သတင်းဆောင်းပါး အောင်ဒင်

အောင်ဒင် – အပိုင်း (၆၄) လွှတ်တော်၊ အစိုးရနှင့် မျိုးစောင့်ဥပဒေများ (ခ)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၉၇၊ မေလ ၂၂ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)

 

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၆၄)

 

အောင်ဒင်၊ မေ ၂၇၊ ၂၀၁၄

 

အပိုင်း (၆၄) လွှတ်တော်၊ အစိုးရနှင့် မျိုးစောင့်ဥပဒေများ (ခ)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ (၇) ရက်နေ့မှာ “ပြည်ထောင်စုလွှတ်တော်နာယက၏ ပန်ကြားချက်အရ” ဆိုပြီး “ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်း” နဲ့ “လူဦးရေတိုးပွါးနှုန်းထိန်းညှိရေးဆိုင်ရာဥပဒေကြမ်း” များ ရေးဆွဲဖို့ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး ခေါင်းဆောင်ပြီး အဖွဲ့ဝင် (၁၁) ဦးပါဝင်တဲ့ “ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်” တစ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။ အဲဒီကော်မရှင်က အဆိုပါဥပဒေကြမ်းများကို ရေးဆွဲပြီး ဇွန်လ (၃၀) ရက်ထက်နောက်မကျပဲ သမ္မတထံတင်ပြရမယ်လို့ ညွှန်ကြားထားပါတယ်။

 

#ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်း

 

မျိုးစောင့်ဥပဒေထောက်ခံသူများက “ဘာသာကူးပြောင်းမှုနှင့် ပါတ်သက်၍ ယုံမှားသံသယကင်းစေခြင်း၊ ပွင့်လင်းမြင်သာမှု ရှိစေခြင်းတို့ဖြင့် စည်းကမ်းစနစ်တကျရှိစေရန်” ရည်ရွယ်၍ ပြဋ္ဌန်းစေလိုခြင်းဖြစ်တယ်လို့ ပြောကြပါတယ်။

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၃၅၄) မှာ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှါ ပြဋ္ဌန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျင် (ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်းကိုသော်လည်းကောင်း၊ အခြားဘာသာ သာသနာကိုသော်လည်းကောင်း ထိခိုက်နစ်နာမှုမရှိစေပဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိသည်” လို့ ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ (၃၆၁) မှာ “နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာ သနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်၊” ပုဒ်မ (၃၆၂) မှာ “နိုင်ငံတော်သည် ခရစ်ယန်ဘာသာ သာသနာ၊ အစ္စလမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်” ဟုလည်း ပြဋ္ဌန်းထားပါတယ်၊

 

ပုဒ်မ (၃၆၄) မှာ “နိုင်ငံရေးကိစ္စအလို့ငှါ ဘာသာသာသနာကို အလွဲသုံးစားမပြုရ၊ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်း နှင့်တစ်ဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်၊ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌန်းနိုင်သည်၊’ ဟု ပြဋ္ဌန်းထားပါသေးတယ်၊

 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃၄) မှာ “ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သောအခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သောအခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်၊” လို့ ပြဋ္ဌန်းထားပါတယ်၊

 

တကယ်တော့ ဘာသာရေးကိုးကွယ်မှုဟာ လူတစ်ယောက်ရဲ့ မွေးရာပါလူ့အခွင့်အရေးပါ၊ လူတစ်ယောက်ဟာ သူကြိုက်နှစ်သက်ရာ ဘာသာတရားကို သူယုံကြည်သလို ကိုးကွယ်ခွင့်ရှိပါတယ်၊ လက်ရှိဘာသာကို စွန့်ပြီး အခြားဘာသာကို ကူးပြောင်းကိုးကွယ်ခွင့်ရှိပါတယ်၊ ဘယ်ဘာသာကိုမှ မကိုးကွယ်ပဲ နေထိုင်ခွင့်လည်းရှိပါတယ်၊ ဘာသာရေးကိုးကွယ်ယုံကြည်မှုနဲ့ပါတ်သက်ပြီး သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းထံ ကိုယ့်ကိုယ်ကို အပ်နှံနိုင်သလို ဘယ်ဘာသာရေးအဖွဲ့အစည်းနဲ့မှ မပါတ်သက်ပဲ ကိုယ့်ဖာသာကိုယ် တစ်ဦးတည်း တိတ်တိတ်ဆိတ်ဆိတ် ကိုးကွယ်ခွင့်လည်းရှိပါတယ်၊ လူတစ်ယောက်ရဲ့ ကိုးကွယ်ယုံကြည်မှုမှာ အစိုးရရဲ့ အမိန့်အာဏာမပါရ၊ ဘာသာရေးအဖွဲ့အစည်းများနဲ့ လူ့အသိုင်းအဝိုင်းရဲ့ ဖိအားပေးမှု၊ သွေးဆောင်ဖျားယောင်းမှု၊ ခြိမ်းခြောက်မှုတွေ မပါရပါ၊

ဘာသာတရားတစ်ခုကို ကိုးကွယ်ဖို့အတွက် ဘယ်အာဏာပိုင်ရဲ့ ခွင့်ပြုချက်မျှ မလိုအပ်သလို လက်ရှိကိုးကွယ်ရာဘာသာကို စွန့်လွှတ်ပြီး အခြားဘာသာတစ်ခုသို့ကူးပြောင်းခြင်း၊ မည်သည့်ဘာသာကိုမှ မကိုးကွယ်ရန်ဆုံးဖြတ်ခြင်းများအတွက်လည်း မည်သူ့ကိုမျှ၊ မည်သည့်အဖွဲ့အစည်းကိုမျှ အကြောင်းကြားရန်၊ ခွင့်ပြုချက်တောင်းရန် မလိုအပ်ပါ။

လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ဟာ နိုင်ငံသားတိုင်းရဲ့  အခြေခံလူ့အခွင့်အရေးဖြစ်တာမို့ ဒီအခွင့်အရေးကို ကန့်သတ်ချုပ်ချယ်မည့် မည်သည့်ဥပဒေမျိုးကို မဆို၊ မည်သည့်အားထုတ်မှုမျိုးကို မဆို မြန်မာ့လူ့အဖွဲ့အစည်းက ဆန့်ကျင်ကန့်ကွက်သင့်ပါတယ်။

 

#လူဦးရေတိုးပွါးနှုန်းထိန်းညှိရေးဆိုင်ရာဥပဒေကြမ်း

 

ဒီဥပဒေကို တောင်းဆိုကြသူများက “မိမိနိုင်ငံ၏ နယ်မြေအကျယ်အဝန်းအရ အချုပ်အချာအာဏာတည်တံ့ရေး၊ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ လုံလောက်သော စောင့်ရှောက်မှုများပေးနိုင်စေရေးတို့ အတွက် ဘာသာပေါင်းစုံကိုးကွယ်သူများ လိုက်နာရန်ရည်ရွယ်၍ ပြဋ္ဌန်းစေလိုခြင်းဖြစ်သည်” လို့ ပြောကြပါတယ်။

တကယ်တော့ လူဦးရေတိုးပွါးမှုကို ထိန်းချုပ်ရုံနဲ့ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွါးရေးချွတ်ခြုံကျဆင်းမှုဟာလည်း လူဦးရေတိုးပွါးမှုနဲ့ မသက်ဆိုင်ပဲ စစ်အစိုးရအဆက်ဆက်ရဲ့  ဆိုရှယ်လစ်စီးပွါးရေးစနစ်၊ ခရိုနီစီးပွါးရေးစနစ်၊ စီမံခန့်ခွဲမှု ညံ့ဖြင်းခြင်း၊ အထက်မှ အောက်၊ အောက်မှအထက် အပြန်အလှန် လိမ်လည်နေကြခြင်း၊ အဂတိလိုက်စားမှုများ၊ ကိုယ်ကျိုးရှာအလွဲသုံးစားမှုများနဲ့ တရားဥပဒေစိုးမိုးမှု မရှိခြင်းများကြောင့်သာ ဖြစ်ကြောင်း အများပြည်သူ နားလည်ကြပါတယ်။ အထက်ပါ အကြောင်းတရားတွေကြောင့် တိုင်းပြည်အုပ်ချုပ်သူများနဲ့ ခရိုနီစီးပွါးရေးသမားများက ကျိကျိတက်ချမ်းသာနေကြချိန်မှာ သာမာန်ပြည်သူအများစုက ဆင်းရဲတွင်းထဲ နက်ပြီးရင်း နက်နေရတာပါ။ အုပ်ချုပ်သူများရဲ့  အတ္တကြီးမားမှုကြောင့် တိုင်းပြည်ဆင်းရဲပြီး နိုင်ငံသားတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အထောက်အပံ့တွေ လုံလောက်အောင်မပေးနိုင်တာပါ။

 

အဲဒီ အကြောင်းရင်းတွေကို ရင်ဆိုင်ဖြေရှင်းဖို့ မကြိုးစားပဲ လူဦးရေတိုးပွါးမှုကို ဥပဒေနဲ့ ထိန်းချုပ်ချင်တာဟာဖြင့် ကင်ဆာရောဂါသည်ကို ချောင်းဆိုးပျောက်ဆေးတိုက်သလို ဖြစ်နေပါလိမ့်မယ်။ ဧရိယာစတုရန်း ကီလိုမီတာပေါင်း ၆ သိန်း ၇ သောင်းကျော် ကျယ်ဝန်းတဲ့ မြန်မာနိုင်ငံမှာ လက်ရှိလူဦးရေ သန်း (၆၀) ခန့်ဟာ များလှတယ်၊ လူဦးရေထူထပ်တယ်လို့ မဆိုနိုင်ပါ။ အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank) ရဲ့ တွက်ချက်မှုများအရ မြန်မာနိုင်ငံရဲ့ လူဦးရေတိုးပွါးနှုန်းဟာ တစ်နှစ်ကိုမှ ၁ ဒသမ ၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ မြန်မာနိုင်ငံထက် သေးငယ်တဲ့ ထိုင်းနိုင်ငံမှာ လူဦးရေ (၆၇) သန်းကျော်၊ လူဦးရေတိုးပွါးနှုန်းက ၀ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ဆင်းရဲနွမ်းပါးသူလူဦးရေက ၁၃ ဒသမ ၂ ရာခိုင်နှုံးပဲရှိပါတယ်။ ထိုင်းနိုင်ငံထက် ပိုကြီးပြီး လူဦးရေမှာ ထိုင်းနိုင်ငံထက်ပိုနည်းတဲ့ မြန်မာနိုင်ငံမှာ လူဦးရေတိုးပွါးနှုံးက ၁ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံနဲ့ မတိမ်းမယိမ်းရှိပေမည့် ဆင်းရဲနွမ်းပါးသူ လူဦးရေ ၂၅ ဒသမ ၆ ရာခိုင်နှုန်းရှိနေတာဟာ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းဟာ လူဦးရေတိုးပွါးနှုန်းနဲ့ မသက်ဆိုင်ကြောင်း သက်သေပြနေပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့  ၂၀၁၂ ခုနှစ် အချက်အလက်များကို အခြေပြုတဲ့အောက်ပါ လေးနိုင်ငံ နှိုင်းယှဉ်ချက်ဇယားကို ကြည့်ပါ။

 

နိုင်ငံ

အကျယ်အဝန်း (ဧရိယာ စတုရန်းကီလိုမီတာ)

လူဦးရေ

လူဦးရေတိုးပွါးနှုန်း

ဆင်းရဲနွမ်းပါးသူရာခိုင်နှုန်း

ကမ္ဘောဒီးယား

 

၁၈၁,၀၃၅

 

၁၄ ဒသမ ၇၄ သန်း

 

၁ ဒသမ ၅

 

၃၀ ဒသမ ၁ ရာခိုင်နှုံး

လော

 

၂၃၆,၈၀၀

 

၆ ဒသမ ၅၂ သန်း

 

၂ ဒသမ ၁

 

၂၇ ဒသမ ၆ ရာခိုင်နှုန်း

ထိုင်း

 

၅၁၃,၁၂၀

 

၆၇ ဒသမ ၀၄ သန်း

 

ဝ ဒသမ ၈

 

၁၃ ဒသမ ၂ ရာခိုင်နှုန်း

မြန်မာ

 

၆၇၆, ၅၇၈

 

၆၁ ဒသမ ၁၂ သန်း

 

၁ ဒသမ ၁

 

၂၅ ဒသမ ၆ ရာခိုင်နှုန်း

 

တကယ်တော့ လူဦးရေတိုးပွါးနှုန်းကို ဥပဒေနဲ့ ကန့်သတ်ထိန်းချုပ်ချင်သူတွေရဲ့  အဓိကရည်ရွယ်ချက်က အစ္စလမ်ဘာသာကိုးကွယ်သူများရဲ့ လူဦးရေတိုးပွါးနှုန်းကို ထိန်းချုပ်ချင်တာ ဖြစ်ပါတယ်၊ မွတ်ဆလင်တွေကိုပဲ သီးခြားကန့်သတ်ရင် မတရား၊ မမျှတဘူးလို့ အပြောခံရမှာစိုးလို့ တစ်နိုင်ငံလုံးက ပြည်သူတွေအပေါ် ကန့်သတ်ချုပ်ချယ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ မွတ်ဆလင်တွေကို သီးခြားကန့်သတ်မယ်ဆိုရင် မတရားသလို တစ်နိုင်ငံလုံးက ပြည်သူတွေကို သိမ်းကြုံးကန့်သတ်မယ်ဆိုရင်လည်း မတရားပါ၊ မိသားစုတစ်စုမှာ သား၊ သမီး ဘယ်နှစ်ယောက်ယူမယ်ဆိုတာ လင်၊မယား တစ်စုံရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပဲ ဖြစ်ပါတယ်။ အဲဒီလို လင်၊ မယားတစ်စုံရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ၊ မိသားစုတစ်စုရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို နိုင်ငံတော် သို့မဟုတ် ဘာသာရေးအဖွဲ့အစည်းများက ဥပဒေနဲ့ ထိန်းချုပ်ကန့်သတ်မယ်ဆိုရင် အင်မတန်ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြီးကို ကျူးလွန်ရာရောက်ပါလိမ့်မယ်။

 

ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေမှာ မိသားစုစီမံကိန်း (Family Planning) ကို နားမလည်ကြလို့ သား၊ သမီးတွေ အများကြီးနဲ့ မနိုင်မနင်းဖြစ်ပြီး ဒုက္ခရောက်၊ အဆင်မပြေကြတာကို မြန်မာ့လူ့အဖွဲ့အစည်းမှာ တွေ့မြင်ရတတ်ပါတယ်။ အဲဒီလို မိသားစုတွေကို အရပ်ဘက်အဖွဲ့အစည်းများ၊ ကျန်းမာရေးပညာရှင်များက ကြင်ကြင်နာနာဆက်ဆံထိတွေ့ပြီး သားဆက်ခြားရေး အသိပညာပေးရမှာပါ။ အမိန့်ပေးပြီး ကလေးမယူအောင် တားမြစ်တာမျိုး မလုပ်သင့်ပါ။ တစ်ချိန်တည်းမှာ မလိုအပ်တဲ့၊ အဆင်သင့်မဖြစ်သေးတဲ့ ကိုယ်ဝန်ဆောင်မှုမျိုးတွေ မဖြစ်အောင် လိင်ဆက်ဆံရာမှာ ကွန်ဒွန် (Condon) လို အကာအကွယ်ပစ္စည်းများကို သုံးစွဲရဲကြဖို့ကိုလည်း ပညာပေးရမှာဖြစ်ပြီး အဲဒီအကာအကွယ်ပစ္စည်းတွေ သင့်တင့်လျောက်ပါတ်တဲ့ နှုန်းထားနဲ့ အများပြည်သူ လွယ်လွယ်ကူကူဝယ်ယူရရှိနိုင်အောင်လည်း စီစဉ်ပေးရမှာပါ။ ပညာရေးအဆင့်အတန်းမြင့်မားမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အသိပညာကြွယ်ဝမှုများနဲ့ ချဉ်းကပ်ရမည့် မိသားစုရေးရာ ကိစ္စကို နိုင်ငံတော်က ဥပဒေပြဋ္ဌန်းကန့်သတ်ဖို့ မကြိုးစားသင့်ပါ။

 

အောင်ဒင်
မေလ ၉၊ ၂၀၁၄

 (ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၉၆၊ မေလ ၁၅ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၂၃-၃၄)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၆၃)
အောင်ဒင်
အပိုင်း (၆၃) လွှတ်တော်၊ အစိုးရနှင့် မျိုးစောင့်ဥပဒေများ (က)

၂၀၁၄ ခုနှစ်၊ မေလ (၅) ရက်နေ့စွဲနဲ့ မြန်မာနိုင်ငံအတွင်းက အရပ်ဘက်အဖွဲ့အစည်း (၉၇) ဖွဲ့က မျိုးစောင့်ဥပဒေကြမ်းများ ရေးဆွဲခြင်းနှင့်ပါတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ အစိုးရထံ ပန်ကြားလိုက်ပါတယ်။ ဒီပန်ကြားချက်က မေလ (၂) ရက်နေ့မှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က အစိုးရမှတာဝန်ခံရေးဆွဲနေတဲ့ “ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာနှင့် လူဦးရေတိုးပွါးနှုံး ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းများ” ရေးဆွဲမှု ပြီးစီးနေပြီလို့ သတင်းဋ္ဌာနများကို ထုတ်ဖော်ပြောဆိုအပြီး သုံးရက်အကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီပန်ကြားချက်မှာ “ယခု လတ်တလောအချိန်တွင် ဖြစ်ပေါ်နေသော မျိုးစောင့်ဥပဒေရေးဆွဲရေး အပါအ၀င် ဘာသာရေးကို အခြေခံသော နိုင်ငံရေးလှုပ်ရှားမှုများနှင့် အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး လှုံ့ဆော်မှုများသည် အစွန်းရောက် အကြမ်းဖက်မှု ပဋိပက္ခများ တားဆီးကာကွယ်ရေးနှင့် ဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးတို့နှင့် ကိုက်ညီမှု လုံးဝမရှိသည့်အပြင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြည်သူလူထုကို အာရုံလွှဲသော ကိစ္စရပ်များထဲမှ တစ်ခုအဖြစ် သုံးသပ်သည်” ဟု ဖော်ပြပါရှိပါတယ်။ ပန်ကြားလွှာရေးသားတောင်းဆိုတဲ့ အရပ်ဘက်အဖွဲ့များက အဆိုပါပန်ကြားချက်ကို နိုင်ငံတော်သမ္မတ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနဲ့ ဘာသာရေးခေါင်းဆောင်များထံ ပေးပို့တယ်လို့လည်း သိရပါတယ်။

