“ ဗမာကဗျာဆရာ ဘဝင်မြင့်လာခြင်း”
မောင်စွမ်းရည်၊ ဇွန် ၁၄၊ ၂၀၁၄
အမေရိကားတဲ့များ
စားစရာ၊ ဝါးစရာတွေလား
စားချင်ရာကိုစား၊ ဝါးချင်ရာကိုဝါး
များမှများ။
စပျစ်ခြံကိုသွား
ခြံရှင်နဲ့မသိဘူးထား
စားချင်သလောက်စား
အလကား စားရတယ်၊
ပန်းသီးခြံကိုသွား
စားချင်သလောက်စား
အလကားစားရတယ်
ဒို့ဗမာပြည်မှာ
ခရိုနီ၊ ခရိုဝါ၊ ခရိုပြာ
မီလျံနာ၊ ဘီလျံနာတွေ ကာလနာတွေ
အာဏာရှင်၊ ပါဝါရှင်
ပင်စင်အငြိမ်းစား၊ ဗိုလ်ချုပ်ဗိုလ်ရပ်
ဗိုလ်ရှုပ်ကြီးများတွေ –
စားချင်ဝါးချင်ပြီလား ရှိမှဖြင့်
ထိုင်းကိုသွား၊ စင်္ကာပူကိုသွား
လေယာဉ်ပျံကြီးများနဲ့သွား
ဒေါ်လာနဲ့မှ၊ ဝယ်စားရတဲ့
အစားအစာ၊ စိမ်းနီဝါ
ပြာခရမ်းတွေ၊ စားစမ်းပါလေ့။
မဂယ်လွဲ အမြဲလက်ဆောင်ရ
ဘုန်းကြီးကစွန့်ကြဲ၊ အရပ်ထဲက ကန်တော့ကြ
ပေါမှပေါ၊ များမှများ
ဘုရားပဲတင်တင်၊ နတ်ပဲတင်တင်
နေ့စဉ်နေ့ည၊ အိပ်ရာထစား၊ အိပ်ရာဝင်စား
ပဲလှော်လက်ဖက်ဝါးသလိုပ။
အဟောဝတ
ပြောရမှာ
အားတော့ နားပါရဲ့။
တခါတခါ တွေးမိ
မြေခွေးမဟုတ်ပေမဲ့
ကျုပ်တော့ ဖြင့်ရင်
စပျစ်သီးလဲ ချဉ်ပြီ
ဘဝင်ကိုလေ သရမ်းသနဲ့
ပန်းသီးလား၊ သစ်သော့သီးလား
စားတောင် မစားချင်တော့
ဘုရားသခင်ရဲ့၊ ဧဒင်ဥယျာဉ်ထဲက
ရဲလို့ မှည့်လို့ ဝင်းလို့
သင်းလို့၊ ချိုလို့၊ ဘယ်လိုပင်မွှေးမွှေး
အာဒမ်ရဲ့ လုံမ ဧ
ဘယ်လိုပင် သွေးသွေး
ဘယ်လိုပင် ပေးပေး
တော်သေးပြီ – “ဧဝ” ရေ
ဘေးချလိုက်မဟဲ့
ကျေး(စ်) … ပါဗျိုး၊
No! Thanks ။
၂၀၁၄ မေ၁၃
မောင်စွမ်းရည်
နယူးယောက်။
(Illustration – Min Kyaw Khine)