ဆရာတို့ ဘာပြောနေကြမလဲ
သားကြီးမောင်ဇေယျ၊ ဇွန် ၁၄၊ ၂၀၁၄
ကျနော် ဆရာဦးဝင်းတင်ရဲ့ တစ်လပြည့်မှာ လွှင့်မယ့် ရုပ်သံမှတ်တမ်းအတွက် ဇာတ်ညွှန်းရေးနေရင်း ဆရာ့ ကိုပြင်းပြင်းထန်ထန်သတိရမိပါတယ်။
ကျနော်ဆရာနဲ့ လူချင်းမတွေ့ခင်ကတည်းက ဖေဖေကို လက်ဆောင်ပေးလိုက်တဲ့ ဆရာစာအုပ်တွေနဲ့ ရင်းနှီးခဲ့တာပါ။
ကွိ၊ ကမ္ဘာနီတွင်တဒင်္ဂ၊ အလှရှာတော်ပုံ။
အဲဒီတုန်းက ကျနော်ဟာ ၇ တန်း ၈ တန်းကျောင်းသား တစ်ယောက်ပါ။ ဖေဖေ့စာအုပ်စင်က စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် ယူဖတ်ရင်း စာမဖတ်ရ မနေနိုင်တဲ့ ရောဂါ အသည်းအသန် စွဲကပ်နေချိန်ပါ။
နားလည်တာရော၊ နားမလည်တာရော၊ ကိုယ်နဲ့ တန်တာရော မတန်တာရောမသိ။ စာအုပ်မြင်ရင် ဖတ်လိုက်ရမှ ကျေနပ်တဲ့ အကျင့်စွဲနေချိန်ပါ။ ညအိပ်တော့မယ်ဆိုရင် စာဖတ်ပြီးမှအိပ်။ မနက်အိပ်ယာ ထထချင်း မျက်နှာမသစ်ခင် စာတပုဒ်လောက်ဖတ်ပြီးမှ အိပ်ယာကထ တဲ အကျင့်ကလည်း ကပ်ငြှိနေတဲ့အချိန်။
ကျနော်မကြာခဏ ဖတ်မိတဲ့ စာအုပ်တွေထဲမှာ ဆရာ့စာအုပ်တွေ ပါပါတယ်။ အထူးသဖြင့် ကျနော် ထပ်ခါတလဲလဲဖတ်မိတာက ဆရာရဲ့ “အလှရှာတော်ပုံ” စာအုပ်ပါ။ အဲဒီ စာအုပ်ကိုဖတ်မိရာက အရောင်တွေ အရုပ်တွေ ရဲ့ ဘာသာစကားကို နားလည်လာပါတယ်။ ကိုယ်တိုင်လည်း ပန်းချီကို လေ့လာလိုက်စားမိလာပါတယ်။ ကျနော့်ရဲ့ ပန်းချီဝေဖန်ရေးဆောင်းပါးတွေဟာလည်း ဆရာ့ရဲ့ အလှရှာပုံတော်စာအုပ်က ရိုက်ခတ်လာတဲ့ ရောင်ပြန်ကလေးတွေပါပဲ။
လမ်းသစ်ရိပ်သာက ဆရာ့တိုက်ခန်းကလေး မှာ သမိုင်း ဦးဝင်းမောင်စာအုပ် အတွက် ရှေးဟောင်းဒင်္ဂါး ပုံတွေကို ဟံသာဝတီသတင်းစာအဟောင်းထဲကနေ ကူးတုန်ကလည်း ဆရာက ကျနော့်ကို ပုံနှိပ်သဘောတရားတွေ၊ ပြောရင်း ဟံသာဝတီသတင်းစာ အပိတ်ခံရတဲ့ အကြောင်းကို ဆို့ဆို့နစ်နစ်ပြောပါသေးတယ်။
“သတင်းစာတိုက်ကို သူပုန်စခန်းတခုလိုဝင်စီးတာကွ၊ တွေသမျှတွေဖျက်စီးကြတာ၊ တကယ်တော့ သူတို့သမိုင်းကို သူတို့ ဖျက်စီးတာ”
ထမင်းစားချိန်ရောက်တော့လည်း
‘ ဒီဒယ်အိုးကလေးက ဂျာမနီက ၀ယ်ခဲ့တာ ကြက်ဥကြော်ရင် မကပ်ဖူးကွ’
လို့ပြောရင်း မနက်စာ ထမင်းကိုကြက်ဥကြော်နဲ့ ကျနော့်အတွက်စီစဉ်ပေးခဲ့ပါတယ်။ တကယ်တော့ ကြက်ဥကြော်ရင် မကပ်တဲ့ ဒယ်အိုးကလေးဟာ ဆရာ့လို လူပျိုကြီးတစ်ယောက်အတွက် ဘယ်လောက် အသုံးဝင်ပြီး ကျနော်တို့လို ဆရာဆီမှာ အကူအညီလည်းယူ အားမနာပါးမနာလည်း စားတတ်သူတွေအတွက် ဘယ်လောက်အကျိုးရှိတယ်ဆိုတာ ကြုံဖူးသူတိုင်း သိကြပါတယ်။
၈၈ အရေးအခင်းဖြစ်ခါနီး အတွေးအမြင်ဂျာနယ်မှာပါတဲ့ ဆရာ့ရဲ့ “ဂဏန်းမျက်စိ” ဆောင်းပါးဟာ စစ်အစိုးရနဲ့ အမြဲမပြတ် ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ကျနော်တို့ လို ကျောင်းသားဆိုးတွေ အတွက် အကောင်းဆုံးဗျူဟာ တရပ်ကို ညွှန်ပြနိုင်ခဲ့ပါတယ်။ ဘယ်လောက်အင်အားကြီးကြီး၊ ဘယ်လောက်လုံခြုံအောင် ကာထား ကာထား အားနည်းပြီး လွတ်နေတဲ့နေရာရှိတယ်၊ အဲဒီနေရာကို ရအောင်ရှာ၊ ပြိုလဲအောင်တိုက် ရမယ်ဆိုတဲ့ အတွေးပါ။
မိမိက အမှန်တရားနဲ့ ပြည်သူတွေဘက်မှာ ရှိနေမယ်ဆိုရင် နိုင်ကို နိုင်မှာ သေချာတယ် ဆိုတဲ့ ယုံကြည်ချက်တွေ ပိုခိုင်မာလာပါတယ်။ ကျနော်တို့ မူလယုံကြည်ထားတဲ့ တိုက်ပွဲက ခေါင်းဆောင်တွေကိုမွေးဖွားပေးလိမ့်မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆရာရဲ့ ဂဏန်းမျက်စိ ဗျူဟာ တို့ဟာ ကျနော်တို့ ရှေ့ဆက်ရမယ့် တိုက်ပွဲတွေ အတွက် အင်အားတွေဖြစ်လာပါတယ်။(အဲဒီအချိန်တုန်းက ကျနော်တို့မှာ ခေါင်းဆောင်မရှိပါဘူး။)
၈၈ အရေးအခင်းဖြစ်နေတဲ့အချိန်မှာ ဆရာနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အင်တာဗျူးအခွေ ဟာ ကျနော်ရှိနေတဲ့ မိုးကုတ်မြို့ကို ရောက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး အင်တာဗျူးတခုဖြစ်မယ်ထင်ပါတယ်။ ကျနော်တို့လို လူပ်ရှားသူတွေဟာ အဲဒီ အင်တာဗျူးကို အထပ်ထပ် အခါခါကြည့်ရင်း ရှေ့ဆက်ရမယ့် တိုက်ပွဲတွေကို မှန်းဆပြင်ဆင်နိုင်ခဲ့ပါတယ်။
၈၈ အာဏာသိမ်းပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဘကြီးမိုးရယ်၊ ဆရာဦးဝင်တင်ရယ်၊ ကျနော်နဲအတူ အခြား ၂ယောက်ရယ်၊ အင်အယ်ဒီ ရုံးခန်း အသစ်ချပ်ချွတ်မှာတွေ့ဆုံခွင့်ရပါတယ်။ ဆရာတို့က အင်အယ်ဒီ ပါတီထူထောင်လိုက်တာမို့ နယ်က ရောက်လာတဲ့ သူတွေကို လက်ခံတွေ့ဆုံတဲ့အချိန်မို့တွေ့ခွင့်ရတာပါ။ လမ်းမတွေပေါ်မှာတော့ လက်နက်ကိုင်စစ်သားအပြည့်နဲ့ စစ်ကားတွေ ၊ ကျဉ်ဆံမှန်ထားတဲ့ သူတွေရဲ့ သွေးကွက်တွေ။
အင်န်အယ်လ်ဒီ ထူထောင်ကာစ၊ စစ်ကားတွေ ပြာယာခတ်လမ်းသလား နေချိန်မှာ ဆရာဟာ ကျနော်တို့အိမ်ကိုမကြာခဏ လာတတ်ပါတယ်။ အိမ်ကနေ ဖေဖေနဲ့အတူ ဆရာပါရဂူ ဆီသွား ၊ ကန်တော်ကြီး နားက အကြော်ဆိုင်မှာ စကားပြောလေ့ရှိပါတယ်။ ကျနော်ကလည်း ရန်ကုန် ပြန်ရောက်တုန်းမို့ ဧည့်မြှောင်အနေနဲ့ ပါသွားလေ့ရှိပါတယ်။ မျက်မှောက်နိုင်ငံရေး အခြေအနေကို သူ့အမြင်ကိုယ့်အမြင် ဖလှယ်ကြပါတယ်။ ကျနော် ဘေးက ငေးပြီးနားထောင်ရုံသက်သက်ပါ။ ဆရာဟာ အရင်တုန်းက ကျနော်တွေဖူးတဲ့ ဆရာနဲ့မတူပဲ နိုင်ငံရေးထဲကို ခြေစုန်ပစ် ၀င်တော့မယ့် နိုင်ငံရေးသမားတစ်ယောက်နဲ့ ပိုတူနေတယ် လို့ ကျနော်ထင်ပါတယ်။
အဲဒီအချိန်တုန်းက ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သိပ်မယုံသေးပါဘူး။ သူက မကြာခင်ကမှ နိုင်ငံခြားပြန်လာသူ၊ စစ်အာဏာရှင်ရဲ့ လှည့်စားမှု ၊ ရက်စက် ယုတ်မာမှုတွေကို ကိုယ်တိုင်မခံစားရသေးသူ၊ ဒါကြောင့် စစ်အာဏာရှင်ရဲ့ ပကတိ အခြေနေကို သူသိမှာ မဟုတ်ဘူးလို့ ကျနော်တို့က မြင်ထားပါတယ်။
ဒါပေမယ့် ဆရာဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်သာလျှင် ကျနော်တို့ကိုဦးဆောင်နိုင်မှာဖြစ်တယ်လို့ အတိအလင်းပြောပါတယ်။ ဆရာ့ကိုယုံလို့ ကျနော်တိုက ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် သတိကြီးကြီးနဲ့စိတ်ထဲက လက်ခံလိုက်ပါတယ်။ ဒါပေမယ့် အင်အယ်ဒီ ပါတီဝင်ဖို့တော့ ကျနော်က ငြင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ပန်းချီဆရာ၊ ကဗျာဆရာဖြစ်ချင်တာလေ။ ပါတီဝင်လိုက်ရင် ကျနော့်အတွေးတွေ၊ ကျနော်အမြင်တွေကို လွတ်လွတ်လပ်လပ် ဖေါ်ထုတ်ခွင့် မရမှာကို စိုးရိမ်မိလို့ပါ။
