ခေတ်ပြိုင်အတွေ့အကြုံ ဖြစ်ရပ်များ၊ အမှတ်တရများ

စည်သူဇေယျ – အကျဉ်းထောင်ထဲက အမှတ်တရများ

 

စည်သူဇေယျ – အကျဉ်းထောင်ထဲက အမှတ်တရများ
(မိုးမခ) ဇွန် ၃၊ ၂၀၁၈

အချိန်က ၂၀၁၁ခုနှစ် လွတ်လပ်ရေးနေ့ ကျင်းပ ပြီး နောက်တစ်နေ့ မိန်းဂျေးက ခေါ်တွေ့တယ် ။
အပွင့်၃ပွင့်နဲ့ ထောင်ဦးစီး၊ ထောင်မှူး နဲ့ ထောက်လှမ်းရေးတွေ ထောင်ဝန်ထမ်းတွေ၊ သူတို့နဲ့ ရင်းနှီးတဲ့ နှစ်ရှည် အကျဉ်းသားတွေ အားလုံးပေါင်း ၁၀ ယောက် ဝန်းကျင်လောက်ရှိမယ်။ ကိုယ်က ပထမ ၂ မှု အတွက် ၈ နှစ် ချခံထားရတဲ့အတွက် အပြာဝတ်နဲ့ ခေါ်တွေ့တဲ့အကြောင်းက တောင်းဆိုချက်ကြောင့် …
တစ်ထောင်လုံး ဆန်ကောင်းကောင်း စားရဖို့နဲ့
အဖေနဲ့ တစ်ဆောင်တည်းနေခွင့်ရရေး
ပုံစံဆိုတဲ့ စနစ် ဖျက်ပေးဖို့
မရ။ ထောင်ဦးစီးနဲ့ အငြင်းအခုန်ဖြစ် ၊ ထောင်ဦးစီးက အကျဉ်းသားတွေ ဖတ်ရှုခွင့်မရတဲ့ အကျဉ်းထောင်လက်စွဲ စာအုပ်ကို လက်ကိုင်ထားတယ်။ ကိုယ်က သက်သေပြလို့ဆိုတော့ သူကမပြနိုင်။  သူ ဒေါသလည်းထွက် ရှက်လည်း ရှက်လာတယ်။  ကိုယ်က လူ့အခွင့်အရေးကို အခြေခံပြီးပြောတယ်။  သူ ဘယ်လိုမှ ငြင်းလို့မရတော့ ထောင်ပိုင်အဆင့်ထိ ရောက်တယ်။  ထောင်ပိုင်က ကိုယ့်အရှေ့မှာ ဦးစီးကို အမေနဲ့ ကိုင်တုတ်ပြီး နရင်းရိုက်တာမြင်လိုက်ရတယ်။ စိတ်မကောင်း။  ဒါပေမယ့် တောင်းဆိုချက်ကို လျော့ပေးလို့မရ။
ဒီတောင်းဆိုချက်ထဲက တချို့ အချက်တွေကို တခြားနိုင်ကျဉ်းတွေနဲ့ သဘောတူထားတဲ့ကိစ္စ နောက်ဆုတ်လို့ မဖြစ်။
ထောင်အာဏာပိုင်တွေကို ရက်ချိန်းပေး။ တောင်းဆိုတာ မရတော့ တိုက်ပွဲဝင်ရမယ့် အချိန်ဖြစ်လာတယ်။
ဆန္ဒပြရမယ့် အနေအထားဖြစ်တော့ ဆန္ဒပြတယ်။  ကိုယ်နဲ့ အတူတိုက်ပွဲဝင်မယ့်သူတွေ အကြောင်းအမျိုးမျိုးပြပြီး ဆန္ဒပြမယ့်အထဲမပါကြတော့ နောက်ဆုံး တစ်ကိုယ်တော် ဆန္ဒပြတာ ဖြစ်သွားတယ်။စစ်ခွေးတိုက်ပို့၊ ထောင်ဝန်ထမ်း ၃ယောက်က ရိုက်၊ ကန်၊ ထိုး တစ်ရက်လောက်မှာ သတိပြန်ရ။
မျက်မှန်ကကျိုး၊ အဝတ်အစားက မပေး၊ စောင်ကလည်း မပေး၊ ရန်ကုန်မှာ အအေးဆုံးအချိန်ဖြစ် (နောက်မှ ဂျာနယ်ကနေ သိရ)။  ထမင်းက မိလ္လာနံ့ နံ။  ထမင်းက ဒံပေါက်ရောင်သန်း၊ ကျောက်ခဲကပါတော့ ရွေးကောက်ပွဲလုပ်ပြီး လက်ဝါးထဲ ထည့်စား။ ၁၄ ရက်ပြည့်တော့ စစ်ခွေးတိုက်ကနေ တိုက်ကိုပြန်ပို့။မြက်သီးနဲ့ အမှိုက် ပါတဲ့ ထမင်းက ဖြူဖွေးပြီး စားလို့ရတဲ့ အနေအထားအဖြစ်ပြောင်းသွားတယ်။ ထမင်းကကောင်းတော့ ဝန်ထမ်းတွေပါ အိမ်အတွက် ခိုးထုတ်သွားကြတာမြင်တော့ ကျေနပ်ခဲ့တယ်။ သာမန်အကျဉ်းသားတွေရဲ့ ထမင်းက အနည်းငယ်ဘဲ ပြောင်းသွားတယ်။ ဒါပေမယ့် စားလို့ ဖြစ်တဲ့ အဆင့်တော့ ဖြစ်လာတယ်။

ကနေ့အထိ ပြန်စဉ်းစားတိုင်း ကြည်နှုးမိတယ်။

နာလွန်းလို့ အော်ခဲ့တာ မှတ်မိပေမယ့် … ဘယ်လိုနာလည်း ဘယ်လောက်နာလည်း မသိတော့။အကျဉ်းထောင်ထဲက အမှတ်တရများ
စည်သူဇေယျ
အကစ/၁၅၆၈၀

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts