ရသဆောင်းပါးစုံ

ထင်အောင် – ကျွန်​​တော်​နဲ့ နိုင်​ငံ​ရေးလုပ်​စားသူများ (၃) ထင်အောင်

ကျွန်​​တော်​နဲ့ နိုင်​ငံ​ရေးလုပ်​စားသူများ (၃)
ထင်အောင်
မေ ၂၅၊ ၂၀၁၄
 
 

နယ်​တက္ကသိုလ်​ကို​ရောက်​​ နေတဲ့သူတ​ယောက်​အ​နေနဲ့ ကြားရတဲ့သတင်းအမျိုးမျိုးကို မှန်​၏ မမှန်​၏ မခွဲခြားနိုင်​ကြပါ။ ​သေချာတာက​​တော့​ကျောင်းသားလှုပ်​ရှားမှုကို စစ်​တပ်​က ငြိမ်​ဝပ်​ပိပြား​အောင်​ ပစ်​ခတ်​နှိမ်​နင်း​နေပြီဆိုတာပါပဲ။ သတင်းကို အ​မှောင်​ချထားလို့မရတဲ့ခေတ်​ဆို​တော့ သတင်းစာထဲမှာ​ ကျောင်းသား​တွေရဲ့အဆိုးဖြစ်​​အောင်​​ ရေးထားတဲ့သတင်းကို ထည့်ပေးပါတယ်​။

သတင်းစာကိုဖတ်​ပြီး သမိုင်း​လေ့လာသူများအတွက်​ စက်​မှုတက္ကသိုလ်​​ကျောင်းသား​တွေနဲ့ ရပ်​ကွက်​​နေလူငယ်​​တွေ၊ လက်​ဖက်​ရည်​ဆိုင်​မှာ သီချင်းဖွင့်​ခိုင်းရာက ​နေရန်​ဖြစ်​ရာကစခဲ့တာပါလို့ အဖြစ်​မှန်​ကို​ ပေါ့သွား​အောင်​​ရေးထားပါတယ်​။ မကြာပါဘူး​ တက္ကသိုလ်​​၊​ ကောလိပ်​အပါအဝင်​ အ​ခြေခံပညာ​ကျောင်း​တွေအားလုံးကို ပိတ်​ချလိုက်​​ကြောင်း​ ကြေငြာပါ​တော့တယ်​။ ကျောင်းသားအင်​အားကို ခွဲတဲ့နည်းက​ကျောင်းပိတ်​ချလိုက်​တာပါပဲ။ ဖြစ်​လာတဲ့ပြသနာကို​ ပြေလည်​​အောင်​​ဖြေရှင်း​ပေးမယ်​ဆိုတာ တခါမှမရှိခဲ့ပါဘူး။ ကျောင်း​တွေကို ပိတ်​ထား​ပေမဲ့ အ​ခြေခံပညာအထက်​တန်းစာ​မေးပွဲက စစ်​ပြီးသွားပြီဆို​တော့ အ​ဖြေလွှာ​တွေကို စစ်​​ဆေးရန်​ ရန်​ကုန်​တက္ကသိုလ်​ကို တပြည်​လုံးက စာစစ်​မဲ့ ဆရာ၊ ဆရာမ​တွေဟာ ရန်​ကုန်​တက္ကသိုလ်​ကို လာ​ရောက်​စု​ဝေးကြပါတယ်​။ နှစ်​တိုင်း အင်းဝ​ဆောင်​မှာ တဲခွင့်​ရတဲ့ဆရာ​တွေဟာ ဒီနှစ်​​ ​တော့ထူးထူးခြားခြား ပင်းယ​ဆောင်​မှာ တဲရပါတယ်​။ ရန်​ကုန်​​ရောက်​ကထဲက သတင်း​တွေမျိုးစုံကြား​နေရပါတယ်​။

တံတားဖြူနားမှာ ချီတက်​လာတဲ့​ကျောင်းသား​ကျောင်းသူ​တွေကို ဘယ်​လိုပစ်​ခတ်​ခဲ့တယ်​၊ ထွက်​​ပြေးရတဲ့​ကျောင်းသူ​တွေကို အင်းလျားကန်​ထဲမှာ ​ရေနစ်​သတ်​ကြတယ်​ဆိုတဲ့သတင်း​တွေက လူတိုင်းပါးစပ်​ဖျားက ထွက်​လာတဲ့ တူညီတဲ့သတင်း​တွေပါ။ အ​ဆောင်​ကလုံခြုံ​ရေး အ​စောင့်​​တွေ၊ နှစ်​တိုင်းဝယ်​စား​နေကျ ထမင်းဆိုင်​က အလုပ်​သမား​တွေက တံတားဖြူအဖြစ်​အပျက်​ကို ကျွန်​​တော်​တို့မျက်​စိထဲမြင်​လာ​အောင်​ပြန်​​ပြီး​ပြောပြနိုင်​ တဲ့ပုဂ္ဂိုလ်​​တွေပါ။ တကယ်​အဖြစ်​မှန်​​မှာ သူတို့ဖြစ်​ချင်​တာ​တွေ၊ သူတို့ထင်​မြင်​ချက်​​တွေ​ပေါင်းလိုက်​​တော့ အစိုးရထုတ်​တဲ့ သတင်းစာ​တွေမှာပါတဲ့သတင်း​တွေနဲ့ လွဲ​နေတာ​ပေါ့။ ဒါ​ပေမဲ့ နား​ထောင်​တဲ့သူ​တွေ၊ သတင်းစာဖတ်​ပြီးရင်​ ဘယ်​သတင်းက အမှန်​ဆိုတာကို ကိုယ်​ပိုင်​ဆုံးဖြတ်​နိုင်​ကြပါတယ်​။ ဦးသန့်​အ​ရေးအခင်း၊ သခင်​ကိုယ်​​တော်​မှိုင်းအ​ရေးအခင်း​တွေပြီး​တော့​ ကျောင်းထဲမှာ တင့်​ကား​​တွေရပ်​ထားလို့ တင့်​ကား​တွေကြားက​နေ ဌာနကိုသွားရတာကို သတိပြန်​ရမိပါတယ်​။

ဒီတခါ​တော့ တင့်​ကား​တွေကို​ ကျောင်းထဲမှာ မ​တွေ့ရ​တော့ အ​ရေးအခင်းမပြီး​လောက်​​သေးဘူး ဆက်​ရန်​ရှိအုံးမယ်​လို့​ တွေးမိပါတယ်​။ စာစစ်​​နေတဲ့ကာလအတွင်း စစ်​သားတ​စ်​​​ယောက်​မှ​ ကျောင်​ဝင်းထဲမှာမ​တွေ့ရတာကိုက ထူးဆန်းသလိုဖြစ်​​နေပါတယ်​။ တိုင်းပြည်​ကြီး​အေးချမ်းသွားလို့လား၊​ ရှေ့တဆင့်​တိုးမလို့​ နောက်​တလှမ်းဆုတ်​သွားတာလား စဉ်းစားစရာဖြစ်​လာကြပါတယ်​။ နိုင်​င်​ငံတဝှမ်းလုံးမှာ​တော့​ဟော​ပြောပွဲ​တွေပြုလုပ်​လာကြပါတယ်​။ စာ​ရေးဆရာ​တွေ၊ အဆို​တော်​​တွေနဲ့အတူ နိုင်​ငံ​ရေးအကွက်​​ချောင်း​နေသူ​တွေ၊ စင်​​တွေ့တာနဲ့ ကိုယ်​ဟာကိုယ်​ ဘာ​တွေ​ပြော​နေမှန်းမသိ​အောင်​​ ပြောချင်​​နေတဲ့သူ​တွေက စင်​​ပေါ်တက်​​ပြောကြပါ​တော့တယ်​။ တချို့ကလဲ ဗိုလ်​ချုပ်​​အောင်​ဆန်းစတိုင်​ဖမ်းကာ ကြမ်းကြမ်းတမ်းတမ်း ဟော​ပြောကြပါတယ်​။ ဗိုလ်​ချုပ်​က တလုံး​လောက်​ပဲ​ပြောသွား​ပေမဲ့ ဆရာ​တွေက​တော့ မ​ကျေနပ်​​နေတဲ့ပါတီ၊​ ကောင်​စီ​တွေကို မ​ကျေနပ်​​တော့ အလုံးတိုင်းကို ခပ်​ကြမ်းကြမ်း​ပြော​ပါ​တော့တယ်​။

နိုင်​ငံ​ ရေးဝါရင့်​​နေသူ​တွေက​တော့ သူတို့လိုရာကို ပုံပြင်​​လေး​တွေ၊ ဟာသ​လေး​တွေနဲ့ ဆွဲ​ဆောင်​​ဟော​ပြောသွားကြပါတယ်​။ နိုင်​ငံ​ရေးလုပ်​စား​နေသူများက​တော့ သူတို့တိုင်းပြည်​ကို ဘယ်​​လောက်​ချစ်​ခဲ့​ကြောင်း​တွေ​ ခေတ်​အဆက်​ဆက်​ အနစ်​နာခံလုပ်​ခဲ့ပါတယ်​ဆိုပြီး​ ဟော​ပြောကြသလို ဝါသနာရှင်​​တွေကလဲ အားရပါးရ ဆဲ​ရေးတိုင်းထွာကြပါ​တော့တယ်​။ ရှေ့​နေ​တွေ​ ဗေဒင်​ဆရာ​​တွေ ရုပ်​ရှင်​​လောကက အနုပညာရှင်​ဆိုသူ​တွေပါ စင်​​ပေါ်တက်​​ဟော​ပြောကြပါ​တော့တယ်​။ အစိုးရကို လက်​မခံချင်​​တော့တဲ့ ပရိတ်​သတ်​ကတော့ အစိုးရအသုံးမကျ ဘူး​ပြောလိုက်​တိုင်း လက်​ခုတ်​တီး​တော့တာ​ပေါ့။ သူတို့ကိုယ်​တိုင်​ခံစားရတာ​တွေ၊ သူတို့ရင်​ဖွင့်​ခြင်​တာ​တွေကို စင်​​ပေါ်တက်​ခွင့်​ရတဲ့သူ​တွေက သူတို့ကိုယ်​စား​ပြော​နေကြတာကို သ​ဘောကျကြတာ​ပေါ့။

ဆိုရှယ်​လစ်​​ ခေတ်​က ပြည်​သူဆိုင်​​တွေမှာ မိမိပိုက်​ဆံနဲ့ မိမိသွားဝယ်​တာ​တောင်​ အရင်းမစိုက်​ရပဲ ပစ္စည်း​ရောင်းသမားက​ ဟောက်​တာခံခဲ့ရ တာ​တွေက ဟာသပုံပြင်​​လေး​တွေဖြစ်​သွားတာကို​ ကျေနပ်​​နေကြတဲ့ မြန်​မာနိုင်​ငံသား​တွေပါ။ ဖိလိပိုင်​နိုင်​ငံမှာ အကွီနိုလုပ်​ကြံခံရပြီး လူထု အုံကြွမှုကြီး​ ပေါ်​ပေါက်​လာခဲ့ပါတယ်​။ ဖိလိပိုင်​တပ်​မ​တော်​က ဦးစီးချုပ်​ ရာမို့ကိုယ်​တိုင်​က လူထုဆန္ဒ​တွေကိုလက်​ခံပြီး​တော့ တပ်​မ​တော်​က လူထုဘက်​က ရပ်​တည်​​ပေးလာပါ​တော့တယ်​။ စစ်​တပ်​က မပစ်​​တော့ဘူးဆိုတာသိရတဲ့ လူထု​တွေဟာ ယုံကြည်​ချက်​​အင်​အား​တွေ ပိုပြည့်​ ဝလာ​တော့​ နောက်​ဆုံးအာဏာရှင်​ မားကို့စ်​မိသားစု တိုင်းပြည်​က​နေ ထွက်​​ပြေးရပါ​တော့တယ်​။ ပြည်​​ထောင်​စုဆိုရှယ်​လစ်​သမတနိုင်​ငံမှာ​တော့ စစ်​တပ်​ကပါတီရဲ့လက်​​အောက်​မှာ ရှိပါတယ်​။ ပါတီကိုဦး​ဆောင်​​နေသူ​တွေက စစ်​​ဘောင်းဘီချွတ်​ပြီး ပုဆိုးကိုခါးပါတ်​ပါတ်​ဝတ်​တဲ့သူ​တွေက လွှတ်​​တော်​မှာ ဥပ​ဒေပြုအာဏာ​တွေလုပ်​​နေတာကို ပြည်​သူ​တွေက မ​ကျေနပ်​ကျတာပါ။

ဒီ​တော့ ဆန္ဒ​ဖေါ်ထုတ်​ကြ​တော့ ပါတီ၊​ ကောင်​စီတာဝန်​ထမ်း​ဆောင်​​နေတဲ့သူ​တွေကိုသာ မ​ကျေမနပ်​နဲ့ ရင်​ဖွင့်​ကျ​ပေမဲ့စစ်​တပ်​ကို ပုတ်​ခတ်​​ပြောတာနဲပါ​သေးတယ်​။ ဝန်​ထမ်း​တွေလဲ ဆန္ဒပြလှည့်​လည်​တဲ့အထဲမှာ ပါလာပါတယ်​။ အ​ဖေတို့​ခေတ်​က ဝန်​ထမ်း​ပေါင်းစုံ သပိတ်​ဆို တာကိုသတိရမိပါတယ်​။ ကိုလိုနီ​အုပ်​ချုပ်​သူ​တွေက ဆန္ဒပြ​တောင်းဆိုသူ​တွေကို နှိမ်​နင်းဘို့ အထူးသင်​တန်း​တွေ​ပေးထားတဲ့ ပုလိပ်​​တွေပါ ပါလာတဲ့ ပုလိပ်​သပိတ်​ကို တမ်းတမိပါတယ်​။ ပြည်​သူရဲ​တွေပါ ဆန္ဒပြလာရင်​ အုပ်​ချုပ်​သူ​တွေမျက်​ခုံးလှုပ်​​တော့မှာ​ သေချာပါတယ်​။အစိုးရ ရဲ့အုပ်​ချုပ်​​ရေးယန္တရားကြီးက ပျက်​စီးလာပါပြီ။ အရင်​ပါတီဝင်​ဆိုပြီး လက်​မ​ထောင်​​နေတဲ့သူ​တွေ​တော်​​တော်​များများက ဆန္ဒပြလာကြပါပြီ။ ဘာမဆိုင်​ညာမဆိုင်​ ဝန်​ထမ်း​တွေ ဗွီအို​အေ၊ ဘီဘီစီသတင်း​တွေကို​ ရေဒီယိုက​နေ နားမ​ထောင်​ရဆိုပြီး အမိန့်​ထွက်​လာပါ​သေးတယ်​။ ဒီအမိန့်က လူ​တွေအတွက်​ ရယ်​စရာဟာသသတင်းလိုဖြစ်​ခဲ့ပါတယ်​။ တပြည်​လုံးက တရုတ်​လုပ်​ဓာတ်​ခဲသုံး​ရေဒီယို​လေး​တွေနဲ့ သတင်းနား​ထောင်​​နေတာကို ဘယ်​သူကမှမတားနိုင်​ပါဘူး။ တကမ္ဘာလုံးကို အသံလွှင့်​​ပေး​နေတဲ့ အသံလှိုင်း​တွေကိုလဲ မဖြတ်​​တောက်​နိုင်​၊ မဖျက်​ဆီး နိုင်​ပါဘူး။ ပြည်​သူလူထု​တွေရဲ့ဆန္ဒကို အ​လေးမထားပဲ အ​နောက်​တိုင်းအသံလွှင့်​ဌာန​တွေက ခိုင်းတာ​တွေကိုလိုက်​လုပ်​​နေရသလို​ ပြောပါ​သေးတယ်​။ အစိုးရက​ပြောချင်​ရာ​ပြော​နေသလို ပြည်​သူ​တွေကလဲ လုပ်​သင့်​တာ​တွေကို လုပ်​​နေကြပါတယ်​။

ရန်​ကုန်​မြို့​နေရာအနှံ့ လမ်းမတိုင်းမှာ ဆန္ဒထုတ်​​ဖေါ်​နေသူ​တွေနဲ့ပြည့်​​နေသလို မန္တ​လေးမြို့မှာလည်း တမြို့လုံးက စု​ပေါင်းချီတက်​လာကြတဲ့ လူအုပ်​စုကြီးဟာ ဘုရားကြီး ၄၅ တာကွင်းမှာစုကျပြီး နှစ်​​ပေါင်းများစွာ မ​ကျေနပ်​မှု​တွေကို ရင်​ဖွင့်​ကြပါ​တော့တယ်​။ ဟိုယခင်​က ဒီလိုလူစုမိ တာနဲ့ အစိုးရက​မွေးထားတဲ့လူ​တွေက ​ရှေ့ဆုံးက​နေခဲနဲ့​ပေါက်​တာတို့၊ ကားကိုမီးရှို့တာတို့ စတဲ့အကြမ်းဘက်​လုပ်​ရပ်​​တွေကို စလုပ်​ပါ​တော့တယ်​။ ​နောက်​က​သွေးဆူ​နေတဲ့သူ​တွေက လိုက်​လုပ်​​တော့ အဖျက်​သမားဆိုပြီး အ​ရေးယူခံရပြန်​တယ်​။ ဒီအကြိမ်​ဆန္ဒထုတ်​​ဖေါ်ကြ တဲ့လူစုကြီးက​တော့ အကြမ်းဘက်​သမား​ရောင်​​ရောင်​ နိုင်​ငံ​ရေးလုပ်​စားသူ​တွေ ဝင်​မလာနိုင်​​အောင်​ သတိရှိရှိနဲ့ကာကွယ်​ထားနိုင်​ကြပါတယ်​။တနိုင်​ငံလုံးမှာ ပြည်​သူ​တွေကဖျက်​စီးလိုက်​လို့ ပျက်​စီးသွားပါတယ်​ဆိုတာကို ပြစရာမရှိပါဘူး။ မော်​လမြိုင်​မြို့မှာ​တော့ ပါတီ၊​ ကောင်​စီ က လူမဆန်​ခဲ့တဲ့သူ​တွေရဲ့အိမ်​​တွေကို ဖျက်​ဆီးတယ်​လို့ကြားမိပါတယ်​။ အင်​တိုက်​အားတိုက်​ ချီတက်​​နေတဲ့ လူအုပ်​ကြီးအထဲမှာ တင်းပြည့်​ပါ တီဝင်​နံပါတ်​ကို အိပ်​မက်​ထဲမှာ​တောင်​ ရွတ်​နိုင်​တဲ့ပုဂ္ဂိုလ်​​တွေပါ​နေတာကို​ တွေ့မိပါတယ်​။

ကျွန်​​တော်​ တို့ဆီက ပိုက်​ဆံ​တွေ​တောင်းပြီး ရလာတဲ့နို့ဆီ​တွေကို​ ရောင်းစား​နေတဲ့သူ​ပေါ့ဗျာ။ နိုင်​ငံတကာမှာလဲ ဒီပါတီရဲ့မူဝါဒ​တွေကို မကြိုက်​ပါက ပါတီက​နေနုတ်​ထွက်​ပြီး​နောက်​ ပါတီတခုကိုဝင်​တာ​တွေ၊ ပုဂ္ဂလိကအဖြစ်​​ ရွေး​ကောက်​ပွဲဝင်​တာ​တွေဆိုတာ မဆန်းပါဘူး။ ဒီအ ချက်​ကနိုင်​ငံ​ရေးကိုလုပ်​စားသူ​တွေအတွက်​ အ​ကြောင်းပြစရာအချက်​ကြီးတခုဖြစ်​​နေပါတယ်​။ ဒီကြားထဲမှာ မြန်​မာနိုင်​ငံရဲ့အုပ်​ချုပ်​​ရေးယန္တ ယားဟာ အ​တော်​ကိုဆိုးရွားလာပါတယ်​။ တကမ္ဘာလုံးက BUTCHER လို့ အသိအမှတ်​ပြုထားတဲ့ဦးစိန်​လွင်​ သမတ​နေရာက ဆင်း​ပေးလိုက်​ရပါတယ်​။ မဆလပါတီဥက္ကဠအသစ်​နဲ့သမတအဖြစ်​ ဘုန်း​တော်​ဘွဲ့အ​ရေး​ကောင်းသူဥပ​ဒေပါရဂူဘွဲ့ရ ​ဒေါက်​တာ​မောင်​​မောင်​ကို​ပြောင်းခန့်​ ခဲ့ပါတယ်​။ ဂျပန်​​ခေတ်​ဗိုလ်​သင်​တန်းတက်​ခဲ့တာကို အမြဲတန်းဂုဏ်​ယူစွာ​ပြောပြ​နေသူကို အရပ်​သားသမတအဖြစ်​ ကမ္ဘာကို​ကြေငြာခဲ့ပါတယ်​။ သူက အာဏာရရခြင်း စစ်​အုပ်​ချုပ်​​ရေးကို ရုတ်​သိမ်းလိုက်​ပါတယ်​။ ဒီအခါမှာ လူ​တွေကလမ်း​ပေါ်ကိုပို​ရောက်​လာပါတယ်​။ ရဲချုပ်​ဦးထင်​​ကျော်​ပါ လမ်း​လျှောက်​ဆန္ဒပြတဲ့အထဲပါလာပါပြီ။ တပ်​က ​အောက်​​ခြေတပ်​သား​တွေလဲ ဆိုင်းဘုတ်​​ထောင်​ကာ လူထု​တွေ​နဲ့ပူး​ပေါင်းလာ ပါတယ်​။ တပ်​မ​တော်​သား​တွေ လစာမရရင်​ ပုန်​ကန်​မှာကိုစိုးရိမ်​ကာ ပြည်​သူပိုင်​ဘဏ်​မှ​ ငွေ​တွေကိုစစ်​ကားကြီး​တွေနဲ့ သယ်​ယူသွားပါတယ်​။ စက်​ရုံ​တွေကိုလဲ တပ်​ကဝင်​​ရောက်​ကာ လိုချင်​တာ​တွေကို သယ်​ယူသွားကာ ကျန်​တာ​တွေကို လူ​တွေကဝင်​သယ်​​တော့ ပြည်​သူပိုင်​စက်​ရုံ ဖျက်​တယ်​ဆိုကာ ပစ်​ခတ်​ပါ​တော့တယ်​။ နယ်​​မြေအသီးသီးမှာလဲ လူမိုက်​ဆန်​ဆန်​ ဓားကိုင်​ရဲသူ​တွေက တနယ်​တမင်း လုပ်​လာကြပါတယ်။

ခေတ်​ပျက်​ချိန်​ ဆို​တော့ ဘာမဆိုရတာယူမဲ့​ တော​ကြောင်​​တွေလဲ တစခန်းထလာပါတယ်​။ ထုံးစံအတိုင်း တိုင်းပြည်​​ချောက်​ထဲကျဘို့ လက်​နှစ်​လုံးအလိုမှာ အာဏာကို လုံးဝမမက်​​မောတဲ့တပ်​မ​တော်​က အာဏာကိုသိမ်းလိုက်​ပြန်​ပါတယ်​။ တော်​လှန်​​ရေး​ကောင်​စီတက်​တုန်းက လူ အ​သေအ​ပျောက်​စာရင်းကို ဖွက်​ထားလို့ရ​ပေမဲ့ နဝတတက်​ချိန်​မှာ လိမ်​ညာလို့မရ​တော့ပါဘူး။ ဟိုတုံးက ရန်​ကုန်​တက္ကသိုလ်​မှာပစ်​တာဆို​တော့ လူသိပ်​မ​တွေ့လိုက်​ပါဘူး။ အခုဟာက မြို့လယ်​​ခေါင်​ဆူး​လေဘုရားနား၊ မြို့​တော်​ခန်းမ​ရှေ့မှာ ပစ်​တာပါ။ သိပ္ပံနည်းပညာရဲ့ အတိုး တက်​ဆုံး အ​ကောင်းဆုံးပစ္စည်း​တွေကို သုံးနိုင်​တဲ့အ​မေရိကန်​သံရုံး​ရှေ့တဲ့တဲ့မှာပစ်​ခတ်​​နေ​တော့​ နောက်​ဆုံး​ပေါ် ဗွီဒီယိုကင်​မရာအ​ကောင်းစား​တွေနဲ့ ငြင်းမရ​အောင်​ မှတ်​တမ်းတင်​ရိုက်​ကူးထား​တော့တာ​ပေါ့။

(ဆက်​ဖတ်​​ပေးရန်​အတွက်​ ဆက်​​ရေး​ပေးပါမယ်​)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ထင်အောင် – ကျွန်​​တော်​နဲ့ နိုင်​ငံ​ရေးလုပ်​စားသူများ (၃) ထင်အောင်

Comments are closed.