ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း) – ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၃၂)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၃၂)
အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဧပြီ ၁၊ ၂၀၁၄

ထောင်အကြောင်းတွေရေးတော့ ဦးဇင်းကို ဒကာတယောက်က လာလျှောက်တယ် ဦးဇင်းရဲ့ ထောင်ထဲကပျော်စရာချည်းပဲတဲ့။ ကိုယ်ရေးတဲ့စာတွေကိုယ် ပြန်စစ်ကြည်မိသည်။ တကယ်က ထောင်ဆိုတာပျော်စရာကောင်းတဲ့နေရာမဟုတ်ပါဘူး။ ဒါကတော့ သေချာ သည်။ ဒါပေမယ့် ထောင်ထဲတုန်းက အခြေနေတွေကို ပြန်တွေးပြီးရေးရတဲ့ အခုအချိန်မှာ ငါတို့တွေ ခံခဲ့ရလေခြင်းဆိုတဲ့ စိတ်အတွေး ကို မဝင်မိတာများမည်ထင်သည် ။ လုပ်သင့်လို့ လုပ်ခဲ့ကြတာပဲဟုမြင်မိတဲ့ အမြင်က စိတ်ကိုလွမ်းမိုးထားဆဲ။  ကိုယ့်တကိုယ်ရည် ကိစ္စမှာ တည်ထောင်ထားတဲ့ ကျောင်းတိုက်ကြီးကိုလည်း စွန့်လွှတ်ခဲ့ရသည်။ သို့သော်လည့်း ဒီကိစ္စကို ကိုယ့်စိတ်ထဲ ကြီးကြီးကျယ်ကျယ် ဆုံးရှုံးမှုလို့ ထင်မထားမိ။ ထိုအကြောင်းကြောင့်လည်းပါမည်။ ကိုယ့်လို ဒီလမ်းပေါ်လျှောက်သူတိုင်း တနည်းမဟုတ်တနည်း ရင်ဆိုင်ရတဲ့ အခြေနေတွေထဲက တခုသာပဲလို့သာ ခံယူထားမိသည်။

ဘဝရဲ့အချိန်တွေကို ၁စုနှစ် ၂ခုစာနီးပါး တပျော်ကြီးနေခဲ့ရတာတွေကို ဒဏ်ရာလို့ မခံစားမိ တာလည်းအမှန်ပင်ဖြစ်သည် ။  ထောင်ထဲ(၁၆)နှစ်လောက်နေခဲ့ရတယ်လို့ ပြောပြတော့ စုတ်တသပ်သပ်နဲ့ဖြစ်ကြသည်။ ကိုယ့်စိတ် အခံ ပေါ်ကနေ ပြန်တွေးမိလို့  ထင်လာတဲ့အခိုက်မှာ ချရေးရတဲ့ စာတွေထဲ ကျန်တာလဲကျန် ချန်တာလဲချန်ဖြစ်နေမည်ဟုထင်သည် ။ ဒါပေယ့် ကိုယ့်ကိုယ် တော့ ကြီးကြီးကျယ်ကျယ် ပိုပြီး ထင်မထားမိ။ အထဲမှာ နေထိုင်လို့ အဖြစ်သင့်ဆုံး အနေထားကို တည်ဆောက်ရင်း နေ့တွေဆိုတာကုန်ဆုံးခဲ့တာသာဖြစ်သည်။

ဒီအထဲက အဆိုးတွေနဲ့ ချည်း နေနေခဲ့တာ မဟုတ်တာကတော့ သေချာသည် ။ ထောင်ဆိုတာ ကြောက်စရာလို့ ထင်အောင်လုပ်ထားသူ တွေကြောင့် မသိသေးသူတွေကို ခြောက်ဖို့လှန့်ဖို့ အကောင်းဆုံး ပြောဆိုချက်တွေ ဖြစ်နေတာ ဖြစ်ပါလိမ့်မည်။ရက်စက်တာ မတရားတာတွေ မရှိဘူးလားမေးလျှင် ရင်ထဲမခံစားနှိုင်လောက်တဲ့ သတင်းစကားက အချိန်ပြည့် မြင်နေကြားနေရတာသာဖြစ်သည် ။ အထူးသဖြင့် ရဲဘက်စခန်းတွေ ဆီမှရောက်လာသည့် သတင်းတွေဆို လူလူချင်း ဆိုတဲ့ အသိမှရှိကြပါသေးရဲ့လားလို့ ထင်ရလောက်အောင် နားနဲ့ကြားရသူကိုတောင်  ရဲဘက်စခန်းက ရိုက်တဲ့ကြိမ်လုံးက ကျောကို လာလာထိသလို ဖြစ်ရသည့် အဖြစ်။ခံခဲ့ရတဲ့ သူတို့ရဲ့အခြေနေကလည်း ကျောကော့အောင် ခံရတဲ့ အဖြစ်အပျက်တွေ။ဒါတွေက နားနဲ့ကြားရတာဖြစ်ပေမယ့် ကိုယ်တိုင်ခံခံ့ရသူရဲ့ ကိုယ်တိုင်အဖြစ်အပျက် ဆိုတော့ ပိုလို့ပိုလို့ စိတ်မကောင်း  ဖြစ်ရခဲ့သည် ။ သူတို့မှာနားချိန်မရှိ ။ တနေ့တာကုန်ဆုံးဖို့ ဒုတ်ချက်ပေါင်းများစွာ၊ ချွေးစက်ပေါင်းမျာစွာဖြင့် အချိန်တွေကို ပါးကွက်သားတို့အလိုကျ ကုန်ဆုံးကြရသည်။ မရဏနှင့် အချိန်ပြည့်စစ်ခင်းနေရသောနေရာ။

(တောင်စွန်းရဲဘက်စခန်းဆိုတာက နာမည်ကျော် ငရဲခန်း။ ဒီမှာနေခဲ့ဘူးသူကို ကိုယ်တွေနှင့်အတူတူထောင်ပြောင်းပါလာတော့ ပိုပြီး သ တင်းတွေကိုတိတိကျကျကကြားလိုက်ရသည် ။ သူကို  ကုလားမောင်မောင်သန်းလို့ သိကြသည်။  ပတ်ဝန်းကျင်ကြောင့် လူဆိုး ဖြစ်ခဲ့ရတယ်ဆိုတာကို သူ့ကြည့်ပြီးလက်ခံမိသည်။  သူ့ပတ်ဝန်းကျင် အထိအတွေ့များရာကနေ ဒီလို လူဆိုးဘဝ သူရောက် နေရတယ် ဆိုတာ သူ့အနေအထိုင်လှုပ်ရှားမှုတွေက သက်သေ ခံနေသည်။ ၅(ည)တွေနှင့် အတူနေထိုင်းရင်း ဘဝနှင့် စိတ်ဓာတ်ကိုပါ ပြောင်းလဲပစ်သူတွေထဲ မောင်မောင်သန်းပါမည်။ )

ထောင်ထဲကအချိန်တွေကို တချို့က ကစားဝိုင်းတွေဖြင့် ကုန်ဆုံးကြသည်။ထိုသူများကတော့ အဆောင်နေ ရာဇဝတ်မှုဖြင့် ရောက်လာ သူများဖြစ်မည်။ သီးသန့်အဆောင်ထဲက အချိန်ကုန်ဆုံးအောင်ပြုလုပ်ပုံခြင်းတော့ တူမည်မထင်။ အဆောင်ဖွင့်ချိန်တွေထဲ စကားဝိုင်း စာသင်ဝိုင်းတို့ကို လို ဖြင့် အချိန်ကို ကုန်ဆုံးလိုက်ကြသည်။ မှတ်မှတ်ရရ ဖြစ်စေခဲ့သော စကားဝိုင်းစာသင်ဝိုင်းတို့ကို တခုစီချကြည့်မိသည်။
ကိုယ်တိုင်သင်ယူဖူးသော သင်တန်းနှင့် ကိုယ်တိုင်  စိတ်ပါလက်ပါနားထောင်ခဲ့ရသော အဖြစ်အပျက်တို့ကိုသာ ကိုယ့်မှတ်တမ်းထဲ ပြန်ဖော်လို့ရသမျှ ရေးချထားခြင်းဖြစ်သည်။ အခြားသူတို့၏ သင်တန်းများ -ဥပမာ ဦးခင်မောင်လေး မိတ္ထီလာ၏ မယ်ဒလင်သင်တန်း အခြားလူငယ်တွေ၏ ဂစ်တာသင်တန်း စတာတွေကို အသေးစိတ်မသိရှိခဲ့။ မသိရှိခဲ့ရသော်လည်း သူတို့၏ အားထုတ်မှုကိုတော့ တအံ့တသြ ငေးမောခဲ့ရသည်။ နှစ်လက်မ သုံးလက်မခန့်ရှိ သစ်သားပြားတခု တထောင်လောက် အရှည် တခုရလျှင် သူတို့ သင်တန်းသုံး မယ်ဒလင်တခုဖန်တီးလို့ရသည်။ မန္တလေးက ကိုရဲထိန်အောင်၏ တယော လက်သံ ကိုခင်မောင်လေး၏ မယ်ဒလင် နှင့် စောင်း အားလုံး ထောင်တွင်းဖြစ်ပစ္စည်းများဖြစ် ဖန်တီးထားသည်။ မယ်ဒလင် -စောင်းတယောတို့အတွက် ကြိုကတော့ အပ်ချည်လုံးကရသည် ။ အပ်ချည်ကို ကျစ်ပြီး လိုသည့်အသံအနေထားရအောင်လုပ်ယူသည်။ သူတို့သင်တန်းကို ကိုယ်တိုင်မတက်ဖူး။တက်နေသူတွေ ရဲ့ပြောစကားကို ကြားရသည်က စိတ်ချမ်းမြေ့စရာကောင်းလှသည်။ ထောင်ဆိုသော လွင်တီးခေါင်မှာ အိုအေစစ်တခုကို ကိုယ့်ဘာသာ ရှာကြံဖန်တီးမှုတွေထဲကတခုဖြစ်မည်။

“လူတယောက်ကို ဆရာတင်ပြီးသင်ယူထားရင် လူအယောက်တသောင်းကိုဆရာပြန်လုပ်လို့ရတယ်”

လူကခပ်တည်တည်ပေမယ့် ရယ်စရာဟာသ စကားများပြောတတ်သော ပြည်မြို့က ကိုဝင်းကြည်လေး၏စကားဖြစ်သည်။ သူက မယ်ဒလင်ဆရာ ဦးခင်မောင်လေး (မိတ္ထီလာ)၏ သင်တန်းသားတယောက်ဖြစ်သည်။ ဦးခင်မောင်လေး ၏သင်တန်းသားများကို ကျူရှင် အဖြစ် အပိုသင်ပေးသည်။ သူ့ဆီသင်တန်းတက်ထားသော သံတွဲမှ ကိုဝင်းနိုင် အခန်းထဲရောက်တာနှင့်လေ့ကျင့်သည်။ ထံတျာတေးရှင် – ဒျန့်-ဒျန့် -ဒလုဒလုကို အခန်းထဲရောက်တိုင်းကြားနေရသည်။ နောက်စန္ဒကိန္နရီ သီချင်း သင်းတန်းသားတိုင်းဆီက ကြားနေရသော အသံမို့ နားထဲစွဲနေသည်။

တချို့ရက်တွေဆိုလျှင် ဦးခင်မောင်လေးကိုယ်တိုင်းတီးပြီး အဆိုကို -ဦမြဝင်း-အင်္ဂပူ လွှတ်တော်အမတ်က ဒိုင်ခံဆိုသည်။ ကိုရဲထိန်အောင်က တယောထိုးသည်။  သီချင်းကြီး သီချင်းခန့်ကို အပီအပြင်သီဆိုနှိုင်သည်။ သူက တကယ့်အဆိုပညာရှင် ။တခါတရံ ဆရာဒေါက်တာအေးချမ်းပါ ဝင်ဆို တတ်သေးသည်။ သူတို့နှင့်အတူနေ ကာလအတွင်း မကြာခဏ ကြားနေရသော ပန်းမြိုင်လယ်-ချစ်သမျှကို -မန်းတောင်လက်ျာ-အောင်မင်္ဂလာ စသည့်သီချင်းသံများကြောင့် သီချင်းကြီးဆိုတာ နားထောင်ရပျင်းစရာဟု အယူအစွဲ တခုပျောက်ခဲ့ရသည်။

မျက်စေ့ကို မှိတ်ပြီး ခြေထောက်ကစည်းကိုလိုက်ရင်း ဝါသနာကြီးလှသော ဦးခင်မောင်လေး။သူက ဗမာပြည်ကွန်မြူနစ်ပါတီ ယူဂျီအမှုဖြင့် ထောင်ကျလာသူ။ ထောင်ထဲရောက်သည့်အထိလည်း တကယ့်ကိုယုံကြည်ကြည် သူ့အယူအဆကို တန်ဖိုးထားသူ။ သူနှင့်အတူ သီဆိုနေသော ဦးမြဝင်းက မှိုင်းရာပြည့် ကိစ္စဖြင့်ထောင်ကျခဲ့ဖူးသူဖြစ်သည်။  ဆေးတက္ကသိုလ် မှဆရာဝန်ဖြစ်ခါနီးတွင် နိုင်ငံရေး လှုပ်ရှားမှုထဲ ပါဝင်လာ ခဲ့သဖြင့် ဆရာဝန် အဖြစ်ကိုစွန့်လွှတ်ထားသူလည်း ဖြစ်သည်။၈၈စစ်တပ်အာဏာသိမ်းအပြီး ဦးနုပါတီနှင့် နီးစပ်ခဲ့သည်။နောက်ပိုင်း အင်န်အယ်လ်ဒီ အင်္ဂပူမြို့နယ်အမတ်ဖြစ်လာသူဖြစ်သည်။ သူတို့နှစ်ယောက် ယုံကြည်မှုအားဖြင့် ကွဲနေ ခြားနေ သော်လည်း အနုပညာနှင့်တွေ့ထိလိုက်သောအခါ တပေါင်းတည်းဖြစ်သွားကြသည်။

ဒါကလူကြီးတွေဝိုင်းဖြစ်သည်။ လူငယ်တွေကကော မေးလျှင် လူငယ်တွေလည်း ဂစ်တာသင်တန်းရှိတာကို သိရသည်။ ထိုသင် တန်း အတွက်လည်း ဂစ်တာကြိုး ကအစ နိုင်လွန် အပ်ချည်ကြိုးနှင့် အလွန်းကြီးကြီး နိုင်လွန်ကြိုးတို့ကို အသုံးပြုကြသည်။ အောက်ခြေဝန်ထမ်းဆို တာကလည်း လောက်ငှကြသည်မဟုတ်။ သူတို့အတွက် သွားခလာခပေးဈေးထဲမရ ရအောင်ရှာခိုင်းခြင်းဖြင့် ကိုယ်လိုချင်သော အနေထား ကိုရအောင်ပြုလုပ်ကြသည်။ ဖလက်တံအဖြစ် သစ်သားအပြားကို ဂစ်တာဖလက်တံအရွယ် ပွတ်တိုက်လှီးဖြတ်ပြီး တံမြက်စည်းတံ ဝါးကို အခြမ်းလုပ် ကပ်ချည်လိုက်သည်။ ပလစ်စတစ်ကို နန်းကြိုးဆွဲ ထားသောကြိုးဖြင့် ပတ်ချည်လိုက်သောအခါ ဂစ်တာဖလက်တံရသည်။ ချည်ထားသော ပလစ်စတစ် ကြိုးကို လက်ကွက်နေရာ နှင့်အံကိုက် ချည်လိုက်သောအခါ တကယ့် ဖလက်တံက လက်ကွက်အတိုင်းရသည်။ ဂစ်တာကြိုးချည်နှောင်ရန်အတွက် ဖလက်တံ အဖျားဖက် လက်သန်းဖျားလောက်ရှိ ဝါးချောင်းသုံးချောင်းကိုကန့်လန့်ခံချည်နှောင်ထားသည်။ အချောင်းသုံးချောင်း တဖက်စီကို အပိုအစွန်းထွက်ထားသဖြင့်ကြိုးခြောက်ချောင်းချည်လိုရသွားသည်။  သူတို့ဂစ်တာတလက်ရအောင် ပစ္စည်းအမယ်စုံကို ရှာရှာဖွေဖွေ ခက်ခက်ခဲခဲ လုံးပမ်းကြရသည်။ ဆေးလိပ်မုန့်တို့ကိုပေးပြီး ထောင်လက်သမားဘုတ်ကိုနေရာမျိုးမှ လိုချင်သောအနေထားကို အကူညီ  တောင်းကြရသည်။

မှတ်မှတ်ရရ မြင်ကွင်းတခုက အခြားအမှုဖြင့်ဒီစာရေးရင်းပြေးမြင်မိလိုက်သည်။ သူကထောင်ထဲအကြိမ်ကြိမ်ရောက်ခဲ့ဖူးသော မောင်မောင်သန်းဖြစ်သည်။ သူရှာဖွေ ရရှိထားသော သစ်သားပြား ကကြီးနေသည်။ အပြားက အနေတော်ဖြစ်သော်လည်း သစ်သားက ထူနေသည်။ ဒီတော့သူ သစ်သားပြားကို တမံတလင်းမှာ ဓားသွေးသလိုသွေးသည်။ သစ်သားပါးသွားအောင်ဖြစ်သည်။ သူ့လုပ်နေတာကို ကြည့်ပြီး မင်သိင်္ခ ၏ဝတ္ထုတပုဒ်ထဲက သံချောင်းကိုအပ်ဖြစ်အောင်သွေးခိုင်သော ဇာတ်လမ်းအကြောင်းကိုပြန်မြင်မိခဲ့သေးသည်။ လူဆိုးဟု အများက သတ်မှတ် ထောင်ချ ထားသူထဲတွင်လည်း အားကောင်းချက် ဆိုတာရှိနေသည်။ လောကမှာ လူဆိုဟုသတ်မှတ်ထားသူ၏ ကောင်းကွက် ။ လူကောင်းဟု အသိမှတိပြုထားခံရသူ၏ လစ်ဟာကွက်တို့ဆိုတာရှိစမြဲ။

ထောင်ထဲ တီးကြဆိုကြ စာသင်ကြအနေထားတွေကို ဖတ်ရှုရင်းထောင်ဆိုတာ ပျော်စရာကြီးပါလားဟု ထင်မြင်သူတွေ ရှိနေမှာ သေချာသည် ။ ထိုအရာဝတ္ထုတို့ကို စိတ်နှလုံးပေါ့ပါးစွာ လုပ်ဆောင်နေကြရခြင်း မဟုတ်တာကို တော့ထည့်ပြောပြရမည်။ ခိုးကြောင် ခိုးဝှက်လုပ်ကြရခြင်းဖြစ်သည်။ သီချင်းပဲဆိုဆို၊  စာပဲသင်သင် တခုခုလုပ်တော့မည် ဆိုလျှင် ကင်းအစောင့်ချထားရသည်။ အခန်းထဲအထိ တီးစရာပစ္စည်း ဖတ်စရာစာတခုခုယူထားမိလျှင် ကိုယ်တီးပြီး၊ဖတ်ပြီးလျှင် ထိုအရာတို့အတွက် လုံခြံစွာ ဝှက်ထားရမည့်နေရာကို စီစဉ်ထားရသည်။  ရှာဖွေရေးကမထင်မှတ်ချိန်မှာ ဖြုန်းဆိုလာတတ်သည်။ ထိုအခါ သိမ်းချိန် ဝှက်ချိန်မရလိုက်လျှင် ဒေါက် ခြေကျင်းစသော ပြစ်ဒဏ်တို့ဖြင့် တိုက်ပိတ်အပြစ်ပေး ခံရမည်ဖြစ်သည်။ တိုက်ပိတ် ဒေါက်ခတ်-ဒုက္ခနှင့်ရင်းရသော အကျဉ်းအကျပ်ကြားက ခဲခဲရင်းရင်း ရှာဖွေထားရသော စိတ်အနားခိုရာလေးများဖြစ်သည်။ စိတ်ချမ်းမြေ့မှု တခဏအတွက် ဒုက္ခဆင်းရဲကြီးကြီးကလည်း အချိန်မရွေး အဆင်သင့် ရှိနေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts