ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – ရိုးရာ ပြဇာတ် ဇာတ်တိုက်ချိန်

ရိုးရာ ပြဇာတ် ဇာတ်တိုက်ချိန်
ကျော်ဟုန်း
မေ ၂၇၊ ၂၀၁၄

 

ခြစ်ခြစ်တောက် နေကို
ရဲရဲမော့ကြည့်ရင်း
ပက်ကြားအက်မြေက
မိုးခေါ်တေးကို အော်ဆိုနေပြီ။

သူ့ ရင်ခွင် နုံးပျော့ထဲက
ရေမဲ့ ငါးတွေရဲ့
အခြေခံဆန္ဒ
ပက်ကြားအက်မြေက
စာနာစိတ်နဲ့ သီတဲ့တေးသံ
ကောင်းကင်ကြားတယ်။

ပင်လယ်ကိုတော့
ငွေ့ ရည်တွေ များများအံထုတ်ဖို့ 
လည်ပင်းညှစ်ရသပေါ့လေ။

လေထုနဲ့ တိမ်စိုင်တွေကို
ဖဲပြားနီ၊ ဖဲပြားပြာတွေ
ရင်ဘတ်မှာ ထိုးပေးလိုက်ကြ။

အနီပဲဖြစ်ဖြစ်၊ အပြာပဲဖြစ်ဖြစ်
အသည်းပုံလေးဖြစ်ပါစေ။
ဒါမှလဲ တိမ်ညိုတွေနဲ့ လေထု
မဟာမိတ်ပြုနိုင်မှာလေကွယ်။

မိုးတတောက်တောက် ရွာစွေရင်
ခေါက်ရိုးကျိုးနေတဲ့ သံစဉ်တွေနဲ့ 
ဖားတွေက လက်ခမောင်းခတ်ပြီး
ရှေ့ ဆုံးက ထွက်လာမှာ သေခြာသဟေ့။

ရေအိုင် ရေပြည့်အောင်တော့
နုံးထဲက ငါး စောင့်ပါလေ။

ရေပြည့်ချိန်မှာလဲ
အရမ်းကြီး မြူးပျော် မမိစေဖို့ 
ငါးထုအပေါင်းတို့ သတိထား
ကတွတ်ပေါက်မှာ
ဗျိုင်းနှုတ်သီးတွေ ရှိလေရဲ့။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts