ဖိုးထက် သရော်စာ

ဖိုးထက် – လွတ်လွတ်လပ်လပ် ပေါ့ပါးဖို့ ကိုသိန်းဝင်း တံဆိပ်သုံးကြစို့

လွတ်လွတ်လပ်လပ် ပေါ့ပါးဖို့ ကိုသိန်းဝင်း တံဆိပ်သုံးကြစို့

ဖိုးထက်

ဧပြီ ၂၊ ၂၀၁၄

 

မြောက်အမေရိကတိုက်ကို ကိုလံဘတ်က စတွေ့တယ်တဲ့။ တကယ်ကျတော့ သူ့အရှေ့မှာ ပင်လယ်ဓား ပြဗိုလ်တစ်ယောက်က အဲဒီ အင်ဒီးယန်းတွေနေတဲ့ ကုန်းမြေကြီးကို တွေ့ပြီးသား။ ပင်လယ်ဓားပြက စောတွေ့တာ မှန်ပေမယ့် စပိန်ဘုရင်မရဲ့ အထောက်အပံ့နဲ့ ကိုလံဘတ်တွေ့တာက ပိုပြီး ထိရောက်ခဲ့တယ်။ ဘုရင်မလွှတ်တဲ့ ပုဂ္ဂိုလ်ကြီးဆိုတော့ မီဒီယာတွေက ၀ိုင်းဝန်းပြီး အလှော်ကောင်းတာလဲ ပါမှာပေါ့။ သူခိုး၊ ဓားပြကျတော့ ဘယ်သူက မေတ္တာထား အရေးရာ လုပ်နေမှာတုံး။ ဟုတ်ဘူးလား။ နောက်ပြီးတော့ ကိုလံဘတ်တို့ ခေတ်ကြမှဘဲ လူတွေက နယ်သစ်ပယ်သစ်ပြောင်းချင်သူတွေများလာတယ်။  ငတ်နေမယ့် အတူတူ သံယံဇာတပေါတဲ့ နယ်မြေကြီးဆီကို သူဌေးဖြစ်ဖြစ်၊ ခွေးဖြစ်ဖြစ် ရွှေ့ကြ၊ သွားကြ၊ လာကြတယ်။ အခုတော့ ကမ္ဘာ့သမိုင်းမှာ မြောက်အမေရိကတိုက်နဲ့ ကိုလံဘတ်နဲ့က ခွဲမရတော့ဘူး။

ကိုသိန်းဝင်းအတွက်ကတော့ ကိုလံဘတ်ကဘဲတွေ့တွေ့၊ ပင်လယ်ဓားပြကဘဲ တွေ့တွေ့ မြောက်အမေရိက တိုက်ရှိလို့ အမေရိကန်နိုင်ငံရှိတာ။ အမေရိကန်နိုင်ငံရှိလို့ သူ ဆယ်နှစ်ကျော်လောက် အလုပ်လုပ်ရင်း ပညာသင်ခဲ့ရတာ။ သူပညာတတ်ကြီး ဖြစ်လာတာလေ။

ကိုသိန်းဝင်းမိဘတွေက မြင်းခြံတောင်သာဘက်က ရေငန်သောက် မြက်ခြောက်စားဆိုပြီး နှိမ်အပြောခံရတဲ့ နယ်ဘက် ရွာတစ်ရွာက။ တကယ့် အညာသူ၊ အညာသား ရိုးရိုးကြီးတွေ။  ဒီလိုမိဘနှစ်ပါးကနေ ကိုသိန်းဝင်း ဘယ်လိုလုပ်ပြီး အမေရိကန်နိုင်ငံရောက်သွားသလဲ ဆိုတာတော့ ဘုရားမှဘဲ သေသေချာချာ သိမှာဘဲ။ ဟုတ်တယ်။ လူဆိုတာ သူ့ကံနဲ့ သူလာတယ်ဆိုတဲ့ စကား သိပ်မှန်တယ်။ သူတို့ ရွာက သူ့လိုဘဲ ဆယ်တန်း အောင်ပြီး ဝေလေလေလဲ ဖြစ်နေသူတွေ မိဘက ပိုက်ဆံ တတ်နိုင်လို့ နိုင်ငံခြား သွားချင်များ လေယာဉ်ဘီးကြွရင် ပြီးရော၊ ဘယ်နိုင်ငံရောက်ရ ရောက်ရ ဆိုတဲ့ အကောင်တွေ တစ်ယောက်မှ မထွက်ရဘူး။ မသွားရဘူး။ မလေးရှားဆိုပြီးသွားတာ ပုဂံကို ပြန်ရောက်လာတဲ့ သူ့သူငယ်ချင်း နှစ်ယောက်တောင် ရှိသေး။

ကိုသိန်းဝင်းကျတော့ ရန်ကုန်က အမျိုးတွေဆီ တစ်ခေါက်ဘဲ အလည်သွားတယ်။ နောက်သုံးခေါက်မြောက်ကျတော့ အမေရိကန်ကို မှီခိုနဲ့ ပါလာခဲ့တယ်။ ထားတော့။ ဘယ်လမ်းကြောင်းနဲ့လဲ ဘယ်သူနဲ့လဲ ဆိုတာလဲ သိပ်ပြောလို့မကောင်းဘူးလေ။ လမ်းကြောင်းဘယ်လောက် ကောင်းကောင်း ခိုင်ခိုင် တစ်ချို့လဲ ဘယ်လိုမှ ဗီဇာမအောင်တာတွေ အများကြီး။ ကိုသိန်းဝင်းကျတော့ သူ့တူပါဆိုပြီး ခေါ်သွားမယ့်သူက သံမှုးနဲ့ ၀င်တွေ့တာ သူ့ကို ခေါ်သွားတယ်။ အသားညိုညို (မဲတယ်လို့တောင် ပြောလို့ရမယ်) ရိုးရိုးသားသား အညာသားရုပ်ဘဲ ပေါက်နေ သလား၊ သနားစရာဘဲ ကောင်းနေသလား မသိဘူး။ သံမှုးက မေးတဲ့ အင်္ဂလိပ်စကားကောင်းကောင်းမဖြေတတ်တဲ့ ကိုသိန်းဝင်းကို သနား ချစ် ချစ်သွားသလားတော့ မသိဘူး။ ထောက်ခံပေးလိုက်တယ်။ ပြောပြီးပြီနော်။ ယုံချင်ယုံ မယုံချင်နေ။ ကံကောင်းရင် ဘာမှ လိုက်မမှီဘူး။

ဒီလိုနဲ့ ကိုသိန်းဝင်းတစ်ယောက် ကိုလံဘတ်က စတွေ့တယ်ဆိုတဲ့ အမေရိကားတိုက်ကြီးကို ရောက်လာတယ်။ အမေရိကန်ကိုရောက် လာတယ်။ အမေရိကန်နိုင်ငံရဲ့မြောက်ဘက်ပိုင်းက ၀စ်စကိုစင် ဆိုတဲ့ ပြည်နယ်လေးမှာ ပထမဆုံးနေရတယ်။ အင်္ဂလိပ်စကားလဲ သင်ရင်း၊ ကျောင်းလဲ တက်ရင်း ကိုသိန်းဝင်း လူရည်လည်လာတယ်။ ကမ္ဘာ့စူပါ ပါဝါ နိုင်ငံကြီးလို့ မပြောရဘူး။ အခွင့်အလမ်းတွေ သိပ်ပေါတယ်။ အလုပ် လုပ်ချင်စိတ်နဲ့ တိုးတက်ချင်စိတ်သာရှိပါစေ။ စနစ်တွေ၊ အခွင့်အလမ်းတွေက သိပ်ကောင်း၊ သိပ်များတယ်။ လူမျိုးရေးကလဲ မခွဲသလောက်။ နည်းနည်းတော့ ခွဲတာပေါ့လေ။ ဒါပေမယ့်လဲ လူ့အခွင့်အရေး အပြည့်အ၀လိုက်နာတဲ့ နိုင်ငံသားတွေဆိုတော့လဲ ကိုသိန်းဝင်းအတွက်ကတော့ ပန်းနဲ့ ပေါက်တာကမှ ခပ်စပ်စပ်ဖြစ်အုံးမယ်။

ထပ်ပြီး ချုံ့ပြောရရင် ကိုသိန်းဝင်းအလုပ်လဲ လုပ်ရင်း ကျောင်းတက်တယ်။ ကောလိပ်တစ်ခုက ဒီဂရီတစ်ခုရတယ်။ ပိုက်ဆံလဲ စုနိုင်တယ်။ သူ့မိဘနှစ်ပါးကိုလဲ ပိုက်ဆံပို့ပြီး စုခိုင်းတယ်။ စီးပွားရေး တစ်ခုခုလုပ်ရမယ်လေ။ အမေရိကန်နိုင်ငံ သူများနိုင်ငံကြီးမှာ အကြာကြီး မနေနိုင်ပါဘူး။ သူ့ဘာသာ ဘယ်လောက် ပြည့်စုံတယ် ပြောပြော ကိုသိန်းဝင်းစိတ်ထဲမှာ အရင်းအနှီးတစ်ခုခု လက်ကိုင်တုတ်ရရင် ပြန်ပြီ။ အချိန်လေး တစ်ခုနဲ့ အခွင့်အရေးလေး တစ်ချက်ဘဲ စောင့်နေတာ။ ဟော…ခုတော့ တွေ့ပြီ။ မြန်မာနိုင်ငံကို ပြန်ပြီး စီးပွားရေး လုပ်မယ်ဆိုပြီး ပြန်ချလာတယ်။

အမေရိကန်နိုင်ငံမှာ ဆယ်နှစ်ကျော် ပညာသင်ကြားခဲ့သော ပညာတတ် ခေတ်လူငယ် စီပွားရေး လုပ်ငန်းရှင် ကိုသိန်းဝင်း။ နိုင်ငံကလဲ နည်းနည်း ပွင့်လင်းလာတဲ့ အချိန်ဆိုတော့ ကိုသိန်းဝင်း စီးပွားရေး လုပ်ရတာ သိပ်တော့ မကြောက်ဘူး။ အောင်ရမည်ကွ လို့ စိတ်ထဲမှာ တင်းထားတယ်။ သြော်..သူ လုပ်တဲ့ စီးပွားရေးလား။ ညစ်ပါတ်စုတ်ပဲ့တယ် မထင်စမ်းအုံးနဲ့နော်။ အတွင်းခံအ၀တ်အထည် ထုတ်လုပ် ရောင်းချ ဖြန့်ဖြူး ရောင်းဝယ်ရေး။

ဟုတ်တယ်လေ။ မြန်မာနိုင်ငံ လူဦးရေ သန်းခြောက်ဆယ်ထား။ ထားပါ အတွင်းခံ ၀တ်တဲ့ လူဦးရေ သန်းသုံးဆယ်ဘဲ ထား။ ကိုသိန်းဝင်း အတွင်းခံအ၀တ်အစားသာ အောင်မြင်ရင် ထောပြီ။ နည်းတဲ့ ဈေးကွက်လား။ မြန်မာနိုင်ငံသား မြင်းခြံသားစစ်စစ် အမေရိကန်ပြန် ခေတ်ပညာတတ်ကြီး၏ ကုမ္ပဏီမှ ထုတ်လုပ်သော ပြည်တွင်းဖြစ် အတွင်းခံများကို အားပေးကြစို့ ဆိုရင် အိမ်နီးနားချင်း တရုတ်ထုတ် ပွယောင်းယောင်းတွေ၊ ကုလားထုတ် ခပ်မွမွတွေ၊ ထိုင်းထုတ် ကျစ်ကျစ်ကြပ်ကြပ်ကြီးတွေ သွားပေရော့ဘဲလေ။

နောက်ပြီး ကိုသိန်းဝင်းက ဈေးကွက်ကြော်ငြာခြင်းနဲ့ ဘွဲ့ယူခဲ့တဲ့ သူဘဲ။ ခေသူ မဟုတ်ဘဲလေ။ ဈေးကွက်ကို ဘယ်လို စထိုးဖောက်ရမယ်ဆိုတာ သိတယ်။ သူအရင်ဆုံး လုပ်တာက FB ပေါ်မှာ လူအထင်ကြီးအောင်၊ လေးစားလာအောင်၊ ယုံကြည်လာအောင် အမေရိက အတွေ့အကြုံ အကြီးကြီးတွေ အလုံးလိုက် အကြီးကြီးတွေ လွှတ်လိုက်တယ်။ နံမည်ကျော် မင်းသား၊ မင်းသမီးတွေနဲ့ လိုက်ပြီး မိတ်ဖွဲ့ ၊ ဓာတ်ပုံတွေရိုက်ပြီး တင်တယ်။ မြန်မာနိုင်ငံသားများကလဲ သိကြတဲ့ အတိုင်း နိုင်ငံခြားပြန်ဆိုရင် အငြိမ့်ကြည့်တာတောင်မှ အင်္ဂလန်ပြန်၊ ရုရှားပြန်ဆိုပြီး ခေတ်စားခဲ့သေးတာဘဲ။ ကိုသိန်းဝင်း ထင်တဲ့ အတိုင်းဘဲ သူ့ကို လူတွေ ပိုသိလာကြတယ်။ သူ့ရဲ့ နောက်လိုက် နောက်သားတွေ များလာတယ်။

