ဦးသန်းရွှေ (သို့) နေပြည်တော် မင်းသားကြီး – အပိုင်း (၄)
သန်းဝင်းလှိုင်
ဧပြီ ၂၈၊ ၂၀၁၄
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု
သွားလေသူ ဗိုလ်ချုပ်ကြီးစောမောင်က သူ့ကိုယ်သူ ကျန်ခဲ့သည့် စစ်သား (ဝါ) ကျန်စစ်သား ဟူ၍ သူ၏ ကမ္ဘာကျော်မာရသွန် မိန့်ခွန်းရှည်ကြီး၌ ထည့်သွင်းပြောဆိုခဲ့ဖူးသည်။ စစ်ထောက်လှမ်းရေးများ ဦးစီး၍ စစ်ထောက်လှမ်းရေး (၁၂)၏ သောင်ရင်း စာပေဝိုင်း ဟူ၍ အမည်တပ်ထားသော စာပေတိုက်မှ ထုတ်ဝေသော မြက်ခင်းသစ် မဂ္ဂဇင်း ရှေ့ဆုံး စာမျက်နှာ၌ “မုဒိတာ” ခေါင်းစဉ်တပ်၍ များစွာသော ခပ်သိမ်းသောသူ အပေါင်းတို့သည် သားတကွဲ၊ မယားတကွဲ၊ မိတကွဲ၊ ဖတကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဆင်းရဲဒုက္ခကို ငါ ငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါ သုတ်ပေးပါအံ့။ ငါ၏ လက်ယာလက်ဖြင့် ဆန်စပါးရိက္ခာကိုပေးအံ့။ ငါ၏ လက်ဝဲလက်ဖြင့် ဝတ်စားတန်ဆာကို ပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေသကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကိုနှစ်သိမ့်စေသကဲ့သို့ငါသည်လည်းတိုင်းသူပြည်သားတို့ကိုနှစ်သိမ့်စေအံ့” (ကျန်စစ်သား မင်း ခရစ်နှစ် ၁ဝ၈၄ – ၁၁၁၂) ဟူ၍ ဖော်ပြကာ၊ “မင်းရူးဘုံဆော်” လုပ်ပေးခဲ့ကြသည်။ နောက်ဆုံးတွင် ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ယဉ်ယဉ်ကလေး မင်းရူး ရူးကာ အထုတ်ခံလိုက်ရတော့သည်။
ဗိုလ်ချုပ်မှူးကြီး စောမောင်အား ဖယ်ရှား၍ အာဏာလွှဲယူလိုက်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း သူ ကိုးကွယ်နေသော ဘိုးတော်တစ်ဦးက ညောင်ရမ်းမင်းဆက် (ခရစ် ၁၆ဝဝ – ၁၇၅၂) မှ သာလွန်မင်းတရားကြီး (ခရစ်၁၆၂၉-၁၆၄၈) ဝင်စားခဲ့သူဟူ၍ ပြောဆိုရာမှ နောက်ပိုင်းတွင် သူကိုယ်တိုင် အပါအဝင် တစ်အိမ်သားလုံးက ယုံကြည်သွားကြသည်။
သူ့ဇနီး ဒေါ်ကြိုင်ကြိုင်ကလည်း ၂၀၀၂ ခုနှစ်မှစပြီး သူ့ကို “မယ်တော်ကြီး” ဟု ခေါ်စေပြီး သူ့သမီးများကို “သမီးတော်” ဟု ခေါ်ဝေါ်ကြရန် သူတို့မိသားစုနှင့် နီးစပ်သော စစ်ဘက်အရပ်ဘက် အရာရှိကြီးများကို နှုတ်မိန့်ဖြင့် ညွှန်ကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၆၉ ခု၊ ဇန်န၀ါရီလ၌ ကရင်ပြည်နယ်ရှိ အမှတ် (၇၇) ခြေမြန်တပ်မသို့ ဗိုလ်မှူးရာထူးဖြင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးရိုးမ၊ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်များ လှည့်လည်သွားလာခဲ့ ရသည်။
ဤသို့လှည့်လည်ရင်း ကရင်ပြည်နယ် ဘားအံမြို့ ကုန်ကလေးအရပ်၌ အဒေါ်များနှင့် နေထိုင်သော ဒေါ်ကြိုင်ကြိုင်နှင့် တွေ့ဆုံရင်းနှီးကာ ချစ်ကျွမ်းဝင် လက်ထပ်ခဲ့သည်ဟု သိရသည်။ ဒေါ်ကြိုင်ကြိုင်သည် ကရင်ပြည်နယ် မြိုင်ကလေးအနီးရှိ ထီလုံခြမ်း၌ အဖ တရုတ်လူမျိုး ဦးကြူတင်နှင့် မိခင် ပအို့ဝ်သူ ဒေါ်ဖွားမေတို့မှ ဖွားမြင်ခဲ့သည်။ သို့သော် ကော့ကျိုက်မြို့၌ ကြီးပြင်းခဲ့သည်ဟု ဆိုသည်။ မွေးချင်း ၉ ဦးအနက် ပဉ္စမမြောက် သမီးဖြစ်သည်။ ဒေါ်ကြိုင်ကြိုင်၏ မွေးချင်းအစ်ကိုနှင့် ညီမနှစ်ဦးမှာ ဦးဘသိန်း၊ ဦးအောင်သန်း၊ ဒေါ်မြမေ၊ ဒေါ်မအုံ တို့ ဖြစ်သည်။ သူ့ဖခင် ဦးကြူတင်သည် အိမ်ထောင်နှစ်ဆက် ရှိသူဖြစ်ပြီး ပထမဇနီးမှာ ဒေါ်နန်းဝန်းဖြစ်သည်။ ပထမဇနီးနှင့် သား ဦးစိန်ကီး (မန္တလေး) (နှလုံးခွဲစိတ်ကုဆရာဝန် ဒေါက်တာ ခွန်စိုးမိုး၏ ဖခင်) နှင့် ဦးစောစံရွှေ (သမဝါယမမင်းကြီးဟောင်း) တို့ ထွန်းကားခဲ့သည်။ ဒုတိယဇနီး ဒေါ်ဖွားမေနှင့် သားသမီး (၉) ဦး ထွန်းကားခဲ့သည်။
ဦးသန်းရွှေနှင့် အိမ်ထောင်မကျခင်က ဒေါ်ကြိုင်ကြိုင်သည် မော်လမြိုင်မြို့၌ ပညာသင်ကြားနေဆဲ ဖြစ်သည်။ ဒေါ်ကြိုင်ကြိုင်၏ အမည်ရင်းမှာ မကြန်ဖြစ်သည်။ နောင်တွင် အများက ဒေါ်မကြိုင်ဟု ခေါ်တွင်ရာမှ ဒေါ်ကြိုင်ကြိုင် ဖြစ်လာသည်။ ဗိုလ်မှူးကလေး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် အကြင်လင်မယား ဖြစ်ပြီးနောက် သား (၃) ဦးနှင့် သမီး (၅) ဦး [ နိုင်စန်းရွှေ၊ ထွန်းနိုင်ရွှေ၊ မဒေဝါရွှေ၊ မခင်ပြုံးရွှေ၊ မကြည်ကြည်ရွှေ (မသြ)၊ သန့်ဇော်ရွှေ (မောင်မောင်) ၊ မအေးအေးသစ်ရွှေ၊ မသန္တာရွှေ (မပေါက်) ] ထွန်းကားခဲ့သည်။
သား နိုင်စန်းရွှေ၏ ဇနီးမှာ ဒေါက်တာ ခင်ဝင်းစိန်ဖြစ်ပြီး ထွန်းနိုင်ရွှေ၏ ဇနီးမှာ သန္တာခင် ဖြစ်သည်။ သမီး ကြည်ကြည်ရွှေ၏ ခင်ပွန်းမှာ ဆေးတပ်အရာရှိ ဒေါက်တာနေစိုးမောင် ဖြစ်သည်။ သမီးငယ် ခင်ပြုံးရွှေ၏ ခင်ပွန်းမှာ ဗိုလ်မှူးကြီး သိန်းနိုင် (လေတပ်) ဖြစ်သည်။ ၎င်းသည် မကြာမီမှာပင် တပ်တွင်း အပြောင်းအလဲ၌ ဗိုလ်မှူးချုပ်အဆင့် တိုးမြှင့်ခံရကာ မင်္ဂလာဒုံ လေတပ်စခန်းမှူးအဖြစ် တာဝန်ပေးအပ်ခံရသည်။ အငယ်ဆုံး သမီးထွေး သန္တာရွှေ၏ ခင်ပွန်းမှာ ဗိုလ်မှူး ဇော်ဖြိုးဝင်းဖြစ်သည်။ ယင်းတို့၏ မင်္ဂလာဆောင်ကို ရိုက်ကူးထားသော “စိန်စီသောည” ဗွီဒီယိုခွေဖြင့် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။ သမီးကြည်ကြည်ရွှေနှင့် ဒေါက်တာနေစိုးမောင် (နောင်ဒုတိယဗိုလ်မှူးကြီး၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ကထိက)တို့မှ သား နေရွှေသွေးအောင် ကို ဖွားမြင်သည်။ ၀ါဆိုလပြည့်နေ့၌ ဖွားမြင်၍ “ဖိုးလပြည့်” ဟု မှည့်ခေါ်ထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အချစ်ဆုံး မြေးတော်ဖြစ်သည်။ ၎င်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဖခင်ဝင်စားသူဟူ၍ မိသားစုက ယုံကြည်ခဲ့ကြသည်။
ထို့နောက် ကြည်ကြည်ရွှေသည် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် ဒေါက်တာနေစိုးမောင် နှင့် တရားဝင် ကွာရှင်းပြတ်စဲလိုက်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုသည် စီးပွားရေးလုပ်ငန်းကြီးများ၌ ထင်ထင်ပေါ်ပေါ် လုပ်ကိုင်သည်ကို မတွေ့ရသော်လည်း နှစ်စဉ် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ ကန်တော့ငွေများ၊ ပုဂံလေကြောင်း အပါအဝင် ကျောက်မျက်အသင်း ဥက္ကဌနှင့် ထူးကုမ္ပဏီပိုင်ရှင် ခရိုနီ ဦးတေဇ နှင့်မကြာခင်လွတ်မြောက်လာသော ဦးမောင်ဝိတ်တို့၏ စီးပွားရေးလုပ်ငန်းများ၌ အစုရှယ်ယာ ထည့်ဝင်ထား ကြောင်း သိရသည်။
ဒေါ်ကြိုက်ကြိုင်သည် ဗိုလ်မှူးသန်းရွှေနှင့် လက်ထပ်ပြီးနောက် အောက်ခြေသိမ်း အိမ်မှုကိစ္စများသာမက ခင်ပွန်းဖြစ်သူ၏ အနာဂတ် တက်လမ်းအတွက် အကြံဥာဏ်ရလိုရကြောင်း၊ နောက်ကွယ်၌ တတ်ကျွမ်း နားလည်သည့် ဗေဒင်လက္ခဏာ ဆရာများကို ချဉ်းကပ်ပြီး ခင်ပွန်းဇာတာကို တွက်ချက် စစ်ဆေးလေ့ ရှိသည်ဟု သိရသည်။
ဧရာဝတီ ဂျာနယ် အတွဲ – ၁၊ အမှတ် -၅ (၂ဝ၁၄ ဖေဖော်ဝါရီ ၂ ရက်) ထုတ်၌ အောင်ဇော် ရေးသားခဲ့သော “အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း (၅)” ဆောင်းပါး၌ ဒေါ်ကြိုင်ကြိုင်သည် ၁၉၈ဝ ပြည့်နှစ် ဝန်းကျင်လောက်တွင် အခြားအရာရှိ ကတော်များနှင့်အတူ နာမည်ကျော် ဝေဒပညာရှင် ဦးဥာဏ်ဇော် ဆီ သွားရောက်ဗေဒင်တွက်ခဲ့ရာ သူ့ခင်ပွန်းသည် တစ်နေ့ကျလျှင် မြန်မာနိုင်ငံ၏ အကြီးအကဲ ဖြစ်လာလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့ရာ ပထမပိုင်း၌ ဒေါ်မကြိုင်သည် မယုံကြည်ခဲ့ ဟု ဆိုသည်။ ထို့ပြင် မလိုသူများ သိသွားလျှင် သူ့ခင်ပွန်း အလုပ်ပြုတ်သွားမည်ကိုလည်း စိုးရိမ်ခဲ့ကြောင်း ၊ ထို့ကြောင့် ယင်းအကြောင်းကို မည်သူ့ကိုမျှ မပြောခဲ့ကြောင်း ရေးသား ဖော်ပြသည်။
ထို့နောက် အခြားဗေဒင်ဆရာများကလည်း ယခင်ဗေဒင်ဆရာများ ဟောခဲ့သည့်အတိုင်း ထပ်တူထပ်မျှ ထပ်မံဟောကြားခဲ့ရာ ဒေါ်ကြိုင်ကြိုင်သည် ယုံရအခက် မယုံရအခက် ဇဝေဇဝါ ဖြစ်လာခဲ့သည်။ ဦးသန်းရွှေ၏ ဖအေတူ အမေကွဲ အစ်မကြီးဖြစ်သူ ဒေါ်ကြီးခင် ကလည်း စကားစပ်၍ “မောင်သန်းရွှေက မွေးကတည်းက ထူးခြားသူပါအေ၊ အချင်းစလွယ်သိုင်း မွေးခဲ့သလို သူ့ကိုယ်မှာလည်း မှဲ့စလွယ်ပါတယ်” ဟု ဆိုခဲ့သည်။ မြန်မာ့ရိုးရာ အစဉ်အလာ မှဲ့စလွယ်ပါသူများ နှင့် အချင်းစလွယ်သိုင်း မွေးဖွားသူများသည် ဘုန်းရှင် ကံရှင်၊ ပါရမီထူးသူများဖြစ်ပြီး တစ်နေ့တွင် အကြီးအကဲဖြစ်သည့် ပုဗ္ဗနိမိတ်ဟူ၍ ယုံကြည်ခဲ့ကြသည်။
မည်သို့ဆိုစေ အမှန်တကယ်ပင် တစ်နေ့သောအခါ၌ သူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် န၀တအဖွဲ့၏ ဥက္ကဌကြီး ဖြစ်လာခဲ့လေသည်။
အာဏာရှင် ဘဝ ၏ အစ
မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်၊ မတ်လ ၁၂ ရက် နေ့မှ ၂ဝ၁၁ ခုနှစ် မတ်လအထိ စစ်အာဏာရှင် သုံးဦး ရာစုဝက်မျှ အုပ်ချုပ်မင်းမူခဲ့ရာ ဗိုလ်ချုပ်ကြီး နေဝင်း (၁၉၆၂ – ၁၉၈၈)၊ ဗိုလ်ချုပ်မှူးကြီး စောမောင် (၁၉၈၈- ၁၉၉၂) နှင့် နောက်ဆုံးအာဏာရှင်ကြီးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပင် ဖြစ်သည်။ သူတို့သုံးဦးအနက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ ခုနှစ် အာဏာမရခင်အထိ လူသိများ ထင်ရှားခဲ့သူ မဟုတ်ချေ။ သို့သော် သူသည် ဆရာ့ဆရာများထက် တပည့်လက်ဝါးစောင်းထက် ဆိုသလို ဆရာသမားတို့၏ စံချိန်ကို ချိုးကာ အကြွင်းမဲ့အာဏာရှင် အဖြစ် ၁၉၉၂ မှ ၂ဝ၁ဝ အထိ ၁၈ နှစ်တိုင်တိုင် အုပ်ချုပ် စိုးမိုးနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် သူတို့ သုံးဦး မင်းမူအုပ်ချုပ်သွားခဲ့မှုကြောင့် အရှေ့တောင်အာရှတွင် သယံဇာတ အကြွယ်ဆုံး၊ လူသားအရင်းအမြစ် အဖွံ့ဖြိုးဆုံးနှင့် အာရှတွင်ဖွံ့ဖြိုးတိုးတက် အလားအလာအရှိဆုံးနိုင်ငံ တစ်နိုင်ငံ အဖြစ် စုတေ၍ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ၊ ယဉ်ကျေးမှုနယ်ပယ် အရပ်ရပ်တွင် ချွတ်ခြုံကျသွားသော ကျရူံးနိုင်ငံ (Failed Country) အဖြစ် သက်ဆင်းသွားခဲ့ရပေသည်။
ယခုအချိန်အထိ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည် နောက်ကွယ်မှ နိုင်ငံတော်အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားနိုင်သော တစ်ဦးတည်းသော သက်ရှိထင်ရှား ရှိသည့် အာဏာရှင်ကြီးပင် ဖြစ်သည်။ စင်စစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အောက်ခြေမှ အဆင့်ဆင့် ထိပ်ပိုင်းသို့ရောက်လာသော ၀ါရင့်စစ်သားကြီး တစ်ဦးမျှသာ ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်များတွင် မဆလပါတီ ဗဟိုကော်မတီတစ်ဦးအဖြစ် တာဝန်ယူခဲ့ရုံမျှလွဲ၍ မည်မည်ရရ နိုင်ငံရေး အတွေ့အကြုံ မရှိလှပေ။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်နေဝင်းတို့ကဲ့သို့ နိုင်ငံရေး အစဉ်အလာ ရှိသူလည်း မဟုတ်ချေ။
ထို့ကြောင့်လည်း နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွင် သူသည် စစ်ရေးအမြင် ၊ စစ်ရေးရပ်တည်မှု၊ စစ်အာဏာ တည်မြဲမှုကိုသာ ရှေးရူ၍ အရာရာကို စစ်ရေးအမြင်ဖြင့်သာ ရူမြင်သုံးသပ် ဆောင်ရွက်ခဲ့သည်။ သူသည် စစ်ရေးအင်အားကိုသာ အားပြုခဲ့သည်ဟု ဆိုနိုင်ပေသည်။
သူသည် အာဏာရရှိလာသည်နှင့် တစ်ပြိုင်နက် စစ်တပ်ဖွံ့ဖြိုးကြီးပွားရေးကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။ ပြည်သူလူထု၏ လိုလားထောက်ခံမှုထက် စစ်တပ်၏ ထောက်ခံမှု ရရှိရေးသာ အဓိကဟု ခံယူထားသည်။ စစ်တပ်ထောက်ခံမှု ခိုင်မာမှ သူ့အာဏာ ကုလားထိုင်မြဲမည်ဟူ၍လည်း လက်ခံထားသူ ဖြစ်သည်။ နှစ်ပေါင်း ၂၀ ကျော် သူ၏ အာဏာရှင် အုပ်စိုးမှုက ဤသို့သော စစ်တပ်ထောက်ခံမှု ကျောထောက် နောက်ခံကို သူ ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ခဲ့ကြောင်း ညွှန်းဆိုပြလျက်ရှိသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခင်ကာကွယ်ရေးဦးစီးချုပ်များ အသက် ၆ဝ ပြည့်လျှင် မယူမနေရ သက်ပြည့်ပင်စင် အငြိမ်းစားယူခဲ့ရမည့် အစဉ်အလာ စည်းကမ်းကို ချိုးဖောက်၍ အသက် ၇၈ နှစ် အချိန်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဆုပ်ကိုင်ထားခဲ့သည်။ ရည်ရွယ်ချက်မှာ စစ်တပ်ကို ဆက်လက် ထိန်းချုပ်နိုင်ရန် ဖြစ်သည်။ သူယုံကြည် စိတ်ချထားသူ အနည်းငယ်မှလွဲ၍ ကျန်စီနီယာ စစ်အရာရှိကြီးများ အားလုံးကို အငြိမ်းစား ယူစေ၍ စစ်တပ်မှ ထွက်ခိုင်းခဲ့သည်။
သာဓကအားဖြင့် ခပ်ရင့်ရင့် စစ်တိုင်းမှူးများဖြစ်ကြသော နမခ (နောင်လပခ) တိုင်းမှူး ဗိုလ်ချုပ် ထွန်းကြည်၊ မပခ တိုင်းမှူး ဗိုလ်ချုပ် ကျော်ဘ နှင့် လပခတိုင်းမှူး ဗိုလ်ချုပ် အေးသောင်တို့သည် စစ်ရုံးချုပ်မှ ဗိုလ်ချုပ်ကြီးများကို သိပ်ဂရုမစိုက်ဘဲ ယင်းတို့လုပ်ချင်ရာကို စွပ်လုပ်တတ်သူများအဖြစ် နာမည်ကြီးပေသည်။
ဗိုလ်ချုပ် ထွန်းကြည် ၁၉၃၈ ခု၊ မေလ ၁ ရက်နေ့တွင် မုံရွာမြို့၌ ဖွားမြင်ခဲ့ပြီး ၁၉၅၄ ခုနှစ်၊ မေမြို့ စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သူ ဖြစ်သည်။ ၁၉၅၉ တွင် ပြန်တမ်းဝင်အရာရှိ ဒုဗိုလ် အဖြစ် ခန့်အပ်ခံရပြီးနောက် အမတ ၁ တွင် တပ်စုမှူး၊ တပ်ထောက်၊ ၁၉၆၄ တွင် ဗထူးမြို့ရှိ တိုက်ခိုက်ရေး သင်တန်းကျောင်း (တခရ) ၌ နည်းပြအရာရှိ ၁၉၆၉ တွင် အမတ ၃ တပ်ခွဲမှူး၊ ၁၉၇၁ တွင် ခလရ ၂၆ ခွဲမှူး (ဗိုလ်မှူး) ၊ ၁၉၇၂ ခုနှစ် နမခတွင် စစ်ဦးစီးမှူး (ဒုတိယတန်း) ၊ ၁၉၇၆ မပခတွင် စစ်ဦးစီး (ပထမတန်း)၊ တိုင်းစည်းရုံးရေးကော်မတီဝင်၊ ၁၉၈၁ တွင် တမခ ၈၈ ၌ တပ်မမှူး၊ တပ်မတော်စည်းရုံးရေးကော်မတီ ဥက္ကဌနှင့် ၁၉၈၈ မတိုင်မီ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးအဖြစ် ထမ်းရွက်ခဲ့သူ ဖြစ်သည်။
ဗိုလ်ချုပ်ကျော်ဘသည် ၁၉၃၂ ခု ဇွန်လ ၇ ရက်နေ့တွင် လွိုင်ကော်မြို့၌ ဖွားမြင်ခဲ့ပြီး မော်ချီးမိုင်းနှင့် လွိုင်ကော်မြို့၌ ပညာသင်ကြားခဲ့သည်။ ၁၉၅၀ အဋ္ဌမတန်း၌ ပညာသင်ကြားနေစဉ် ဆသရ တပ်ဖွဲ့သို့ ၀င်ရောက်အမှုထမ်းခဲ့ပြီး ၁၉၅၃-၅၄ တို့တွင် နဂါးနိုင်၊ ဘုရင့်နောင် စစ်ဆင်ရေးတို့၌ ပါဝင်ဆင်နွှဲခဲ့သည်။ ၁၉၅၇ တွင် တန်းမြှင့်ကျောင်းထွက် စာမေးပွဲကို ပြင်ပမှ ဖြေဆိုအောင်မြင်ပြီး ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၂၁) သို့ တက်ရောက်ခဲ့သည်။ ယင်းနောက် ပြန်တမ်းဝင်အရာရှိ ဒုဗိုလ်အဖြစ် ခလရ ၂ တွင် တာဝန်ချထားခြင်း ခံရသည်။
ခလရ ၂ တွင် စုမှူး၊ ခွဲမှူးနှင့် တပ်ရေး၊တပ်ထောက်တွင် ထမ်းရွက်ခဲ့ရာ ၁၉၆၅ ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဗိုလ်ကြီးအဆင့်သို့ တိုးမြှင့်ခံရသည်။ ၁၉၆၅ ခု သြဂုတ်လ မှ ၁၉၇၁ ဇွန်လအထိ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းတပ်စုမှူး၊ တပ်ခွဲမှူး၊ လေ့ကျင့်ရေးတပ် တပ်ရေးတာဝန်များနှင့် ခလရ ၁၂ တွင် ၁၉၇၁ ဇွန်လမှ ၁၉၇၄ ခု ဇန်န၀ါရီလ အထိ တပ်ခွဲမှူး (ဗိုလ်မှူးအဆင့်ဖြင့်) တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၇၆ မှ ၁၉၇၈ အထိ စစ်ဦးစီးတက္ကသိုလ်တွင် နည်းပြဆရာနှင့် လက်ထောက်ကျောင်းအုပ်ကြီး (ဒုဗိုလ်မှူးကြီး)၊ ၁၉၇၈ မှ ၁၉၇၉ အထိ ခလရ ၃၈ တွင် တပ်ရင်းမှူး၊ ရပခနှင့် ကစထ – ၁ တွင် စစ်ဦးစီး (ပထမတန်း) ၊ ၁၉၇၉ မှ ၁၉၈၀ အထိ တမခ ၄၄ တွင် နည်းဗျူဟာမှူး၊ ၁၉၈၀ မှ ၁၉၉၈ အထိ တမခ ၆၆ တွင် နည်းဗျူဟာမှူး၊ ၁၉၈၁ မှ ၁၉၈၄ ထိ တမခ – ၉၉ တွင် ဒုတပ်မမှူးနှင့် ၁၉၈၄ မှ ၁၉၈၇ ထိ တမခ ၃၃ တပ်မမှူး၊ ၁၉၈၇ တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ တိုင်းမှူးတာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဗိုလ်ချုပ် အေးသောင်သည် ၁၉၃ဝ မတ်လ ၁၃ ရက်နေ့တွင် တောင်သာမြို့၊ ကျောက်ချောရွာ၌ ဖွားမြင်ခဲ့ပြီး ၁၉၄၃ တွင် အဋ္ဌမတန်းအောင်သည်အထိ ပညာသင်ကြားခဲ့သည်။ ၁၉၄၈ မတ်လ ၁၃ ရက်နေ့တွင် တပ်မတော်သို့ တပ်သားအဖြစ် စတင် ၀င်ရောက်ခဲ့သည်။ သနက ၃ တွင် တပ်သားအဆင့်မှ တပ်ကြပ်ကြီး အဆင့်အထိ ထမ်းရွက်ခဲ့သည်။ ၁၉၅၄ တွင် ဗိုလ်သင်တန်းတက်ခွင့်ရပြီး သနက – ၅ တွင် တပ်စုမှူး၊ ထောက်လှမ်းရေးမှူး၊ တပ်ထောက်ဗိုလ်ကြီး၊ ဒုတပ်ခွဲမှူး စသည့် တာဝန်များ ထမ်းရွက်ခဲ့သည်။ ၁၉၅၉ ဇူလိုင်လ ၂၉ တွင် ဗိုလ်ကြီးအဆင့် တိုးမြှင့်ခံရပြီးနောက် ခလရ ၄၉ တွင် အုပ်ချုပ်မှုခွဲမှူး၊ တပ်ရေး၊ တပ်ထောက် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ တရုတ်ဖြူပိတ်ဆို့ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။
သနက – ၃ တွင် ၁၉၆၈ – ၁၉၇၀ ထိ ထမ်းရွက်၍ ၁၉၇ဝ စက်တင်ဘာ – ၇ ရက်တွင် ခမရ ၁၀၇ သို့ ဗိုလ်မှူးအဆင့်ဖြင့် ခွဲမှူးတာဝန် ပြောင်းရွှေ့ထမ်းရွက်ခဲ့ရသည်။ စစ်ဆင်ရေးတွင် ဗကပ ဗိုလ်ကျင်ဖေအား အသေရရှိခဲ့သည်။ ၁၉၇၁ ခုနှစ် နိုဝင်ဘာ ၂၂ တွင် တမခ ၇၇ ညှိနှိုင်းကွပ်ကဲရေးမှူး၊ ၁၉၇၃ ဧပြီတွင် ခမရ ၁၀၈ တပ်ရင်းမှူးအဖြစ် ဆောင်ရွက်၍ ၁၉၇၅ ဇန်န၀ါရီ ၁၄ တွင် ဒုဗိုလ်မှူးကြီးအဆင့် တိုးမြှင့်ခံရသည်။ ရမခတွင် စစ်ဦးစီးမှူး (ပထမတန်း) နတခတွင် ယာယီဒုတိုင်းမှူးနှင့် စစ်ဗျူဟာမှူး၊ တတိယအကြိမ် ပါတီညီလာခံ ကိုယ်စားလှယ်အဖြစ် တမခ-၈၈ မှ ရွေးချယ်ခံရသည်။ ရမခတွင် ဒုတိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် ထမ်းရွက်ခဲ့သူ ဖြစ်သည်။
သူတို့ သုံးဦးသည် ထိုအချိန်မှာပင် နာမည်ကြီးခဲ့သူများဖြစ်ပြီး (၄) လပတ် အစည်းအဝေးတစ်ခု၌ “ရုတ်ရုတ်ရုတ်ရုတ်တော့ မလုပ်နဲ့၊ တို့ (၃) ယောက် ပေါင်းလိုက်ရင် မြန်မာနိုင်ငံကို နှစ်ပိုင်း ခွဲပစ်လို့ရတယ်” ဟူ၍ပင် စစ်ရုံးချုပ်ကိုပင် ခပ်ပြောင်ပြောင် ခြိမ်းခြောက်ရဲသူများ ဖြစ်သည်။
ဒီလို စစ်တိုင်းမှူးတွေ ရှိနေသရွေ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တပ်မတော်တစ်ခုလုံးကို သူ့ခြေသူ့လက် ထင်သလို ချုပ်ကိုင်၍ မရနိုင်ကြောင်း ကြိုတင်သဘောပေါက်ခဲ့သူ ဖြစ်သည်။
ထို့နောက် သူသည် ဗိုလ်ချုပ်မှူးကြီး စောမောင် ကျန်းမာရေး အခြေအနေဆိုးလာသည့် အချိန်မှစ၍ ခပ်ထောင်ထောင် ဗိုလ်ချုပ်များကို တပ်မဲ့ ဗိုလ်ချုပ်ဖြစ်လာအောင် စနစ်တကျ စတင်လုပ်ဆောင်ခဲ့သည်။
၁၉၉၂ ခုနှစ် မတ်လ ၅ ရက်နေ့တွင် စစ်ရေးချုပ် ဗိုလ်ချုပ်မြင့်အောင်ကို လယ်ယာစိုက်ပျိုးရေးဝန်ကြီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြသင်းကို သမဝါယမဝန်ကြီးအဖြစ်ပြောင်းလဲ ခန့်ထားလိုက် သည်။
စစ်ရေးချုပ် ဗိုလ်ချုပ်မြင့်အောင်နှင့် နပခတိုင်းမှူး ဗိုလ်ချုပ်မြသင်းတို့သည်လည်း ခေသူများ မဟုတ်ပါ။ ဗိုလ်ချုပ်မြင့်အောင်သည် ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ အရေးတော်ပုံအတွင်း နတခ တိုင်းမှူးအဖြစ်နှင့် ဧရာဝတီတိုင်း ပုသိမ်မြို့၌ တာဝန်ထမ်းဆောင်နေစဉ် “တစ်ပြည်လုံး ဒီမိုကရေစီရရင်တောင် ငါ့တိုင်းမှာတော့ မမျှော်လင့်နဲ့၊ ငါ့တစ်သက် ဘယ်တော့မှ မပေးဘူး” ဟူ၍ ခပ်တင်းတင်း ကြေညာခဲ့သူ ဖြစ်သည်။
ဗိုလ်ချုပ်မြင့်အောင်သည် ၁၉၃၂ ခု ဖေဖော်ဝါရီ ၁ဝ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့တွင် ဖွားမြင်ခဲ့သည်။ ၁၉၃၂ မှ ၁၉၄၈ အထိ ငါးသိုင်းချောင်းမြို့တွင် အထက်တန်းအထိ ပညာသင်ကြား၍ ၁၉၅၁ တွင် တပ်မတော်သို့ ၀င်ခဲ့သည်။ ၁၉၅၇ တွင် ဗိုလ်သင်တန်း အပတ်စဉ် ၁၈ သို့ တက်ရောက်ပြီး သေနတ်ကိုင်တပ်ရင်း သနက (၅) တွင် ဒုဗိုလ် အဖြစ် စတင် ထမ်းရွက်ရသည်။ သာယာဝတီမြို့နယ်မှ နတ်တလင်းမြို့တလျှောက်ရှိ စစ်ဆင်ရေးများတွင်လည်းကောင်း၊ ကျုံပျော်၊ ကျောင်းကုန်း၊ အိမ်မဲနယ်မြေအတွင်း စစ်ဆင်ရေးများတွင် လည်းကောင်း ပါဝင်ခဲ့သည်။
ထို့နောက် သနက ၅ တွင် တပ်ခွဲမှူးအဖြစ် ရှမ်းပြည်မြောက်ပိုင်း၌ ပြုလုပ်ခဲ့သော စစ်တံခွန် စစ်ဆင်ရေးတွင် ပါဝင်သည်။ ၁၉၆၅ တွင် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) စစ်ဆင်ရေးဌာန၌ ဦးစီးမှူး (တတိယတန်း) အဖြစ် ထမ်းရွက်၍ ၁၉၇၁ တပ်ခွဲမှူးအဖြစ် သနက(၅) သို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းမှတစ်ဆင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် (ဒုတိယတန်း) စစ်ဆင်ရေးအဖြစ် ထမ်းရွက်ခဲ့သည်။ ၁၉၇၄ တွင် ခလရ ၆၃ တပ်ရင်းမှူးအဖြစ် ထမ်းရွက်၍ မိုးမိတ်၊ မဘိမ်း၊ မန်တုံနယ်မြေတွင် ပြုလုပ်ခဲ့သော အောင်ကျော်မိုး စစ်ဆင်ရေးတွင် ပါဝင်၍ ၁၉၇၈ စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် ရပခသို့ ပြောင်းရွှေ့ပြီး ၁၉၇၈ တွင် ရပခ၌ စစ်ဗျူဟာမှူးအဆင့်သို့ တိုးမြှင့်ခံရသည်။ ယင်းနောက် လေးမာရ်အောင် စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည်။ ၁၉၇၉ တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) ၌ပင် ဒုတိယတိုင်းမှူး အဆင့်တိုးမြှင့်ခံရပြီး လေးမာန်အောင် စစ်ဆင်ရေးအား ကွပ်ကဲသည်။ ထို့နောက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တိုင်းမှူးအဖြစ် ထမ်းရွက်၍ စစ်ရေးချုပ်အဖြစ် ခန့်အပ်ခံရသည်။
ဗိုလ်ချုပ်မြသင်းသည် ၁၉၃၁ ဒီဇင်ဘာလ ၃၁ ရက် ဖွားမြင်၍ သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၄၉ တွင် တပ်မတော်သို့ဝင်၍ သနက-၂ တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၃ ဇူလိုင်လတွင် ဗိုလ်သင်တန်း ဆင်းပြီး ၁၉၅၄ သြဂုတ်လအထိ ခလရ (၅) တွင်လည်းကောင်း၊ ၁၉၅၄ ခု သြဂုတ်လမှ ၁၉၅၅ ခု ဖေဖော်ဝါရီလ အထိ ခလရ(၁၅) တွင်လည်းကောင်း၊ ၁၉၅၅ ဖေဖော်ဝါရီလမှ ၁၉၆ဝ ဇူလိုင်လအထိ တိုင်းလေ့ကျင့်ရေးနှင့် ဖြည့်တင်းရေးတွင်လည်းကောင်း၊ ၁၉၆ဝ ဇူလိုင်လတွင် ခမရ ၁ဝ၆ သို့လည်းကောင်း အသီးသီး ပြောင်းရွှေ့ထမ်း၍ တပ်ခွဲအရာရှိ၊ မော်တော်ယာဉ်မှူး၊ တပ်ခွဲမှူး၊ တပ်ရေးဗိုလ်ကြီးအဖြစ် ထမ်းရွက်ခဲ့သည်။
၁၉၆၂ မှ ၁၉၆၃ ခုနှစ်အထိ ခမရ ၁ဝ၆ ၊ ၁၉၆၃ ခု ဧပြီမှ ၁၉၆၆ ဇူလိုင်လအထိ ခလရ ၄၉၊ ၁၉၆၆ ဇူလိုင်လမှ ၁၉၆၉ ဇူလိုင်လအထိ တမခ ၇၇၊ ၁၉၇ဝ နိုဝင်ဘာလမှ ၁၉၇၂ စက်တင်ဘာလအထိ ခမရ ၁ဝ၁၊ ၁၉၇၂ စက်တင်ဘာမှ ၁၉၇၅ ဖေဖော်ဝါရီအထိ ရတခ၊ ၁၉၇၅ မတ်လမှ သြဂုတ်လအထိ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) စစ်ဆင်ရေးဌာန ၄ ခု၊ ၁၉၇၅ စက်တင်ဘာလမှ ၁၉၇၉ မတ်လအထိ ရတခ၊ ၁၉၇၉ ဧပြီလမှ ၁၉၈၃ သြဂုတ်လထိ တမခ၄၄၊ ၁၉၈၃ မှ ၁၉၄၆ ထိ နပခတွင် တပ်ရေး၊ တပ်ခွဲမှူး၊ နည်းဗျူဟာ ညှိနှိုင်းကွပ်ကဲရေးမှူး၊ တပ်ရင်းမှူး၊ တပ်ထောက် စစ်ဦးစီး (ပထမတန်း)၊ ဒုတိယတိုင်းမှူး၊ တိုင်းစည်းရုံးရေးကော်မတီဝင်၊ တပ်မှူး၊ တပ်မစည်းရုံးရေးကော်မတီဥက္ကဌ နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ရခိုင်ပြည်နယ် ဒေသပါတီကော်မတီဥက္ကဌ တာဝန်များကို ထမ်းရွက်ခဲ့သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ယင်းမာပင်မြို့နယ်မှ ကိုယ်စားလှယ်အဖြစ်လည်း ရွေးချယ်ခြင်း ခံရသည်။
ထို့နောက် သုံးယောက်ပေါင်း လောင်းကျော်ဖြစ်သည့် စစ်တိုင်းမှူးများဖြစ်သော ဗိုလ်ချုပ် ထွန်းကြည်ကို ကုန်သွယ်ရေးဝန်ကြီး၊ ဗိုလ်ချုပ်ကျော်ဘကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး၊ ဗိုလ်ချုပ် အေးသောင်ကို အလုပ်သမားဝန်ကြီးအဖြစ်ဖြင့် ၁၉၉၂ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ခန့်အပ်ကာ တပ်နှင့် အဆက်ဖြတ်လိုက်လေသည်။ သို့သော် စစ်တိုင်းမှူး တာဝန်များမှ ရုပ်သိမ်း၍ တပ်နှင့် အဆက် ဖြတ်ထားသော်လည်း ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဘက်ဆိုင်ရာ ရာထူးများကို ဆက်လက်ပေးထားသည့်အပြင် မြိုးမြိုးမြက်မြက်လေး စားရသည့် ၀န်ကြီးဌာနများကို ပေးပြီး နှစ်သိမ့်လိုက်သည့်အတွက် ခပ်ထောင်ထောင် စစ်တိုင်းမှူးတစ်စုသည် အဆီရစ်၍ အိပက်အိပက် အငိုက်မိသွားခဲ့လေသည်။
ထိုနေ့မှာပင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်နှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီးတင်ထွန်းတို့ကိုလည်း ဒုတိယဝန်ကြီးချုပ်များအဖြစ် ပြောင်းရွှေ့ခန့်ထားကာ လေတပ်၊ ရေတပ်များနှင့် အဆက်ဖြတ်လိုက်သည်။
ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်သည် ၁၉၂၉ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဖွားမြင်၍ ရန်ကုန်တက္ကသိုလ် ဥပစာ အထက်တန်းအထိ ပညာသင်ကြားခဲ့သူ ဖြစ်သည်။ တက္ကသိုလ်သံမဏိတပ်တွင် ပါဝင်လှုပ်ရှားခဲ့ဖူးသည်။၁၉၄၈ ဧပြီလတွင်တပ်မတော်(ရေ)သို့ ဗိုလ်လောင်းအဖြစ် ၀င်ရောက်ပြီး အင်္ဂလန်ပြည်သို့ ရေတပ်ပညာ သင်ကြားပို့လွှတ်ခြင်း ခံရသည်။
သင်တန်းဆင်းပြီးနောက် ၁၉၅၀ ခုနှစ်၊ စက်တင်ဘာတွင် ဗိုလ်အဆင့် ခန့်အပ်ခံရသည်။ ရေတပ်တွင် ဆက်လက်၍ ဗိုလ်ကြီး၊ ဗိုလ်မှူး ရာထူးအဆင့်ဆင့်ဖြင့် ဒုစစ်ရေယာဉ်မှူး၊ စစ်ရေယာဉ်မှူး၊ စစ်ဦးစီးမှူး (ရေ) တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ထို့နောက် ၁၉၅၈ တွင် ယူဂိုဆလားဗီးယားနိုင်ငံ၍ ရေအောက်လက်နက် သင်တန်း တက်ရောက် အောင်မြင်ခဲ့ပြီးနောက်၁၉၆၁တွင်အမေရိကန်ပြည်ထောင်စု၌ဆိပ်ကမ်းကာကွယ်ရေးသင်တန်းကို တက်ရောက် ခဲ့ သည်။ ၁၉၆၁ တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (B.A) ရရှိခဲ့သည်။
၁၉၆၃-၆၄ တွင် ဗြိတိန်နိုင်ငံ၌ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်လက်ထောက် စစ်သံမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၆၄ နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်ရေယာဉ်မှူး၊ တော်ပီတိုရေယာဉ်စုမှူး၊ စစ်ဦးစီးမှူး တာဝန်များကို ထမ်းရွက်သည်။ ၁၉၇၄ မှ ၁၉၇၈ အတွင်း လမ်းစဉ်ပါတီမှ ဖွဲ့စည်းပေးထားသော ရေကြောင်းလူငယ်အဖွဲ့ချုပ် ဥက္ကဌနှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဥက္ကဌတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၇၈ မှ ၁၉၈၁ အတွင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် စည်းရုံးရေး ကော်မတိဝင်နှင့် တနင်္သာရီ ရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး တာဝန်ကို ထမ်းရွက်ခဲ့သည်။ ၁၉၈၁ တွင် လမ်းစဉ်ပါတီဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း၊မြိတ်အနောက်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ရွေးချယ်ခြင်းခံရပြီးစစ်ဦးစီးဗိုလ်မှူးကြီး(ရေ)နှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး စည်းရုံးရေးကော် မတိဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည်။ ၁၉၈၂ တွင် ပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်၊ လမ်းစဉ်လူငယ်စည်းရုံးရေး ဗဟိုကော်မတီအဖွဲ့ဝင် (အချိန်ပိုင်း) တာဝန်များကို ထမ်းရွက်သည်။
ထို့နောက် ၁၉၈၅ တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် ခန့်အပ်ခြင်း ခံရပြီး ၁၉၈၆ တွင် ဗိုလ်ချုပ်၊ ၁၉၈၈ စက်တင်ဘာလ ၁၈ တွင် နဝတအဖွဲ့၌ အဖွဲ့ဝင် ဆောင်ရွက်၍ စက်တင်ဘာလ ၂ဝ တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးအဖြစ်လည်းကောင်း ဆောင်ရွက်၍ ၁၉၉ဝ ပြည့်နှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်း ခံရသည်။ ၁၉၉၂ စက်တင်ဘာလ ၂၄ တွင် ဒုတိယ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည်။
ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်းသည် ၁၉၃၀ ဒီဇင်ဘာလ ၂၈ ရက်တွင် ဖွားမြင်၍ ရန်ကုန်တက္ကသိုလ် ဥပစာ (သိပ္ပံ)တန်း အထိ ပညာသင်ကြားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် တပ်မတော် (လေတပ်) သို့ ၀င်ရောက်၍ ဗြိတိန်နိုင်ငံ အင်္ဂလန်ပြည်တွင် လေယာဉ်မောင်းသင်တန်း တက်ရောက်ခဲ့သည်။ နဂါးစစ်ဆင်ရေး၊ ဘုရင့်နောင် စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ပြီး သူရဲကောင်း မှတ်တမ်းဝင်အဖြစ် ချီးမြှင့်ခံရသည်။
၁၉၇၆ မှ ၁၉၈၁ ခုနှစ်အထိ စူးအက်ဒေသ ကုလသမဂ္ဂ အကဲခတ် အရာရှိအဖြစ်လည်းကောင်း၊ ၅၀၂ လေတပ်စခန်းမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။ တတိယအကြိမ် အရေးပေါ်ပါတီ ညီလာခံနှင့် စတုတ္ထအကြိမ် ပါတီညီလာခံတွင် ရန်ကုန်တိုင်းမှ ကိုယ်စားလှယ်အရွေးခံခဲ့ရသည်။ ၁၉၈၀ တွင် စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်ခံရသည်။ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက် အာဏာသိမ်းပိုက်ခဲ့သော န၀တအဖွဲ့၌ ဗိုလ်ချုပ်အဆင့်ဖြင့် အဖွဲ့ဝင်အဖြစ်ပါဝင်၍ စက်တင်ဘာလ ၂ဝ ရက်တွင် ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့တွင် ၀န်ကြီးတာဝန်များ ထမ်းရွက်ခဲ့သည်။ ၁၉၉၂ စက်တင်ဘာလလ ၂၄ တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ဒုတိယဝန်ကြီးချုပ် တာဝန်ကို ပေးခံခဲ့ရသူ ဖြစ်သည်။
ထို့နောက် လစ်လပ်သွားသော ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် စစ်တိုင်းမှူးများနေရာ၌ ဗိုလ်ချုပ်ကြီး သန်းရွှေသည် ၎င်း၏ ယုံကြည်စိတ်ချရသူများနှင့် အစားထိုးခန့်အပ် ခဲ့တော့သည်။ တပ်မမှူးနေရာများနှင့် စစ်ရုံးချုပ်မှ အရေးကြီးသည့် နေရာများ၌လည်း သူ၏ တပည့်ရင်းများကိုသာ တာဝန်ပေး ခန့်အပ်မှုများကို ချက်ချင်းပြုလုပ်ခဲ့သည်။ တစ်ဖန် တပ်နှင့် အဆက်ဖြတ်ခံရပြီး ၀န်ကြီး အပေးခံလိုက်ရသည့် ဗိုလ်ချုပ်များကို နှစ်သိမ့်ကြိုးပမ်းသည့် အနေဖြင့် ၁၉၉၃ မတ်လ ၂၇ ရက် တော်လှန်ရေးနေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး အဖြစ် တိုးမြှင့်ပေးခဲ့ပြီးနောက်၊ သူကိုယ်တိုင်လည်း ထိုနေ့မှာပင် ဗိုလ်ချုပ်မှူးကြီး ရာထူးကို တိုးမြှင့်ရယူလိုက်လေသည်။ အတွင်းရေးမှူး (၁) နှင့် (၂) တို့တွင် ထမ်းရွက်လျက်ရှိသောဗိုလ်ချုပ်ခင်ညွှန့်နှင့် ဗိုလ်ချုပ်တင်ဦးတို့သည်လည်း ဒုတိယဗိုလ်ချုပ်ကြီးများ ဖြစ်လာကြ သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တစ်နှစ်နီးပါးခန့် လစ်လပ်ထားခဲ့သော ဒုတိယ တပ်မတော်ကွယ်ရေး ဦးစီးချုပ်နေရာကို ဗိုလ်ချုပ် မောင်အေးအား ပေးလိုက်သည့်အတွက် ၎င်းနှင့် အပတ်စဉ်တစ်ခုတည်းဆင်းများ ဖြစ်ကြသောဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်တို့ အုပ်စုကလည်း ဗိုလ်ချုပ်မောင်အေးသာတစ်နေ့ တပ်မ တော်အကြီး အကဲ ဖြစ်လာခဲ့လျှင် သူတို့အတွက်လည်း အာမခံချက်နှင့် အခွင့်အရေးများ ယခုထက် ပိုမို ရရှိ လိမ့်မည်ဟု မျှော်လင့်၍ ဗိုလ်ချုပ်မှူးကြီး၏ ဆောင်ရွက်မှုကို ထောက်ခံခဲ့ကြသည်။
သို့သော် ယင်းတို့မျှော်လင့်ထားသလို ဖြစ်မလာဘဲ ဗိုလ်ချုပ်ကြီး မောင်အေးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကျော်လွန်၍ ဘာမှ မလုပ်ရဲသည့်အပြင် ဗိုလ်ချုပ်မှူးကြီး အကြိုက်ကိုသာ လိုက်နာလုပ်ဆောင် ပေးနေရသည့်အတွက် ဗိုလ်ထွန်းကြည်တို့ အုပ်စုသည် ယူကျုံးမရ ဒေါသထွက် ခံပြင်းခဲ့ကြသည်။
ထို့နောက် တစ်ဆင့်တက်၍ ဗိုလ်ချုပ်မှူးကြီးသည် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို စည်းရုံး၍ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီိး (၁၃) ဦး ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြသင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်အောင်၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွှန့်၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးသောင် ၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်မင်းတို့ကို အစုလိုက် အပြုံလိုက် ထုတ်ပယ်လိုက်လေသည်။ န၀တ စစ်အုပ်စုအတွင်းမှ ဒုတိယဗိုလ်ချုပ်ကြီး ၁၃ ဦး ဖယ်ရှားပြီးနောက် ယင်းနေ့မှာပင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အမည်ရှိ အဖွဲ့သစ်ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။
နအဖ အဖွဲ့၌ အဖွဲ့ဝင် ၁၉ ဦး ပါဝင်ပြီး ယခင် န၀တ အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့်၊ ဒု-ဗိုလ်ချုပ်ကြီး တင်ဦး စသည့် (၄) ဦးသာ ပြန်လည် ပါဝင်ခဲ့သည်။ နိုင်ငံတော်တွင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီး တည်ဆောက်နိုင်ရန် အလို့ဌာ ဟူ၍ ကြေညာခဲ့သည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
၁။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ- ဥက္ကဌ
၂။ ဗိုလ်ချုပ်ကြီး မောင်အေး- ဒုတိယဥက္ကဌ
၃။ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့်- အတွင်းရေးမှူး (၁)
၎။ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး- အတွင်းရေးမှူး (၂)
၅။ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းမြင့်- အတွင်းရေးမှူး (၃)
၆။ ဗိုလ်မှူးချုပ် ညွှန့်သိန်း- အဖွဲ့ဝင်
ကာကွယ်ရေးဦးစီးချုပ် (ရေ)
၇။ ဗိုလ်မှူးချုပ် ကျော်သန်း- အဖွဲ့ဝင်
ကာကွယ်ရေးဦးစီးချုပ် (လေ)
၈။ ဗိုလ်ချုပ် အောင်ထွေး- အဖွဲ့ဝင်
တိုင်းမှူး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်
၉။ ဗိုလ်ချုပ် ရဲမြင့်- အဖွဲ့ဝင်
တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်
၁၀။ ဗိုလ်ချုပ် ခင်မောင်သန်း- အဖွဲ့ဝင်
တိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်
၁၁။ ဗိုလ်ချုပ် ကျော်ဝင်း- အဖွဲ့ဝင်
တိုင်းမှူး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
၁၂။ ဗိုလ်ချုပ် သိန်းစိန်- အဖွဲ့ဝင်
တိုင်းမှူး၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်
၁၃။ ဗိုလ်ချုပ် သူရသီဟသူရ စစ်မောင်- အဖွဲ့ဝင်
ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်
၁၄။ ဗိုလ်မှူးချုပ် သူရရွှေမန်း- အဖွဲ့ဝင်
တိုင်းမှူး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်
၁၅။ ဗိုလ်မှူးချုပ် မြင့်အောင်- အဖွဲ့ဝင်
တိုင်းမှူး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်
၁၆။ ဗိုလ်မှူးချုပ် မောင်ဘို- အဖွဲ့ဝင်
တိုင်းမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်
၁၇။ ဗိုလ်မှူးချုပ် သီဟသူရ တင်အောင်မြင့်ဦး- အဖွဲ့ဝင်
တိုင်းမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်
၁၈။ ဗိုလ်မှူးချုပ် စိုးဝင်း- အဖွဲ့ဝင်
တိုင်းမှူး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်
၁၉။ ဗိုလ်မှူးချုပ် တင်အေး- အဖွဲ့ဝင်
တိုင်းမှူး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ဖြစ်သည်။
ထိုနေ့မှာပင် နအဖ အဖွဲ့၏ အစိုးရသစ်ကိုလည်း အဖွဲ့ဝင် ၃၉ ဦးဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းရာ ယခင် န၀တ အဖွဲ့မှ ၂၃ ဦး ပြန်ပါလာသည်။ ၀န်ကြီးဌာန (၄ဝ) ခု ဖွဲ့စည်းခဲ့ပြီး တပ်မတော်ရေးရာ ဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နှစ်ခု ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သည်။ ယင်းတို့မှာ ….
စဉ်ဝန်ကြီးဌာနအမည်
၁။ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
၂။ဒု-ဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်
၃။ဒု-ဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်း
၎။ကာကွယ်ရေးဝန်ကြီးဌာန၊ ၀န်ကြီးဗိုလ်ချုပ်မှူးကြီး သန်းရွှေ
၅။တပ်မတော်ရေးရာ ၀န်ကြီးဌာန ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး တင်လှ
၆။လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ် ညွှန့်တင်
၇။အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်သောင်း
၈။အမှတ် (၂) စက်မှုဝန်ကြီးဌာန ၊ ဝန်ကြီးဗိုလ်ချုပ် လှမြင့်ဆွေ
၉။နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးအုန်းဂျော်
၁၀။အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးဗိုလ်မှူးချုပ် အေဘယ်လ်
တိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး
၁၁။ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး တင်ငွေ
၁၂။အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး တင်အေး
၁၃။သမ၀ါယမ၀န်ကြီးဌာန၊ ဝန်ကြီးဦးသန်းအောင်
၁၄။ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဝင်းစိန်
၁၅။စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးဦးခင်မောင်သိန်း
၁၆။ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးပန်းအောင်
၁၇။ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်ချုပ် ကက်စိန်
၁၈။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဗိုလ်ချုပ် ကျော်သန်း
ဝန်ကြီးဌာန ၊ ဝန်ကြီး
၁၉။ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်ချုပ် စောလွင်
၂၀။ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဦးစိုးသာ
ဝန်ကြီးဌာန၊ ဝန်ကြီး
၂၁။ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးချုပ် ဝင်းတင်
၂၂။သာသနာရေးဝန်ကြီးဌာန၊ ၀န်ကြီးဗိုလ်ချုပ် စိန်ထွား
၂၃။ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ၀န်ကြီးဗိုလ်ချုပ် စောထွန်း
၂၄။သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ၀န်ကြီးဦးသောင်း
၂၅။ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်စန်း
၂၆။လူဝင်မှုကြီးကြပ်ရေးနှင့်ဦးစောထွန်း
ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၀န်ကြီး
၂၇။ပြန်ကြားရေးဝန်ကြီးဌာန၊ ၀န်ကြီးဗိုလ်ချုပ် ကြည်အောင်
၂၈။နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဗိုလ်မှူးကြီး သိန်းညွှန့်
ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး
ဝန်ကြီးဌာန၊ ဝန်ကြီး
၂၉။လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်ချုပ် တင်ထွဋ်
၃၀။အားကစားဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးချုပ် စိန်ဝင်း
၃၁။သစ်တောရေးရာဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်ဖုန်း
၃၂။ပြည်ထဲရေးဝန်ကြီးဌာန၊ ၀န်ကြီးဗိုလ်မှူးကြီး တင်လှိုင်
၃၃။သတ္ထုတွင်း ဝန်ကြီးဌာန၊ ၀န်ကြီးဗိုလ်မှူးချုပ် အုန်းမြင့်
၃၄။လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ဗိုလ်မှူးချုပ် ပြည့်စုံ
ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊၀န်ကြီး
၃၅။မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ၀န်ကြီးဗိုလ်မှူးချုပ် မောင်မောင်သိန်း
၃၆။နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဒုတိယဗိုလ်ချုပ်ကြီး မင်းသိန်း
ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌရုံး ၊ ၀န်ကြီး
၃၇။နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဗိုလ်မှူးချုပ် မောင်မောင်
ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌရုံး ၊ ဝန်ကြီး
၃၈။ဝန်ကြီးရုံး ၊ ဝန်ကြီးဗိုလ်မှူးချုပ် လွန်းမောင်
၃၉။ ဝန်ကြီးချုပ်ရုံး ၊ ဝန်ကြီးဦးသန်းရွှေ
၄၀။ဝန်ကြီးချုပ်ရုံး၊ ဝန်ကြီးဗိုလ်ချုပ် တင်ငွေ
စသည်တို့ ဖြစ်သည်။
ဤသို့ ဒုတိယဗိုလ်ချုပ်ကြီး (၁၃) ဦး နှင့် ဗိုလ်ချုပ် စိုးမြင့်တို့ကို အစုလိုက် အပြုံလိုက် ဖယ်ရှားခဲ့ပြီးနောက် တပ်တွင်း မငြိမ်မသက်မှုများနှင့် တပ်တွင်းပုန်ကန်မှုများ ပေါ်ပေါက်လာမည်စိုး၍ ၎င်းတို့ကို နအဖ အဖွဲ့၏ အကြံပေးအဖွဲ့အဖြစ် ဟန်ပြတာဝန်ပေးအပ်ခဲ့ပြီး စောင့်ကြည့်နေခဲ့သည်။
သို့သော် မြန်မာ့တပ်မတော်အတွင်းရှိ မည်သည့်တပည့်တပန်းမှ ဖြုတ်ထုတ်ဖယ်ရှားခြင်း ခံလိုက်ရသော ဒုတိယဗိုလ်ချုပ်ကြီးအတွက် ဒေါသပေါက်ကွဲပြီး မကျေမနပ် ဆူပူအုံကြွမှုများ မလုပ်ခဲ့ချေ။ ရာထူးရာခံ ရရှိသွားသော ဒုတိယဗိုလ်ချုပ်ကြီးများသည် ၎င်းတို့ ကောင်းစားစဉ်က မိမိတို့၏ တပည့်သားချင်းများကို ပြန်လည်ကြည့်ရူ စောင့်ရှောက်ခြင်း၊ ကူညီပံ့ပိုးခြင်း မရှိဘဲ အမြီးကျက် အမြီးစား ၊ ခေါင်းကျက်ခေါင်းစား စိတ်ဓာတ်မျိုး ရှိနေသူများသာ ဖြစ်သောကြောင့် မည်သည့်တပည့်မှ ၀မ်းနည်းကြေကွဲမှု မဖြစ်ခဲ့ကြပေ။
ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တပ်မတော်အတွင်း တစ်စုံတစ်ရာ ရိုက်ခတ်မှု ဘာမျှ မရှိသည့်အတွက် (၇) လ အကြာ ၁၉၉၈ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် နအဖ အကြံပေးအဖွဲ့ကို ပြန်လည်ဖျက်သိမ်း လိုက်ကြောင်း ကြေညာခဲ့ပြန်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နအဖ ဥက္ကဌအဖြစ် တာဝန်ယူပြီးနောက် အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့ အခြေစိုက် ‘Leaders’ မဂ္ဂဇင်း အယ်ဒီတာ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ ‘Leaders’ မဂ္ဂဇင်းသည် သုံးလတစ်ကြိမ်ထုတ်ဖြစ်ပြီး ကမ္ဘာကျော် ထင်ရှားသော ခေါင်းဆောင်များထံသို့ ဖြန့်ချိပေးသည်။ မဂ္ဂဇင်း၏ စောင်ရေကိုလည်း တင်းကျပ်စွာ ကန့်သတ်ထားသည်။ ‘Leaders’ မဂ္ဂဇင်း အယ်ဒီတာ၏ မှတ်ချက်မှာ မြန်မာနိုင်ငံအစိုးရ အဖွဲ့ကို စစ်ဘက်မှ ဦးဆောင်မှုရယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြည်ပစာနယ်ဇင်းများနှင့် တွေ့ဆုံရာတွင် နအဖဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်း၏ နိုင်ငံတော်အတွင်း ဖြစ်ပျက်နေသည့် အကြောင်းခြင်းရာများကို တိတိပပ ရှင်းလင်းပြောပြရန် စိတ်အားထက်သန်လျက်ရှိပြီး အနောက်အုပ်စု နိုင်ငံများအပေါ် ထားရှိသည့် ၎င်း၏ သဘောထား ရပ်တည်ချက်ကိုလည်း မကွယ်မထောက် ရှင်းရှင်းဘွင်းဘွင်း ဖွင့်ဆိုခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးက အမေရိကန်ပြည်ထောင်စုက မိမိတို့နိုင်ငံကို စီးပွားရေး ပိတ်ပင်မှု ပြုလုပ်လင့် ကစား ယင်းနိုင်ငံကို မိမိတို့က ရန်သတ္တရုပြုလိုသည့် သဘောထား မရှိပါကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်၏ ကြွယ်ဝသည့် သဘာဝအရင်းအမြစ်များ အသုံးပြု ဆောင်ရွက်လျက် ရှိပြီး အရှေ့တိုင်းရှိ ၎င်း၏ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှု ဆက်ဆံရေး တိုးတက်ကောင်းမွန်လျက် ရှိသော်လည်း မြန်မာနိုင်ငံတွင် စစ်ဘက်မှ အုပ်ချုပ်မှုကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် စီးပွားရေး တည်ဆောက်မှု ပိုမိုတိုးတက်လာသော ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ထူထောင်နိုင်မည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယုံကြည်ယူဆထားသည်။ စီးပွားရေး ပိတ်ပင်မှု ရုပ်သိမ်းပေးကာ မြန်မာနိုင်ငံကို အကူအညီပေးခြင်းဖြင့် ပြည်သူလူထုထံသို့ နိုင်ငံတော်အာဏာ ပိုမိုလျင်မြန် သွက်လက်စွာ ပြန်လည်အပ်နှင်း နိုင်အောင် အနောက်နိုင်ငံများက အထောက်အကူပေးနိုင်သည် ဆိုသောအချက်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထောက်ပြ ပြောဆိုခဲ့သည်။ မိမိ၏ စစ်မှန်သော ဆန္ဒမှာ မိမိ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ကြွယ်ဝချမ်းသာလာသည်ကို တွေ့မြင်လိုချင်းပင် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်တစ်ရပ် ပေါ်ထွန်းလာသည်ကိုလည်း တွေ့မြင်လိုကြောင်း ၎င်းက ပြောဆိုသွားသည်။
အယ်ဒီတာမှ သိလိုသောအချက်များကို မေးမြန်းခဲ့ရာ ဗိုလ်ချုပ်မှူးကြီးက အောက်ပါအတိုင်း ဖြေကြားသွားသည်။ ‘Leaders’ မဂ္ဂဇင်း အယ်ဒီတာနှင့် တွေ့ဆုံမေးမြန်းခန်းကို ၁၉၉၈ ခုနှစ်၊ ဧပြီ၊ မေ၊ ဇွန်လ ထုတ် ‘Leaders’ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။
မေး- ယခု လူတွေ့ မေးမြန်းခန်းသည် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ပြည်ပ စာနယ်ဇင်းသမားတစ်ဦးနှင့် ပထမဆုံးအကြိမ် စကားပြောဆိုခြင်း ဖြစ်ပါသလား။ ဘာကြောင့် ယခုအခါ ပြည်ပစာနယ်ဇင်းများနှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ပါသလဲ။
ဖြေ- ပြည်ပစာနယ်ဇင်များမှ ပုဂ္ဂိုလ်များနှင့် ဆက်ဆံဖူးသည့် မိမိတို့၏ အတွေ့အကြုံများအရ မိမိတို့ ပြောဆိုသမျှကို နားလည်မှု လွဲမှားလေ့ရှိကြပြီး ရံဖန်ရံခါတွင် နားလည်မှု မရှိသည့် အခြေအနေအထိ ဖြစ်ပေါ်စေသော လွဲမှားသည့် အဓိပ္ပာယ်ဖွင့်ဆိုမှုများ ရှိခဲ့ပါသည်။ ဤနားလည်မှု လွဲမှားခြင်းများကို မိမိရှင်းလင်း လိုသော်လည်း အေးအေးဆေးဆေး နေလိုသည့် စရိုက်ရှိသဖြင့် ပြည်ပစာနယ်ဇင်းများနှင့် တွေ့ဆုံပြောဆိုမှု မပြုခဲ့ခြင်း ဖြစ်ပါသည်။
မေး- လူကြီးမင်း၏ နိုင်ငံတော်နှင့် နိုင်ငံတော်၏ အနာဂတ်အရေးတို့အပေါ် အာရုံစိုက်ထားရသည့် နိုင်ငံခေါင်းဆောင် တစ်ဦးအနေဖြင့် ဤ လူတွေ့မေးမြန်းခန်းသည် ကမ္ဘာ့နိုင်ငံများကို သိလိုသည့် အချက်များအား ဖော်ပြနိုင်ရန် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ပါသည်။ နိုင်ငံတော် တည်ဆောက်ရေးတွင် ယခုအချိန်အခါ၌ လူကြီးမင်းအနေဖြင့် မည်သည့်အချက်ကို အာရုံစိုက်နေပါသလဲ။ ဒီမိုကရေစီကျင့်စဉ်များ မကျင့်သုံးမီ နိုင်ငံတော် လုံခြုံမှု ရှိရန်လိုသည်ဟု လူကြီးမင်း ယူဆထားကြောင်း အနောက်နိုင်ငံများက မှတ်ထင်လျက် ရှိပါသည်။
ဖြေ- ခင်ဗျားတို့ သိရှိကြသည့်အတိုင်း မိမိတို့သည် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ၌ ဇွဲနပဲဖြင့် ကြိုးပမ်းအားထုတ်လျက် ရှိကြပါသည်။ မိမိတို့ နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းရေးအတွက် မိမိတို့ လုပ်ကိုင်လျက် ရှိကြပါသည်။ တစ်ချိန်တည်းမှာပင် မိမိတို့သည် မိမိတို့နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိကာ ဒီမိုကရေစီစနစ်တစ်ရပ် ထူထောင်နိုင်ရန် ကြိုးပမ်းလျက် ရှိကြပါသည်။ သို့အတွက်ကြောင့် ပထမဦးစွာ မိမိတို့သည် နိုင်ငံတော်အေးချမ်းတည်ငြိမ်မှု ရှိစေမည့် အခြေအနေကောင်းများနှင့် တရားဥပဒေစိုးမိုးမှု ဖြစ်ပေါ်လာစေရန် လုပ်ဆောင်ရပါမည်။ တစ်ချိန်တည်းမှာပင် မိမိတို့သည် နိုင်ငံရေး တည်ငြိမ်မှု ရရှိရေး ကြိုးပမ်းအားထုတ်လျက် ရှိပါသည်။ သို့ရာတွင် မိမိတို့သည် နိုင်ငံတော်၏ စီးပွားရေး အုတ်မြစ်ကိုလည်း တည်ဆောက်ရပါသည်။ ထို့ကြောင့် မိမိတို့သည် နိုင်ငံရေးအရ စီးပွားရေးအရပါ ကြိုးပမ်းလုပ်ဆောင်သွားကြရပါမည်။
တပ်မတော်အနေဖြင့် အချိန်ကာလကြာမြင့်စွာ နိုင်ငံတော်ကို တာဝန်ယူသွားရန်မှာ သဘာ မကျဟု မိမိတို့ ထင်မြင်ယူဆပါသည်။ မိမိတို့နိုင်ငံ၏ ထူးခြားသော အခြေအနေများကြောင့်သာလျှင် တပ်မတော် အနေဖြင့် ကာလအတိုင်းအတာ တစ်ရပ်အထိ နိုင်ငံတော်ကို တာဝန်ယူထားရသည် ဆိုသည့်အချက်ကို ခင်ဗျားတို့ သဘောပေါက်သင့်ကြပါသည်။
မေး- အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ပင်မှုသည် မြန်မာနိုင်ငံတွင် ပြုလုပ်သော ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများကို ထိခိုက်နစ်နာစေပါသည်။ မြန်မာနိုင်ငံသည် အိန္ဒိယနှင့်သာမက တရုတ်ပြည်နှင့်လည်း နယ်စပ်ချင်း ထိစပ်နေပြီး အမေရိကန်နိုင်ငံနှင့် ဒေါင်လိုက်ဆက်ဆံရေး ရှိပါသည်။ ဤအနေအထားမျိုးတွင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ပင်မှု ချမှတ်ကာ ဥရောပ နိုင်ငံများကိုလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ပင်စေရန် သြဇာသုံးနေခြင်းမှာ လူကြီးမင်း၏ နိုင်ငံအား တရုတ်ပြည်နှင့် စီးပွားရေးဆက်ဆံမှု ပိုမိုပြုလုပ်ရန် အကြောင်း ဖြစ်စေပါသလား။
ဖြေ- အမေရိကန်နိုင်ငံက မိမိတို့၏ နိုင်ငံကို စီးပွားရေးပိတ်ပင်မှု ပြုလုပ်ထားသည်မှာ အမှန်ဖြစ်ပါသည်။ သို့ရာတွင် မိမိတို့နိုင်ငံသည် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော တရုတ်ပြည်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း အရှိန်အဟုန်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ဒေသတွင်းရှိ အခြားနိုင်ငံများမှ အကူအညီအထောက်အပံ့များ ရရှိနေသဖြင့် စီးပွားရေးပိတ်ပင်မှုများ၏ အကျိုးသက်ရောက်မှုမှာ ကြီးမားခြင်း မရှိလှပါ။
ဤစီးပွားရေး ပိတ်ပင်မှုများသည် မိမိတို့နိုင်ငံနှင့် အခြားနိုင်ငံများ၏ ဆက်ဆံရေးအပေါ်တွင် အကျိုးသက်ရောက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအားလုံးနှင့် ရင်းနှီးချစ်ကြည်သော ဆက်ဆံရေး ထိန်းသိမ်းနိုင်ရန် အစဉ်အမြဲကြိုးပမ်းခဲ့ပါသည်။ ဤအချက်မှာ မိမိတို့နိုင်ငံ၏ သမိုင်းစဉ်တစ်လျှောက်လုံး မိမိတို့ တစိုက်မတ်မတ် ကိုင်စွဲလာခဲ့သော မူဝါဒပင် ဖြစ်သည်။ ထို့ကြောင့် မိမိတို့ နိုင်ငံအပေါ် အမေရိကန်နိုင်ငံက မည်ကဲ့သို့သော စီးပွားရေးပိတ်ပင်မှု ပြုလုပ်သည်ဖြစ်စေ မိမိတို့သည် ယင်းနိုင်ငံအား ရန်လိုမုန်းတီးစိတ် မထားရှိပါ။
မေး- အမေရိကန်နိုင်ငံက ယင်းသို့ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်နှင့် ဆက်ဆံမှု ပိုမိုဖြစ်ပေါ်စေခြင်း ရှိသည် မဟုတ်လား။
ဖြေ- မဟုတ်ပါ။ အမေရိကန်၏ စီးပွားရေး ပိတ်ပင်မှုများသည် မိမိတို့နိုင်ငံအနေဖြင့် တရုတ်ပြည်နှင့် ပိုမိုဆက်ဆံမှု ရှိလာစေသည်ဟု မိမိမပြောနိုင်ပါ။
မိမိတို့သည် နိုင်ငံများအားလုံးနှင့် နွေးထွေးချစ်ကြည်သော ဆက်ဆံရေးများ ဆက်လက် ထိန်းသိမ်းလိုပါသည်။
မိမိတို့နိုင်ငံသည် သဘာဝအရင်းအမြစ် အမြောက်အမြားရှိပြီး မိမိတို့နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ယင်းသယံဇာတများကို ထိရောက်စွာ အသုံးပြုနိုင်စွမ်းလည်း ရှိပါသည်။ ၎င်းအပြင် ဒေသတွင်းရှိ နိုင်ငံများသည် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ယင်းနိုင်ငံများသည် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက်လည်း ကူညီကြပါသည်။ ထို့အတွက်ကြောင့်လည်း ပြည်ပနိုင်ငံများမှ အကူအညီ ရရှိမည်ဆိုလျှင် မိမိတို့နိုင်ငံ ပိုမိုဖွံ့ဖြိုးမှု ရရှိလာပါမည်။
နိုင်ငံတကာမှ ကူညီထောက်ပံ့မှုများ ရရှိခြင်းဖြင့် မိမိတို့၏ စီးပွားရေးနှင့် နိုင်ငံရေး ကြိုးပမ်း အားထုတ်မှုများတွင် ကြီးစွာ ကူပံ့ပေးနိုင်ပါသည်။ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီစနစ် တည်ဆောက်မှုကိုလည်း အားပေးနိုင်ပြီး နိုင်ငံတော်အာဏာကို ပြည်သူ့လက်သို့ ပြန်လည်အပ်နှင်းရေး အတွက်လည်း အထောက်အပံ့ ဖြစ်စေပါမည်။
မိမိ၏ စစ်မှန်သော ဆန္ဒမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်လိုခြင်း၊ ဒီမိုကရေစီ စနစ်တစ်ရပ် ပေါ်ထွန်းလာသည်ကို တွေ့မြင်လိုခြင်းသာ ဖြစ်ပါသည်။ ဤရည်မှန်းချက် ဆန္ဒပြည့်ဝလာရေးကို ဦးတည်လျက် မိမိတို့ အစွမ်းဆောင်နိုင်ဆုံး ကြိုးပမ်းလျက် ရှိကြပါသည်။
မိမိတို့နိုင်ငံအပေါ် စီးပွားရေး ပိတ်ပင်မှုများ ချမှတ်မည့်အစား ကမ္ဘာ့လူ့အသိုက်အ၀န်းက မိမိတို့ကို ကူညီမည်ဆိုပါလျှင် ဤရည်မှန်းချက်မှာ သုံးနှစ်အတွင်း ပေါက်မြောက်လာနိုင်ပါသည်။
မေး- သံတမန် အသိုက်အ၀န်းရှိ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းက မြန်မာနိုင်ငံတွင် ရေးဆွဲနေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မည်သည့်အချိန်တွင် ရေးဆွဲပြီးမည်နည်း ဟု မေးမြန်းလျက် ရှိပါသည်။ ၎င်းအပြင် မည်သည့်အချိန်တွင် လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပမည်ဆိုသည်ကိုလည်း သိလိုကြပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနေဆဲ ဖြစ်သည်ဟုလည်း မိမိသိရှိရပါသည်။ အနောက်နိုင်ငံများက သိလိုသော အချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီးစီးမည့် အချိန် ဖြစ်ပါသည်။
ဖြေ- ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲမှု လုပ်ငန်းစဉ်ကို မိမိတို့အနေဖြင့် မလိုအပ်ဘဲ အချိန်ဆွဲထားလိုသည့် စိတ်ဆန္ဒ မရှိပါ။ အကယ်၍ မိမိတို့သည် နိုင်ငံတကာမှ ကူညီပံ့ပိုးမှုများ ရရှိမည်ဆိုပါက မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ စနစ်တစ်ရပ် ထူထောင်ရေး လုပ်ငန်းစဉ်မှာ အရှိန်အဟုန် သွက်လက်လာပါမည်။ သို့ရာတွင် အခြားနိုင်ငံများမှ ရန်လိုသော သဘောထားတစ်ရပ် ရှိနေမည်ဆိုပါလျှင် ဒီမိုကရေစီ ထူထောင်ရေး လုပ်ငန်းစဉ်မှာ အချိန်ကြာမြင့် သွားနိုင်ပါသည်။ သို့ရာတွင် မိမိဘက်ကမူ ဤလုပ်ငန်းစဉ်ကို မလိုအပ်ဘဲ အချိန်ဆွဲလိုမှု အလျှင်း မရှိပါ။
မေး- မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် စစ်ဘက်က အောင်ပွဲရရှိနိုင်သည့် အနေအထား ရရှိချိန် မရောက်မချင်း ဖွဲ့စည်းပုံ ရေးဆွဲပြီးစီးမည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း အမေရိကန် အစိုးရက အလွတ်သဘော ပြောဆိုလျက် ရှိပါသည်။
ဖြေ- ရွေးကောက်ပွဲတွင် ပြည်သူလူထုသည် ၎င်းတို့ ကြိုက်နှစ်သက်သူကို မဲပေးကြပါလိမ့်မည်။
မေး- ကမ္ဘာ့ဘဏ် အကူအညီ ရရှိရေးကိစ္စ၊ စီးပွားရေး ပိတ်ပင်မှု ကိစ္စနှင့် မြန်မာနိုင်ငံ ဂုဏ်ဒြပ် ပိုမိုကောင်းမွန် လာစေရေးတို့အတွက် အမေရိကန်နိုင်ငံသို့ မြန်မာအဆင့်မြင့် တာဝန်ရှိ ပုဂ္ဂိုလ်များ သွားရောက်ရန် စဉ်းစားခြင်း ရှိပါသလား။ ၎င်းပြင် စီးပွားရေး ပိတ်ပင်မှုများသည် အစိုးရအဖွဲ့ကို ထိခိုက်နစ်နာစေသည် မဟုတ်မူ၍ မြန်မာပြည်သူလူထုကိုသာလျှင် ထိခိုက်နစ်နာစေသည် ဆိုသောအချက်နှင့် မြန်မာနိုင်ငံ၌ အချိန်တန်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲများ ကျင်းပပေးနိုင်ရန် အစိုးရက ကြိုးပမ်းလျက် ရှိသည်ဆိုသော အချက်တို့ကို သက်ဆိုင်သူများအားလုံးတို့ကို နားလည်သဘောပေါက်စေရေးအတွက် ရှင်းပြရန် ပြည်ပနိုင်ငံများသို့ မြန်မာတာဝန်ရှိသူများ သွားရောက်ခြင်း ရှိပါသလား။
ဖြေ- ပြဿနာမှာ မိမိတို့ အနေဖြင့် ဗီဇာ ရရှိရန် မလွယ်သည့် အခက်အခဲ ဖြစ်ပါသည်။
မေး- လူကြီးမင်းအနေဖြင့် အစိုးရအဖွဲ့ အကြီးအကဲတစ်ဦးအဖြစ် ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားရန် အမေရိကန်နိုင်ငံသို့ လာရောက်နိုင်သည့် အနေအထားရှိသည် မဟုတ်ပါလား။
ဖြေ- ဤကဲ့သို့သော အခွင့်အလမ်းတစ်ရပ် ရှိမည်ဆိုပါက ယင်းအခွင့်အလမ်းကို ရယူလိုပါသည်။
မေး- အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် ရင်းနှီးချစ်ကြည်သော ဆက်ဆံရေး ထူထောင်ထားရှိပြီး ယင်းနိုင်ငံတွင် စစ်စခန်းများလည်း ဖွင့်လှစ်ထားရှိထားသဖြင့် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနှင့် တရုတ်ပြည်အကြား မဟာဗျူဟာမြောက် နေရာတစ်နေရာကို အသုံးပြုနိုင်ရန် အမေရိကန်နိုင်ငံကို ကမ်းလှမ်းနိုင်ပါသည်။ ဤအချက်နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခြင်း ရှိ မရှိ သိလိုပါသည်။
ဖြေ- ဤအချက်မှာ စဉ်းစားသင့်သည့် အချက်တစ်ရပ် ဖြစ်ပါသည်။ မိမိတို့နိုင်ငံသည် နိုင်ငံကြီး နှစ်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံနှင့် တရုတ်ပြည်အကြား ဘူမိပထ၀ီဝင်အရနှင့် ဘူမိနိုင်ငံရေးအရ အရေးပါသော နေရာတွင် တည်ရှိသဖြင့် အဆိုပါ နှစ်နိုင်ငံစလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန် မိမိတို့ ကြိုးပမ်းလျက် ရှိပါသည်။ တရုတ်ဖြစ်စေ၊ အိန္ဒိယနိုင်ငံဖြစ်စေ မိမိတို့နိုင်ငံအပေါ် မလိုလားသော သဘောထား အမြင်များ ရှိမည်ဆိုပါက ယင်းမှာ မိမိတို့ကို အကျိုးဖြစ်ထွန်းစေလိမ့်မည် မဟုတ်ပါ။ အကယ်၍ အမေရိကန်နိုင်ငံသည် မိမိတို့နိုင်ငံအပေါ် ထားရှိသော သဘောထား ပြောင်းလဲမည်ဆိုပါက မိမိနိုင်ငံသည် ယင်းနိုင်ငံနှင့် နွေးထွေးသော ဆက်ဆံရေး ဖြစ်ပေါ်လာနိုင်ပါမည်။
မေး- ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံစုံ၌ လုပ်ကိုင်နေသည့် ကုမ္ပဏီကြီးတစ်ခုက လာရောက်ကာ လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက်ပြီး ယင်းစက်ရုံကို ကန်ထရိုက် စာချုပ်အရ သတ်မှတ်ထားသည့် နှစ်ကာလအပိုင်းအခြား တစ်ရပ်အတွင်း လုပ်ကိုင်ပြီးနောက် ယင်းစက်ရုံကို သက်ဆိုင်ရာ နိုင်ငံသို့ လွှဲပြောင်းပေးအပ်သည့် စနစ်ဖြင့် လုပ်ကိုင်သည့်နည်းလမ်းမှာ ခေတ်စားလျက် ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း ဤကဲ့သို့သော စီမံကိန်းမျိုးကို လုပ်ဆောင်ရန် စဉ်းစားခြင်း ရှိပါသလား၊ ယင်းသို့သော စီမံကိန်းကို လူကြီးမင်းအနေဖြင့် ကြိုဆိုပါသလား။
ဖြေ- မိမိတို့သည် အစိုးရအဖွဲ့၏ တာဝန်ဝတ္တရားများကို ရယူခဲ့ပြီးနောက် မိမိတို့ လုပ်ဆောင်ရန် ရွေးချယ်ဆုံးဖြတ်ရသည့် လုပ်ငန်းတစ်ရပ် ရှိပါသည်။ ယင်းမှာ စီးပွားရေး မူဝါဒ တစ်ရပ် ချမှတ်ပြဋ္ဌာန်းရခြင်းဖြစ်ပြီး ပြည်ပမှ ရင်းနှီးမြုပ်နှံမှုများကို မိမိတို့ ဖိတ်ခေါ်ခဲ့ပါသည်။ မိမိတို့၏ မူဝါဒ ပေါက်မြောက်အောင်မြင်စေရန် လိုအပ်သည့် စည်းမျဉ်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းပေးခဲ့ပါသည်။ ခင်ဗျားပြောသည့် ရင်းနှီးမြုပ်နှံမှုမျိုး ပြုလုပ်နိုင်ရန်လည်း ဥပဒေစည်းမျဉ်းများ ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်ပါသည်။
မေး- မြန်မာနိုင်ငံ၌ မည်ကဲ့သို့သော နယ်ပယ်ကဏ္ဍမျိုးတွင် ပြည်ပရင်းနှီးမြုပ်နှံမှုများ လာရောက်ရင်းနှီး မြုပ်နှံရန်လူကြီးမင်းအနေဖြင့် စိတ်ဝင်စားမှု ရှိပါသလဲ။ လျှပ်စစ်ဓာတ်အား စီမံကိန်းမျိုးလား၊ လမ်းဖောက်လုပ်ခြင်း စီမံကိန်းမျိုးလား။
ဖြေ- မိမိတို့နိုင်ငံတွင် ပြည်ပ ရင်းနှီးမြုပ်နှံသူများ လာရောက်ရင်းနှီး မြုပ်နှံစေလိုသော ကဏ္ဍတစ်ရပ်မှာ ရေအားလျှပ်စစ် လုပ်ငန်းဖြစ်ပါသည်။ ခင်ဗျားသိရှိသည့်အတိုင်း မိမိတို့နိုင်ငံသည် မဂ္ဂါဝပ် ၃၀၀၀၊ မဂ္ဂါဝပ် ၅၀၀၀ အထိ ထုတ်လုပ်နိုင်သော အရင်းအမြစ်များ ရှိပါသည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် အခြားအလားအလာ ရှိသည့် နယ်ပယ်မှာ ကမ်းလွန်ရေနံလုပ်ငန်း ဖြစ်ပါသည်။ အကြောင်းမှာ မိမိတို့နိုင်ငံတွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ အမြောက်အမြား ရှိသောကြောင့် ဖြစ်ပါသည်။ ဤလုပ်ငန်း နယ်ပယ်ကဏ္ဍတွင် စိတ်ဝင်စားမှုရှိသည့် ကုမ္ပဏီများလည်း ရှိပြီးဖြစ်ပါသည်။
မေး- လူကြီးမင်း၏နိုင်ငံတွင်တက်(စ်)ဆာကို၊အာကိုနှင့် ယူနိုကယ်ကုမ္ပဏီများ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေကြပြီ ဖြစ်ပါသည်။ ရေနံနှင့် ဓါတ်ငွေ့လုပ်ငန်းတွင် နောက်ထပ်ယှဉ်ပြိုင် လုပ်ကိုင်နိုင်သည့် လုပ်ငန်းများ ရှိပါသလား။
ဖြေ- မှန်ပါသည်။ ယင်းကုမ္ပဏီများသည် မိမိတို့နိုင်ငံတွင် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်နေကြပါသည်။ မိမိတို့ နိုင်ငံ၏ ဓါတ်ငွေ့၊ ဓါတ်မြေသြဇာနှင့် မက်သနော စသည့် ရေနံဓာတုလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီး မြုပ်နှံမှုများ တိုးတက်လာမည့် အလားအလာ အများအပြား ရှိပါသည်။
မေး- လာမည့်ရာစုနှစ်တွင်မြန်မာနိုင်ငံအတွက်လူကြီးမင်း၏ရူမြင်ချက်များကိုသိလိုပါသည်။ မျက်မှောက်ကာ လူကြီးမင်း ဦးစားပေးသည့် လုပ်ငန်းများမှာ မည်သည့်လုပ်ငန်းများ ဖြစ်ကြပြီး အနာဂတ်ကာလတွင် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် မည်သည့်လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ပါမည်နည်း။
ဖြေ- မိမိတို့၏ အနာဂတ်မျှော်မှန်းချက်မှာ မိမိတို့နိုင်ငံ ရရှိနိုင်သော သဘာဝ အရင်းအမြစ်များကို အသုံးပြုကာ ငြိမ်းချမ်းသာယာ၍ တိုးတက်ကြွယ်ဝပြီး ခေတ်မီသော ဒီမိုကရေစီနိုင်ငံတော် ၊ ဖွံ့ဖြိုးပြီး နိုင်ငံတော်အဖြစ် ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ရန်ပင် ဖြစ်ပါသည်။ မိမိတို့နိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) အသင်းဝင် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပြီး အာဆီယံ မျှော်မှန်းချက် သက္ကရာဇ် ၂၀၂၀ ဟု ခေါ်တွင်သော ကြေညာချက်ပါ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးက ချမှတ်ထားသည့် အနာဂတ်မျှော်မှန်းချက်ကို ပြည့်ဝလာစေရေးအတွက် ဆောင်ရွက်သွားရန် ရည်မှန်းထားပါသည်။
မေး- မည်သည့်အာဆီယံနိုင်ငံများသည် မြန်မာနိုင်ငံအပေး နားလည်မှု အရှိဆုံးနိုင်ငံများဟု လူကြီးမင်း ယူဆပါသလဲ။
ဖြေ- မိမိတို့သည် အာဆီယံနိုင်ငံများအားလုံးမှ ခေါင်းဆောင်များနှင့် အလွန်ရင်းနှီးသော ဆက်ဆံမှုများ ရရှိထားပြီး ဖြစ်သဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံးသည် မြန်မာနိုင်ငံအပေါ် နားလည်မှု ရှိကြပြီး မိမိတို့ နိုင်ငံနှင့် အလွန်ကောင်းမွန်သည့် ဆက်ဆံရေးထားရှိကြပြီး ဖြစ်သည်ဟု မိမိပြောနိုင်ပါသည်။
မေး- အမေရိကန်နိုင်ငံအပေါ် ထားရှိသည့် လူကြီးမင်း၏ ရူမြင်ချက်ကို သိလိုပါသည်။
ဖြေ- မိမိတို့သည် အမေရိကန်နိုင်ငံအပေါ် မည်ကဲ့သို့သော မကောင်းသည့် စိတ်ထားမျိုးမှ မထားရှိပါဟု မိမိထပ်လောင်း ပြောကြားလိုပါသည်။ ခင်းဗျားသိသည့်အတိုင်း ကျွန်တော်သည် စစ်သားတစ်ဦး ဖြစ်သည့်အပြင် ဗုဒ္ဓဘာသာဝင် တစ်ဦးလည်း ဖြစ်ပါသည်။ မိမိသည် ဗုဒ္ဓအဆုံးအမအရ လူတစ်ဦးတစ်ယောက်က အခြားလူ တစ်ဦးတစ်ယောက်ကို မလိုမုန်းထားသည့် စိတ်ဓာတ် မမွေးမြူရပါ။ သို့အတွက်ကြောင့် မိမိအနေဖြင့် စစ်သားတစ်ဦး ဖြစ်လျှင်သော်မှ မိမိနိုင်ငံ၏ သာယာဝပြောရေးနှင့် လုံခြုံမှုရှိရေး၊ ငြိမ်းချမ်းတည်ငြိမ်မှု ရှိရေးတို့အတွက် လုပ်သင့်လုပ်ထိုက်သည်တို့ လုပ်ရလျှင်သော်မှ အခြားနိုင်ငံများကို မိမိတို့က ရန်လိုမုန်းထားမှု မထားရှိပါ။ အမေရိကန်နိုင်ငံသည် မိမိတို့နိုင်ငံအပေါ် မကောင်းသည့် သဘောထားအမြင်အချို့ ရှိကောင်း ရှိနိုင်သော်လည်း မိမိတို့သည် အမေရိကန်နိုင်ငံအပေါ် မကောင်းသည့် သဘောထားအမြင် မထားရှိပါ။
မေး- လူကြီးမင်းတွင် သားသမီးခုနှစ်ဦးရှိပြီး လူကြီးမင်းသည် အဘိုးတစ်ဦးဖြစ်နေပါပြီ။ လူကြီးမင်းသည် ဆေးလိပ်မသောက်၊ အရက်မသောက်၊ အလွန်အေးချမ်းစွာ နေထိုင်သူ ဖြစ်ပါသည်။ လူကြီးမင်း၏ ဘ၀တွင် မည်သည့်အခါတွင်မျှ ဒေါသဖြင့် အော်ဟောက်ခဲ့ပုံမရပါ။ မည်ကဲ့သို့ အေးချမ်းတည်ငြိမ်သည့် ဘ၀ကို ရယူတည်ဆောက်ခဲ့ပါသလဲ။
ဖြေ- ခင်ဗျားသိသည့်အတိုင်း မိမိသည် အေးချမ်းတည်ငြိမ်သူဖြစ်အောင် ကြိုးပမ်းလျက် ရှိပါသည်။ ယခုအခါတွင် မိမိအငြိမ်းစား ယူသည့်အခါ ဘာသာရေးကို ဇောက်ချ လုပ်ကိုင်သွားရန် ရည်မှန်းထားပါသည်။ မိမိသည် လောကီ ကာမဂုဏ်အာရုံများ မခံစားလိုတော့ပါ။ မိမိသည် အေးချမ်းသည့် ဘဝတစ်ခုတွင်သာ နေထိုင်လိုပါတော့သည်။ ယခုအခါ မိမိလုပ်ကိုင်နေခြင်းမှာ မိမိ၏ နိုင်ငံတော်ကို ချစ်မြတ်နိုးသောကြောင့်သာ ဖြစ်ပါသည်။ (သူ၏ ပြောဆိုချက်နှင့်လက်တွေ့ ကွာဟမှုကိုချိန်ထိုးကြည့်နိုင်ပါသည်။)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဗိုလ်ချုပ်ကြီး နေဝင်း အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အဖြစ်နှင့် နိုင်ငံတော်အာဏာကို ဦးနုထံ လွှဲပြောင်းပေးခဲ့ပြီးနောက် ၊ ၁၉၅၈ စက်တင်ဘာလတွင် ဗိုလ်ကြီးအဆင့်မျှသာ ရှိပါသေးသည်။ သူသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (ကက-ပြည်) ၏ စိတ်ဓာတ်စစ်ဆင်ရေး ဌာန၌ တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစ၍ ဗိုလ်ကြီး သန်းရွှေသည် ဗိုလ်ချုပ်ကြီး နေဝင်း၏ စစ်အာဏာရှင်စနစ် ထူထောင်ရေး မဟာစီမံကိန်းကြီး၌ အရေးပါသည့် အခန်းကဏ္ဍမှနေ၍ စတင် ပါဝင်လာခဲ့သည်ဟု ဆိုနိုင်သည်။
ဗိုလ်ချုပ်ကြီး နေ၀င်းသည် အိမ်စောင့်အစိုးရ၏ ၀န်ကြီးချုပ်အဖြစ်နှင့် အခိုက်အတန့် အာဏာရရှိခဲ့သည့် ကာလတိုအတွင်း မကြာခင် သူ အကောင်အထည် ဖော်တော့မည် စစ်အာဏာရှင်အတွက် ရေခံ မြေခံ များကို စနစ်တကျ စတင်ပြင်ဆင်သည့် အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး ၊ ၀ါဒဖြန့်ချိရေး စသည့် နယ်ပယ်အသီးသီး၌ ကြိုတင်ပြင်ဆင်မှု့များ ပြုလုပ်ခဲ့သည်။ ယင်းသို့ ပြင်ဆင်တည်ဆောက်သည့် အထဲတွင် “နိုင်ငံတော် ကြံ့ခိုင်ရေးအသင်း” တစ်ခုလည်း ပါဝင်ခဲ့သည်။ ပါတီ နိုင်ငံရေးနှင့် ဆက်စပ်ပတ်သတ်မှု လုံးဝမရှိသည့် သာမန်လူမှုရေး အသင်းအဖွဲ့တစ်ခုသာ ဖြစ်သည်ဟု ၀ါဒဖြန့်၍ ၀န်ထမ်းများနှင့် အရပ်သားများကို အတင်းအကျပ် ၄င်း အသင်းသို့ ၀င်ရောက်စေခဲ့သည်။ အသင်းကြီး၏ ဗဟိုကောင်စီ ဒုဥက္ကဌ နေရာနှင့် အတွင်းရေးမှူး နေရာများကို သူ၏ ညာလက်ရုံးနှင့် ဘယ်လက်ရုံးများ ဖြစ်ကြသည့် ဒု-ကာကွယ်ရေး ဦးစီးချူပ် ၊ ဗိုလ်မှူးချူပ်အောင်ကြီး နှင့် ဗိုလ်မှူးချူပ်မောင်မောင် ( နောင် သံအမတ်) တို့ကို ကိုင်တွယ်စေခဲ့သည် ။ များမကြာမှီမှာပင် ၄င်းအသင်းသည် နိုင်ငံရေး ခါးပိုက်ဆောင် တပ်အင်အားစု တစ်ခုဖြစ်သည်ကို လူတိုင်း သိရှိခဲ့ကြသည်။ ဗိုလ်ကြီးသန်းရွှေသည် အဆိုပါ ကြံ့ခိုင်ရေးအသင်းကြီး ဖွဲ့စည်း ထူထောင်ရာတွင် အစအဆုံး ပါဝင်ခဲ့ပေသည်။ သူကိုယ်တိုင် စစ်အာဏာရှင် ဖြစ်လာသောအခါ စစ်တပ် လက်ကိုင်တုတ် နိုင်ငံရေး အင်အားစု အဖြစ် အသုံးချနိုင်စေရန် ၁၉၉၃ စက်တင်ဘာလ ၁၅ ရက် နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းကို လူမှုရေးအသင်း တစ်ခုအဖြစ် ပြည်ထဲရေး ၀န်ကြီးဌာနတွင် မှတ်ပုံတင်လျက် စတင်ဖွဲ့စည်းခဲ့သည်။ အသင်းကြီး စတင် ဖွဲ့စည်းစဉ်က ပြည်ထောင်စု မပြိုကွဲရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ၊ နိုင်ငံတော် အချူပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ၊ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးကို ရှေးရှုလျက် မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ဆောင်ရွက်ရေး ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် အေးချမ်းသာယာသော ခေတ်မှီ နိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေး ဟူသည့် ရည်ရွယ်ချက် (၅) ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ သို့သော် အဆိုပါ အဖွဲ့သည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင်မှာပင် လူမူရေးအသင်းမှ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဟူ၍ ပါတီစုံ ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည်။
ထို့နောက် ၁၉၆၂ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချူပ်ကြီး နေဝင်း ခေါင်းဆောင်သော တော်လှန်ရေး ကောင်စီက နိုင်ငံတော်အာဏာ ကို အပြီးအပိုင် သိမ်းပိုက်လိုက်သောအခါ ဗိုလ်ချုပ်ကြီး သန်းရွှေသည် တပ်မဟာ (၁) စိတ်ဓာတ် စစ်ဆင်ရေး အရာရှိ အဖြစ်နှင့် တာဝန်ထမ်းဆောင်ခဲ့ရချိန်လည်း ဖြစ်သည်။ အာဏာသိမ်းခဲ့ပြီးနောက် ထိုစဉ်က လူတိုင်း စိတ်ဝင်စားနေသည့် ဆိုရှယ်လစ်ဝါဒကို ဗန်းပြပြီး မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒအမည် တစ်ပါတီ အာဏာရှင် ဝါဒ တစ်ခုကို သွတ်သွင်းရန် အတွက် ဦးဘငြိမ်းနှင့် ဦးချစ်လှိုင် (ကိုကိုမောင်ကြီး) တို့ကို ဆရာတင်ပြီး ၁၉၆၃ ခုနှစ်တွင် ဗဟို နိုင်ငံရေး သိပ္ပံကျောင်းကို စတင်ဖွင့်လှစ်ခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါ ကျောင်းကို တက္ကသိုလ်အဆင့်သို့ အဆင့်မြှင့်ခဲ့သည် ။ စိတ်ဓာတ်စစ်ဆင်ရေး အရာရှိအဖြစ် နှစ်အတန်ကြာ အတွေ့အကြုံ ရှိနေပြီ ဖြစ်သည့် ဗိုလ်ကြီး သန်းရွှေကို ယင်းကျောင်း၌ နည်းပြဆရာတစ်ဦး အဖြစ် ပြောင်းရွှေ့ ခန့်ထားခဲ့သည်။
စစ်အာဏာရှင် ဗိုလ်ချူပ်ကြီးနေဝင်းနှင့် ဗိုလ်ကြီးသန်းရွှေတို့သည် ထိုအချိန်မှစ၍ ရင်းနှီးလာခဲ့သည်ဟု ဆိုရပေမည် ။ လူ့မနောကို နှောကြေနေသောသူ့အဖို့ အထက်အရာရှိကြီးများ အာရုံစိုက်မှုကို ရရှိအောင် နည်း အမျိုးမျိုးဖြင့် ကြိုးစားအားထုတ်ပြနိုင်ခဲ့သည်။
ယင်းနောက် ဗဟိုနိုင်ငံရေးတက္ကသိုလ် နည်းပြဆရာကလေး ဗိုလ်ကြီးသန်းရွှေသည် ၁၉၆၇ ခုနှစ် ၊ သြဂုတ်လ၌ ခမရ (၁ဝ၁) သို့ ဌာနချုပ် တပ်ခွဲမှူးအဆင့်သို့ တိုးမြှင့်ခံရပြီး စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် ကက/ကြည်းကိုခေါ်ယူတာဝန်ပေးအပ်ခံရသည်။ဗိုလ်မှူးသန်းရွှေသည် ကက/ကြည်း၌ တာဝန်ထမ်းဆောင်နေ စဉ် အတွင်း အထက်လူကြီးများ သဘောကျအောင် နေထိုင်ပြနိုင်သည့်အတွက် နောက်ပိုင်းတွင် ခလရ (၁) တပ်ရင်းမှူး ၊ စစ်ဦးစီးမှူး (ပထမတန်း) ၊ တပ်မစစ်ဗျူဟာမှူး ၊ တပ်မ (၈၈) တပ်မမှူး ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ် စသည့် စစ်တပ်ထိပ်ပိုင်း ရာထူးများကို တစ်ဆင့်ပြီး တစ်ဆင့် ရရှိလာခဲ့တော့သည်။
ဒု-ဗိုလ်ကလေး ဘဝမှ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာသည့် ကာလအထိ ဘဝတစ်လျှောက်လုံး ဗိုလ်ချုပ်ကြီး နေဝင်း၏ သြဇာလွှမ်းမိုးမူကို ခံခဲ့ရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူ့လက်ထဲ နိုင်ငံတော် အာဏာများ ရရှိလာသောအခါ ၁၉၉၂ ခုနှစ် နောက်ပိုင်းမှစ၍ ဦးနေဝင်း၏ သြဇာလွှမ်းမိုးမူအောက်မှ ရုန်းထွက်နိုင်ဖို့အတွက် အမျိုးမျိုးအဖုံဖုံကြိုးပမ်း အားထုတ်လာသည်ကို တွေ့ရပေသည်။
ဗိုလ်ချုပ်မှူးကြီး၏ မိသားစုလည်း သူတို့အပေါ် တစ်ချိန်က ဦးနေဝင်းနှင့် သူ့သားသမီးများက မောက်မာစွာ ဆက်ဆံခံခဲ့ရပုံများကိုလည်း တစ်သက်မမေ့နိုင်ခဲ့ချေ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပည့်သားချင်းများကလည်း သူ့စကားကို သံယောင်လိုက်၍ ဦးနေဝင်း ခေါင်းဆောင်သည့် မဆလ အစိုးရ၏ မှားယွင်းသည့် ပေါ်လစီများနှင့် ညံ့ဖျင်းသည့် စီမံခန့်ခွဲမူများ ကြောင့် တိုင်းပြည် ချွတ်ခြုံကျခဲ့ရပုံကို ဝေဖန်ပြောဆိုလာခဲ့သည်။ ယင်းနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ၏ အဖွဲ့သားများသည် သူတို့အာဏာ တည်ဆောက်ရေး ခိုင်မာလာသည်နှင့်အမျှ ဗိုလ်ချုပ်ခင်ညွန့် အပါအဝင် ဦးနေဝင်းမိသားစု နှင့် နွယ်ငင် ဆက်စပ် ပတ်သက်နေသူများ၏ လုပ်ပိုင်ခွင့်များကို တစ်စတစ်စ ထိန်းချုပ်မူများ ပြုလုပ်ခဲ့ကြတော့သည်။
ဦးနေဝင်း မြေးများ အာဏာသိမ်းရ န်ကြံစည်မူ မဖြစ်ပွားခင် ဒေါက်တာ ခင်စန္ဒာဝင်း၏ သားများ၏ ဆက်သွယ်ရေး ဂြိုလ်တု ဖုန်းကိစ္စကို မလိုက်လျောခဲ့သည့်အတွက် စန္ဒာဝင်းတို့ မိသားစုက မကျေမနပ် ဖြစ်ခဲ့သည်။ထို့ပြင်ပြည်သူလူထုထံ ဖုန်းတစ်လုံးလျှင် ကျပ်ငွေ ၅ သိန်း ကြိုတင်ငွေ ကောက်ခံထားသည်ကိုလည်း ပြန်အပ်ရန်နှင့် လုပ်ပိုင်ခွင့်ကို နဝတ ရုပ်သိမ်းလိုက်မူကြောင့် စတင်ပဋိပက္ခ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ နောက်ပိုင်းတွင် ဆက်သွယ်ရေးနှင့် ကြေးနန်းစာတိုက် ဝန်ကြီး ဗိုလ်မှူးချုပ် ဝင်းတင်ကိုလည်း နဝတက ဖြုတ်ပစ်လိုက်သည်။
၁၉၉၇ ခု ၊နိုဝင်ဘာလတွင်နဝတအာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး တစ်ဒါဇင်ကျော် အစုလိုက် အပြုံလိုက် ဖြုတ်ချခံရပြီးနောက် တပ်မတော်အတွင်း ကျားသေကို အသက်ပြန်သွင်းရန် ရည်ရွယ်သည့် လှုပ်ရှားမှုတစ်ခု စတင်ပေါ်ပေါက်လာခဲ့သည်။ ပထမဆုံး စတင်လှုပ်ရှားမူမှာ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးသည်၁၉၉၈ဇွန်လအတွင်းအမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့ပြီး ၊ အမေရိကန်ပြည်ထောင်စု၌ ခိုလှုံနေသော လုပ်ဖော်ကိုင်ဖက် ဗိုလ်မှူးချုပ် မောင်မောင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ အမေရိကန်၌ ရောက်ရှိနေစဉ် အတွင်း ဗီအိုအေ ၊ အာရ်အက်ဖ်အေ အသံလွှင့် ဌာနနှင့် တွေ့ဆုံ၍ နအဖ စစ်အစိုးရ နှင့် N.L.D ပါတီကို ဝေဖန်တိုက်ခိုက်သော ပြောဆိုမူများကို ပြုလုပ်ခဲ့သည်။ အဆိုပါ အခြေအနေများကို ဝင်ရောက်ထိန်းသိမ်းပေးနိုင်သူမှာ ဗိုလ်ချုပ်ကြီးနေဝင်းတစ်ဦးတည်းသာရှိကြောင်းနှင့် အချိန်မှီ ဝင်ရောက်ထိန်း သိမ်းပေးဖို့ နှပ် ကြောင်းပေးခဲ့သည်။
ထို့နောက် ၂၀၀၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ဦးနေဝင်း၏ နှစ် ၉ဝ ပြည့် မွေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ တခမ်းတနား ကျင်းပပြုလုပ်ခဲ့သည်။ မွေးနေ့ အခမ်းအနားပွဲကို ရိုက်ကူးထားသော ဗီဒီယို အခွေ၌ ဦးနေဝင်းသည် ဇရာထောင်း၍ ဖွတ်ဖွတ်ကြေနေသော်လည်း ကျန်းမာစွာဖြင့် မပျက်ဆီးသေးကြောင်း ပြုံးပြုံးရွှင်ရွှင် ဧည့်ခံ နုတ်ဆက်နေပုံများကို ရိုက်ကူးပြသထားသည် ။ ထို့နောက်ပိုင်းတွင် ဦးနေဝင်းသည် စင်ကာပူသို့ ဆေးကုသရန် ထွက်ခွာသွားသည့် သတင်း ပေါ်ထွက်လာခဲ့သည်။
ဦးနေဝင်း၏ မွေးနေ့ အခမ်းအနားကို နအဖ စစ်အစိုးရ ကိုယ်တိုင်က ကမကထ ပြုလုပ်ပြီးကျင်းပပေးခဲ့သယောင် ထင်ခဲ့ရသော်လည်း အဆိုပါ အခမ်းအနားပွဲသို့ ထိပ်တန်းဗိုလ်ချုပ်ကြီးများနှင့် ဝန်ကြီးအဖွဲ့များ အပါအဝင် အစိုးရ အရာရှိကြီးများ မတက်ရောက်ရန် ဗိုလ်ချုပ်မှူးကြီးက ကြိုတင် အမိန့်ထုတ်ထားခဲ့သည်။ သတင်းရယူဖို့ အတွက် အလယ်အလတ် အဆင့် နအဖ စစ်ဗိုလ်နှစ်ဦးသာ တက်ရောက်ခဲ့သည်။
ထိုအချိန်မှစ၍ ဦးနေဝင်းနှင့် သူ့မိသားစု၏ လှုပ်ရှားမူများကို အမြဲမပြတ် စောင့်ကြည့်ရန် သူ၏ လူယုံတော် စစ်ထောက်လှမ်းရေး ၊ ဒုညွန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ကျော်ဝင်းကို သီးသန့်တာဝန်ပေးးခဲ့သည်။
အာဏာနှင့် ပတ်သက်၍ မည်သူ့ကိုမျှ ချမ်းသာမပေးတတ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဦနေဝင်း၏ သားမက် ဦးအေးဇော်ဝင်း နှင့် မြေးများဖြစ်ကြသော အေးနေဝင်း ၊ ကျော်နေဝင်း ၊ ဇွဲနေဝင်း တို့ကို နိုင်ငံတော် အာဏာသိမ်းရန်ကြံစည်မှု ၊ နိုင်ငံတော်လုပ်ကြံမှု စသည့် စွပ်စွဲချက်များဖြင့် ၂၀၀၂ခုနှစ် မတ်လ ၇ ရက် နေ့တွင် ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ အာဏာသိမ်းရန် ကြံစည်မှု နောက်ကွယ်၌ ပါဝင်ပတ်သက်မှု ရှိမည်ဟု သံသယ ရှိခဲ့သော လေတပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မြင့်ဆွေ (လေ) ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ချစ်သန်း ၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးကြွေ ၊ ရဲချုပ် ဗိုလ်မှူးကြီး စိုးဝင်း တို့ကိုလည်း ဖယ်ရှားပစ်ခဲ့သည်။ သို့သော် ဦးနေဝင်း၏ သမီးဖြစ်သူ ဗိုလ်မှူးဟောင်း ဒေါ်ခင်စန္ဒာဝင်းနှင့် ဦနေဝင်းတို့ကို အသက်အရွယ်ကြီးပြီး ဘာမှ မလုပ်နိုင်သည်ဟု ယူဆ၍ တစ်ကြောင်း ၊ စစ်တပ်အတွင်း၌လည်း တစ်စုံတစ်ရာ သြဇာရှိနေနိုင်သည်ဟု ယူဆထားသောကြောင့် လည်းကောင်း နိုင်ငံတော်အာဏာ သိမ်းရန် ကြံစည်မှုဖြင့် တရားစွဲဆိုခြင်း မပြုဘဲ နေအိမ်အကျယ်ချုပ်သာ ချထားခဲ့သည်။
ဤသို့ဖြင့် အာဏာရှင်ဟောင်း ဦးနေဝင်းသည် အသက် ၉၃ နှစ် အရွယ် ၂၀၀၂ ခုနှစ် ၊ ဒီဇင်ဘာ ၅ ရက်နေ့တွင် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် (၇) ရပ်ကွက် မေခလမ်း အိမ်အမှတ် ၁၉ ရှိ သမီး ဒေါ်ခင်စန္ဒာဝင်း ၏ နေအိမ်တွင် သေဆုံးသွားသည့်အခါ နေ့မကူးစေဘဲ ချက်ချင်းသဂြိုလ်ခိုင်း၍ အသုဘ ချစေသည်။ အင်းစိန်ထောင်တွင်း၌သေဒဏ်ပြစ်ဒဏ်ချထားခံရသောဦးနေဝင်း၏ သမက် ၊ မြေးများနှင့် ပြည်ပရောက်နေသော သားသမီးများကိုလည်း လာရောက်ခွင့် မပေးသည့်အပြင် နအဖ အဖွဲ့နှင့် မြန်မာ့တပ်မတော် အတွင်း ဦးနေဝင်း ၏ တပည့်ဟောင်းများကိုလည်း တက်ရောက်ခွင့် မပေးခဲ့ချေ။
ထိုနေ့ နေ့လယ် (၁)နာရီ ခန့်တွင် မြောက်ဥက္ကလာပ မြို့နယ် ရှိ ရေဝေးသုသာန်၌ မီးသဂြိုလ်ခဲ့သည်။ ဦးနေဝင်း၏ နောက်ဆုံးခရီးကို သမီး ခင်စန္ဒာဝင်း နှင့် ပုဂ္ဂိုလ် အချို့သာ လိုက်ပါ ပို့ဆောင်နိုင်ခဲ့သည်။ ဦးနေဝင်း၏ အသုဘ သို့ မဆလ ခေတ် နိုင်ငံတော် ကောင်စီဝင် ဟောင်း ဗိုလ်မှူးချုပ် သောင်းတင် (ရေ) လိုက်လံပို့ဆောင်ခဲ့မူ့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် အကြီးအကျယ် ဒေါသပေါက်ကွဲကာ ဗိုလ်မှူးချုပ် သောင်းတင်၏ သား ရေတပ်ဗိုလ်မှူး မိုးသက်တင်ကို အကြောင်းမဲ့ ရာထူးမှ ဖြုတ်ပစ်ခဲ့သည့် အပြင် ဗိုလ်မှူးချုပ် သောင်းတင်၏ သားသမက် တနင်္သင်္ာရီရေတပ် စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးကြီး ချိုသန်းမောင်ကိုလည်း ချက်ချင်းပင် အရပ်ဘက် ဌာန သို့ ပြောင်းရွေ့ပစ်ခဲ့သည်။
ဆက်လက်ဖေါ်ပြပါမည်။