ဘာပဲဖြစ်ဖြစ် ၈၈ အရေးတော်ပုံကနေ ကျနော်တို့ ဟာ ထက်မြက်တဲ့ ခေါင်းဆောင်နဲ့ ဦးဆောင်ပါတီတခု ရလိုက်တာမို့ ကျေနပ်မိပါတယ်။
ပြည်သူကိုလက်နက်အားကိုးနဲ့ အနိုင်ကျင့်နေသူတွေကို လက်နက်နဲ့ ပြန်တော်လှန်မှသာ အောင်နိုင်မယ်လို့ ကျနော်တို့အများစုက လက်ခံထားပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတဲ့အခါ ကျနော့်သဘောထား ပြောင်းသွားပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အပြင် အခြားနည်းလမ်းတွေလည်းရှိသေးတယ်ဆိုတာ ကိုသိလာလို့ပါ။ လက်နက်ကိုင်တိုက်ပွဲမှာ ကျွမ်းကျင်ပြီး အင်အားကြီးတဲ့ စစ်အာဏာရှင်ကို လက်နက်နဲ့ ယှဉ်ပြိုင်ရင် ကျနော်တိုကဖက်က တပန်းရှုံးနေတယ် ဆိုတာ ကျနော် ကောင်းကောင်း သတိပြုမိသွားအောင် ဒေါ်အောင်ဆန်းစုကြည်ပြောပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် လည်း ကျနော်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်နိုင်မယ် လို့ ဆရာက ပြောခဲ့တာကိုး။ ကျနော် ကောင်းကောင်း သဘောပေါက်သွားပါတယ်။ အချို့သူငယ်ချင်းတွေကတော့ ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည် ထမီနား ခိုသွားပြီ လို့ ကျနော့် ကိုဝေဖန်ကြပါတယ်။
ကျနော်တို့ရဲ့ အရေးတော်ပုံဟာ ရွေးကောက်ပွဲလမ်းကြောင်းပေါ်ရောက်သွားတော့ စစ်အစိုးရ ညစ်မှာကို ကျနော်တို့ စိုးရိမ်းနေပါတယ်။ ဒါပေမယ့် ဆရာက သူတို့ဘယ်လောက်ညစ်ညစ် ကိုယ်က နည်းမှန် လမ်းမှန်နဲ့ နိုင်အောင်လုပ်ရမယ်လို့ ပြောပါတယ်။ သူပြောတာက
“ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား နိုင်အောင်လုပ်ရမယ်။ နည်းနည်းကလေး ကပ်နိုင်ရင်တော့ လွတ်တော်မှာ မဲခွဲတဲ့ အခါ ပြသနာဖြစ်နိုင်တယ်။ အပြောင်းအလဲကို အချိန်ဆွဲထားနိုင်တယ်” တဲ့။
ဆရာဆန္ဒရှိသလို အင်အယ်ဒီ က မဲအပြတ်နဲ့ နိုင်ခဲ့ပါတယ်။ ကျနော်တို့ လှုပ်ရှားသူတွေ တော်လို့တော့မဟုတ်ပါဘူး။ စစ်အစိုးရရဲ့ တရားလွန်ရက်စက်မှုတွေကြောင့် လူထုက အင်အယ်ဒီကိုမဲထည့် လိုက် လို့ပါ။ အနိုင်ရတဲ့ အမတ် အတော်များများဟာ အရေးတော်ပုံ ထဲက မွေးဖွားပေးလိုက်တဲ့သူတွေပါ။
ကျနော် ရန်ကုန်ရောက်တော့ ဖေဖေကို အားရ၀မ်းသာပြောမိပါတယ်။ ကျနော်တို့နိုင်ပြီလို့။
ဖေဖေက မျက်နှာမကောင်းပါ။
စစ်အစိုးရ ပြုတ်ကျသွားရင် ကျနော်တို့ ပန်းချီတွေ ၊ ကဗျာတွေ ကို စိစစ်ရေး တင်စရာမလိုပဲ လွတ်လွတ်လပ်လပ်ရေးခွင့် ရတော့မို့ ကျနော်ကတော့ ပျော်ပါတယ်။ ဖေဖေ ဘာကိုများစိုးရိမ်နေလို့လဲ။
“မင်းတို့ အဲဒီလောက်အပြတ်အသတ်နိုင်ရင်တော့ ဗိုလ်နေ၀င်းက ဘယ်အာဏာအပ်တော့မလဲ၊ ဘယ်လွှတ်တော်ခေါ်ပါတော့မလဲကွာ” … တဲ့။
နောက် တော့ တကယ်ပါပဲ ဗိုလ်နေ၀င်းက အာဏာမအပ်တော့ပါ။
ဆရာနဲ့ဖေဖေ တို့နှစ်ယောက်အမြင်မတူတာကို ကျနော် မကြာခဏစဉ်းစားမိပါတယ်။
ဆရာက “မဲအပြတ်မနိုင်ရင် စစ်အစိုးရက လွှတ်တော်မှာ ကောင်းကောင်း အနှောက်အယှက် ပေးနိုင်တယ်” လို့ပြောတယ်။
ဖေဖေက “မဲအပြတ်နိုင်တဲ့ အတွက် အာဏာအပ်မှာမဟုတ်ဘူး” လို့ပြောတယ်။
သူတို့နှစ်ယောက် အမြင်မတူဘူးလို့ အရင်က ကျနော်မြင်တယ်။
အခုအခါ မှာတော့ ကျနော်က သူတို့နှစ်ယောက်အမြင်တူတယ်လို့မြင်လာပြန်တယ်။
ဘာကြောင်လဲဆိုတော့ စစ်အစိုးရဟာ အာဏာကို ဘယ်တော့မှ အလွယ်တကူမစွန့်လွှတ်ဘူးဆိုတဲ့ အတွေးအမြင်ပေါ်မှာ သူတို့နှစ်ယောက်လုံး အခြေခံစဉ်စားထားတယ်ဆိုတာ ကျနော်သိလာလို့ပါပဲ။
အခု သူတို့နှစ်ယောက်လုံး တမလွန် တနေရာက လမ်းဘေး လက်ဖက်ရည်ဆိုင် မှာတွေ့ပြီး
ပုဒ်မ ၄၃၆ ရဲ့ ဂဏန်းမျက်စိကိုရှာဖို့ပြောနေကြမလား …
စစ်အာဏာရှင်ဆိုတာ သူတို့ရဲ့ အာဏာကို ဘယ်တော့မှ အလွယ်တကူမစွန့်ဘူး ဆိုပြီးသတိပေးဖို့ ကြိုးစားနေမလား၊ …
ဘာတွေများပြောနေကြမယ်မသိပါဘူး။
သားကြီးမောင်ဇေယျ ( ၁၂- ဇွန် – ၂၀၁၄)
စစ်အုပ်စုက ဒီမိုကရေစီအမည်ခံပြီး ပါတီစုံကိုအသုံးချ၊၊ ပြုပြင်ပြောင်းလဲရေးစကားလုံးနဲ့ ဗန်းပြပြီး သူတို့ရဲ့ ပြင်ညာရေးနည်းဗျူ ဟာတွေနဲ့ ဒီလူကရေစီစနစ်ကို ထူထောင်နေတာ။ သူတို့အားလုံး ပြည်သူတွေကို ညှိပြီးညာ၊ ညာပြီးညှိနေကြတာ။ စစ်အုပ်စု ညာညှိ၊ ပြည်သူအားလုံး သတိ၊ သတိ၊ သတိ။ အပ္ပမာဒေန သမ္ပာဒေထ။