ဘယ်လောက်အထိ သူ့ရဲ့ အတွင်းခံအ၀တ်အထည် စီးပွားရေးက လူသိများလာသလဲဆိုရင် သူ့ကို ရုပ်မြင်သံကြား ရိုက်ကူးရေး အဖွဲ့တစ်ဖွဲ့က သူ့ကို အင်တာလာဗျူးတာသာ ကြည့်တော့။

ဒီနေ့က အဲဒီ ရုပ်မြင်သံကြားက ရိုက်ကူးရေး အဖွဲ့နဲ့ ချိန်းထားတဲ့ နေ့လေ။ သူ့ကို မေးခွန်းတွေ မေးကြမှာ။ ကိုသိန်းဝင်းကလဲ ဖြေဖို့ အဆင်သင့်။ မဖြေရရင် စိတ်ဆိုးမှာ။ ရိုက်ကူးရေး အဖွဲ့လာတော့ ကိုသိန်းဝင်းရုံးခန်းထဲမှာဘဲ ရိုက်ကူးဖို့ ပြင်ဆင်ပြီး အင်တာဗျူးစတယ်။ မေးခွန်းမေးသူ အင်တာဗျူးသူက ကောင်မလေး။ သူ့ထက် လေး၊ ငါးနှစ်တော့ ငယ်ပုံရတယ်။ မေးခွန်းတွေ သေသေချာချာ စာရွက်ကြီးတွေနဲ့ ချရေးပြီး ပြင်ဆင်လာပုံဘဲ။ ကိုသိန်းဝင်း ကြိုက်သွားတယ်။ သြော်..စနစ်ကျကျ အလုပ်လုပ်တာကို ပြောတာပါ။ အင်တာဗျူး စတယ်…
“အစ်ကို ဘယ်လိုလုပ်ပြီးတော့ အမေရိကားကနေ ဒီကို ဒီ “T” အတွင်းခံ အ၀တ်အစားစီပွားရေးကို စွန်ဦးလုပ်ဖို့ စိတ်ကူးရပါသလဲ”

“သြော်…ဒါလား..ကျွန်တော်က ဟိုမှာ အမေရိကားမှာ ၁၄ နှစ်လောက် ပညာသင်လာတာဆိုတော့ကာ ….အဲဒီမှာဘဲ Marketing နဲ့ ဒီဂရီရလာတာဆိုတော့ကာ….ပြန်လာပြီး ဘာ Business လုပ်ရကောင်းမလဲ၊ လမ်းသစ်လဲ ဖောက်ချင်တာနဲ့ ဟဲ ဟဲ… Opportunity  အသစ် အသစ်တွေ ရချင်တာနဲ့ သူများ မလုပ်သေးတဲ့ Business တစ်ခုကို စတည်လိုက်တယ် ဆိုပါတော့…ဟုတ်ကဲ့..”

“ဟုတ်ကဲ့…ဒါနဲ့ အစ်ကိုက ဒီ T ဆိုတဲ့ တံဆိပ်ကို ဘယ်လို စိတ်ကူးမျိုးနဲ့ ယူခဲ့ပါသလဲ။ အစ်ကိုနာမည်အတိုကောက်ဘဲလား။ ဒါမှ မဟုတ် ဘာအကြောင်းပြချက် ရှိပါသေးလဲ..ဖြေပေးလို့ ရရင် ပရိတ်သတ်ကြီး သိအောင် ပြောပေးပါအုံး”

“သြော်..ဒါလား..ဟဲ ဟဲ… How to say..ဒီလိုဗျ…ညီမလေးပြောတာ မှန်တယ်။ အဲဒီ T က ကျွန်တော့်နာမည် Beginning  letter မို့လို့ ယူတာလဲ မှန်တယ်။ နောက်ပြီး အဲဒီ T လိုဂိုလေးကိုယ်တိုင်ကိုက အတွင်းခံ ဘောင်းဘီတစ်ထည်ကို ရေညှစ်ပြီး လှမ်းထားတာနဲ့ တူနေတယ်လေ။ ဟဲ ဟဲ…That is main reason ပေါ့….ဟဲ..ဟဲ”

“ဟုတ်ကဲ့…အခု အစ်ကိုရဲ့ ဒီအတွင်းခံ အ၀တ်အစား စီးပွားရေး အခြေအနေ အလားအလာလေးရယ်၊ နောက်ပြီး ဘယ်ကနေ ဒီအတွင်းခံတွေကို ဘယ်နိုင်ငံကသွင်းနေသလဲ ဆိုတာရယ်၊ နောက်ပြီး အစ်ကို့ရဲ့ လျာထားတာတွေလေးတွေ ပြောပြလို့ရမလား ..ရှင့်”

“ဟဲ ဟဲ…ညီမလေးရဲ့ The last question ကိုဘဲ ကျွန်တော် အရင် ဖြေပါ့မယ်။ နောက်ပိုင်း ကျွန်တော် ဒီမှာ အတွင်းခံ ထုတ်လုပ်တဲ့ စက်ရုံတွေ ဆောက်မယ်။ ဒေးဗစ်ဘက်ဟမ်းတို့ couple ကို  invite လုပ်ပြီး marketing တွေ လုပ်မယ်။ တရုတ်၊ အန္ဒိယ၊ ထိုင်း market တွေအထိ ဖောက်ဖို့ စိတ်ကူးတယ်။ လက်ရှိကတော့ Made in USA ဘဲ သွင်းနေတယ်လေ။ USA Made တွေဆိုတော့ စိတ်ချရတယ်။ ဟဲ ဟဲ..အသားအနား..ချုပ်ရိုး ချုပ်သား သိပ်ကောင်းတယ်။ အဲဒီမှာဘဲ ချုပ်တယ်။ တံဆိပ်ကိုဘဲ ကိုယ့်ရဲ့ လိုဂို T ပြောင်းခိုင်းလိုက်တာ။ လက်ရှိ အလား အလာကတော့ သိပ်မကောင်းဘူးလို့ ပြောရမှာဘဲ။ ကျွန်တော်တို့ လက်ရှိ နိုင်ငံအခြေအနေအရ မြို့ပေါ်နေ လူတန်းစားလောက်ဘဲ အတွင်းခံ အ၀တ်အစားကို ကောင်းကောင်း သုံးရကောင်းမှန်း သိတာ။ ၀တ်ရကောင်းမှန်းသိတာ။ အတွင်းခံ အ၀တ်အစားဆိုတာ ရှက်စရာ မဟုတ်ဘူး။ ကိုယ့် အပြင်က အ၀တ်အစားက လှပြီး မကောင်းလဲ ဘာမှ မဖြစ်ဘူး။ What I mean is အတွင်းခံအ၀တ်အစားကျတော့ ကိုယ့်အသားအရေနဲ့ အမြဲ ထိဝတ်နေရတာ…ဟုတ်တယ်..ညီမလေး မရီနဲ့ It is not joke. I am serious. ဒါ.. ကိုယ်က very rude ပြောနေတာ မဟုတ်ဘူး။ အသားအနား၊ ချုပ်ရိုး ချုပ်သား ကောင်းတဲ့ အတွင်းခံအ၀တ်အစားတွေ၊ ရာသီဥတုနဲ့ လိုက်ဖတ်တာတွေ ၀တ်သင့်တယ်၊ ၀တ်ရမယ်၊ ၀တ်ကို ၀တ်ရမယ်ဆိုတဲ့ mind set ရစေချင်တယ်။ အခုလက်ရှိဈေးကွက်ကတော့ အားမရဘူး ပြောရမှာဘဲ။ ဒါပေမယ့် ကိုယ်က disappointed မဖြစ်ပါဘူး။ Try ရမှာပေါ့…ဟဲ ..ဟဲ”

“ဟုတ်..ပြည့်ပြည့်စုံစုံဖြေသွားတာ ကျေးဇူး တင်ပါတယ်။ နောက်ဆုံး အနေနဲ့ လူငယ် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံက လူငယ်တွေကို ဘာ စကားလက်ဆောင် ပါးချင်ပါသလဲရှင်။”

“ဟုတ်ကဲ့..ကျွန်တော် ပြောပါ့မယ်။ ပြောလဲ ပြောချင်ပါတယ်။ လူငယ်ဆိုတာ opportunity ကို အမြဲရှာနေရမယ်။ နောက်ပြီးတော့ ကိုယ် ဘာဖြစ်ချင်သလဲဆိုတာ သိရမယ်။ ကိုယ်လျှောက်ချင်တဲ့ ပန်းတိုင်ကို ရှင်းလင်း ပြတ်သားစွာ သိနေရမယ်။ အခု ကျွန်တော့် အတွင်းခံ အ၀တ်အစား ကုမ္ပဏီအတွက် လူခေါ်တယ်။ ၀န်ထမ်းခန့်ချင်လို့ ခေါ်တယ်။ ခေါ်ကတည်းက အတွင်းခံ အ၀တ်အစားလုပ်ငန်းဆိုပြီး ခေါင်းစဉ်တပ်ခေါ်တယ်။ ဒါပေမယ့် အင်တာဗျူးလာသူတွေက …တော်ပါ…သိပ်ပြောမကောင်းဘူး…ဟုတ်တယ်..တကယ် အဲဒီလိုတွေ လာတယ်။ အထူးသဖြင့် ယောင်္ကျားလေးတွေ။ ဒါ ကိုယ်က သူတို့ကို look down လုပ်နေတာ မဟုတ်ဘူး။ ဒါ မဖြစ်သင့်ဘူး။ ကိုယ်ဘာအလုပ် လာလျှောက်တယ်ဆိုတာ သိရမယ်။ နောက်ပြီး ကျွန်တော့် အမှတ်တံဆိပ် ဖြစ်တဲ့ T တံဆိပ်ကို မသိရင်တောင် ကိုယ်ဝတ်လာတဲ့ အတွင်းခံ တံဆိပ်သိရမယ်။ ဆိုဒ်ကို သိရမယ်။ အခုတော့ မေးလိုက်ရင် large လိုလို၊ XL လိုလို၊ XXL လိုလို။ တရုတ်ဖြစ်လိုလို၊ ထိုင်းဖြစ်လိုလို၊ ခဏလေးနော် သွားကြည့်လိုက်အုံးမယ်ဆိုတဲ့ သူတောင်ပါတယ်။ ဒါ မဟုတ်ဘူးလေ။ ယောင်္ကျားလေးတွေဆိုရင် ကျွန်တော်က စမ်းသပ်တယ်..သြော်…ဒီလိုပါ..သူတို့ကို အ၀တ်လဲခန်းထဲသွားစမ်းကွာ..အဲဒီထဲမှာ မင်း ကြိုက်တဲ့ အတွင်းခံ တစ်ခုခု ၀တ်ခဲ့ကွာ လို့ ခိုင်းလိုက်ရင်…နိုင်လွန်သား အရောင်တောက်တောက်တွေ ရွေးတယ်။ ချည်သားပေါ့ပေါ့ပါးပါးလေးတွေ ရွေးရကောင်းမှန်း မသိဘူး။ အများစုပေါ့။ အကုန်လုံးတော့ မဟုတ်ပါဘူး။ နောက်ပြီး မိန်းကလေးတွေ…ထားပါ…ပြောမကောင်းဘူး…ဒါမဖြစ်သင့်ဘူး..လိုက်လျောညီထွေဖြစ်အောင် ရွေးတတ်ရမယ်။ သူတို့ ကိုယ်တိုင်က လိုက်လျောညီထွေတဲ့ အတွင်းခံ အ၀တ်အစားကို မရွေးတတ်ရင် ဘယ်လိုလုပ် ၀ယ်သူကို မှန်မှန်ကန်ကန် right choice လုပ်ပေးနိုင်မလဲ။ ကျွန်တော်က လူငယ်တွေကို အပြစ်ဘဲ မြင်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အတွင်းပိုင်း အကျဆုံး အ၀တ်အစားကိုတောင် မှန်မှန်ကန်ကန်မရွေးတတ်ရင် ဘ၀မှာ ရွေးချယ်စရာတွေ က အများကြီးဘဲလေ။ ရွေးရတော့မယ်။ ဒီတော့ ဘ၀ကို လမ်းမှန်မှန် ရွေးချယ်ပြီး လျှောက်နိုင်ဖို့ T တံဆိပ် အတွင်းခံကို သုံးကြစို့လို့ အကြံပေးချင်ပါတယ်…ဟဲ..ဟဲ”

“ဟော..အစ်ကိုက လူငယ်တွေကိုလဲ အကြံပေးရင်း သူ့ရဲ့ အတွင်းခံလဲ ကြေငြာရင်း..အဲလေ…သူ့ရဲ့ အတွင်းခံ အ၀တ်အစား တံဆိပ်ကိုလဲ ကြေငြာရင်း ဖြေသွားတယ်။ ဟုတ်ကဲ့…အခုလို ညီမတို့ ရုပ်မြင်သံကြားကို ပြည့်ပြည့်စုံစုံနဲ့ စိတ်ရှည်ရှည်ထားပြီး ဖြေကြားသွားတဲ့ အစ်ကို့ ကိုရော၊ ကြည့်ရှူအားပေးနေကြတဲ့ ပရိတ်သတ်ကြီးကိုရော ကျေးဇူးအထူးတင်ရှိကြောင်း ပြောရင်း ညီမတို့ရဲ့ တွေ့ဆုံမေးမြန်းခန်းလေးကို နားလိုက်ကြရအောင်နော်။”

ပြီးတော့ ရိုက်ကူးရေး အဖွဲ့ကို ကိုသိန်းဝင်းက သူ့ဆိုင်ထဲကို လိုက်ပြသည်။ ကင်မရာမင်းတွေက သူယူပြသော အတွင်းခံ အ၀တ်အစား တွေကို အနီးကပ်ရိုက်ယူသည်။ ခဏနေတော့ ရိုက်ကူးရေး လုပ်နေစဉ်မှာ မီးပျက်သွားသည်။ နာရီဝက်လောက်တော့ သူတို့ ထိုင်စောင့်နေကြသေး သည်။ ဒါပေမယ့် မီးပြန်လာဖို့ မလာဖို့ မသေချာဘူးဆိုတာနဲ့ ရိုက်ကူးရေး အဖွဲ့ ပြန်သွားကြသည်။ သူတို့ ပြန်မှဘဲ ကိုသိန်းဝင်းလဲ စိတ်လွတ်ပေါ့ပါးသွားသည်။

ကင်မရာတွေ ရှေ့မှာ သူ့ရဲ့ မဲနေသော အသားအရည်ကြီး နည်းနည်း သက်သာအောင် လိမ်းထားသော မိတ်ကပ်တွေကလဲ စီးကပ်ကပ်နဲ့ စိတ်ရှုပ်လာသည်။အပြည့်အစုံ ၀တ်ထားသော ဥရောပ၀တ်စုံကြီးကလဲ လည်စည်းကြီးက လည်ပင်းအစ်လာသည်။ ခြေထောက်က စီးထားသော မိကျောင်းသားရေ ဖိနပ်ကလဲ ဘယ်မိကျောင်းမသား သားရေများ ယူချုပ်ထားသလဲ မသိ။ လေတွေပိတ်ပြီး ခြေဖ၀ါးမှာ ချွေးတွေ ထွက်နေတာ သိနေရသည်။ ကိုသက်ဝင်း အ၀တ်အစား လဲမှရတော့မည်။ သူ့ရုံးခန်းနဲ့ ဆက်နေသော သူ့အိပ်ခန်းထဲကို အလျင်အမြန်ဝင်ခဲ့သည်။ အ၀တ်အစားတွေကို ကသော ကမျော ချွတ်ချလိုက်သည်။ အ၀တ်တန်းပေါ်မှာ တင်ထားသော သူ့အဖေရဲ့ ပုဆိုးဟောင်းတစ်ထည်တွေ့သည်။ ခေါင်းကနေဘဲ မြန်မြန်စွပ်ချဝတ်လိုက်သည်။ ကိုယ်ပေါ်မှာဝတ်ဖို့ ဝေးဝေး သွားရှာမနေချင်တော့။ ဗီရိုကြီးဖွင့်ပြီး ရှာမနေချင်တော့။ သူ့အဖေ ၀တ်လက်စ မြင်းခေါင်းစွပ်ကျယ် လေးကို စွပ်ချလိုက်သည်။

နည်းနည်းတော့ နေရတာ သက်တောင့် သက်သာ ရှိသွားသည်။ သို့သော် တစ်ခုခု လိုနေသလိုလို။ သြော်..ကိုသက်ဝင်း သိပြီ။ ဗီရိုကွယ်ပြီး ပုဆိုးကို ပါးစပ်ဖြင့်ကိုက်ထားကာ အမြန်ချွတ်ချလိုက်သည်။ “ဟူး…..အခုမှဘဲ စိတ်လက်ပေါ့ပါး နေလို့ကောင်းသွားတော့တယ်” လို့ ကိုသိန်းဝင်း ပါးစပ်က အသံထွက်လာခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဖိုးထက် – လွတ်လွတ်လပ်လပ် ပေါ့ပါးဖို့ ကိုသိန်းဝင်း တံဆိပ်သုံးကြစို့
  1. သရော်စာအရေးကောင်းသော ဆရာတစ်ပါးကို စာပေလောကက ရှားတောင့်ရှားပါး ပိုင်ဆိုင်ရရှိပြီဟုပင် ၀မ်းသာအားရ မြင်မိပါသည်။ ပြီးခါနီးအဆုံးဝါကျ ၄- ၅ကြောင်းခန့်တွင် ဇာတ်ကောင် ကိုသိန်းဝင်းမှ ကိုသက်ဝင်းသို့ စာစီရိုက်သူ မှားယွင်းသွားပုံရပါသည်။ စာရိုက်မှား ပြန်လည်ပြင်ဆင်လိုက်ပါက အင်မတန်ကောင်းမွန်မည်ထင်ပါကြောင်း…။

    1. စိတ်ထဲ အချဉ်ပေါက်ရာ လျှောက်ရေးတာပါဗျာ။ ဘာဆရာကြီးမှလဲ မဟုတ်ရပါဘူးခင်ဗျာ။ ၀မ်းသာမစောပါနဲ့ဗျာ။ ဘာကောင်မှ မဟုတ်လို့ပါ။ စာစီရိုက်မှားတာ မဟုတ်ဘူးဗျ။ ကျွန်တော်စာရိုက်တာ မှားတာ။ စရေးတုံးက ကိုသက်ဝင်းနဲ့ ရေးတာ။ နောင်မှ ကျွန်တော် စိတ်အချဉ်ပေါက်နေတဲ့ ပုဂ္ဂိုလ်ကို အရမ်းထိခိုက်သွားမှာစိုးလို့ (တကယ်ကျတော့ သူက သိတောင် မသိပါဘူး) သက်ဝင်း ကနေ သိန်းဝင်း ပြောင်းလိုက်တာပါ။ သိတဲ့ အတိုင်း လူပျင်း၊ မစေ့စပ်၊ မသေချာတော့ မှားတော့တာပေါ့။ ဘယ်သူ့ အပြစ်မှ မရှိဘူး။ ကျွန်တော့်ဘာသာ မှားတာပါ။ မည်သို့ပင် ဆိုစေကာမူ စာဖတ်တယ်ဆိုကတည်းက ကျွန်တော်က ပြန်ပြီး လေးစား ချစ်ခင် ရမှာပါ။ ဒါပေမယ့် အမှောင်ထဲ ရေခွက်မသလို ဖြစ်မှာစိုးတယ်။ ရေအပြည့်ကြီး ထင်ပြီး မလိုက်တာ အထဲမှာ ရေမရှိတော့ ရေခွက်ကြီးက ပေါ့ပေါ့ကြီးနဲ့ လက်ထဲ ဟာပြီး ပါလာသလိုပေါ့။ ကျွန်တော်လဲ အဲဒီလို ဖြစ်နေတတ်တဲ့ လူပါ။

Comments are closed.