ကဗျာ

စေပိုင်ထွဋ် (ပုသိမ်) – အိမ်ထဲမှာ ပိတ်နေသူများသို့

အိမ်ထဲမှာ ပိတ်နေသူများသို့
စေပိုင်ထွဋ် (ပုသိမ်)
မေ ၁၀၊ ၂၀၁၄

 

  
အိမ်ထဲမှာနေပြီး
ကျွန်တော်တို့က သိပ်အေးတယ်
ညည်းတယ်
အိမ်ယာမဲ့ဘ၀ လမ်းဘေးပေါ်မှာ
ဘယ်လိုနေရှာမလဲ
တွေးကြည့်ကြည့်လိုက်။

အိမ်ထဲမှာနေပြီး
ရသာစုံမြည်းနေရတာတောင်
ကျွန်တော်တို့လျှာက ချီး(ဂျီး)များလွန်း
မလုံလောက်ဘူးလည်း ညည်းတွားချင်ရဲ့
စစ်ပွဲမှာ ဒုက္ခရောက်
ငတ်ပြတ်နေသူတွေဘ၀ စာနာမိရဲ့လား
တွေးအုံး။

အိမ်ထဲမှာနေပြီး
ကျွန်တော်တို့က မြင်ကြားသမျှ
ဘ၀မကျ စွတ်ဝေဖန်
ကိုယ်တိုင်ရော ထိုင်ရာက ထဖြစ်လို့လား
စဉ်စား။

အိမ်ထဲမှာနေပြီး
ကျွန်တော်တို့က ကိုယ့်အတ္တကိုယ်ပဲ အရောင်စိုး
လိပ်တွေလိုယက်လို့
လိုအပ်သူအတွက်
ထိထိရောက်ရောက် ကူညီဖြစ်ရဲ့လား
မညာဘဲ ဖြေကြည့်။

ကျွန်တော်တို့က အိမ်ထဲမှာနေပြီး
ဒီလိုဒီလို ဒီနည်းနဲ့
ကိုယ့်စိတ်နဲ့ကိုယ် အလင်းပိတ်မိနေတာ များတယ်
အမှန်တရားအတွက်
အပြင်ကို များများလျှောက်ကြည့်ဖို့
အများအတွက် အသုံးတည့်တဲ့သူဖြစ်ဖို့လိုတာ အမှန်ပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts