ကိုရာဇာ – နောက်ကျတဲ့စာ (၃)

May 1, 2014

နောက်ကျတဲ့စာ (၃)

ကိုရာဇာ၊ မေ ၁၊ ၂၀၁၄

ကိုရစ်

သတင်းတွေနဲ့ပဲ ခင်ဗျား နပမ်းလုံးနေရမယ်ထင်တယ်။ တက်သမျှသတင်း ဖြစ်သမျှသတင်း၊ ခင်ဗျားအနေ နဲ့မပျင်းမရိ အမြဲကြည့်နေမယ်လို့ကျနော်ထင်ပါတယ်။ ကျနော်လည်း အခုကွန်နက်ရှင်ကောင်းရင် ခင်ဗျားမိုးမခကို ၀င်ဖတ်ဖြစ်ပါတယ်။ ခင်ဗျားဦးနှောက်ကြီးကြီးနဲ့ ကျနော့်ဆောင်းပါးခေါင်းစီးပေးထားတာကိုလည်း သဘောကျသလို တဖက်မှာစိတ်မကောင်းလည်းဖြစ်မိတယ်။ “နောက်ကျတယ် … ကျနော်နောက်ကျတယ် … လွဲလည်းလွဲ တယ်” ပြောပါတော့။ ဒါပေမယ့်ကျန်တဲ့နောက်ကျမှု ကျန်တဲ့လွဲချော်မှုတွေ အလိုလိုပြေပျောက်နိုင်ပေမယ့် ဒီတစ် ခါနောက်ကျမှုကတော့ ကျနော့်ကိုတစ်သက်တာနောင်တရစေမယ့်ကိစ္စဖြစ်သွားပြီ။

ကျနော်ခင်ဗျားမသိတဲ့ အဆက်စပ်တစ်ခုပြောမလို့။ ၁၂ မတ်လ ၂၀၁၄နေ့နေ့လည်၂နာရီမှာ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းထောက်ပံ့ပွဲကို ဗဟန်းက တော်ဝင်နှင်းဆီမှာ လုပ်တယ်။ ကျနော်မတက်ဖြစ်ဘူး။ ကျနော် ခရီးသွားဖို့ရှိနေတယ်။ ညနေခြောက်နာရီ ကုက္ကိုင်းလမ်းဆုံ ဖူဆန်စားသောက်ဆိုင် အဘဧည့်ခံပွဲ ကျနော်တို့သွား တယ်။ ၀ှီးချဲနဲ့တက်လာတယ်။ ဒီကအပြီးကို Green Cross ကိုတစ်ခါတည်းသွားရမယ်ဆိုတာသိထားတယ်။ ညစောင့်မှာလည်း ကျနော်ပေါ့။

ဆေးရုံတကယ်ရောက်သွားချိန်မှာတော့ အဘကိုချစ်မြတ်နိုးကြတဲ့ အဘတည်ထောင်ပေးထားတဲ့ လူငယ်ဘုံရိပ်သာ ကလေးသုံးယောက် ရောက်နေပြီ။ အဘအတွက်အစောင့်လုံလောက်ပြီဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာချက်ကိုပဲ ကျနော်တွက်လိုက်မိတယ်။ ဒီကလေးတွေနဲ့လည်းအဘက အတော်လေးရင်းနှီးတယ်ပေါ့ဗျာ နောက်တော့နေ့တိုင်းလူနာမေး သွားဖြစ်တယ်။ အချိန်ကြာကြာနေဖြစ်တယ်ဆိုပေမယ့် အပြင်လူ နည်းနည်းဆန် သွားပြီပေါ့ဗျာ။ ဧည့်သွားဧည့်လာ သဘောဆောင်သွားတာကိုး။

အဲ့ဒီဆေးရုံကနေ ဗိုက်ကြီးဖောင်းလာပြီးအခြားစစ်ဆေးချက်တွေလိုတယ် လို့ဝိုင်းပြောပြီး ၀ိတိုရိယ ဆေးရုံကိုသွားပြဖို့လိုပြီ (ဆိုလိုတာကဆေးရုံပြောင်းဖို့) ဆိုတော့အဘက အတင်းငြင်းတယ် ။ သူသည်လည်း “နိုင်/ကျဉ်း” ဖြစ်တယ်။ ဒါကြောင့်အခြားသော နိုင်ကျဉ်းများနည်းတူ ဒီဆေးရုံပဲတက်မယ်ပေါ့ဗျာ။ အဘဦးတင်ဦးနဲ့ ဆရာဝန်တွေအားလုံးတိုက်တွန်းမှပဲသွားဖို့ သဘောတူတာကလား။ လူနာတင်ကားပေါ် ကျနော်ပါတယ် ။ မဖြူပါတယ်။ ဘုံရိပ်သာကလေးတစ်ယောက်ပါတယ်။ ကားကအဟောင်းဆိုတော့ အတော်ပူတယ်။ ကျနော်အဘကိုယ်ပေါ် နေရောင်ကျမှာစိုးလို့ နေထိုးနေတဲ့နေရာတွေကို ကျနော့်ကိုယ်လုံးနဲ့လိုက်ကာတယ်။ အဘက မဖြူကိုသေခြင်းတရားနဲ့ပတ်သက်လို့ ရှင်းပြပြောဆိုနေတယ်။ နောက်ဒီဝိတိုရိယဆေးရုံမှာ လိုအပ်သောစစ်ဆေးချက်တွေလုပ်မယ်၊ ပြီးရင်တော့ Green Cross ကိုပဲပြန်လာမယ်။

နောက်နေ့မနက်မှာ ကျနော်ကော မဖြူပါ အီတလီနိုင်ငံအထက်လွှတ်တော်အမတ်တစ်ယောက်ဖိတ် ကြားချက်နဲ့ခရီးထွက်ရတော့မယ်။ ၀ိတိုရိယက I C U မှာအဘကိုထားတယ် ကျနော်ခရီးထွက်ဖို့ဇဝေဇ၀ါ စပြီး ဖြစ်လာတယ်။ ကျနော်မသွားချင်တော့ဘူး။ မဖြူကလည်း မသွားဘူးလုပ်နေပြီ။ အဘက ကျနော့်ကိုခေါ်ပြီး နောက်ပြောင်နေသေးတယ်။ “မင်းလည်ပတ်တွေ ဘာတွေပတ်တာ ငါမသင်ပေးလိုက်ရတာ နာတယ်ကွာတဲ့။ မင်းတို့တောသားတွေက လူလူသူသူမှ ဖြစ်ပါ့မလားငါစိုးရိမ်နေတာ” ။ ဒီအချိန်မှာကျနော်က ကျနော်ခရီးမထွက် ခြင်ကြောင်း အဘကိုပြောတော့ အဘစိတ်ဆိုးတယ်။ “မင်းသွားရမယ် လုပ်စရာရှိတာတွေလုပ်ရမယ်။ပြောသင့်တာတွေ ပြောဖို့လိုမယ်။ တကယ်လို့မင်းခရီးမသွားရင် ငါ့ဆီလည်း လာစရာမလိုဘူး …” ဆိုတယ်။ အဲ့ဒီဆေးရုံကနေ ကျနော် ကန်တော်လေး ခနပြန်တယ်။ ပြန်သွားတော့သတင်းစကားက အမျိုးမျိုးဖြစ်နေပြီ။ အဘမရတော့ဘူး။ ခွဲစိတ် မှုတွေလုပ်ရမယ်။ ခွဲရင်လည်းကိုယ့်ဖက်မှာ ဆယ်ရာခိုင်နှုန်းလောက်ပဲရှိမယ်။ စိုးရိမ်ပူပန်စိတ်တွေနဲ့နိုင်ငံရေးသမားတွေ သတင်းထောက်တွေ အဘကိုချစ်ခင်မြတ်နိုးသူတွေနဲ့ ဆေးရုံဝန်းကြီးပြည့်နေပါတယ်။

အတော်ကြာ မနက်ဖက် အာရုံတက်လုနီးတော့ မခွဲရတော့ဘူးဆိုတဲ့ စကားကိုကြားရတယ်။ ဒါဆို အခြေနေကောင်းနိုင်တယ် မှတ်ထင်ပြီးကျနော်တို့ခရီးထွက်ခဲ့ကြတယ်။ ဟိုရောက်ပြီး နှစ်ရက်အကြာမှာ အဘအခြေ နေမကောင်းတော့ဘူး ဆိုလာပြန်တယ်။ ကျနော်တို့နဲ့တလျှောက်လုံး လိုက်ပါပေးနေတဲ့ စကားပြန်အမျိုးသမီးကော အဲ့ဒီကလူတွေကော ပြန်ဖို့ကျနော်တို့စီစဉ်သေးတယ်။ ဟိုကအစီစဉ်ဖျက်ရတော့မယ်ပေါ့လေ။ တစ်ရက် စောင့်ကြည့်လို့… ဒီတိုင်းဆိုအစီစဉ်တွေဖျက် ပြန်မယ်ဆိုသဘောတူတယ်။ နောက်ရက်မှာ သတင်းစကားကြားရတယ်။ အဘအခြေနေတိုးတက်လာပြီတဲ့။

ဒါနဲ့လုပ်စရာရှိတာလုပ်တယ်။ အဘဆီနေ့တိုင်း သတင်းစကားပါးရတယ်။ လွှတ်တော်မှာ မဖြူစကား ပြောရင် ပြောနေကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ရင်တွေ့ကြောင်း … သတင်းစကားပါးတယ်။ လူငယ်တွေပြန်ပြောတယ်။ အဘ အရမ်းဝမ်းသာနေတယ်တဲ့။ ဒီမှာနိုင်ငံရေး ပြက်ပြက်ထင်ထင်ဖြစ်ခဲ့တာ တစ်ခုတော့ ပြောအုံးမယ်။

အီတလီနိုင်ငံခြားရေးဝန်ကြီးက “ငြိမ်းချမ်းရေးကိစ္စအောင်မြင်မယ်ထင်သလေား” မေးတယ်။ ကျနော်တို့ပြန်ဖြေတယ်။ “နိုး …” ပါ။ ဘာ့ကြောင့်လဲ ဆိုတော့ အဘစကား၊ အဘတရားတွေ ပြောလိုက်တယ်။ “စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင်တော့ တပ်မတော်ကိုပါ ဖက်ဒရယ်တပ်မတော်ဖြစ်အောင် လုပ်ရမယ်။ နောက်တစ်ခုက တကယ့်ကိုငြိမ်းချမ်းရေးလိုချင်တဲ့စိတ် မရှိဘူး။ နိုင်ငံရေးသမားဆိုလည်း နိုင်ငံရေးလက်နက် ချလာ။ တော်လှန်ရေးသမားဆိုလည်း တော်လှန်ရေးလက်နက် ချလာ။ အကုန်ဒူးထောက် လွှတ်တော်တည်းဟူသော နေရာကနေ ပြောကြပါ၊ ဆိုကြပါဆိုတော့ … ဘယ်သူကမှအယုံကြည်မရှိပဲ ပျက်မယ်။ ဒီတစ်ခုလေးနဲ့ အဘကျေးဇူး သိတတ်ခဲ့တယ်။

ဟိုမှာဆယ့်နှစ်ရက်ကြာတယ်။ အသွားတစ်ရက်အပြန်တစ်ရက် ပေါင်းဆယ့်လေးရက်။ လေဆိပ်ပြန် ရောက်ရောက်ခြင်းအဘဆီ ဆင်းပြေးတယ်။ အဘအခြေနေမကောင်းဘူးဆိုတာလောက်တော့သိတယ်။ ဘယ် လောက်ဆိုးတာလဲ၊ ဘယ်လိုဆိုးတာလဲ ဆိုတာကျနော်တို့မသိနိုင်ဘူးလေ။ ရွှင်လန်းမြူးထူးရက်တွေမှာ လည်းကျနော်ရှိတယ်။ အနာသည်းလွန်းလို့ အသဲနာပါတယ်လို့ ညည်းညူရက်တွေမှာလည်းကျနော်ရှိတယ်။ လူငယ်တွေကပြောတယ် “မဖြူကိုတော့ အတော်လေးချစ်တာကလား” တဲ့ Green Cross ရက်တွေကတည်းက လာသမျှလူတွေ အထူးသဖြင့်ကိုဂျင်မီ+မနီလာသိန်း လင်မယားကို မဖြူကိုေ စာင့်ရှောက်ဖို့တဖွဖွမှာနေ ဆိုလားဗျာ။       ဒီတော့ ကိုရစ်ရေ … “အဘမောင်ပိုင်စီး နာမည်ကြီးရေး” လုပ်နေတယ်ထင်အုံးမယ်။ ကျနော်ဆိုလိုချင်တာ ကျနော့်နောက်ကျမှုတွေဟာ တစ်ခါတရံ ကံကြမ္မာက ကျီဆည်နေသလိုခံစားရတယ်။  ထားပါတော့ဗျာ ။ ကျနော့်စိတ်ထဲမှာ ခံစားနေရတာ အဘကိုသေမင်းက ခေါ်သွားတာမဟုတ်ဘူးဗျ။ သေမင်းကို သရော်လှောင်ပြောင် အနိုင်ကျဲသွားတာ။ အဘ တအားကိုအနိုင်ကျဲချင်တဲ့ကိစ္စ။ ခင်ဗျားလည်းသိတယ်။ ကျုပ်လည်းသိတယ်။ စစ်အာဏာရှင် အကိုင်းခုတ်၊ အပင်ကိုထင်းလုပ်၊ အမြစ်တူးထုတ်ပစ်ရမယ်လေ။

အဘထပ်တလဲလဲပြောတာရှိတယ်။ “ကျနော်တို့အာဃာတ ထားနေတာမဟုတ်ဘူး။” ဒါပေမယ့် တိုင်းပြည်ရဲ့တကယ့်တရားခံတွေကိုတော့ အာဃာတနဲ့အမှတ်အသားပြုရမယ်။ ဒီလိုတော်လှန်ရေးသစ္စာပြုကြတော့ ခင်ဗျားတို့ဖွားအေကြီးက ခင်ဗျားတို့မောင်နှမနှစ်ယောက်ကို လက်မှတ်ထိုးခိုင်းပြီး တော်လှန်ရေးသစ္စာရှိဖို့မှာ တယ်ဆိုတာ အဘကစာတွေထဲမှာလည်းရေး ၊ ကျနော်နဲ့နှစ်ယောက်ချင်းလည်းပြော။ အစုအဖွဲ့တွေကိုလည်း ဟောတယ်။ ဒီတရား ဒီစကားကို ကျနော်တို့ဆက်လက်ဆုပ်ကိုင်ဖို့လိုမယ်။

ရဲဘော်တို့ … …

တော်လှန်ရေး သတိရှိကြ၊

တော်လှန်ရေး သစ္စာရှိကြ။           ။

ကျနော့်ပျက်ကွက်မှုများအတွက် ခင်ဗျားဆီအ ယူခံဝင်တာမဟုတ်ပဲ အဖြစ်ပျက်တစ်ခုကို ရှင်းလင်းပြောဆိုပြတယ်ပဲ မှတ်ပိုက်ပေးပါ။

တော်လှန်ရေးဆက်လုပ်မယ့်

ရာဇာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:U Win Tin, ကိုရာဇာ, ဟံသာဝတီ ဦးဝင်းတင်, ဦးဝင်းတင်

Comments are closed.

Archives