ခြေခတ်တံဆိပ် မရိုက်တတ်လို့မဟုတ်ပဲ ခုတင်က ကျွန်တော်ပြောသလို ဘေးမျဉ်းတွေချိတ်ရင်လည်းပယ်မဲလုပ်တတ်ပါတယ်။ ရန်ကုန်တိုင်းမှာတောင် လှိုင်သာယာ၊ မှော်ဘီ၊ ဒလနှင့် တိုက်ကြီးတို့လို ကျေးရွာအုပ်စုပါတဲ့ မဲဆန္ဒနယ်တွေမှာ ဒီလိုပဲဖြစ်တတ်ပါတယ်။ တိုက်ကြီး(၂) နယ်မြေ ဆိုရင် ပယ်မဲ(၈၀ဝ၀)ကျော်၊ (၁၉.၅၂)ရာခိုင်နှုန်းပါ။ အလွန်များတဲ့ပယ်မဲပါ။ ရန်ကုန်စည်ပင်သာယာ ဒေသအတွင်း မြို့နယ်တွေကျတော့ ရွာမဲရုံတွေမပါပဲ မဲရုံကိုယ်စားလှယ်တွေနဲ့  မဲရေတွက်ချိန်မှာရှိတဲ့ပရိသတ်ရဲ့အရှိန်ကြောင့် ဒီလို ပယ်မဲအရမ်းမလုပ်ရဲပါဘူး။

လသာမြို့နယ်မှာ ပယ်မဲ(၅.၉၅)ရာခိုင်နှုန်း၊ ပုဇွန်တောင်မှာ(၆.၁၉)ရာခိုင်နှုန်း၊ အလုံမှာ (၇.၁၂)ရာခိုင်နှုန်းနဲ့ ဗဟန်း(၂)မှာ (၃.၈၄)ရာခိုင်နှုန်း၊ မရမ်းကုန်း(၂)မှာ(၇.၃၇)ရာခိုင်နှုန်းလို့ ပယ်မဲကို တွက်ချက် ရရှိပါတယ်။      ဒါကြောင့်ပြည်သူလူထုက အပြတ်မဲပေးလို့သာပါ။ တရားမျှတမှု အရှိဆုံးဆိုတာကတော့ ကိုယ်ကနိုင်လို့သာ ပြောသာတာ ဖြစ်ပါတယ်။ မဲရုံမှူးတွေဟာ နည်းနည်းဝေးလံတဲ့ကျေးရွာပိုင်းမျိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ကို ဖိနှိပ်ဆန့်ကျင်တဲ့ ဘက်လိုက်မှုဟာ အတော်ကြီးရှိပါတယ်။

အဲဒီအထဲမှာ အထူးခြားဆုံးကတော့ ဆိပ်ကမ်းမြို့နယ်နဲ့ ကိုကိုးကျွန်းမြို့နယ်များပါပဲ။ ဆိပ်ကမ်းမြို့နယ်ဆိုရင် မဲပေးနိုင်သူ(၁၃၄၄)၊  မဲပေးသူ(၁၁၀၃) မှာ ပယ်မဲ(၆၅) မဲနှုတ်လိုက်ရင် တရားဝင်မဲ(၁၀၃၈)မဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်စန်းစန်းက(၆၁၅)မဲ၊ တစညက (၃၆၁)မဲနဲ့ အနိုင်ရလိုက် တာပါ။ ဒီမဲဆန္ဒနယ်ဟာ အားလုံး အမှုထမ်းတွေချည်းဖြစ်သလို အန်အယ်ဒီကို စည်းရုံးခွင့် မရအောင် လုပ်ထားတဲ့ နယ်မြေပါ။ လမ်းတွေပေါ်ကသာလမ်းလျှောက်ပြီးစည်းရုံးခွင့်ရပါတယ်။ ဒါပေမယ့် ပြည်သူကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကိုပဲမဲပေးတာပါပဲ။

ကိုကိုးကျွန်းမြို့နယ်ဆိုရင်အိမ်ထောင်စုတွေဟာ အမှုထမ်းတွေပဲများပါတယ်။ ရေတပ်သား အိမ်ထောင်စု တွေလည်း ရှိပါတယ်။ ဒီမြို့နယ်ကအရွေးခံမယ့်အင်အယ်ဒီကိုယ်စားလှယ်ဦးလှသန်းဆိုရင် ကိုယ်စားလှယ်လောင်း စာရင်းတင်တာလည်း ရန်ကုန်မှာပဲတင်ရတယ်။ ကိုကိုးကျွန်းကိုသွားဖို့ ကြိုးစားတာကိုလည်း အမျိုးမျိုး အကြောင်းပြပြီး နှောင့်ယှက်ပါတယ်။

နောက်ဆုံးရွေးကောက်ပွဲရက် နီးလာတဲ့အခါမှာကိုကိုးကျွန်းကိုလိုက်ပါခွင့်ရတယ်။ ကိုကိုးကျွန်း ရောက်တော့ အမှုထမ်းအိမ်တွေမှာလည်းတည်းခိုခွင့်မရ၊  သီးသန့်တည်းခိုခန်းလည်းမရှိလို့ သဲသောင်ပြင်ပေါ်မှာ တဲထိုး နေခဲ့ရပါတယ်။  ပါသွားတဲ့ကက်ဆက်ခွေများပဲဖွင့်ခွင့်ရတယ်။ သူ့နေရာတဲထဲကနေပြီးတော့ပဲ အသံချဲ့စက်နဲ့ လူထုကို အဝေးကြီးက နှုတ်ဆက်ခွင့်ရတယ်။ ဒါပေမယ့် ညပိုင်းကျတော့ လူတစ်ယောက်ရောက်လာပြီး ဦးလှသန်း ဘာမှ မဲဆွယ်ခွင့်မရလည်းမပူပါနဲ့၊ အေးအေးဆေးဆေးသာ နေပါလို့လာပြောသွားတယ်။ မှန်ပါတယ်၊ တကယ်မဲပေးတဲ့နေ့မှာ မဲစာရင်းအဖြေကတော့ မဲပေးနိုင်သူ(၆၆၄)မဲမှာ မဲပေးသူ(၄၆၈)မဲ၊ ပယ်မဲက(၃၆)မဲ၊ တရားဝင်မဲ(၄၃၂)မဲမှာ ဦးလှသန်းက (၂၄၆)မဲ၊  တစညက(၁၈၆)မဲ၊ မဲ(၆၀)အပြတ်နဲ့နိုင်ခဲ့တာပါပဲ။

 

ရွေးကောက်ပွဲအနိုင်အရှုံးစာရင်းကြေညာချက်

ရွေးကောက်ပွဲအနိုင်အရှုံးစာရင်းတွေက မေလ(၂၇)နေ့ညပိုင်းကတည်းက ဗဟိုကော်မရှင်က မြန်မာ့အသံ က ကြေညာပါတယ်။ ပထမဆုံးထွက်လာတာကတော့ ရန်ကုန်တိုင်းဆိပ်ကမ်းမြို့နယ်ပါပဲ။ အဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်စန်းစန်းအနိုင်ရပါတယ်။ အဲဒီနေ့မှာ လသာမြို့နယ်နဲ့ပုဇွန်တောင်လည်း ကြေညာပါတယ်။ အဖွဲ့ချုပ် ကိုယ်စားလှယ်များဖြစ်တဲ့ ဦးကြည်မြင့်နဲ့ ဦးနိုင်းနိုင်းတို့အနိုင်ရကြပါတယ်။ နောက်နေ့တွေမှာနံနက်၊ နေ့လည်၊ ည အချိန်ရတိုင်း ကြေညာပါတယ်။ (၂၈)ရက်နေ့မှာ ရန်ကုန်တိုင်းထဲက(၂၅)မြို့နယ်ထပ်ကြေညာပါတယ်။ အဖွဲ့ချုပ် ကိုယ်စားလှယ်များ အပယ်ခံရတဲ့ ဗဟန်း(၁)နဲ့ ပန်းဘဲတန်းမြို့နယ်များကလွဲလို့ (၂၃)နေရာမှာ အဖွဲ့ချုပ် ကိုယ်စားလှယ် တွေ အနိုင်ရပါတယ်။ နောက်နေ့မှာတော့ ရန်ကုန်တိုင်းနဲ့နီးတဲ့ ပဲခူးတိုင်းက မြို့နယ်တွေပါ ပါလာပါတယ်။  ကြေညာနေသမျှ ကတော့ အဖွဲ့ချုပ်ကပဲအနိုင်ရပါတယ်။ (၃၀.၅.၉၀)နေ့ကျတော့ (၇၄)မြို့နယ်ကြေညာပြီးသွားပါပြီ။ ရှမ်းပြည်နယ်ထဲက မြို့နယ်လေးငါးခုနဲ့  ရန်ကုန်တိုင်းနှစ်မြို့နယ်ကလွဲလို့ အားလုံးအနိုင်ရပါတယ်။

ပေါင်းတည်မြို့နယ်ကော်မရှင်ရဲ့မဲစာရင်းမိတ္တူတွေလည်းရပြီမို့  ဌာနချုပ်ကိုသတင်းပို့ဖို့နဲ့ တခြားမြို့နယ်နဲ့ ဗဟို အခြေအနေ လေ့လာဖို့ ဦးအေးသန်းနဲ့အတူ (၃၁)ရက်နေ့မှာရန်ကုန်ဆင်းခဲ့ကြပါတယ်။ ဇွန်လ(၁)ရက်နေ့  ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးကို ရောက်တော့ ရုံးရှေ့လမ်းနှစ်ဖက်မှာ လူအုပ်ကြီးဟာ ပြည့်ကြပ်နေတာပါပဲ၊ ကားတွေ တဖြည်းဖြည်း မောင်းနေကြရတယ်။  ပဲခူးတိုင်းရွေးကောက်ပွဲ အောင်နိုင်ရေးစားပွဲမှာရှိတဲ့ဦးလှဖေနဲ့ ဦးနိုင်ဦး တို့ဆီ ပေါင်းတည်ကော်မရှင်ကထုတ်တဲ့မဲစာရင်းအပ်ပြီး ဝမ်းသာအားရစကားပြောကြပါတယ်။

ဦးနိုင်ဦးက ဒီနေ့ ဒေါ်မြင့်မြင့်ခင်လည်း ရုံးလာပြီလို့ ဝမ်းသာအားရ သတင်းပေးပါတယ်။ ဒေါ်မြင့်မြင့်ခင်က ရွေးကောက်ပွဲ မဝင်ခဲ့ရတာ ကိုတော့ မကျေမနပ် ဖြစ်နေတယ်လို့လည်းပြောပါတယ်။ ဒါတော့ဗျာ-ခင်ဗျားလည်းဒီရွေးကောက်ပွဲမဝင်ခဲ့ရလို့ ကိုယ်ချင်းစာနိုင်ပါတယ် လို့ ပြောမိပါတယ်။ ဦးနိုင်ဦးဟာ ပဲခူးတိုင်းမှာ စကတည်းက အောက်ခြေသိမ်း လုပ်ခဲ့တဲ့သူပါ။ ဒါပေမယ့် သူ့နောက်မှ ဝင်လာတဲ့ဦးမောင်အေးတို့တောင် နေရာရပြီး သူ့အတွက် နေရာမရခဲ့ဘူး။ မင်းလှ(၁) မဲဆန္ဒနယ်အတွက် သူ့ကိုလျာထားပြီးမှ ဦးတင့်လွင်ဆိုတဲ့ ဒုဗိုလ်မှူးကြီးဟောင်း တစ်ယောက်ကို ဖယ်ပေးခဲ့ရပါတယ်။

ရုံးထဲမှာတော့ လူတွေရှုပ်ယှက်ခတ်နေတာပဲ။ အားလုံးလည်း တပြုံးပြုံးနဲ့ပေါ့။ ဒါနဲ့ တော်တော်ကြာ တော့ အင်းစိန်မြို့နယ် က အရွေးခံရတဲ့ ဦးစိန်လှဦး ရောက်လာတယ်။ သူက အခုမှ သိရတဲ့သူဖြစ်ပေမယ့် ပေါင်းတည်လာတုန်းက ကားပျက်ပြီး တော်တော်ကြာနေသွားတဲ့သူဆိုတော့ တရင်းတနှီးပဲ ကျွန်တော်နဲ့ဦးအေးသန်းနှစ်ယောက်ကို လက်ဖက်ရည်ဆိုင်ဘက် ဆွဲခေါ်သွားတယ်။ သူတို့နဲ့အတူ ပေါင်းတည်ပါလာတဲ့ ဆိပ်ဖြူကိုယ်စားလှယ်လောင်း ဦးစိုးဝင်း၊ ချောက်နယ်မြေက ဆရာဝန်ကြီးဒေါက်တာညွန့်စိန်တို့ကတော့ သူတို့အရွေးခံတဲ့ နယ်မြေက အခုအထိ ပြန်မရောက်ကြသေးဘူးလို့ပြောတယ်။ ဦးစိန်လှဦးကိုပဲ ရှေ့ကိုဘယ်လိုဆက်ကြမလဲ၊ နိုင်ငံရေးအနေနဲ့ကတော့ တစ်ပြည်လုံး မဲဆန္ဒရှင်တွေရဲ့ ဆန္ဒပေးလိုက်တဲ့ အရှိန်ဟာ အစိုးရရုံးတွေမှာတော့ အတော်လုပ်ငန်းတွေရပ်ဆိုင်းသွားတယ်လို့ဆိုတယ်။ ပြည်သူလူထုကလည်း အရမ်း တက်ြွကနေတာ။ မှော်ဘီလို၊ မင်္ဂလာဒုံလိုတပ်နယ်မြေတွေမှာတောင်အပြတ်အသတ်ပဲ။ ဒီအရှိန်ကိုယူပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးတော့ တောင်းဆိုသင့်တယ်။  ကြေညာချက် တစ်စောင်လောက် ခုအတွင်း ထွက်သင့်တယ်လို့ ပြောမိတယ်။

ဦးစိန်လှဦးကတော့ ပြောတယ်၊ ဒီနေ့ ဒါကိုဆွေးနွေးလိမ့်မယ်ထင်တယ်တဲ့၊ ဦးစိုးသိန်းလည်း စီအီးစီ အစည်းအဝေးတက်တယ်၊ သူလည်း စီအီးစီထဲ ပြန်ရောက်သွားပြီနဲ့တူတယ်လို့ပြောတာကြောင့် ဦးစိုးသိန်းကိုလည်း တွေ့ချင်သွားပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ သူအချုပ်ခန်းထဲက စာရင်းပေးလိုက်တာသိရပြီး ပြန်လွတ်ကြောင်း ကြားရပေမယ့် ပြန်လွတ်ကတည်းက မတွေ့ရသေးပါ။

ရွေးကောက်ပွဲနိုင်ပြီးတော့ဘာလုပ်မလဲ

ဟိုဟိုဒီဒီပြောပြီး လက်ဖက်ရည်ဆိုင်က ထခဲ့တယ်။ အပြင်ကလူထုထဲထွက်ပြီး အသံနားထောင်ကြည့်တယ်။ တချို့ကလည်း ရန်ကုန်မြို့ရဲ့ထုံးစံအရအနိုင်ရပါတီရုံးရှေ့ လာကြည့်ကြတာပါ။  တချို့ကလည်းဘာသတင်းထူးမလဲ၊ တချို့ကတော့လည်း အခုအထိ အဖွဲ့ချုပ်ကဘာသံမှမထွက်သေးဘူးလား၊ စသဖြင့် တစ်ယောက်နဲ့တစ်ယောက် ပြောကြတယ်။ (၂၈)ရက်နေ့က ရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့ဝင် ဦးကျော်ဦး(မြန်မာ့အသံ)က ဒီရွေးကောက်ပွဲဟာ တရားမျှတတဲ့  ရွေးကောက်ပွဲဖြစ်ပါတယ်လို့ ရုံးကနေနိုင်ငံတကာသတင်းထောက်တချို့ကိုပြောမိလို့ ဘာတာဝန်ရှိလို့ ပြောတာလဲ၊ တစ်ပြည်လုံး အခြေအနေတွေသိပြီး လို့လားစသဖြင့် လူကြီးတွေက အပြစ်တင်လို့ နောက်တော့ဘယ်သူမှ ဘာမှ မပြောရဲဘူးဖြစ်နေတာနဲ့ တူတယ်ဆိုတဲ့အသံတွေလည်းကြားရပါတယ်။

နေ့လည်ပိုင်းရောက်တော့ အဖွဲ့ချုပ်ရုံးရဲ့ဧည့်ခန်းကို ဦးခင်မောင်ဆွေတို့၊ ဒေါ်မြင့်မြင့်ခင်တို့ လူသိုက် ထွက်လာပါတယ်။ ဘာတွေဆုံးဖြတ်ကြသလဲစုံစမ်းကြည့်တော့ ကော်မရှင်က မဲစာရင်းကြေညာတာကို စောင့်ကြည့်ဦးမယ်။ တစ်စုံတစ်ရာ ကြေညာလိုက်ရင် ကွန်ဖရန်တေးရှင်း ဖြစ်သွားမှာစိုးရိမ်နေကြတယ်လို့ ဒေါ်မြင့်မြင့်ကတော့ ပွင့်ပွင့်လင်းလင်း ပဲ ပြောပြီး ကျွန်တော့်ဘက် လှည့်ကာရှင်တို့ကတော့အမတ်တွေပေါ့၊ ကျွန်မကိုတော့ ဘာလို့ နော်မနိတ်  မလုပ်တာလဲလို့ မေးပါတယ်။ သူကသူ့ဝမ်းထဲရှိတာကို ဒီလိုပဲပြောတတ်သူပါ။ မျိုသိပ်ထားတာမျိုး သိပ်မလုပ်တတ်ပါ။ အဖမ်းခံရပြီးလွတ်လာစမှာလည်း အဖမ်းမခံရမီအချိန်ကလေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောချင်း မတိုက်ဆိုင်ခဲ့တာတွေကို သတင်းစာတွေမှာပါအောင်တောင် ပြောခဲ့သေးတယ်။ ဧပြီလလယ်လောက်က လွတ်ပြီး ရုံးမလာပဲ မေလတစ်လလုံးသူ့(ရှေ့နေ)ရုံးခန်းမှာပဲနေနေတာ၊ ဒီနေ့မှ စပြီး အဖွဲ့ချုပ်ရုံးလာတာလို့သိရပါတယ်။ ကျွန်တော်က ကျွန်တော်တို့နယ်ကသူတွေက ဘာသိမှာလဲဗျာ၊ ဒီမှာ ခင်ဗျာ့မိတ်ဆွေကြီး ဦးချမ်းအေးနဲ့ ဦးသိန်းဟန်တို့ ဆုံးဖြတ်ကြတာလေ လို့ပြောတော့ ဦးချမ်းအေးလည်း မကြားချင်ယောင် ဆောင်ပြီးထွက်သွားပါတယ်။

တကယ်တော့ ဦးချမ်းအေးနဲ့သူနဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စဖွဲ့ကတည်းက တတ်သိအုပ်စုအနေနဲ့ အတူပါခဲ့ကြတာ၊ ဦးအောင်ကြီးက ထွက်ပေးဖို့ပြောတုန်းက လည်း သူတို့အတူတူပဲ။ တက္ကသိုလ်တုန်းကလည်း ကျွန်တော်တို့က ချာတိတ်ပါ။ ကျွန်တော်ဒုတိယနှစ်မှာ ဒေါ်မြင့်မြင့်ခင်က နောက်ဆုံးနှစ် ရောက်နေပြီး ဦးချမ်းအေးက တောထဲတောင် ရောက်သွားပြီ၊ တက္ကသိုလ်မှာအတူတူပဲ။ ဦးစိုးသိန်းက အစ်ကိုနိုင်၊ ဘယ်တုန်းကရောက်သလဲ၊ အခြေအနေဘယ်လိုထင်သလဲ လို့  မေးပါတယ်။ အေး၊ အခြေအနေက အပြတ်အသတ်ဖြစ်နေပြီ၊ ပြည်သူကလည်းတက်ြွက၊ တစ်ဖက်က ဌာနဆိုင်ရာတွေပိုင်းမှာတောင် ဒီဖန့် (DEFUNT) ဖြစ်လုနီး ဖြစ်နေချိန်မှာ တို့ဌာနချုပ်က အနည်းဆုံး ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေးလောက်တော့ တောင်းဆိုသင့်တာပေါ့ လို့ ပြောလိုက်မိပါတယ်။ သူနဲ့ကတော့ တရင်းတနှီးပြောလို့လည်းရတယ်လေ။  ကျောင်းသားတုန်းက ကိုယ်ကကျောင်းသားကြီး၊ သူကဒုတိယနှစ်ပဲ။ ဒီတော့ ဦးခင်မောင်ဆွေက အဲဒါပြောတာပေါ့ဗျ၊ ဦးစိုးသိန်းရ … လို့ မှတ်ချက်ပေးပြီး ဒေါ်မြင့်မြင့်ခင်ကတော့ မျက်စချီပြီး ပြုံးပြုံးကြီးလုပ်နေပါတယ်။

ဦးစိန်လှဦးက သတင်းလွှာအတွက် ကိုဆွေဘာပေးမှာလဲ လို့  ဦးခင်မောင်ဆွေကိုမေးပြီး သတင်းလွှာ ရုံးခန်းဘက် ထွက်သွားတယ်။ ဒါနဲ့ပဲ  ဒေါ်မြင့်မြင့်ခင်တို့ ဦးစိုးသိန်းတို့နဲ့ ထိုင်စကားပြောကြပါတယ်။

ဟိုကဝင်လာနှုတ်ဆက်လိုက်၊ ဒီကဝင်လာနှုတ်ဆက်လိုက်နဲ့မို့ အေးအေးဆေးဆေးလည်း စကားမပြောရပါဘူး။ ကျွန်တော်တို့ကလည်း လာတုန်း သတင်းလွှာထွက်ရင် လေးငါးရာလောက်ယူသွားဖို့ လုပ်ရဦးမှာဆိုတော့ သတင်းလွှာရုံးခန်းဘက်ထွက်ခဲ့ရပြန်ပါတယ်။ အဲဒီနေ့ညနေ အိမ်ပြန်ရောက်တော့ ညပိုင်းမြန်မာ့အသံမှာ ဗိုလ်ချုပ်ကြီးစောမောင်က ဌာနဆိုင်ရာဝန်ထမ်းများကို ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ နှိုးဆော်တဲ့ မိန့်ခွန်ြးွေခသံကြားလိုက်ရပါတယ်။

နောက်တစ်နေ့မှာ ရွှေဂုံတိုင် ဌာနချုပ်ရုံးကို ရောက်ပေမယ့် ဘာမှမထူးခြားပါ။ နယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နောက်ထပ် အနိုင်ရတဲ့သတင်းတွေ ဝင်လာလို့ ဘုတ်တစ်ခုမှာ ဘယ်တိုင်းမှာ ဘယ်နှနေရာနိုင်နေပြီ၊ ဘယ်ပြည်နယ်မှာ ဘယ်မြို့နယ်တွေနိုင်တယ်ဆိုတာ ရေးချိတ်ထားတာပဲ တွေ့ရပါတယ်။

အပြင်သတင်းစုံရပ်ကွက်အရတော့ အရောင်းအဝယ်လောကမှာ တောင် အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်မှာ တချို့က လူထုတက်ြွကမှုကို အခွင့်ကောင်းယူချင်ပြီး စစ်ဗိုလ်ဟောင်းကြီးဘက်က ခပ်ဆိုင်းဆိုင်းလုပ်နေ တာ၊ အဲဒီအထဲမှာ ဦးချမ်းအေးလို လူကတောင် မတုန်မလှုပ်ဖြစ်နေတာနဲ့ ဦးစိုးသိန်းနဲ့ဒေါ်မြင့်မြင့်ခင်က လည်း အခုမှရုံးပြန်ရောက်ကြ၊ စီအီးစီထဲ ပြန်ထိုင်ကြရတာမို့ သိပ်အသံမထွက်သေးကြောင်းများကို ကြားရပါတယ်။ ကြည့်မြင်တိုင် ကိုဘကောင်းကြီး အိမ်မှာတော့ သတင်းမျိုးစုံကြားရပါတယ်။  ဒီလိုဆိုရင်လည်း ကိုယ့်မြို့ပြန်ပြီး အနီးအနားမြို့များနဲ့ ပြည်မြို့နယ်စု သဘောထားဆွေးနွေးပြီးမှ တစ်ခေါက်ထပ်လာမယ်လို့ ဆုံးဖြတ်ပြီး  ဦးအေးသန်းနဲ့အတူ ဇွန်လ(၃)ရက်နေ့နေ့လည် ပြည်အဆန် အမြန်ရထားနဲ့ပြန်ဖို့ လက်မှတ်ဝယ်လိုက်ကြပါတယ်။ (၃)ရက်နေ့နေ့လည်(၁)နာရီ ရထားစီးရမှာမို့ ဘူတာမှာပဲတွေ့ဖို့ချိန်းပြီး လူစုခွဲလိုက် ပါတယ်။

ဇွန်လ(၃)ရက်နေ့မနက်ပိုင်းကျတော့ အိမ်မဲကိုယ်စားလှယ် ဦးတင်ထွတ်နဲ့တွေ့ပြီး သူက ခေါ်တာနဲ့ သူ့အိမ်လိုက်သွားပါတယ်။ ပန်းဆိုးတန်း ထဲက တိုက်ခန်းတစ်ခန်းရဲ့သုံးထပ်မှာပါ။ သူ့အိမ်မှာလူတော်တော်စုံနေပါပြီ။ မန္တလေးကဦးအုန်းကြိုင်၊ ခရမ်းဦးတင်မောင်ဝင်း၊ ကျောက်တန်းကဒေါက်တာသန်းငြိမ်း၊ ဆိပ်ဖြူဦးစိုးဝင်း၊ အင်းစိန်ဦးစိန်လှဦး၊ ရန်ကုန်ကဦးမောင်ကို၊ ဦးမြင့်စိုးနဲ့ တခြားဧရာဝတီတိုင်း၊ မကွေးတိုင်းကအမည်မသိသူတွေပါ တွေ့ရတော့ ဒီဆွေးနွေးပွဲဟာ အရေးလည်းကြီး၊ အချိန်လည်းကြာမယ်ဆိုတာ မှန်းမိလို့ ကျောပိုးအိတ်ထားခဲ့ပြီး ဘူတာကြီးကို ဆင်းခဲ့ပါတယ်။ ဦးအေးသန်းနဲ့တွေ့တော့ အစည်းအဝေးတစ်ခု ရှိလို့ ဒီနေ့မလိုက်ဖြစ်သေးတာနဲ့ ရထားလက်မှတ်ကိုလည်း သူလိုသလိုသုံးဖို့အပ်ပြီး ကိုတင်ထွတ်အိမ် ပြန်ခဲ့တယ်။ ဧည့်သည်အားလုံး ဆီချက်ခေါက်ဆွဲ ကျွေးပြီး ဆွေးနွေးပွဲစကြတယ်။

မိမိတို့မြို့နယ်အလိုက် ရွေး ကောက်ပွဲ အတွေ့အကြုံတွေက တော်တော်ထူးတယ်လို့ ပြောရမယ်။ ဧရာဝတီတိုင်းကအိမ်မဲမြို့နယ်မှာ အရွေးခံတဲ့ကိုတင်ထွတ်က တစ်မြို့နယ်လုံး အိမ်မဲဘောလုံးကွင်းထဲမှာ ပိတ်ပြီး တစ်ခါပဲ အစည်းအဝေးကြီးလုပ်ပြီး ဟောပြောရတယ်။ တခြားစည်းရုံးရေးလုပ်ခွင့်မရလို့ တော်တော် ကြပ်ကြပ်တည်းတည်း လုပ်ရတယ်လို့ပြောပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနေ့ကျတော့ အားလုံး ထွက်လာပြီး မဲပေးကြတာပဲ၊ နိုင်လည်းနိုင်တာပဲ။

မန္တလေးမှာတော့ စစ်တပ်က ဗိုလ်မှူးတွေကိုယ်တိုက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထား ကို သိချင်တယ် ဆိုလို့ တိပ်ခွေတွေ အကုန်စုပေးလိုက်ရတယ်။ တပ်ထဲက မဲတွေပုံအောရတာပဲ၊ စသဖြင့်ပေါ့လေ၊ အဆန်းလေးတွေ အကုန်ကြားရသပေါ့။

အဓိက ဆွေးနွေးကြတာကတော့ ဒေါ်စုလွတ်ရေးကို ဗဟိုကလျော့ရဲရဲဖြစ်နေတာ၊ အာဏာ လွှဲပြောင်းရေး ရရင် ဒေါ်စုက အလိုလိုလွတ်မှာမို့ အာဏာလွှဲပြောင်းရေးသာ အဓိကကျတယ်လို့ ဗဟိုကယူဆနေပုံ၊  ဖွဲ့စည်းပုံကို အဓိကထားမလား၊ စတဲ့ အချက်တွေကိုဆွေးနွေးကြတယ်။ နောက်ဆုံးတော့ ဗဟိုက မပြတ်မသားနဲ့ အောက်ခြေကို တစ်စုံတစ်ရာထုတ်ပြန်ဖို့မလုပ်ပဲ ရေငုံနှုတ်ပိတ် လုပ်နေတာမမှန်ဘူး။ အဓိက မဲဆွယ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုရှေ့တင်မဲဆွယ်ခဲ့ ပြီး အခု ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကိုေ ထာက်ခံပြီးမဲပေးလိုက်လို့နိုင်ပြီး တစ်ပြည်လုံး တက်တက်ြွကြွကဖြစ်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် တစ်စုံတစ်ရာထုတ်ပြန်ကြေညာ ချက်မထုတ်နိုင်တာဟာ ပြည်သူလူထုကို ချက်ခြင်းအရေးမစိုက် လုပ်ရာကျတယ် ။ ဒါကြောင့် နယ်အသီးသီးက အရွေးခံရတဲ့ကိုယ်စားလှယ်တွေက ဗဟိုကို တစ်စုံတစ်ရာ ဖိအားပေးဖို့လိုတယ်လို့ သဘောထားကြပါတယ်။ ဒီတော့နယ်ပြန်၊  မိမိတို့နီးစပ်ရာကိုယ်စားလှယ်ချင်း တွေ့ဆွေးနွေး၊ ဗဟိုကချပေးတဲ့ ကိုယ်စားလှယ်တွေကို နယ်ရောက်အောင်ဖိတ်ခေါ်ပြီး နယ်အောင်နိုင်ရေးအဖွဲ့တွေကတဆင့်ဖိအားပေးဖို့ကို နောက်ဆုံး ဆွေးနွေးပြီးပြန်ခဲ့ရပါတယ်။

မြို့ပြန်ရောက်တော့ မြို့နယ်စည်းကော်မတီနဲ့အောင်နိုင်ရေးအဖွဲ့စုပေါင်းအစည်းအဝေးကို (၉.၆.၉၀)နေ့မှာလုပ်ပြီး ရန်ကုန်ကသိခဲ့ရ၊ ဆွေးနွေးခဲ့ရတာတွေကိုတင်ပြပြီး လတ်တလောအခြေအနေအပေါ် ကျွန်တော်ရဲ့ အမြင်နဲ့ ယူဆချက်ကို လည်း တင်ပြပါတယ်။  ဒါဟာ ကျွန်တော့်ယူဆသုံးသပ်ချက်သာဖြစ်ကြောင်း၊ မှားချင်လည်းမှားနိုင်ကြောင်း၊ အယူအဆ မတူပဲ ရှိနိုင်ကြောင်းလည်း ကြိုတင်ပြောပြထားရပါတယ်။ ဘာပြုလို့လဲဆိုတော့ ရွေးကောက်ပွဲနိုင်ပြီး ရက်ပိုင်းအတွင်းမှာ ဒီသဘောထား ယူဆချက်တွေပြောပြရတာ သိပ်ပြီး ခါးသီးနေလို့ စိတ်မကောင်းစရာ ဖြစ်နိုင်လို့ပါပဲ။

ဗဟိုမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိုရှေ့တန်းမတင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာရင် အဖွဲ့ချုပ်ဦးဆောင်မှုကို ဒေါ်အောင်ဆန်းစုကြည်ပဲ ပြန်ကိုင်မယ်။ အခုဦးဆောင်နေတဲ့ဗိုလ်အောင်ရွှေတို့၊ ဗိုလ်ချစ်ခိုင်တို့၊ ဗိုလ်လွင်တို့ဟာ ဒုတိယတန်းရောက်သွားမယ်။ ဒါကိုသူတို့စိုးရိမ်နေဟန်တူတယ်။ သူတို့အပေါ် တစ်ပြည်လုံးရဲ့ ထောက်ခံမှုဟာ ဒေါ်စုလို တစ်ခဲနက် အင်နဲ့အားနဲ့မရပေမယ့် အခု ရွေးကောက်ပွဲအကြိုကာလကိုကျော်လွှားနိုင်ခဲ့သလို အာဏာလွှဲပြောင်းရေး ကာလ၊ အစိုးရဖွဲ့စည်းရေးကာလ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကာလများကိုလည်း ကျော်လွှား သွားနိုင်မယ်လို့ထင်နေဟန်တူတယ်။ နောက်တစ်ခုကလည်း ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရကာနီး မှာ ဗိုလ်နေဝင်းကိုဇောင်းပေးပြီး တိုက်ခိုက်ဟောပြောခဲ့တဲ့အတွက် ဗိုလ်နေဝင်းက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်လာမှာကို မလိုလားဘူး၊ ဗိုလ်အောင်ရွှေတို့ကလည်း ဦးနေဝင်း မလိုလားတာကိုမလုပ်ချင်ဘူး။ သူတို့ (ဦးအောင်ရွှေတို့)ချည်းဆိုရင် ဦးနေဝင်းက အာဏာလွှဲပေးဖို့ ဗိုလ်စောမောင်နဲ့ဗိုလ်ခင်ညွန့်ကို တွန်းအားပေးကောင်းပေးနိုင်တယ်၊ ဒီလိုမျိုး လျှို့ဝှက်ကြံစည်မှု တစ်ခုတောင် ရှိနိုင်ကောင်းရှိနိုင်တယ်။ ဒါကြောင့်ဗဟိုကို လွှတ်မထားသင့်ဘူးလို့ တင်ပြလိုက်တော့ အားလုံးရွေးကောက်ပွဲနိုင်လို့ ပျော်ရွှင်နေတာတွေဟာ ပျောက်ကုန်ပြီး ရှုပ်ထွေးကုန်ကြပါတော့တယ်။

တချို့ကလည်းဗဟိုရဲ့နည်းပရိယာယ်ဟာ မှန်သယောင်ယောင် ထောက်ခံပြောကြတယ်။ ဗဟိုရဲ့ နိုင်ငံရေး နည်းပရိယာယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုကိုမပေးလိုတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရေရှည်ခေါင်းဆောင်မှုကို ဖယ်ရှားလိုတာမဟုတ်ပဲ အာဏာလွှဲပြောင်းရေး လွယ်ကူရုံသာဆိုရင်ထောက်ခံရမယ်လို့ ပြောကြတဲ့သူလည်းရှိတယ်။ နောက်တစ်ခုက ဒေါ်စုကိုမလွှတ်သေးပဲ အစိုးရဖွဲ့စည်းရေးဟာလွယ်မယ်မထင်ဘူး။ ပြည်နယ်တွေမှာ လူမျိုးစုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ အရွေးခံရတာတွေရှိလို့ လူမျိုးစုပြဿနာကို ဒေါ်စုမှတပါး ဘယ်သူမှ မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်မယ်လို့ မယုံကြည်ကြဘူး။ ဒီလိုနဲ့ အစိုးရမဖွဲ့နိုင်ပဲ လွှတ်တော်ကိုသာဖွဲ့စည်းနိုင်ပြီး ညီညွတ်မှုအားမကောင်းတဲ့ လွှတ်တော်ကိုဒီအတိုင်းထားပြီး တပ်ကအုပ်ချုပ်ရေးအာဏာကိုဆက်ကိုင်ထားမလား၊ အမျိုးမျိုးဆွေးနွေးကြတယ်။

ဘာပဲဖြစ်ဖြစ် အာဏာလွှဲပြောင်းရဖို့က ပိုပြီး အဓိကကျတယ်ဆိုတဲ့ဘက်က နည်းနည်းအားသာ လာပါတယ်။ အောက်ခြေမှာတောင် အာဏာဆိုတာကလေးက အားလုံးကိုဆွဲဆောင်နေနိုင်ပါတယ်။ တဆက်တည်း ကျေးရွာဖွဲ့စည်းပုံတွေအတွက်ပါ ကြိုတင်ပြင်ဆင်ထားဖို့၊ ကျေးရွာစည်းရုံးရေးဆက်လုပ်ဖို့ ဆွေးနွေးကြတယ်။

ဘာမှတိတိကျကျမပြောနိုင်ကြပါ။ အခြေအနေကြည့်ပြီးဆောင်ရွက်ဖို့၊ ဗဟိုရဲ့ သဘောထားကို ကြိုပြီး ခန့်မှန်းတွက်ဆနေမယ့်အစား တိတိကျကျတစ်ခုခုသိရမှ ဆက်ပြီးလိုအပ်သလို ဆောင်ရွက်ကြဖို့ဆွေးနွေးကြပါတယ်။

(၁၂.၆.၉၀)နေ့မှာတော့ ပြည်ဇုံခြောက်မြို့နယ် ရွှေတောင်မှာ အစည်းအဝေးလုပ်ပါတယ်။ ကျွန်တော်မြို့နယ်မှာ တင်ပြသလောက်တော့ ဇုံမှာတင်ပြလို့ မကောင်းဘူးထင်လို့ ဗဟိုက မြုံစိစိလုပ်နေတာလောက်ကိုပဲ တင်ပြပြီး ဗဟိုကို ဖိအားပေးသင့်ကြောင်း တင်ပြပါတယ်။ ပြည်ဦးသောင်းစိန်ကတော့ ဗဟိုက တစ်ပြည်လုံးမဲစာရင်း မကုန်သေးလို့ ဘာမှမပြောသေးတာ ဖြစ်နိုင်ပြီး ဒီလိုအချိန်မှာ ဗဟိုကို သိပ်ဖိအားမပေးသင့်ဘူးလို့ပြောပါတယ်။ သဲကုန်းဦးအေးကတော့
ဒီရွေးကောက်ပွဲနိုင်တာဟာ ရှစ်လေးလုံးအရေးတော်ပုံရဲ့အဆက်ဖြစ်ပြီး ဒေါ်စုကြောင့် အနိုင်ရခဲ့တာအဓိကကျတယ်။ နိုင်တော့မှ ဒေါ်စုအပေါ် လျော့ရဲရဲသဘောမထားသင့်ဘူးလို့ပြောပါတယ်။  ပန်းတောင်းဦးသိန်းဟန်ကလည်း  ရွေးကောက်ပွဲရလာဒ်ဟာ ဒေါ်စုရဲ့အောင်ပွဲသာဖြစ်တယ်။ အကြိုလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး ခေါ်သင့်တယ်လို့ ဆွေးနွေးပါတယ်။ သဲကုန်းဦးသိန်းထွန်းကတော့ နဝတက ချက်ခြင်း ငြိမ်သွားတယ်၊ ဒီအချိန်မှာ အဖွဲ့ချုပ်က အခွင့်ကောင်းယူပြီး သတင်းစာရှင်းလင်းပွဲ လုပ်သင့်တယ်။ ဒါပေမယ့်မလုပ်နိုင်ပဲ ရက်ကြာလာတော့ နဝတက ပြန်ပြီး မာကြောလာတယ်လို့ ဆွေးနွေးပါတယ်။ ပန်းတောင်းဦးတင်အုန်းကလည်း အရွေးခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်များ ညီလာခံလုပ်သင့်တယ်။ အခု အစည်းအဝေးကဆုံးဖြတ်ချက်တစ်ခုချပြီး ဗဟိုကို ကိုယ်စားလှယ်တစ်ဦး လွှတ်သင့်တယ်လို့ ပြောပြန်ပါတယ်။ နောက်ဆုံးတော့ခြုံလိုက်ရင် ဦးသောင်းစိန်တစ်ဦးတည်းက အခြေအနေစောင့်ကြည့် သင့်တယ်လို့ယူဆပြီး ကျန်ကိုယ်စားလှယ်များက ဗဟိုကို တစ်ခုခုလုပ်ဖို့တော့ သင့်တယ်လို့ထင်တဲ့သူတွေ ချည်းမို့ ရက်တစ်ရက်ချိန်းပြီး အားလုံး ဗဟိုကိုသွားမယ်လို့ ဆုံးဖြတ်ကြပါတယ်။ (၁၈)ရက်နေ့ ဗဟိုမှာ ဆုံမယ်လို့ ချိန်းပြီး ပြန်ခဲ့ကြပါတယ်။