ကဗျာ သစ်ကောင်းအိမ်
သစ်ကောင်းအိမ်- ၀လေးသို့
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
သစ်ကောင်းအိမ်၊ မေ ၂၊ ၂၀၁၄
(သူ့ဖေစ်ဘွတ်နဲ့ ကိုဦးဘလော့ဂ်က ယူတယ်)
ငါဆိုတဲ့ အညတြရဲ့အမိမြေမှာ
မင်းဟာ ငါ့နိုင်ငံတော်ဈာပနပါ သူငယ်ချင်း…
ငါ့ အသံလွှင့်ဌာနတွေက
ဘရိတ်ကင်းနယူးဟာ
မင်းအကြောင်းတွေနဲ့ပဲ အက်ကြောင်းထပ်လို့
ဖျင်ပင်နီဝတ် အမျိုးကောင်းသားသမီးတွေဟာ
မင်းအထုပတ္တိကိုအထပ်ထပ်ဖတ်ကြားလို့
ငါ့ နိုင်ငံနဲ့ပတ်သက်တဲ့
သံရုံးတွေက
မင်းအတွက် ဝမ်းနည်းသဝဏ်လွှာတွေပို့လို့
ငါ့ လမ်းဆုံလမ်းခွတွေမှာ
ဂျာနယ်လက်ပွေ့အရောင်းသမားတွေက
မင်းနာမည်ကို ဈေးကွက်တင်ကြွေးကြော်လို့
ငါ့ညနေခင်းသတင်းစာတွေရဲ့
မျက်နှာဖုံးတွေမှာတော့
ပင်လယ်ကမ်းစပ်တနေရာမှာ
မင်းက မင်းရဲဘော်တယောက်ရဲ့ပုခုံးကိုဖက်
ကောင်းကင်ကိုလက်ညှိုးနဲ့ထိုးပြီး
ရယ်မောလို့ ပျော်ရွှင်လို့
ငါပိုင်ဆိုင်တဲ့ကောင်းကင်ပေါ်က
တိမ်တွေက ဦးထုပ်ကိုယ်စီချွတ်
မင်းသမိုင်းကို ဦးညွှတ်ဂုဏ်ပြုလို့
ငါပိုင်ဆိုင်တဲ့အိမ်ရှေ့တိုင်းက
မင်းကျဆုံးမှုအတွက် အလံတဝက်လွှင့်ထူလို့
မင်းချစ်ခဲ့တယ်ဆိုတဲ့ လူထုကြီး
အဲဒီလှိုင်းလုံးကြီးတွေရဲ့
ပခုံးပေါ်မှာ မင်းအလောင်းဟာ လှေနာဝါလို
တလူးလူး တငြိမ့်ငြိမ့် ရွက်လွှင့်လို့
သူတို့အားလုံး မင်းကိုမြှုပ်နှံဂုဏ်ပြုဖို့
ငါပိုင်ဆိုင်တဲ့ မြို့လယ်က ပြည်သူ့ရင်ပြင်ဆီ
မင်းနာမည်ကို ကြွေးကြော်ပြီး
မျက်ရည်စက်လက်နဲ့
လက်သီးလက်မောင်း ဆန့်တန်းထမ်းပိုးချီတက်လို့
ငါဆိုတဲ့ အညတြရဲ့အမိမြေမှာ
မင်းဟာ နိုင်ငံတော်ဈာပနပါ သူငယ်ချင်း။ ။
သစ်ကောင်းအိမ်
(၃၀ ဧပရယ်၊ ၂၀၁၄)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts