ရသဆောင်းပါးစုံ

တင်မောင်ထွေး – မုဟမ္မဒ်ဆိုလျှင် ဘိုကိုဟာရာမ်တွေကို ဘယ်လိုတုန့်ပြန်လိမ့်မလဲ

မုဟမ္မဒ်ဆိုလျှင် ဘိုကိုဟာရာမ်တွေကို ဘယ်လိုတုန့်ပြန်လိမ့်မလဲ
တင်မောင်ထွေး
မေ ၁၀၊ ၂၀၁၄
 

ပြီးခဲ့တဲ့ ရက်တွေက ကမ္ဘာ့မီဒီယာမှာရော မြန်မာ့ဆိုရှယ်မီဒီယာမှာပါ ရိုက်ခတ်ခဲ့တဲ့သတင်းကတော့ အကြမ်းဖက်အဖွဲ့ ဘိုကိုဟာရာမ်ပြန်ပေးမှု ကြီးပါပဲ။

နိုင်ဂျီးရီးယားက သမီးငယ်ကလေးတွေ ရာနဲ့ချီပြီး ပြန်ပေးဆွဲခံခဲ့ရတယ်။ သူတို့တွေက ကျွန်တော်တို့ရဲ့သမီးငယ်ကလေးတွေပါ။ သူတို့ကျူး လွန်တဲ့ ရာဇ၀တ်မှုက ခေတ်ပညာတတ်မြောက်အောင် သင်ယူကြလို့ပါတဲ့။ ဘိုကိုဟာရာမ်ရဲ့ဆင်ခြေက တကယ့်ကို ခံပြင်းအမျက်ထွက် စရာကောင်းလှသလို တုန်လှုပ်ခြောက်ခြားစရာ ဆင်ခြေဆိုးကြီးပါ။

ဒီလုပ်ရပ်ကို နိုင်ငံတကာက စိုးရိမ်တကြီးနဲ့တုန့်ပြန်သလို အမေရိကန်သမ္မတကတော် မစ်ချယ်လီအပါအ၀င် နာမည်ကြီးပုဂ္ဂိုလ်အများစုက #BringBackOurGirls  ဆိုတဲ့ internet hashtag နဲ့ဓါတ်ပုံ တွေတင်ကြပြီး လူမဆန်တဲ့ လုပ်ရပ်ကြီးကို ဆန့်ကျင်ရှုံ့ချကြောင်း ဖော်ထုတ်ပြသ ခဲ့ကြပါတယ်။

ဘိုကိုဟာရမ်ကတော့ အစ္စလာမ်သာသနာကို အကာအကွယ်ယူပြီး သာသနာနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေဖြစ်တဲ့ ပြန်ပေးဆွဲတာတွေ၊ အ သေခံတိုက်ခိုက်တာတွေ၊ လူသတ်မှု၊ ဗုံးခွဲမှုတွေတင်မက အကျဉ်းထောင်ဖောက်တဲ့ ရာဇ၀တ်မှုတွေကိုပါ လုပ်လာခဲ့ကြသူတွေဖြစ်ပါတယ်။ ဘိုကိုဟာရမ်ရဲ့အဓိပ္ဗါယ်ကတော့ “အနောက်တိုင်းပညာရေးကို တားမြစ်ပိတ်ပင်ခြင်း” ဖြစ်တယ်လို့ သိရပါတယ်။

ဘိုကိုဟာရမ်က ဒီပြန်ပေးဆွဲမှုကြီးအတွက် အဓိကတွန်းအားသည် အစ္စလာမ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဆိုဟာ ဒုတိယကမ္ဘာစစ်တုန်းက ယဟူဒီတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တဲ့ နာဇီဟစ်တလာရဲ့ ခရစ်ယာန်သာသနာကို အလွဲကြီး ဆွဲငင်ယူသုံး သလိုမျိုး ဆင်တူနေပါတယ်။

ဘိုကိုဟာရမ်တွေက သမီးငယ်လေးတွေကို ပြန်ပေးဆွဲပြီး ဈေးတွေမှာ လိင်ကျေးကျွန်တွေအဖြစ် ရောင်းချမယ်ဆိုတဲ့ ကြေညာချက်ဟာ အစ္စလာမ်သာသနာဝင်တွေရဲ့ ကိုရန်ကျမ်းစာ အခန်း ၂၄၊ မုက္ခပါတ် အမှတ်စဉ် ၃၄ ပါ “အမျိုးသမီးငယ်တွေကို မနှစ်မြို့ဖွယ်ဘ၀မျိုး အတင်းအကျပ် တွန်းပို့ခြင်းမျိုး မပြုလုပ်ရ” ဆိုတဲ့ အမိန့်ကို ဆန့်ကျင်နေပါတယ်။ ဒါ့ပြင် အခန်း ၄၊ မုက္ခပါတ် အမှတ်စဉ် ၂၀ ပါ “အသင်တို့အဖို့ မိန်းမတို့အား အဓမ္မနည်းဖြင့် အမွေ (ပစ္စည်း) အဖြစ် သိမ်းပိုက်ခြင်းသည် တရားသက်ဝင်သည်မဟုတ်ပေ” ဆိုတဲ့အချက်နဲ့လည်း ဆန့်ကျင် နေပါတယ်။

အနောက်တိုင်းပညာရေးကြောင့် ပြန်ပေးဆွဲတာပါဆိုတဲ့ ဘိုကိုဟာရမ်တွေရဲ့ဆင်ခြေကတော့ တမန်တော်မုဟမ္မဒ်ရဲ့ အမိန့်အချို့ကိုလည်း တိုက်ရိုက်မထီမဲ့မြင်ပြုရာ ရောက်ပါတယ်။

“အမျိုးသမီးများဟာအသင်တို့ရဲ့ အပေါင်းအဖော်များသာမက ကူဖော်လောင်ဖက်များလည်းဖြစ်တာကြောင့် အမျိုးသမီးတွေကို ကောင်းမွန် စွာ ဆက်ဆံကြ၊ ကြင်နာသနားကြလော့” (တမန်တော် မုဟမ္မဒ်၏ နောက်ဆုံးမိန့်ခွန်းမှ en.wikiquote.org/wiki/Muhammad)

ဒါ့ပြင် ပညာရေးနဲ့ပတ်သတ်ပြီး သွန်သင်ထားပြန်တာက  “ပညာသင်ကြားရေးမှာ မွတ်စလင်အမျိုးသား အမျိုးသမီးတိုင်းအတွက် မဖြစ်မနေ ဆောင်ရွက်ရမယ့် တာဝန်တစ်ရပ်ဖြစ်တယ်။” လို့ သိကြရပါတယ်။ (ဟဒီးဆ် ခေါ် တမန်တော်မုဟမ္မဒ်၏ မိန့်မှာချက်များ၊ Sunan Ibn e Majah, Book of Sunnah, နံပါတ်စဉ် ၂၂၄)

တမန်တော် မုဟမ္မဒ်ဆိုလိုခဲ့တဲ့ ပညာရေးဆိုတာ သာသနာ့ပညာရေးသာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဒီနေရာမှာ ထပ်ဆင့်ရှင်းလင်း ရပါဦး မယ်။ တမန်တော် မုဟမ္မဒ်က အစ္စလာမ်သာသနာ အာရေဗျကျွန်းဆွယ်ကနေ ကမ္ဘာအနှံ့မရောက်သေးမီအချိန်မှာ အသင်တို့အနေနဲ့ ပညာဆည်းပူးရန်လိုအပ်ခဲ့မယ်ဆိုရင် တရုတ်ပြည်လောက်ဝေးပါစေ သွားရောက်လေ့လာသင်ယူပါလို့ သွန်သင်ခဲ့ပါတယ်။ သေချာတာကတော့ တရုတ်ပေါက်ဖော် ကြီးတွေဆီမှာ အစ္စလာမ်သာသနာရေးပညာ မရှိသေးတာကြောင့် သာသနာ့ပညာကို တရုတ်ကြီးတွေဆီမှာ သွားသင်ဖို့ လိုရင် သွားသင်ကြလို့ ဆိုလိုရာမရောက်ပဲ လောကီဆီကူလာ (secular) ပညာရေးကို လေ့လာသင်ယူခိုင်းတယ်ဆိုတာ ထင်ရှားပါတယ်။

ဒါ့ပြင် တမန်တော် မုဟမ္မဒ်က အသိပညာဟူသည် မွတ်စလင်တစ်ယောက်အဖို့ ပျောက်ဆုံးနေသော ရတနာပင်၊ မည်သည့်နေရာတွင်မဆို တွေ့ရှိပါက လေ့လာဆည်းပူး အရဆွတ်ခူးပါလေ (Tirmizi 2687, Ibn Maja 4169) လို့ မိန့်ပြန်တာကြောင့် မည်သည့်နေရာတွင်မဆို ဆိုတဲ့ စကားလုံးက အရှေ့တိုင်းမှ၊ အနောက်တိုင်းမှ စတဲ့ နေရာကန့်သတ်ချက်ကို ဆန့်ကျင်တာကြောင့် အနောက်တိုင်းပညာရေးကို လျစ်လျူပြု ရမယ်ဆိုတာကတော့ အော်ဂလီဆန်စရာကောင်းလှတဲ့ ကိုယ်ပိုင်တီထွင်ထားချက်တစ်ခုလို့ပြောရပါမယ်။

ဘိုကိုဟာရမ်တွေဟာ ခရစ်ယာန်သာသနာဝင်တွေရဲ့ ချာခ်ျဘုရားကျောင်းတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြပါတယ်။ ဒီလုပ်ရပ်ဟာလည်း တမန်တော်မုဟမ္မဒ်ရဲ့ သွန်သင်ချက်ကို တိုက်ရိုက်ချိုးဖောက်မှုပဲ ဖြစ်ပါတယ်။ တမန်တော်မုဟမ္မဒ်ထုတ်ပြန်ခဲ့တဲ့ အကျိုးခံစားခွင့် ချာတာ (Charter of Privileges) မှာ ဖော်ပြထားတာက  –

“ကျွန်ုပ်သည် ဤစာအား အရှေ့နှင့် အနောက်အရပ်တို့ရှိ ခရစ်ယာန်သာသနာ ၀င်များအတွက် ရည်စူးရေးသားသည်။ ယခုရှိနေသည့် ခရစ်ယာန်များအတွက်လည်းကောင်း၊ နောင်လာနောက်သား ခရစ်ယာန်များအတွက်လည်းကောင်း အကျုံးဝင်သည်။ မည်သည့်မွတ်စလင်မ ဆို ဤဥပဒေပါ ဖော်ပြချက်များအား ချိုးဖောက်ကျူးလွန်သော် ဘုရားရှင်၏ဥပဒေအား ချိုးဖောက်ခြင်းသာဖြစ်၏။ ဘုရားရှင်၏ ကတိတော် များအား ချိုးဖောက်ခြင်းမည်၏။ ဘုရားရှင်၏ အမျက်တော်နှင့် ထိုက်တန်၏။ အသင်သည် ဘုရင်သို့မဟုတ့်   (အာဏာရ) ပြုလုပ်ပိုင်ခွင့်ရှိသူဖြစ်နေပါစေ၊ သူတို့၏ ချာခ်ျဘုရားကျောင်းများသာမက အခြားသော ၀တ်ပြုဆည်းကပ်ကိုးကွယ်ရာ သာသနိက အဆောက်အဦများအား လူသူကင်းပြီး ပျက်စီးယိုယွင်းသွားစေရန် သော်လည်းကောင်း၊ ဖြိုချဖျက်ဆီးခြင်း သို့မဟုတ် ဖောက်ခွဲဖျက်ဆီးခြင်းမျိုးကိုသော် လည်းကောင်း ပြုလုပ်ခြင်း မရှိစေရ။ ၎င်းတို့၏ ချာခ်ျကျောင်းများမှ မည်သည့်ပစ္စည်းဥစ္စာကိုမဆို သုံးစွဲခြင်းဖြင့် ဗလီများ၊ မွတ်စလင်များအတွက် အိမ်ယာများ ဆောက်လုပ်ခြင်းမျိုး မရှိစေရ။ ဖောက်ဖျက်ကျူးလွန်သူ မည်သည့်မွတ်စလင်မဆို ဘုရားရှင်နှင့် သူ၏ တမန်တော်အား ပုန်ကန်သူအဖြစ် သတ်မှတ်ခံရလိမ့်မည်။ ” (en.wikipedia.org/wiki/Achtiname_of_Muhammad)

တမန်တော်မုဟမ္မဒ်ရဲ့ မိန့်မှာချက်ဖြစ်တဲ့ လွတ်လပ်နေတဲ့သူတစ်ဦးကို ကျေးကျွန်အဖြစ် ရောင်းဝယ်ဖောက်ကားခြင်းဟာ ဘုရားရှင်ကို စစ် ကြေညာခြင်းသာဖြစ်တယ်ဆိုတာကတော့ ဘိုကိုဟာရာမ်တွေရဲ့ အဆင့်အတန်းကို ဖော်ပြရာရောက်ပါတယ်။

ဒါကြောင့် ဒီအကြမ်းဖက်သမား ဘိုကိုဟာရာမ်များကို မြင့်မြတ်တင့်တယ်လှတဲ့ ဘာသာသာသနာအားလုံးတွေထဲက အမည်တစ်ခုခုကိုမျှ ကင်ပွန်းတပ်ပေးဖို့ မသင့်တော်လှပါ။ သူတို့တွေမှာ ဘာသာသသနာမရှိပါ။ အစ္စလာမ်က အမျိုးသမီးတွေကို လောကီပညာရေးသင်ဖို့ ခွင့်ပြုရုံ တင်မက ဆည်းပူးလေ့လာရန်လည်း တိုက်တွန်းထားပါတယ်။ ဥပမာ . တမန်တော်မုဟမ္မဒ်ရဲ့ ဇနီးသည်များဖြစ်တဲ့ ခတီဂျာ၊ အိုင်အေ ရှာ။

ကမ္ဘာ့ပထမဆုံး လောကီပညာရေး ဒီဂရီဘွဲ့ချီးမြင့်တဲ့ အဆင့်မြင့်တက္ကသိုလ်ကိုတည်ထောင်သူဟာ မည်သူများဖြစ်ပါလိမ့်မလဲ။ ပညာသင် ကြားဖို့ နေအိမ်မှထွက်ခွာသွားသူဟာ ဘုရားရှင်၏လမ်းမထက် လျှောက်လှမ်းနေသူသာဖြစ်တယ်လို့ သွန်သင်ချက်ရှိတဲ့ အစ္စလာမ်သာ သနာထဲက အာရပ်အမျိုးသမီးပဲဖြစ်တယ်လို့ သမိုင်းကဆိုရင် စာရှုသူ အံ့သြမင်သက် ဖြစ်ကောင်း ဖြစ်ရပါလိမ့်မယ်။

ကမ္ဘာ့ပထမဆုံး လောကီပညာရေး ဒီဂရီဘွဲ့ချီးမြင့်တဲ့ အဆင့်မြင့်တက္ကသိုလ်ကို တည်ထောင်သူကတော့ အာရပ်မွတ်စလင်အမျိုးသမီး ဖာတီမာ မုဟမ္မဒ် အလ်ဖိရီးဆိုသူ ဖြစ်ပါတယ်။ (en.wikipedia.org/wiki/Fatima_al-Fihri)

ယနေ့ထိတိုင် အဲဒီတက္ကသိုလ်ကြီးဟာ မော်ရိုကိုနိုင်ငံမှာ ကာရာဝီရင်တက္ကသိုလ် (University of Qarawiyyin) နာမည်နဲ့ တည်ရှိနေ ဆဲဖြစ်ပါတယ်။

ဒီတော့ကား တမန်တော်မုဟမ္မဒ်သာဆိုရင် ဘိုကိုဟာရာမ်တွေကို ဘယ်လိုတုန့်ပြန်ပါလိမ့်မလဲဆိုတဲ့အမေးကို အဖြေပေးပြီး ဖြစ်တယ်လို့ ထင်ပါတယ်။

ဘိုကိုဟာရာမ်များသည် မွတ်စလင်များလော …. ။ သက်သေပြချက် များများစားစား တင်ပြရန် မလိုအပ်ပါခင်ဗျား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တင်မောင်ထွေး – မုဟမ္မဒ်ဆိုလျှင် ဘိုကိုဟာရာမ်တွေကို ဘယ်လိုတုန့်ပြန်လိမ့်မလဲ

Comments are closed.