ရသဆောင်းပါးစုံ အုန်းနိုင်

အုန်းနိုင် – စစ်အုပ်ချုပ်ရေးအောက်က ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၁၅)

စစ်အုပ်ချုပ်ရေးအောက်က ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၁၅)
အုန်းနိုင်
မေ ၁၁၊ ၂၀၁၄
 

 

• ပေါင်းတည်ကလည်း မညံ့ပါ
ကျနော် မြို့ပြန်ရောက်တော့ ပေါင်းတည်မြို့နယ် မကျီးပင်အုပ်စု ပေါက်တန်းရွာက ဝါသနာရှင်တစ်စုက ရွေးကောက်ပွဲလှုံ့ဆော်တေးတချို့ ကို  အရပ်တီးဝိုင်းနဲ့ စုပေါင်းစီကုံးစပ်ဆို အသံသွင်းပေးထားတာ တွေ့ရပါတယ်။ ကိုယ်တိုင်မလုပ်နိုင်ပေမယ့်  ပေါက်တန်းရွာက ဇာတ်မင်း သားကြီး ဦးနွယ်ဝင်းနဲ့ ဝါသနာရှင်များက  တက်တက်ကြွကြွ လုပ်ထားကြတာပါ။ ကျနော်  ကိုတင်ထွတ်ကိုတော့ ကြွားမယ်ဆို  ကြွားလို့ရပါ ပြီ။ ကိုယ်လုပ်တာမဟုတ်ပေမယ့် ကိုယ့်မြို့ကလည်း   ဒီလောက်တော့ စွမ်းပါသေးတယ်လို့.။ မင်းသားကြီးဦးနွယ်ဝင်းဆိုတဲ့ ပန်တျာနွယ်ဝင်းက ဇာတ်ထဲကနေပြီး  ဇာတ်ပျက်လို့ ပေါက်တန်းရွာမှာ လင်မယားနှစ်ယောက်စလုံး အခြေချပြီး အရပ်သားဖြစ်နေကြသူတွေပါ။ အရပ်သား ဖြစ်နေပေမယ့်   ‘ဇ’   ကရှိတာမို့ မနေနိုင်ပဲ အပင်ပန်းခံပြီး လုပ်ထားတာပါ။

မယ်ဒလင်တစ်လက်၊ ပုလွေတစ်ချောင်း၊ မောင်းဆိုင်းနဲ့ ခြောက်လုံးပတ်ဖြေပြီး အရပ်ဓလေ့စပ်ဆိုထားတာမို့  သံစုံတီးဝိုင်းကြီများနဲ့ စတူဒီယို ကြီးများမှာ အသံသွင်းထားတာတွေ မမှီသလို၊ တခြားမြို့နယ်တွေကို  ဖြန့်ချိလောက်တဲ့အဆင့်မရှိပေမယ့်၊ ကိုယ့်နယ်ထဲမှာတော့  ကိုယ့် ဟာနဲ့ကိုယ်လည်း ရှိပါသေးတယ်လို့ မှတ်တမ်းပြု  ဂုဏ်ယူနိုင်လောက်ပါတယ်။ ဂုဏ်လည်းယူပါတယ်။

ပေါက်တန်းရွာသားဖြစ်တဲ့ ဦးအောင်သန်းကလည်း  ဦးနွယ်ဝင်း စိတ်တိုင်းကျအသံဖမ်းနိုင်ဖို့ ကက်ဆက်အသစ်တစ်လုံးကို ချက်ခြင်းဝယ် လိုက်ပါတယ်။ ဒါကြောင့် မကျီးပင်အုပ်စု ပေါက်တန်းကျေးရွာက ဦးအောင်သန်း၊ ဦးနွယ်ဝင်းတို့ဦးဆောင်တဲ့  ဝါသနာရှင်လူငယ်တစ် သိုက်ကိုလည်း ဂုဏ်ပြု မှတ်တမ်းတင်ရင်း တက္ကသိုလ်တုန်းက အတူလုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်များကိုလည်း သူများ အစွမ်းအစနဲ့ ကြွား လိုက်ပါတယ်။

…. (ဒီမိုကရေစီ… ပြည်သူတွေဆီ… ရောက်အောင်ဖြန့်ဝေပေးမယ့်အဖွဲ့ ချုပ်လာပြီ …
…. ဥက္ကဌဦးတင်ဦးနဲ့ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်…
…. ရှေ့ ဆောင်မှတ်တမ်းနဲ့ တက်လှမ်းလာခဲ့ပြီ… ) ၂

(ရွေးကောက်ပွဲကြီး နီးလို့ …. လာပြီ) ၎
နိုးကြားတက်ကြွ  ပြည်သူများသို့ အတည် …
ပန်ကြားချက်အမှတ် (၁) ကို ရိုရိုသေသေ ဖြန့်ဝေပေးလိုက်သည် …


သီချင်းသံဆန်းကလေးနဲ့ ခပ်မြူးမြူးလေး.. စလိုက်ပါတယ်..။ ပြီးတော့မှ စည်တော်သံတီးလိုက်ပြီး စည်တော်သံအပြတ်မှာ အဓိဌာန်ပြု တာတွေ ထည့်ထားလိုက်ပါသေးတယ်။ ပြီးမှ ဒိုးသံလာပါတယ်။

တခဲနက်…ဆိုချင်သည်……အမြဲပဲလိုချင်သည်….
(ဒီမိုကရေစီ…လူ့အခွင့်အရေးကို…) ၂ မနှေးအမြန်…ဧကန်ရောက်အောင်…
တိုင်းရင်းညီအစ်ကို… တို့တတွေဆီရောက်အောင်..
(အလိုဗျာ) တောင်းဆုချွေကြမယ်လေး…


ပြီးတော့ သံချပ်တစ်ပိုဒ်လာပြန်တယ်..။

(တိုင်းရင်းသား)၂  တောင်ပေါ်မြေပြန့်တိုင်းရင်းသား  
တိုင်းရင်းသားချင်း လက်တွဲကူ… တို့များအတူ ဝိုင်းကြစို့လား…


တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့အပိုဒ်ပြီးသွားပြန်တော့ လယ်သမားကဏ္ဍကို ဆက်ပြန်ပါတယ်။ သီချင်းသံလေးနဲ့ စလိုက်တယ်။

….. ဒီလယ်ဒီယာ… အစဉ်အလာ ကိုယ်ပိုင်လုပ်တယ်…
….. တာဝန်ကျေသီးနှံစပါးကို…လူသားတွေစားနိုင်လောက်အောင်..
…. (ကွယ်) ထုတ်လုပ်ပါတဲ့… စိုက်ပျိုးပါတဲ့…ကျွန်တော်တို့ လယ်သမား …


ပြီးတော့ဒိုးသံကလေးပေးပြီး ခေတ်ဆန်းသံချပ်ကလေးတွေ ပါပါတယ်။

မိုးထဲရေထဲ ရွှဲရွှဲစို၊ နွားနဲ့ဖက်ရုန်း.. တေးချင်းဆို…
နေပူသော်လည်း၊ အံကိုခဲ…. အဲဒါလယ်သမားပဲ…
စားရပြန်တော့ မှိုနတို… ထမင်းကြမ်းနဲ့ ငါးပိရေကြို ..
ဆင်းရဲတာကို အမှုမထား…. အဲဒါလယ်သမား…
၂၆ နှစ်တာဝန်ကြေ… လယ်သမားခံရပလေ…
တာဝန်ကြေဖို့ သူတို့လုပ်… နွားနဲ့ အိမ်ပါပြုတ်… ငုတ်တုတ်…
မှန်သလားဟေ့….မောင်တို့ရေ (မှန်တယ်ဟေ့) ၂…
ကျေးဇူးရှင်ကို ကျေးစွပ်ရာ…မရောက်ဘူးလား..ရောက်သလား..ဟေ့.
(ရောက်တယ် ရောက်တယ်၊ အားကြီးရောက်တယ်) ၂
အရင်းစစ်တော့ အမြစ်မြေ….စနစ် အခြေ  မကောင်းလို့ပဲ
စနစ်ကောင်းဖို့ အခြေတည်.. ဒီမိုကရေစီတောင်းကြစို့လား…
လယ်သမားနဲ့ ဒီမိုကရေစီ… ရပိုင်ခွင့်များစုံစုံညီ…
လွတ်လပ်ပါပြီ  လယ်သမား… ကြိုက်နှစ်သက်ရာစိုက်ကြ စပါး…
ကိုယ့်လယ်ကိုယ်ပိုင်… မြဲမြဲခိုင်၊ ကိုယ့်စပါးလည်း  ကိုယ်သာပိုင်…
ရောင်းနိုင် ဝယ်နိုင်… စားနိုင်တအား …ဒီမိုကရေစီလယ်သမား…
(ဟေ့လား…. မောင်ရို့ဝါး… )


ပြီးတော့မှ ဗုံတောက်သံကလေးနဲ့ လက်စသတ်ပြန်တယ်။

(ဘိုးသာအောင်ရေ…ဗျို .. ဗျို ..)
(..တို့လယ်သမားတွေ…အားမာန်ရှိတယ်…တို့လယ်သမားတွေ… တာဝန်ရှိတယ်…) ၂
(လုပ်ပိုင်ခွင်တွေ ကိုယ်စီရှိတယ်…လွတ်လပ်ခွင့်တွေ ကိုယ်စီရှိတယ်…) ၂
ဒီမိုကရေစီ…အမြန်ရောက်အောင်..(အလိုကွယ်) လှမ်းကြစို့လား…


ပန်တျာကိုနွယ်ဝင်းက ဇာတ်ကလာတဲ့သူဆိုတော့ နည်းနည်းတော့ဇာတ်ဆန်တယ်။ ဒါပေမယ့် ကျေးရွာတွေမှာတော့  သူ့ဟန် သူ့တေး တွေနဲ့ အံကိုက်ပဲ။ တစ်ယောက်နဲ့တစ်ယောက်  အပြန်အလှန် စကားပြောသံကလေးတွေလည်း  ပါလိုက်သေးတယ်။

တိုင်းရင်းသားလူမျိုးစုကဏ္ဍ၊ လယ်သမား၊ ကျောင်းသား၊ ဝန်ထမ်း၊ အမျိုးသမီးစတဲ့ကဏ္ဍစုံအောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေး ကောက်ပွဲပေါ်လစီနဲ့လည်း မလွတ်အောင်၊ ခေတ်နဲ့လည်းကိုက်အောင်  အတော်လုပ်နိုင်တဲ့သူပါ။ ကျနော့်အနေနဲ့တော့      တခြားမြို့အသီး သီးကဝယ်လာတဲ့ ရွေးကောက်ပွဲ လှုံ့ဆော်တေး ကက်ဆက်ခွေတွေထက်တောင် ကိုယ့်မြို့က ကိုနွယ်ဝင်းရဲ့ ရိုးရိုးကလေးနဲ့ တောသံပါ တဲ့တေးသံနဲ့သံချပ်များကို သဘောကျမိပါတယ်။ ကျောင်းသားကဏ္ဍဆိုရင် နောက်ခံ ခေါင်းလောင်းသံကလေး ထည့်ပေးထားသေးတယ်။ ပြီးတော့

‘ခေါင်းလောင်းသံ… တညံညံပေး…စာသင်ချိန်… ပညာရေးကို…
…. အပြေးလာကြ ကျောင်းသားလူငယ်တွေ…’


သီချင်းသံကလေးနဲ့စလိုက်ပြီးမှ ယနေ့ခေတ် ကျောင်းသားဘဝနဲ့ တာဝန်ကို စကားပြောခန်းကလေး ဝင်လိုက်တယ်။ ပြီးတော့ သံချပ် ဝင် လာပါတယ်..။

‘နောင်တစ်ခေတ်ရဲ့ ခေါင်းဆောင်များ. ကျောင်းသား ကျောင်းသား တို့ကျောင်းသား…      
အခုခေတ်လည်း သတ္တိပြောင်… ရှေ့ တန်းခေါင်းဆောင် ကျောင်းသားတွေပဲ…
ခွပ်ဒေါင်းအလံနဲ့ ကျောင်းသားညီ… ဒီမိုကရေစီအရေးဆိုကြ…
ဒီမိုကရေစီကျောင်းသားများ၊ ပြည်သူတွေက  လွန်အားထား…
ကျောင်းသား ကျောင်းသူ စိတ်ထားတူ၊ ညီတူညီမျှချစ်ခင်ကြ..
ဟိုတစ်ခေတ်က နယ်ချဲ့ရန်၊ အမြစ်ကလှန် ကျောင်းသားဖြိုဖျက်…
အခုလဲပဲ  ဒီမိုကရေစီ…. ရအောင်ယူမည် ကျောင်းသားတွေပေါ့
သွေးမြေတွေကျ….ချီးကျူးပါတယ်…
အားမာန်သတ္တိ ….. ဂုဏ်ယူပါတယ်…
နောင်တစ်ခေတ်ခေါင်းဆောင်…. ကြိုဆိုပါတယ်…
ညီညွတ်မှုကို…. ဂုဏ်ပြုပါတယ်…
တက်ကြွ စိတ်ထား… အားပေးပါတယ်…
ကမ္ဘာမှာလည်း…ကျောင်းသားပဲ…
ဗမာမှာလည်း….ကျောင်းသားပဲ…
အမှားကိုတိုက်တာ၊….ကျောင်းသားပဲ…
အမှန်ကိုလိုက်တာ….ကျောင်းသားပဲ…
ကြိုက်ရဲ့လားဟေ့…  ကြိုက်ပြီ..ကြိုက်ပြီ.
ကြိုက်ရင်..ဆက်လုပ်…’


သံချပ်ပြီးတော့ ဒီတစ်ခါဒိုးသံမလာပဲ သီချင်းကလေးနဲ့ပဲ  အပြီးသတ်ပါတယ်။

(လာပြီ လာပြီ၊ ကျောင်းသားလာပြီ) ၂
(ဒီမိုကရေစီ)၂ ရအောင်ယူပေးမည်…
(ကျောင်းသား ကျောင်းသူကလေးတွေ…) ၂
အပြစ်ကင်း ချစ်စရာ့ပုံဟန်ညီ၊ ဒီမိုကရေစီ…
အလှပန်းကလေးများ၊ ဖူးပွင့်ငုံဝေစီ (စုံစုံညီညီ) ၂   


မဲဆွယ်လှုံ့ဆော်ရေးတေးများ၊ သံချပ်များဖြစ်တာမို့  ဝန်ထမ်းလောကကိုတော့ သူက သူ့ဟန်နဲ့ အထူးပဲဖွဲ့နွဲ့ပြန်ပါတယ်…။ ဒိုးသံကလေးနဲ့ စလိုက်ပါတယ်..။

(ဝန်ထမ်းကောင်းတွေ…ပေါင်းစုညီစေ…ပြည်သူများနဲ့အတူ…မဲပေးလာပြီလေ…) ၂
ကြောက်စရာမလို…ရွံ့ စရာမလို…ဒီမိုကရေစီ…လူ့အခွင့်အရေးမို့…ရအောင်ယူကြမလေ…   
မြန်ပြည်တစ်ခွင်နေ…ဝန်ထမ်းကောင်းတွေ မဲပေးမှန်ပါစေ…


ပြီးတော့ သံချပ်လာပြန်ပါတယ်။

‘(ဝန်ထမ်းကောင်း) ၂ တိုင်းပြည့်လုပ်သား ဝန်ထမ်းကောင်း
ပေးတာယူပါ…ကြွေးတာစားပါ
အမြဲတွေး…အမြဲတွေးထားလျက်
မဲပေး….မဲပေးမမှားနဲ့
ဝန်ထမ်းကောင်းများ စိတ်ထားညီ… ဒီမိုကရေစီပန်းတိုင်ချီတက်
ပန်းတိုင်ချီတက် ဝန်ထမ်းကောင်း…. သမိုင်းရဲ့ တာဝန်ကျေပွန်ကြောင်း
ဒီမိုကရေစီပြည်သူများ… ဝန်ထမ်းတွေကို အားကိုးထား
အမြဲတွေး… အမြဲတွေးထားလျက်
မဲပေး… မဲပေးမမှားနဲ့’

 

(စကားပြော) ဟဲ-ဟဲ၊ ခေတ်ပညာတတ်တွေပဲဗျာ… ဒီလောက်ဆိုရင် လုံလောက်ပါပြီ…
‘တော်လောက်ပါပြီ၊ တော်လောက်ပါပြီ
ကြိုနေမယ်နော်… လာမှာပေါ့ဗျ
စိတ်ချမယ်နော်… စိတ်ချပါဗျ’


ဒီလိုထောင့်စုံအောင် သီချင်းကလေးတစ်လှည့်၊ သံချပ်ကလေးထိုးလိုက်၊ စကားပြောကလေးညှပ်လိုက်၊ ဒိုးဆစ်၊ ဒိုးသံကလေးများနဲ့ တိပ် ခွေနှစ်ခွေစာလောက် ပြင်ဆင်ထားပါတယ်။ ဒီအထဲကမှ စကားပြောအပိုဒ်တချို့ ဖြုတ်သင့်တာဖြုတ်၊ တချို့သီချင်းတွေက စာသားတူတာ တွေဖြုတ်နဲ့  တစ်ခွေစာလောက်  အသံသွင်းလိုက်ပါတယ်။

တိပ်ခွေကအသံသွင်းပြီးရင် ဗဟိုရဲ့ခွင့်ပြုချက်ယူရသေးတာမို့ ဗဟိုကို တင်ပြရပါတယ်။ ကိုတင်ထွတ်တို့လိုပဲ တစ်ချိန်က တက္ကသိုလ်မှာ ကျောင်းသားလှုပ်ရှားမှုတွေတုန်းက ဒိုးပတ်နဲ့ပါဝင်ခဲ့တဲ့ ရဲဘော်ဟောင်းများကိုလည်း ဖွင့်ပြချင်ပါတယ်။ ဒါပေမယ့် ဒီအချိန်ကရွေးကောက် ပွဲအတွက် လူတိုင်းက ကိုယ့်မြို့နယ်နဲ့ကိုယ် အလုပ်များနေချိန်မို့ အေးအေးဆေးဆေး နားထောင်းချိန်မရပါ။ ကျနော့်မိတ်ဆွေတွေကို ကို နွယ်ဝင်းအစွမ်းအစနဲ့ ကျနော်တို့မြို့မှာလဲဒါမျိုး ရှိပါတယ်ဗျ…လို့ ကြွားနိုင်ရုံလောက်ပါ။

အဲဒီအချိန်က ရွေးကောက်ပွဲလှုံ့ဆော်တိပ်ခွေတွေက မန္တလေးမြို့နယ်အချို့နဲ့ ရန်ကုန်မြို့နယ်အချို့ကတော့ တစ်ပြည်လုံးဖြန့်ဝေဖို့ ရည်ရွယ် ပြီးထုတ်ကြတာပါ.။ တိပ်ခွေတိုင်းမှာအဖွဲ့ချုပ်ရဲ့ မူတွေ၊ ပေါ်လစီတွေပါအောင် စပ်ဆိုတယ်ဆိုပေမယ့် တကယ်ကတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အကြောင်းကိုပဲ  အဓိကထားပြီးစပ်ကြတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းဖွဲ့တဲ့သီချင်း  မပါတဲ့အခွေ မရှိသလောက်ပဲ..။ တိပ်ခွေရဲ့ကာဗာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရယ်၊ ခမောက်ပုံရယ်၊ ခွပ်ဒေါင်းပုံရယ်ကတော့ အခွေတိုင်းမှာ  ပါပါတယ်။ တကယ်တော့ ရွေးချယ်တင်မြှောက်ပွဲကော်မရှင်က ဒေါ် အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုလို့ .. မြို့နယ်တစ်မြို့နယ်ရဲ့ ကိုယ်စားလှယ်လောင်းတစ်ဦး မဖြစ်ပေမယ့် လက်တွေ့ လှုံ့ဆော်မှုတွေအရတော့ တစ်ပြည်လုံးမှာ   ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်လိုက်တာပါပဲ။

ငုနဲ့ ပိတောက် နွေမှာလှိုင်မည်
စုနဲ့ ခမောက် မေမှာနိုင်မည်…..ဆိုတဲ့အတိုင်းပါပဲ။


တပြည်လုံးမှာ အဖွဲ့ ချုပ် မဲဆန္ဒနယ် (၄၅ဝ)  အရွေးခံဖို့ စာရင်းသွင်းထားတယ်..။ ဟိုမြို့နယ်တစ်ယောက်.. ဒီမြို့နယ်တစ်ယောက်..ပျောက်ကြားပျောက်ကြားနဲ့ တစ်ပြည်လုံးမှ မဲဆန္ဒနယ် ၂ဝဝ ကျော် ၃ဝဝ ကျော် လောက်နိုင်တယ်ဆိုရင်… ဒါဟာ   သူ့ဒေသအလိုက် စည်းရုံးရေး အားအရ နိုင်တာဖြစ်ဖို့ များပြီ။ ရှစ်ဆယ်ရာခိုင်နှုန်းကျော်..မဲဆန္ဒနယ်မြေ  (၄ဝဝ)  လောက်နိုင်ရင်တော့  ဒါဟာ…ရှစ်လေးလုံးအရေးတော်ပုံ ရဲ့ အဆက်..အောင်သီးအောင်နှံ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုဆိုတာ ထင်ရှားမှာပါပဲ။ ကျနော်တို့ကတော့ ဒီလိုတစ်ပြည်လုံး အတိုင်းအတာနဲ့ရော၊ မြို့နယ်အတွင်းမှာ မဲရာခိုင်နှုန်းများများနဲ့ နိုင်အောင်ရော  အဓိကရည်ရွယ်ချက်ထားပြီး အားကြိုးမာန်တက်လုပ်တာ ပါပဲ။

တချို့ကတော့  အဖွဲ့ ချုပ်ရဲ့ခမောက် တံဆိပ်ရလိုက်ရင် နိုင်မှာပဲဆိုပြီး ကိုယ်တာဝန်ကျတဲ့ နယ်တောင်စုံအောင် မဆင်းနိုင်တဲ့ ဗဟိုကချတဲ့ ကိုယ်စားလှယ်လောင်းတွေရှိနေပါတယ်။ ဒါဟာ ခေါင်းဆောင်တွေဘက်က တာဝန်မကျေတဲ့သဘောကို   ပြတာပဲ။ ဒါပေမယ့်   ပြည်သူ့ဘက် ကတော့ တာဝန်ကျေမှာပါဆိုတာ ကျနော်တို့ သိနေပါတယ်။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts