သတင်းဆောင်းပါး အောင်ဒင်

Aung Din – မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် ၅၉

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၉၀၊ မတ်လ ၂၇ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)


မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် ၅၉

အောင်ဒင်၊ ဧပြီ ၂၊ ၂၀၁၄

 

အပိုင်း (၅၉) ဥပဒေမပြုသော လွှတ်တော်ကိုယ်စားလှယ်များ

 

#အမေရိကန် အောက်လွှတ်တော်အမတ် ရောဘတ်အင်ဒရူး (Representative Robert Andrews)      

 

ဒီတစ်ပါတ်မှာ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် (House of Representatives) အမတ်တစ်ဦးဖြစ်တဲ့ ရောဘတ်အင်ဒရူးအကြောင်းပြောချင်ပါတယ်၊ အင်ဒရူးလို့ပဲ ဆောင်းပါးတစ်ပုဒ်လုံးမှာ အတိုကောက် ခေါ်ဝေါ်သုံးစွဲပါ့မယ်၊ အင်ဒရူးက နယူးဂျာစီပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၁) က အောက်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်၊ ဒီမိုကရက်တစ်ပါတီကပါ၊ နှစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ အောက်လွှတ်တော်ရွေးကောက်ပွဲတွေမှာ  သူ့အသက် ၃၃ နှစ်အရွယ်၊ ၁၉၉၀ ပြည့်နှစ်ကစလို့ ဆက်တိုက်အရွေးချယ်ခံရပြီး အောက်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တာ ၂၀၁၄ ခုနှစ်မှာ သက်တမ်း ၂၃ နှစ်ရှိပါပြီ၊ သူက လက်ရှိသက်တမ်းကုန်ဆုံးတဲ့အထိ တာဝန်မထမ်းဆောင်တော့ပဲ အောက်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ဖေဖော်ဝါရီလအတွင်းမှာ အနားယူလိုက်ပါတယ်၊

 

ပုံ (၁)၊ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်အမတ် ရောဘတ်အင်ဒရူး (Representative Robert Andrews)

 

သူနဲ့ပါတ်သက်ပြီး ထူးထူးခြားခြား ပြောစမှတ်ရှိတာက သူ့ရဲ့ အောက်လွှတ်တော်သက်တမ်း ၂၃ နှစ်အတွင်းမှာ အင်ဒရူးဟာ ဥပဒေကြမ်းပေါင်း (၆၄၆) ခု အဆိုပြုတင်သွင်းခဲ့ပြီး တစ်ခုမှ ဥပဒေဖြစ်မလာခဲ့ပါ၊ ဒါကြောင့် သူ့ကို ဆယ်စုနှစ်နှစ်ခုအတွင်းမှာ အောင်မြင်မှုမရှိဆုံး လွှတ်တော်ကိုယ်စားလှယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကြီးက ကင်ပွန်းတပ်ပါတယ်၊ ဟုတ်ပါတယ်၊ နှစ်ပေါင်း (၂၀) ကျော်အတွင်း ဥပဒေကြမ်းပေါင်း (၆၀၀) ကျော် တင်သွင်းအဆိုပြုခဲ့ပေမည့် တစ်ခုမှ ဥပဒေဖြစ်မလာခဲ့တာ အံ့ဩစရာပါ၊ ဥပဒေပြုအမတ်တစ်ယောက်ရဲ့ အရေးနိမ့်မှုဖြစ်ပါတယ်၊

အင်ဒရူးတင်သွင်းခဲ့တဲ့ ဥပဒေကြမ်းတွေက အကြောင်းအရာမျိုးစုံပါတယ်၊ တိုင်ဝမ်နဲ့ အမေရိကန်အစိုးရဆက်ဆံရေးကစလို့ ကုန်ပစ္စည်းအချို့အပေါ် အခွန်ငွေလျှော့ချကောက်ခံရေးအထိ ပါဝင်ပါတယ်၊ သူတင်သွင်းခဲ့တဲ့ ဥပဒေကြမ်းတွေထဲမှာ (၄) ခုပဲ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တော့ အနိုင်ရခဲ့ပါတယ်၊ ဒါပေမည့် အထက်လွှတ်တော်မှာ အရေးနိမ့်တာမို့ သမ္မတလက်မှတ်ထိုးတဲ့ ဥပဒေအဆင့်ကို မရောက်ခဲ့ပါ၊ သူ့လိုမျိုး လွှတ်တော်အမတ်သက်တမ်းအတွင်း ဥပဒေကြမ်းအများအပြားတင်သွင်းတဲ့ အခြားအမတ်တွေ ရှိပါသေးတယ်၊ ဒါပေမည့် အဲဒီအမတ်များက အောင်မြင်မှု တစ်စုံတစ်ရာရှိခဲ့ပါတယ်၊

 

ဒုတိယမြောက် ဥပဒေကြမ်းအများဆုံးတင်သွင်းတဲ့ အောက်လွှတ်တော်အမတ် ကယ်ရိုလင်းမလိုနီ (Representative Caroline Maloney, D-NY) ရဲ့ ဥပဒေကြမ်းတွေထဲက (၉) ခုဟာ ဥပဒေဖြစ်လာခဲ့ပါတယ်၊ တတိယမြောက်ဥပဒေကြမ်းအများဆုံးတင်သွင်းတဲ့ အောက်လွှတ်တော်အမတ် ဒွန်ယန်း (Representative Don Young, R-Alaska) ရဲ့ ဥပဒေကြမ်းတွေထဲက (၇၆) ခုဟာ ဥပဒေဖြစ်လာပြီး စတုတ္ထမြောက် ဥပဒေကြမ်းအများဆုံးတင်သွင်းတဲ့ အောက်လွှတ်တော်အမတ် ချားလ်စရိန်ဂယ် (Representative Charles Rangel, D-NY) ရဲ့ ဥပဒေကြမ်းတွေထဲက (၃၈) ခုဟာ ဥပဒေတွေဖြစ်လာခဲ့ပါတယ်၊

ပုံ (၂)၊ အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ဥပဒေကြမ်း (Bill) မှ ဥပဒေ (Law) အဆင့်ရောက်ရှိပုံပြဇယား

 

 

 

အင်ဒရူးက သူ့ရဲ့ ဥပဒေပြုမှတ်တမ်းနဲ့ ပါတ်သက်ပြီး အခုလို ကာကွယ်ပြောဆိုပါတယ်၊ တကယ်က သူ့မှာ အောင်မြင်မှုတွေရှိခဲ့ပါတယ်တဲ့၊ သူက ဥပဒေကြမ်းတစ်ခုကို တင်သွင်းခြင်းဖြင့် သူ့လက်ထဲမှာ လိုအပ်ရင် အလွယ်တကူသုံးစွဲနိုင်မည့် ဥပဒေရေးရာအသုံးအနှုံး (Legislative Language) တစ်ခု အဆင်သင့်ရှိလာပါတယ်၊ သူ့ကိုယ်ပိုင် ဥပဒေကြမ်းက မဲခွဲတဲ့ အဆင့်ကို မရောက်ခဲ့တောင်မှ၊ မဲခွဲလို့ ရှုံးနိမ့်ခဲ့တာတောင်မှ ဒီဥပဒေကြမ်းထဲက စာသားတွေကို အခြားကိုယ်စားလှယ်များတင်သွင်းတဲ့ ဥပဒေကြမ်းတွေထဲမှာ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်တွေအဖြစ် ဖြည့်စွက်ဖို့ သူကြိုးစားခဲ့ပါတယ်တဲ့၊ ဒါကြောင့်ပဲ သူ့ဥပဒေကြမ်း (၆၀၀) ကျော်ထဲက အနည်းဆုံး (၁၁၀) ကို အခြားကိုယ်စားလှယ်များ တင်သွင်းတဲ့ ဥပဒေကြမ်းတွေမှာ ပြင်ဆင်ချက်အဖြစ် ထည့်သွင်းနိုင်ခဲ့ပြီး ဥပဒေတွေ ဖြစ်လာခဲ့ပါတယ်တဲ့၊ ဒါကြောင့် သူ့မှာ ဥပဒေပြုရေးအောင်ပွဲတွေရှိတယ်လို့ အင်ဒရူးက ခုခံပြောဆိုပါတယ်၊

 

တကယ်တော့ ဥပဒေဖြစ်မလာတဲ့ ဥပဒေကြမ်းများကို ကြည့်ပြီး သူ့ကို အောင်မြင်မှုမရှိဆုံးလွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်တာ တရားမျှတမှုမရှိပါ၊ အနည်းဆုံးတော့ သူဟာ သူ့ရဲ့ ဥပဒေပြုရေးတာဝန်ကို ကျေပွန်ခဲ့ပါတယ်၊ ဥပဒေပြုလွှတ်တော်မှာ သူ့ရဲ့ မဲဆန္ဒရှင်များကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်ရာမှာ အဓိကတာဝန်က ဥပဒေပြုခြင်းဖြစ်ပါတယ်၊ ဥပဒေပြုလွှတ်တော်အမတ်တစ်ယောက်မှာ ဒေသဆိုင်ရာပြည်သူတွေရဲ့ အကျိုးစီးပွါးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်းတွေ၊ နိုင်ငံလုံးဆိုင်ရာ မူဝါဒများနဲ့ ပါတ်သက်တဲ့ဥပဒေကြမ်းတွေ၊ မတရားမမျှတဘူးလို့ ယူဆတဲ့ တည်ဆဲဥပဒေများကို ပြင်ဆင်တဲ့၊ ရုပ်သိမ်းတဲ့ ဥပဒေကြမ်းတွေကို တစ်ဦးတည်း (သို့မဟုတ်) အခြားကိုယ်စားလှယ်များနဲ့ လက်တွဲပြီး အဆိုပြုတင်သွင်းဖို့ တာဝန်ရှိပါတယ်၊ အင်ဒရူးအနေနဲ့ ဒီအခြေခံကျတဲ့ တာဝန်ကို ကျေပွန်ခဲ့တယ်လို့ ကျနော်မြင်ပါတယ်၊

 

#မြန်မာပြည်က ဥပဒေပြုအမတ်များ

 

အင်ဒရူးအကြောင်းပြောရင်းနဲ့ ကျနော်တို့ မြန်မာနိုင်ငံက ပြည်ထောင်စုလွှတ်တော်အမတ်များဘက်ကို လေ့လာကြည့်ပါမယ်၊

 

ပထမအကြိမ် လွှတ်တော် ပထမအစည်းအဝေးကနေ အဋ္ဌမအစည်းအဝေးအထိ (၃) နှစ်တာကာလအတွင်းမှာ လွှတ်တော်မှ “ယခင်ပြဋ္ဌန်းထားတဲ့ ဥပဒေများကို လုံးဝရုပ်သိမ်းတဲ့ ဥပဒေ (၁၁) ခု၊ ယခင်ပြဋ္ဌန်းထားတဲ့ ဥပဒေများကို အသစ်ပြန်လည်မွမ်းမံရေးဆွဲတဲ့ ဥပဒေ (၂၂) ခု၊ တည်ဆဲဥပဒေများကို အသစ်ပြင်ဆင်ရေးဆွဲတဲ့ ဥပဒေ (၃၀) ခု၊ အသစ်ရေးဆွဲတဲ့ ဥပဒေ (၁၄) ခုနဲ့ ဘတ်ဂျက် ဘဏ္ဏာရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေ (၇) ခု၊ စုစုပေါင်း ဥပဒေ (၈၄) ခု” ပြဋ္ဌန်းနိုင်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မီတီ အစီရင်ခံစာအရ သိရပါတယ်၊

အဲဒီ ဥပဒေများကို ဥပဒေကြမ်းဘဝနဲ့ လေ့လာကြည့်တဲ့အခါ အများစုက ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုဝန်ကြီးဋ္ဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများက တင်သွင်းတဲ့ ဥပဒေကြမ်းများဖြစ်ကြပါတယ်၊ ဒုတိယအများဆုံးက လွှတ်တော်ရေးရာကော်မီတီများက တင်သွင်းတဲ့ ဥပဒေကြမ်းများဖြစ်ကြပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦး (သို့မဟုတ်) အများစုပေါင်းပြီး တင်သွင်းတဲ့ ဥပဒေကြမ်းကတော့ အနည်းငယ်ပဲရှိတာ တွေ့ရပါတယ်၊ အောက်ပါဇယားကို ကြည့်ပါ၊ ရနိုင်သမျှ လွှတ်တော်အစည်းအဝေးမှတ်တမ်းတွေကို ရှာဖွေပြုစုရတာမို့ လိုအပ်ချက်တွေ ရှိပါလိမ့်မယ်၊

 

#ပထမအကြိမ် လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးမှ နဝမပုံမှန်အစည်းအဝေးကာလ အတွင်း (၂၅ ရက်မြောက် အစည်းအဝေးအထိ) လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းခဲ့သော ဥပဒေကြမ်းများ

အမှတ်စဉ်

လွှတ်တော်

ကိုယ်စားလှယ်အမည် (မဲဆန္ဒနယ်)

ဥပဒေကြမ်းအမည်

 

ပြည်သူ့

ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း)

၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း

ပြည်သူ့

ဦးစောလှထွန်း (ချောင်းဦး)

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေကြမ်း

ပြည်သူ့

ဦးတီခွန်မြတ် (ကွတ်ခိုင်)

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း

ပြည်သူ့

ဦးတင်မောင်ဦး (ရွှေပြည်သာ)

၁၉၅၄ ခုနှစ် နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြသမှုကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း

ပြည်သူ့

ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း)

အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဥပဒေ အမှတ် ၅/၂၀၀၄) ကို ပြင်ဆင်သည့်ဥပဒေကြမ်း

ပြည်သူ့

ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း)

ကလေးသူငယ်အက်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ ၉/၉၃) ကို ပြင်ဆင်သည့်ဥပဒေကြမ်း

ပြည်သူ့

ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း)

၁၈၆၁ ခုနှစ်တွင် ပြဋ္ဌန်းခဲ့သော ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေကြမ်း

ပြည်သူ့

ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း)

၁၉၆၃ ခုနှစ် တရားဥပဒေများ အာဏာတည်စေခြင်းနှင့် ရပ်စဲခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း

ပြည်သူ့

ဦးကျော်နိုင်ဋ္ဌေး (အင်းတော်)

မတရားသင်းအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒိယအက်ဥပဒေ ၁၄) ကို ပြင်ဆင်သည့်ဥပဒေကြမ်း

၁၀

ပြည်သူ့

ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း)

ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း

၁၁

ပြည်သူ့

ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း)

မတရားသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒိယအက်ဥပဒေ ၁၄) ကို ရုပ်သိမ်းသည့်ဥပဒေကြမ်း

၁၂

ပြည်သူ့

ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း)

အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဥပဒေ အမှတ် ၅/၂၀၀၄) ကို ရုပ်သိမ်းသည့်ဥပဒေကြမ်း

၁၃

ပြည်သူ့

ဒေါ်တင်နွယ်ဦး (ဒဂုန်မြို့သစ်မြောက်ပိုင်း)

၁၉၉၃ ခုနှစ် စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း

၁၄

ပြည်သူ့

ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း)

အဂတိလိုက်စားမှုတားမြစ်ရေးဥပဒေကြမ်း

၁၅

ပြည်သူ့

ဦးမောင်တိုး (မင်းလှ)

ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအား ပြင်ဆင်သည့်ဥပဒေကြမ်း

၁၆

ပြည်သူ့

ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း)

၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံချက်အက်ဥပဒေ (အက်ဥပဒေအမှတ် ၁၇/၅၀) ကို ပြင်ဆင်သည့်ဥပဒေကြမ်း

၁၇

အမျိုးသား

ဒေါက်တာအေးမောင် (ရခိုင်ပြည်နယ်)

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း

၁၈

အမျိုးသား

ဦးနေဝင်းထွန်း (ရှမ်းပြည်နယ်)

မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း

၁၉

အမျိုးသား

ဦးနေဝင်းထွန်း (ရှမ်းပြည်နယ်)

မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း

၂၀

အမျိုးသား

ဦးဖုန်းမြင့်အောင် (ရန်ကုန်တိုင်းဒေသကြီး)

သတင်းမီဒီယာဥပဒေကြမ်း

 

ဒီစာရင်းအရ လွှတ်တော်ကိုယ်စားလှယ် (၁၀) ယောက်က ဥပဒေကြမ်း (၂၀) ခု တင်သွင်းခဲ့ပါတယ်၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဥပဒေကြမ်းအများဆုံး (၁၀) ခုတင်သွင်းခဲ့ပြီး ရှမ်းပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းထွန်းက (၂) ခု၊ ကျန်လွှတ်တော်ကိုယ်စားလှယ် (၈) ဦး က ဥပဒေကြမ်းတစ်ခုစီ တင်သွင်းခဲ့ကြပါတယ်၊ ဒီဥပဒေကြမ်းအားလုံး အောင်ပွဲရပြီး ဥပဒေဖြစ်လာတာတော့ မဟုတ်ပါ၊ ဦးတင်မောင်ဦး တင်သွင်းတဲ့ “၁၉၅၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြသမှုကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း” နဲ့ ဦးသိန်းညွန့်တင်သွင်းတဲ့ “အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ (နအဖဥပဒေ အမှတ် ၅/၂၀၀၄) ကို ပြင်ဆင်သည့်ဥပဒေကြမ်း” တို့က ပြင်ဆင်ချက်များနဲ့ မဲခွဲဆုံးဖြတ်ပြီး ဥပဒေဖြစ်လာခဲ့ပါတယ်၊ ဦးသိန်းညွန့်တင်သွင်းတဲ့ “ကလေးသူငယ်အက်ဥပဒေ (နဝတဥပဒေ ၉/၉၃) ကို ပြင်ဆင်သည့်ဥပဒေကြမ်း” ကတော့ လက်ခံဆွေးနွေးဖို့ သင့်မသင့် မဲခွဲရာမှာ ထောက်ခံမဲ (၁၉) မဲပဲရလို့ အရေးနိမ့်ခဲ့ပါတယ်၊ ကျန်တဲ့ ဥပဒေကြမ်းအများစုဟာလည်း လက်ခံဆွေးနွေးဖို့ သဘောတူတဲ့အဆင့်နဲ့ ဆွေးနွေးနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်၊

 

#အင်ဒရူးတွေ အများကြီးလိုသည်၊

 

မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း လွှတ်တော်ကိုယ်စားလှယ် (၆၀၀) ကျော်ရှိတဲ့အထဲက သုံးနှစ်တာကာလအတွင်း ဥပဒေကြမ်းတင်သွင်းသူ (၁၀) ဦးပဲ ရှိတယ်ဆိုတော့ အလွန့်အလွန်နည်းလွန်းတယ်လို့ ဆိုရမှာပါ၊

 

ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့အတိုင်း လွှတ်တော်ရဲ့ အဓိကတာဝန်ဟာ တည်ဆဲဥပဒေတွေ ပြင်ဆင်ဖို့၊ ရုပ်သိမ်းဖို့နဲ့ ဥပဒေအသစ်တွေ ရေးဆွဲပြဋ္ဌန်းဖို့ ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များရဲ့ အဓိကတာဝန်က တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့အနေနှင့်သော်လည်းကောင်း တိုင်းပြည်အတွက် အကျိုးရှိမည့် ဥပဒေကြမ်းတွေ တင်သွင်းဖို့ဖြစ်ပါတယ်၊ လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်များဟာ ဥပဒေကြမ်းတွေ ပြုစုတင်သွင်းဖို့ထက် ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြမေးခွန်းတွေ မေးဖို့ပဲ တန်းစီစောင့်ဆိုင်းနေတာ တွေ့ရပါတယ်၊

 

မြန်မာနိုင်ငံမှာ ပါတီစုံစနစ်နဲ့ ဥပဒေပြုလွှတ်တော်မရှိခဲ့တာ နှစ်ပေါင်းငါးဆယ်ကျော်ခဲ့ပြီမို့ လက်ရှိလွှတ်တော်အမတ်တွေမှာ ဥပဒေပြုအတွေ့အကြုံနည်းပါးကြတယ်ဆိုတာကို နားလည်ပါတယ်၊ ပြီးတော့ အထောက်အကူပြုဝန်ထမ်းတွေ၊ ဥပဒေရေးရာအကြံပေးသူတွေ၊ ရုံးခန်းနဲ့ ရုံးအဖွဲ့တွေ မရှိကြတဲ့ အခက်အခဲတွေကိုလည်း နားလည်ပါတယ်၊ ဒါပေမည့်လည်း ဒီလွှတ်တော်ကိုယ်စားလှယ်ကြီးတွေ မုဆိုးစိုင်သင် ဆိုသလို မပြည့်မစုံမှုတွေ၊ အခက်အခဲတွေကြားကနေ ရနိုင်သမျှကို သင်ယူလေ့လာပြီး တစ်ဦးတည်းမဟုတ်တောင် စိတ်တူသူချင်းစုပေါင်းလက်တွဲလို့ ဒေသအတွက်၊ တိုင်းပြည်အတွက် အကျိုးရှိမဲ့ ဥပဒေကြမ်းတွေ တင်သွင်းဖို့၊ တိုင်းပြည်နဲ့ ဒီမိုကရေစီစနစ်အတွက် အဟန့်အတားဖြစ်နေတဲ့ တည်ဆဲဥပဒေတွေကို ပြင်ဆင်တဲ့၊ ရုပ်သိမ်းတဲ့ ဥပဒေကြမ်းတွေ ရေးဆွဲတင်သွင်းနိုင်ကြဖို့ မျှော်လင့်ပါတယ်၊ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ အင်ဒရူးတွေ အများကြီး လိုအပ်နေပါပြီ၊

 

လေးစားစွာ၊

 

အောင်ဒင်
မတ်လ (၁၇)၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts