Photo @ Aung Htet
အခန်းပြင် ရာသီဥတုက
ပူနွေးတဲ့ နွေကို အလိုက်တသိခေါ်မလာခဲ့သေးဘူး
အတွင်းခန်းထဲမှာတော့
အကျဉ်းစခန်းဆန်တဲ့ ကမ္ဘာဟာ ကန္တာရလို နွေပဲ…
နှစ်နာရီစာကြာမြင့်တဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ
ဇာတ်ဆရာက ခွန်အားတွေပေးတိုင်း
ခွန်နဲ့အားတွေက တံတိုင်းကြီးတွေအဖြစ် ဖြစ်ထွန်းလို့…
နွံထဲမှာလွန်ဆွဲနေသူတွေရဲ့ အောင်မြင်မှုတွေက
အမြင့်မားဆုံးအလံကို တခဏအတွင်း ထူလို့လွှင့်လို့
မျက်စိတမှိတ်အတွင်းမှာ လျှပ်တပြက်သူဌေးကြီးတွေဖြစ်လို့…..
ဝမ်းနည်းမှုအတုတွေကို အနုပညာအတတ်နဲ့ ဖန်တီးတိုင်း
လူ့နှလုံးသားတွေကို မျက်ရည်တွေက လှိုင်းအဖြစ်ပုတ်ခတ်တယ်.
ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာရဲ့ဖန်တီးမှုစွမ်းအားတွေထဲမှာ
လူ့ဘ၀ဟာ လှလှပပကြီး ကြေကွဲစရာကောင်းလွန်းလှတယ်….
လက်တွေ့ဘ၀ထဲက
သောင်တင်ဇောက်ချနေရတဲ့ ငါတို့အလွမ်းတွေကို
ဘယ်ကမ်းကသွန်ပြီး ဘယ်လမ်းကထွန်ယက်ကြရမှာလဲ
ကျောက်ချခံထားရတဲ့ နောက်အကျဆုံး ငါတို့ဘ၀တွေကို
ဘယ်နေ့ ဘယ်ကွေ့မှာ ကြိုးဖြုတ်ချပြီး အမျှဝေကြရမှာလဲ…..
တချို့ကတော့
လေပြေလေညင်းမရှိတဲ့ သတင်းဆိုးတွေကြားမှာ
ရိုးသားမှုကို ပါးလွန်းတဲ့ကြိုးတချောင်းအဖြစ် သတ်မှတ်ထားလိုက်ကြပြီ…..
ငါတို့ကျမှပဲ ဘ၀ဟာ သိပ်ခက်နေတာများလား
ဘာပဲဖြစ်ဖြစ် ဇာတ်ဟာ များများနှစ်ထားနိုင်လေ များများနာလေပဲ
နေမသာ လေမလာမချင်း
ယုံကြည်ခြင်းကို ဓားတစင်းလို ခပ်ပြတ်ပြတ် ဆက်သွေးလိုက်ကြရုံပေါ့….။