ဒီလိုပန်ကြားတာနဲ့ ပါတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့က “ဥပဒေကြမ်းတင်သွင်းတဲ့အထိ” တော့ စောင့်ကြည့်သင့်တယ်လို့ ဝေဘန်တာကိုလည်း ကြားသိရပါတယ်။ ကျနော့်အမြင်အရ အရပ်ဘက်အဖွဲ့အစည်းများရဲ့ တောင်းဆိုချက်ဟာ မှန်ကန်ပြီး ဥပဒေကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ စောင့်ဆိုင်းနေစရာမလိုပဲ အခုကတည်းက “မျိုးစောင့်ဥပဒေကြမ်းများ” ရေးဆွဲတာကို ကန့်ကွက်ရမှာပါ၊ တကယ်တော့ အစိုးရနဲ့ လွှတ်တော်ခေါင်းဆောင်များသာ သတ္တိရှိခဲ့ရင် အခုလို ဥပဒေကြမ်းများ ရေးဆွဲရတဲ့ အခြေအနေမျိုးကိုတောင် ရောက်လာမှာမဟုတ်ပါ။

#အစိုးရနှင့် လွှတ်တော် ဘော်လီဘောပုတ်ကြခြင်း။

သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီလ (၂၅) ရက်နေ့စွဲနဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံ စာတစ်စောင်ပေးပို့ခဲ့ပါတယ်၊ အဲဒီစာမှာ သမ္မတက အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော်ဦးတိလောကာဘိဝံသ က ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုးပေးပို့တဲ့ စာကိုရည်ညွှန်းပါတယ်၊ ဆရာတော်က “မြန်မာနိုင်ငံအတွင်း၌ လက်ရှိဖြစ်ပေါ်လျက်ရှိသော ပဋ္ဋိပက္ခများကို ဖြေရှင်းရာတွင် အဓိကအကြောင်းရင်းဖြစ်သော လူမှုရေးမညီမျှမှုများကို ပြေလည်စေရန် ရည်ရွယ်၍ ဥပဒေ (၄) ရပ်ကို မဖြစ်မနေ ပြဋ္ဌန်းပေးစေလိုကြောင်း” တောင်းဆိုပြီး ထောက်ခံသူ (၁၃) သိန်းကျော်ရဲ့ လက်မှတ်များလည်း ပူးတွဲပါရှိပါတယ်၊

ဆရာတော်နှင့် ထောက်ခံသူများက ပြဋ္ဌန်းပေးစေလိုသော ဥပဒေ (၄) ရပ်မှာ (က) ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ (ခ) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ (ဂ) တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေနဲ့ (ဃ) လူဦးရေတိုးပွါးနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေများ ဖြစ်ကြပါတယ်၊
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟိုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဆရာတော် ဦးတိလောကာဘိဝံသနဲ့ ထောက်ခံသူများက သမ္မတဦးသိန်းစိန်ထံ စာရေးပြီး တောင်းဆိုကြပေမည့် သမ္မတဦးသိန်းစိန်မှာ ဥပဒေရေးဆွဲရေးအာဏာမရှိပါ၊ ဥပဒေရေးဆွဲရေးအာဏာဟာ ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်၊ ဒါကြောင့် သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယကထံ စာရေးသားပေးပို့ပြီး ယင်းဥပဒေများပြဋ္ဌန်းရေးနှင့်ပါတ်သက်ပြီး “လိုအပ်ပါက ဥပဒေအဖြစ် ပြဋ္ဌန်းနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ပါရန်” အကြောင်းကြားတာဖြစ်ပါတယ်။

ဒီနေရာမှာ သမ္မတရဲ့ ဆောင်ရွက်ချက်နဲ့ ပါတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိလာပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဟာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာအကြီးအကဲဖြစ်ပါတယ်။ ဥပဒေပြုအာဏာမရှိပါ။ ဒါကြောင့်မို့ စာရေးသူဆရာတော်ထံ ၎င်းမှာ ဥပဒေပြုအာဏာမရှိတဲ့အတွက် တောင်းဆိုထားသော ဥပဒေ (၄) ရပ်ကို ပြဋ္ဌန်းပေးရန်မဖြစ်နိုင်ကြောင်း၊ အဆိုပါတောင်းဆိုချက်များကို ဥပဒေပြုအာဏာရှိတဲ့ ပြည်ထောင်စုလွှတ်တော်အကြီးအကဲထံ ဆရာတော်နှင့် တောင်းဆိုသူများမှ တိုက်ရိုက်ပေးပို့သင့်ကြောင်း သမ္မတက စာပြန်ကြားသင့်ပါတယ်။ အခုတော့ သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ အလွယ်တကူလွှဲပြောင်းပေးလိုက်ပါတယ်။ ဆရာတော်ထံမှ စာက ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့ဖြစ်ပြီး သမ္မတမှ ပြည်ထောင်စုလွှတ်တော် နာယကထံပေးစာက ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်ဖြစ်တာမို့ ကြားမှာ အချိန် (၇) လခွဲလောက် ခြားနားနေတာလည်း စဉ်းစားစရာဖြစ်ပါတယ်။

သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ မျိုးစောင့်ဥပဒေများဆိုင်ရာ စာပေးပို့ဖို့ (၇) လခွဲလောက် အချိန်ယူခဲ့ပေမည့် ပြည်ထောင်စုလွှတ်တော်နာယကက သမ္မတကို အကြောင်းပြန်ဖို့ အချိန် နှစ်ရက်ပဲယူပါတယ်။ အဆိုပါ ဥပဒေများအတွက် အစိုးရမှ မူကြမ်းများရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းဖို့ အကြောင်းပြန်စာကို ပြည်ထောင်စုလွှတ်တော်နာယကက သမ္မတဦးသိန်းစိန်ထံ ဖေဖော်ဝါရီလ (၂၇) ရက်နေ့စွဲနဲ့ ပေးပို့လိုက်ပါတယ်၊

ဒီနေရာမှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းရဲ့ ဆောင်ရွက်ချက်နဲ့ ပါတ်သက်ပြီး မေးခွန်းထုတ်စရာရှိလာပါတယ်။ တကယ်တော့ ဦးသိန်းစိန်ရဲ့ စာထဲမှာ ထောက်ပြထားသလို ပြဋ္ဌန်းပေးစေလိုတဲ့ ဥပဒေ (၄) ရပ်စလုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့  ဇယား (၁) ပြည်ထောင်စုဥပဒေပြု စာရင်း၊ ဇယား (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း၊ ဇယား (၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်းများမှာ မပါဝင်ပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၉၈) မှာ အဆိုပါ ဇယား (၃) ခုစလုံးမှာ မပါဝင်တဲ့ အခြားကိစ္စရပ်များနှင့် ပါတ်သက်သည့် ဥပဒေပြုအာဏာကို ပြည်ထောင်စုလွှတ်တော်ထံ အပ်နှင်းထားပါတယ်။ ဒါကို ပြည်ထောင်စုလွှတ်တော်က တာဝန်မယူပဲ သမ္မတထံ ဥပဒေကြမ်းရေးဆွဲဖို့ တာဝန်ပေးတာ သဘာဝကျတယ် မထင်ပါ။
သမ္မတရဲ့ စာမှာ “လိုအပ်ပါက” လို့ ဖော်ပြပါရှိပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ခေါင်းဆောင်များအနေနဲ့ အဆိုပါဥပဒေများရေးဆွဲရန် လိုအပ်မှုရှိမရှိဆိုတာကို နိုင်ငံတော်ရဲ့ ပင်မဥပဒေဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ နှိုင်းယှဉ်လေ့လာပြီး အရင်သုံးသပ်ရမှာပါ၊

၂၀၀၈ ဖွဲ့စည်းပုံမှာ နိုင်ငံသားတိုင်းအတွက် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် (ပုဒ်မ ၃၅၄/ဃ)၊ နိုင်ငံရေးကိစ္စအလို့ငှါ ဘာသာသာသနာကို အလွဲသုံးစားမပြုရန် တားမြစ်ချက် (ပုဒ်မ ၃၆၄)၊ နိုင်ငံတော်အတွင်း နိုင်ငံသားများအားခွဲခြားဆက်ဆံခြင်းကို တားမြစ်ချက် (ပုဒ်မ ၃၄၈) စတဲ့ ပြဋ္ဌန်းချက်တွေ ပါဝင်ပါတယ်။ ဒါကြောင့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေဆိုတာကို ပြဋ္ဌန်းရန်မလိုအပ်နိုင်ပါ။ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာနဲ့ပါတ်သက်ပြီး တည်ဆဲဥပဒေဖြစ်တဲ့ “၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ” ရှိပြီးဖြစ်ပါတယ်။ လူဦးရေတိုးပွါးနှုန်းထိန်းညှိရေးဆိုတာ ဧရိယာစတုရန်းမိုင်ပေါင်း နှစ်သိန်းခြောက်သောင်းကျော် (စတုရန်းကီလိုမီတာ ၆ သိန်း ၇သောင်းကျော်) ကျယ်ဝန်းပြီး လူဦးရေ သန်း (၆၀) မျှသာရှိသေးတဲ့ မြန်မာနိုင်ငံအတွက် မလိုအပ်နိုင်ပါ။ မိသားစုတစ်စုမှာ ကလေးတွေအများကြီး တာဝန်မယူနိုင်မှာကို စိုးရိမ်တယ်ဆိုရင်လည်း သားဆက်ခြားတဲ့ ကိစ္စကို ပညာပေးပြုပြင်ရမှာပါ။ ဥပဒေနဲ့ တားမြစ်စရာမလိုအပ်ပါ။ တောင်းဆိုထားတဲ့ ဥပဒေ (၄) ရပ်အနက် “တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ” ကလွဲရင် ကျန် (၃) ခုဟာ ဥပဒေပြဋ္ဌန်းရန် မလိုအပ်ပါ၊ သမ္မတရဲ့ အကြောင်းကြားစာကို ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်ပြပြီး လွှတ်တော်ကိုယ်စားလှယ်များအားလုံး လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခွင့်ရခဲ့မယ်ဆိုရင် မလိုအပ်တဲ့ ဥပဒေများကို ရေးဆွဲရန် တာဝန်မယူကြောင်း ပြတ်ပြတ်သားသား ငြင်းပယ်နိုင်မှာဖြစ်ပြီး လိုအပ်မည့် ဥပဒေတစ်မျိုးကိုသာ ဥပဒေကြမ်းရေးဆွဲဖို့ သဘောတူကြလိမ့်မယ် ထင်ပါတယ်။

ဒါပေမည့် ပြည်ထောင်စုလွှတ်တော်နာယကကြီးကလည်း သူ့စည်းဝိုင်းထဲရောက်လာတဲ့ ဘော်လီဘောကို သမ္မတရဲ့ စည်းဝိုင်းဘက်စီ အမြန်ပုတ်ထုတ်လိုက်ပါတယ်။ နီးစပ်ရာ လွှတ်တော်ရေးရာကော်မီတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနဲ့ အရေးပေါ်အစည်းအဝေးကျင်းပပြီး အဆိုပါဥပဒေများကို အစိုးရမှ ဥပဒေကြမ်းရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းဖို့ တောင်းဆိုတဲ့စာ၊ တစ်နည်းအားဖြင့် ပြည်ထောင်စုလွှတ်တော်မှ အစိုးရအား မျိုးစောင့်ဥပဒေကြမ်းများ ရေးဆွဲရန် တာဝန်ပေးတဲ့စာကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာ ပြန်လည်ပေးပို့ခဲ့တာပါ။

သမ္မတကလည်း ပြည်ထောင်စုလွှတ်တော်နာယကထံ မတ်လ (၆) ရက်နေ့စွဲနဲ့ အကြောင်းပြန်ပါတယ်။ သူ့အနေနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာနများကို ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ လူဦးရေတိုးပွါးနှုန်းထိန်းညှိခြင်းဆိုင်ရာဥပဒေကြမ်းများကို ရေးဆွဲဖို့ ညွှန်ကြားထားပြီး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာနဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းများရေးဆွဲခြင်းအတွက် ပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ တိုက်ရိုက်အကြောင်းကြားသင့်ကြောင်း ပြန်ကြားပါတယ်။ ဒါကြောင့် အခုဆိုရင် ပြည်ထောင်စုလွှတ်တော်ရဲ့ တာဝန်ပေးချက်အရ အစိုးရအဖွဲ့က မျိုးစောင့် ဥပဒေ (၂) ရပ်ကို ဥပဒေကြမ်းရေးဆွဲနေပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နောက်ထပ်မျိုးစောင့်ဥပဒေ (၂) ရပ်ကို ဥပဒေကြမ်းရေးဆွဲနေပါပြီ။ မကြာခင်မှာ ရေးဆွဲပြီးတဲ့ ဥပဒေကြမ်းများကို ပြည်သူလူထုထံ ချပြပြီး အကြံတောင်းခံမယ်လို့လည်း ကြားသိရပါတယ်။ ဒါဟာဖြင့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားမှုများကြောင့် မြန်မာနိုင်ငံမှ ရဟန်းသံဃာတော်များ၊ ပြည်သူများနဲ့ နိုင်ငံရေးသမားများအကြား ကွဲပြားမှုများ ပိုပြီးနက်ရှိုင်းလာတာကို သက်သေပြနေပါတယ်။ အဆိုပါ နက်ရှိုင်းတဲ့ ကွဲပြားမှုများက မြန်မာပြည်သူများကို ထိုင်းနိုင်ငံမှာ ရှပ်နီအုပ်စု (Red Shirt Group)၊ ရှပ်ဝါအုပ်စု (Yellow Shirt Group) ဆိုပြီး ပြည်သူတွေ အုပ်စုနှစ်စုကွဲကြသလို ပြိုကွဲစေပြီး ၂၀၁၅ ရွေးကောက်ပွဲများ နီးကပ်လာတာနဲ့အမျှ ပို၍ကြီးမားတဲ့ ပဋ္ဋိပက္ခတွေဆီကို ဦးတည်နေပါတယ်။

#လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၏ အကြောင်းရင်း

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုများက တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုနေကြတာ လွတ်လပ်ရေးမရခင်ကတည်းကပါ၊ တောင်းဆိုချက်တွေရရှိရေးအတွက် လက်နက်စွဲကိုင်တော်လှန်ရာကစပြီး ပြည်တွင်းစစ်ကြီးဖြစ်ပွါးခဲ့တာလည်း နှစ်ပေါင်း (၆၀) ကျော်ပါပြီ။ ဦးသိန်းစိန်အစိုးရက လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အချိန်မှာပဲ ရခိုင်ပြည်နယ်ကစလို့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ၂၀၁၂ ခုနှစ်ကစတင် ဖြစ်ပွါးခဲ့ပါတယ်၊ လူပေါင်း ၃၀၀ ခန့် သေကြေပျက်စီး၊ လူပေါင်း သိန်းနဲ့ချီပြီး ဒုက္ခသည်ဖြစ်လို့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ အိုးအိမ်ပိုင်ဆိုင်မှုတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စီးပွါးရေးလုပ်ငန်းတွေ အမြောက်အများ ဖျက်ဆီးခံရတဲ့ ဘာသာရေးပဋိပက္ခတွေနဲ့ နှစ်ပေါင်း (၆၀) ကျော်ကြာမြင့်ခဲ့ပြီး လူ့အသက်ပေါင်း သိန်းနဲ့ချီသေကြေပျက်စီးလို့ လူသန်းပေါင်းများစွာ ဘဝပျက်ကြရတဲ့ လူမျိုးရေးလက်နက်ကိုင်ပဋိပက္ခတွေက မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းများကို အကြီးအကျယ်ခြိမ်းခြောက်နေပါတယ်။

ဒီပဋိပက္ခတွေရဲ့  အဓိကအကြောင်းရင်းက လူမှုရေးမညီမျှမှုများဖြစ်တယ်လို့ ဆရာတော်ဦးတိလောကာဘိဝံသက ဆိုပါတယ်။ ကျနော် သဘောမတူပါ။ ကျနော့်အမြင်မှာတော့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပွါးရခြင်းရဲ့  အဓိကအကြောင်းရင်းဟာ လူအချင်းချင်းခွဲခြားဆက်ဆံမှုများ၊ လူများစုမှ လူနည်းစုအပေါ် အနိုင်ကျင့်မှုများနဲ့ ဥပဒေနဲ့အညီ တရားမျှတအုပ်ချုပ်နိုင်စွမ်းမရှိခြင်းများဖြစ်ကြပါတယ်။ ဆရာတော်နဲ့ အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်လိုသူများ တောင်းဆိုထားတဲ့ မျိုးစောင့်ဥပဒေ (၃) ခုက မြန်မာနိုင်ငံသားများအကြား ခွဲခြားဆက်ဆံရေး (Discrimination) များကို ပိုမိုကြီးမားစေပြီး ညီညွတ်မှုကို ပိုမိုပြိုကွဲစေပါလိမ့်မယ်။ ဖြစ်ပေါ်နေဆဲ ပဋိပက္ခများကို ပို၍ဆိုးဝါးစေပါလိမ့်မယ်။ ဗုဒ္ဓဘာသာကို ထိန်းသိမ်းစောင့်ရှောက်ရာမရောက်ပဲ နှိမ့်ချစော်ကားသလို၊ ကိုယ်ကျိုးစီးပွါးအတွက် အသုံးချသလို ဖြစ်နေပါလိမ့်မယ်။ ဒီမိုကရေစီအခွင့်အရေးအနည်းငယ်မျှကို စတင်ခံစားနေကြရပြီဖြစ်တဲ့ ပြည်သူလူထုရဲ့  ဘဝတွေကို ဘာသာရေးအကြောင်းပြ ချုပ်ကိုင်ရာ ရောက်ပါလိမ့်မယ်။

သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်နာယက ဦးရွှေမန်းတို့ရဲ့ ဆောင်ရွက်ချက်များကို ကြည့်ရတာလည်း “ဒီဥပဒေတွေကို မထောက်ခံရင် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမရစေရဘူး” လို့ ကြွေးကြော်နေတဲ့ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်သူများရဲ့  ခြိမ်းခြောက်မှုတွေကို အထူးဂရုစိုက်နေပုံရပါတယ်၊ တစ်ဖက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအလားအလာက အလွန်မြင့်မားနေတာမို့ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်သူများရဲ့  အလိုကိုလိုက်လျောခြင်းဖြင့် ကြံ့ခိုင်ရေးပါတီ အာဏာဆက်လက်ရနိုင်ရေး မျှော်လင့်နေကြမယ် ထင်ပါတယ်။

အောင်ဒင်
မေ ၈၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts