Poems မင်းညွှန့်လှိုင်

မင်းညွှန့်လှိုင် – လာခြင်းကောင်းတဲ့နောက်ကျမှု … သို့သော် တန်ပါသည် ပိတောက်

လာခြင်းကောင်းတဲ့နောက်ကျမှု … သို့သော် တန်ပါသည် ပိတောက်
မင်းညွှန့်လှိုင်
မေ ၁၅၊ ၂၀၁၄
 


တွေးမိတိုင်း အရိုးထဲက နာကျင်မှု သို့မဟုတ်
သစ်ခုတ်သမားအား အောက်မေ့ဖွယ် နေ့ညအပူချိန်မြင့်တက်မှု
အဉ္ဇလီမောင်မောင်ရဲ့ကူးပြောင်းစတန်ခူးလေမှာ
အရောက်လာဖို့ပျက်ကွက်ခဲ့လေတဲ့ သင်္ကြန်မိုးရေ
စန္ဒယားချစ်ဆွေရဲ့ပိတောက်လမ်းမှာ ပိတောက်မလန်း
ဒီသင်္ကြန်ညတွေမှာ ပိတောက်တစ္ဆေမခြောက်သာပါ ဆရာသခွပ်နီ
ပန်းနုရောင်အိုမွေးနေ့အလွန် နီရူဒါ မမေ့တဲ့ပန်းပွင့်တွေ
အမှန်တရားသူရဲကောင်းနဲ့ မယိုးမစွဲ
နှောင်းခဲ့တဲ့ သစ္စာရှင်ကြီး
ချိန်းဆိုချိန်ထက်နောက်ကျစွာ မြန်မာဆန်ဆန်
စက်မှုဇုန်ဟာ ပိတောက်ဇုန်ဖြစ်သွား
လေဘာဖယ်ရီကားဟာ အလှပြယာဉ်ဖြစ်သွား
ဝန်ချီစက်ဟာ ပိတောက်ရနံ့ကို ချိတ်ဆွဲလို့
စက်ချုပ်သမလေးရဲ့ မီးတောက်မီးလျှံ ဆံကေသာမှာ
သွပ်ပြားစက်ရုံလုပ်သားလေးရဲ့ အနားဖွာလန်ဦးထုပ်မှာ
ဆိုက္ကားလက်ကိုင်မှာ ကွမ်းယာဆိုင်ကောင်တာမှာ
လက်ဖက်ရည်ဆိုင်စားပွဲပေါ်က ဘောလုံးဂျာနယ်နံဘေးမှာ
လမ်းဘေးပလက်ဖောင်းပေါ်က ဈေးဗန်းထဲမှာ
ခက်ခက်ခဲခဲပွင့်တဲ့ပန်း ဝအောင်ကို ပန်ပစ်မယ်
ဘယ်ပန်းမှပိတောက်လို ဒီတိုင်းပြည်ကိုမဆွဲဆောင်နိုင်ခဲ့
ဘယ်ပန်းမှပိတောက်လို ဒီလူထုကိုမရွှင်မြူးစေခဲ့
ဘယ်ပန်းမှပိတောက်လို ဒီကဗျာဆရာကို မစည်းရုံးနိုင်ခဲ့
ပိတောက်တွေလှိုင်တဲ့နှစ် ခမောက်တွေနိုင်မယ့်ခေတ်
ပိတောက်တွေ နှစ်ရာနော် နှစ်ရာ တစ်စီးမှ နှစ်ရာ
အမှန်တရားရှာရာမှာ အထီးကျန်ဆန် ဂျွန်ရပ်စကင်လို တန်ပါသည်
ဒီမိုကရေစီအရေး မိုးများမိခဲ့သူ ဒေါ်အောင်ဆန်းစုကြည်လို တန်ပါသည်။     ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts