သတင်းပဒေသာ

ချမ်းမြကြည် – စာရေးဆရာဆရာတော်၏ ဓမ္မခရီးမှ အမတကွန်ခိုစခန်း

စာရေးဆရာဆရာတော်၏ ဓမ္မခရီးမှ အမတကွန်ခိုစခန်း
ချမ်းမြကြည်
မေ ၂၃၊ ၂၀၁၄

မေလ ၁၈-၂၀၁၄ခုနှစ် တနင်္ဂနွေနေ့ ၊ထိုနေ့တွင် အမေရိကန်ပြည်ထောင်စု ဝင်စကွင်ဆင်ပြည်နယ် မယ်ဝေါကီးမြို့ရှိ မြန်မာပြည်ဖွား ဗုဒ္ဓဘာသာမိသားစုတို့၏ ရွှင်မြူးတက်ကြွသော မြင်ကွင်းကို မြင်လိုက်ကြရသောလိုက်ကြရသောနေ့ဖြစ်သည်။ သူတို့၏ အပျော်သည် အခြားခြားပြည်နယ်တို့မှရောက်လာကြသော ဧည့်ပရီသတ်များကိုပါ ကူးလူးပျံ့နှံ့ ပီတိရသကို မျှဝေ ရယူမိလိုက်သော အချိန်လည်း ဖြစ်ပြန်သည်။

ကံ ဆိုသောဝေါဟာရ စကားလုံး၏ ဖွင့်ဆိုချက်သည် ဗုဒ္ဓဘာသာတိုင်း၏ ဦးဏှောက်နှင့် တထပ်တည်းထားသော နှလုံးသားအက္ခရာ ဆိုသည်ထက် သံသရာ လမ်းညွှန် အားကိုးအားထား ပြုရသော မှီခိုရာမဏ္ဍိုင်ကြီးလည်းဖြစ်သည်။ ဤမျှလေးနက်သော အဓိပ္ပါယ် ပေါင်းစု နေသည့် ဘဝအမြူတေကို ဗုဒ္ဓဘာသာတိုင်း ဘဝအတွက် သံသရာအတွက်  ကိုယ်နှင့်တထပ်တည်းထား အလေးအမြတ် ပြုကြရသည်။ လူတိုင်းလူတိုင်း ယုံကြည်မှုသည် ကံတရားတွင် တပေါင်းတည်းရှိကြသည်။ သာမန်လူတွေယုံကြည်သည်ထက် ပိုမိုထူးကဲစွာ ကံအပေါ် တန်ဖိုးထားမှု ၊ဘဝနှင့်တထပ်တည်းအလေးအမြတ်ထားသော သူတဦးကိုပြပါဆိုလျှင် ဆရာတော် ဦးဇာဂရ (စာရေးဆရာ ကံထွန်းသစ်) ကိုပြရပေမည်။ ကံသည်သူ၏ဘဝဖြစ်သလို ကံသည် သူ၏ မှီခိုရာတောင်မြင့်မိုလည်းဖြစ်သည်။ ကလောင်နာမည်ကိုရယူ သည်က ကံထွန်းသစ်၊ နေရပ်လိပ်စာသည် ကိုယ်နေထိုင်ရာ အိမ်ကိုဆိုလိုသည် ထိုလိပ်စာအရ ရှာဖွေမှသာ အိမ်ရှင်ကို တွေ့ရမည် ဆက်သွယ်မိမည်ဖြစ်သည်။ သူ့ကိုဆက်သွယ်ရှာဖွေရန် အင်တာနက် ဆက်သွယ်ရေးအီးမေးလ်လိပ်စာသည် kanmikhin@gmail.com -ဘဝကိစ္စတိုင်းကို ကံနှင့်တထပ်တည်းထားသော ထေရ်အရှင်၏ တည်ထောင်ဖွင့်လှစ်ထားသော ဝိဟာရ အသစ်ကိုလည်း တသီးတသန့် ဝေါဟာရဆန်းဖြင့် မတည်ဆောက်တော့ပဲ ဘဝနှင့်တထပ်တည်းက လျှံကျလာသော သူ့နှလုံးသားကို ထုတ်သုံးလိုက်သည်က ကမ္မဒါယာဒတဲ့။ မိခင် နာမည်ကိုက ဒေါ်ကံ ဖြစ်နေခြင်းကလည်း မိခင်မေတ္တာကို တန်ဖိုးထားသော အနန္တအရိပ်ခိုမှုတခုဖြစ်ပေလိမ့်မည်။ စာပေအနုပညာဖြင့် ဘဝတလျှောက်နေထိုင်လာခဲ့သော အရှင့်အတွက် ကံတရားပေါ်တွင်လှပသော ဥာဏ်ပညာဆင့်ထားမှုကြောင့် သူလက်ရာ စာပေများက ဖတ်သူတိုင်း၏ နှလုံးသားကို ပိုမို လှပစေခဲ့။ ယခုတော့ ဆရာတော်က စာပေအနုပညာ တွေထဲကနေ တရားဓမ္မများ ဝေငှခြင်း အပြင် တရားဓမ္မဖြင့် နေထိုင်တတ်အောင် မိမိတို့နိုင်ငံသားများအတွက် အားထုတ်မှုတခုအဖြစ် ကျောင်းထိုက်တခု တည်ထောင်ဖွင့်လှစ်ခြင်း ဖြစ်သည်။ 

ထိုကမ္မဒါယာဒကျောင်းသစ်ဖွင့်ပွဲကို အရှင်မြတ်စီစဉ်နေသည်မှာ ရက်ရှည်ကြာခဲ့ပြီ။    မြန်မာတိုင်း နှလုံးသားနှင့် ကမ္ဗည်းတင်ထားသော အသံပါရမီရှင် ဒေါ်မာမာအေးလည်းရောက်ရှိလာသည်။ ဆရာတော် ဦးဇာဂရ၏ ကျောင်းသစ်တက်ပွဲသို့ ဒေါ်မာမာအေးမှ သူ့ပညာဖြင့် လာရောက်ပူဇော်ခြင်းလည်းဖြစ်သည်။ဒေါ်မာမာအေးတို့ မယ်ဝေါကီး မြို့ ဆရာတော်ကျောင်းသို့ ဆိုက်ရောက်တော့ ဓမ္မဘေရီ ဆရာတော်ကြီး၏ တရားပွဲပြီးစ၊လူများပင် ဆရာတော် နှင့် ဝိုင်းနေကြတုန်းရှိသေးသည်။  ဆရာတော်၏ ကျောင်းလွှတ်ပူဇာပွဲသို့ ဆရာတော်၏မိတ်ဆွေများဖြစ်သော ဆန်ဖရန်စစ္စကိုမြို့မှ ဆရာတော်ဦးဥာဏိကာဘိဝံသ (စာရေးဆရာ ဥာဏ်ဦး မောင်)  နှင့်တပည့်ဒကာ ၊ဒကာမများ၊ အော်ရီဂွန်ပြည်နယ် ပို့တလန်မြို့မှ ဆရာတော်ဦးသီရိန္ဒ နှင့်တပည့်ဒကာ ဒကာမများ ၊ အယ်လ်အေ အဇူဇာကျောင်းမှ ဦးနန္ဒိယနှင့်ဒကာဒကာမများ၊မြောက်ကာရိုလိုင်းနားမှ ဆရာတော် ဦးဇောတိကာလင်္ကရာဘိဝံသ၊ နယူးယောက်မြို့မှ ဆရာတော်ဦးဝိလာသ မြန်မာပြည်မှ ရောက်ရှိသော ဓမ္မဘေရီ ဆရာတော်-တိပိဋက ဆရာတော် ဦးသီလက္ခန္ဓာဘိဝံသ – စသောဆရာတော်တို့လည်း ကြွရောက်လာကြသည်။ ဖို့ဝိန်း ဆရာတော်ဦးကုသလနှင့် အတူ ဦးဇဝန (နိုင်ကျဉ်း)လည်းကြွရောက်လာသည်။

နောက်နေ့ မေလ ၁၈ရက် နေ့အခမ်းနားတွင် နိုင်ငံကျော်အဆိုတော်ကြီးဒေါ်မာမာအေးမှ ထူးမခြားနားသီချင်းဖြင့်ပူဇော်ပါဝင်ခဲ့သည်။ စာရေးဆရာ ဆရာတော်ကိုယ်တိုင်သီကုံးရေးသားထားသော ဓမ္မဂီတီ လင်္ကာများကလည်း တမူထူးခြား နားဝင်ပီယံရှိလှသည်။ ဆရာတော်များမှ တပါးစီ တရားဓမ္မများ ဟောကြားကြပြီး အနုမောဒနာ ပြုကြသည်။ အားတက်ရွှင်မြူးနေသော မြို့ခံ ပရီသတ်နှင့်အတူ ဧည့်ပရီသတ်တို့၏ အားရကျေနပ်နေသောမြင်ကွင်းက မြင်ရသူတိုင်း၏ရင်သို့ပါ ကြည်နူးမှုကူးစက်စေခဲ့သည်။ဆရာတော်များ၏တပါးချင်း မြွက်ကြားသော တရားဓမ္မများသည်ပင် ပရိသတ်တို့အား ရသအစုံကိုပေးလိုက်သလိုရှိ၏ ။ စာရေးဆရာကံထွန်းသစ် သည် ဓမ္မများကို စာပေမှတဆင့်ဝေငှ ခဲ့သည်။ ယခုအခါ ပရိသတ်တို့ကို ကိုယ်တိုင် တရားရေအေးတိုက်ကျွေးတော့မည့် အမတ ခရီးတထောက်၏ ကွန်ခိုစခန်းတွင် သစ္စာတေးသံတို့ ဝေစည်တော့မည်မှာသေချာသည်။

ချမ်းမြကြည် သတင်းရေးသားပူဇော်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ချမ်းမြကြည် – စာရေးဆရာဆရာတော်၏ ဓမ္မခရီးမှ အမတကွန်ခိုစခန်း
  1. ဘာလို့ကရင်ပုံတွေမတင်ပေးတာလဲ မီဝါးခီမြို့ဝီစကွန်ရှင်ပြည်နယ် ကရင်တွေအများကြီဘဲ

Comments are closed.