ရသဆောင်းပါးစုံ

ကိုအောင်မှိုင်း ● ချဉ်ဖတ်အိုး

ကိုအောင်မှိုင်း ● ချဉ်ဖတ်အိုး
(မိုမခ) ဖေဖော်ဝါရီ ၁၇၊ ၂ဝ၁၉


● မြန်မာနိုင်ငံရဲ့  ပထမချဉ်ဖတ်အိုးကို ရိုက်ခွဲခြင်း
မဆလခေတ်မှာ လူဖြစ်ခဲ့ကြသူတွေကတော့ ချဉ်ဖတ်အိုးဆိုလိုက်တာနဲ့ မျက်စေ့ထဲတန်းမြင်ကြမယ်လို့ ကျနော်ထင်တယ်။ ကနေ့လူငယ်တွေကတော့ ချဉ်ဖတ်အိုးဆိုရုံနဲ့သိလိုက်ကြမှာက အမေထည့်ထားတဲ့ ချဉ်ဖတ်တို့ဈေးမှာဝယ်ခဲ့တဲ့ ချဉ်ဖတ် တွေကိုဘဲမြင်ကြမှာ ဖြစ်ပါတယ်။မဆလခေတ်က ချဉ်ဖတ်အိုးဆိုတာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလို့ခေါ်တဲ့ ဦးနေဝင်း ရဲ့ စစ်တပ်ပိုင်ပါတီကို ရည်ညွန်းကြတာပါ။ ချဉ်ဖတ်အိုးထဲကို ဘယ်လောက်သစ်လွင်လတ်ဆတ်တဲ့ အဖူးအရွက်တွေကို ထည့်ထည့်မကြာခင်မှာချဉ်သွားလေ့ရှိပါတယ်။သံလိုမာကြောတဲ့အရာဝတ္တုကိုတောင် ချက်ခြင်းဆိုသလိုသံချေးတက်သွား နိုင်တဲ့ အစွမ်းလဲရှိပါတယ်။မဆလပါတီကို ချဉ်ဖတ်အိုးနဲ့ခိုင်းနိုင်းရတာက ဘယ်လောက်ကောင်းတဲ့လူတွေ တော်တဲ့လူ တွေမဆို မဆလပါတီထဲဝင်လိုက်တာနဲ့ ချဉ်ဖတ်အိုးထဲရောက်သွားသလို ချဉ်ဖတ်ဘဝရောက်သွားလေ့ရှိတာကြောင့် မဆလခေတ်မှာ ဒီ စကားဟာအတော်ကို ကျော်ကြားခဲ့ပါတယ်။

ကနေ့ဗိုလ်ချူပ်ဟောင်းတွေ ကြံ့ဖွံ့ပါတီကလူကြီးတွေအတော်များများကတော့ မဆလခေတ်က ချဉ်းဖတ်အိုးထဲက ထွက် လာကြတဲ့ ချဉ်ဖတ်တွေဖြစ်နေကြတာ တွေ့ရမှာဖြစ်ပါတယ်။ ပြောရရင်တော့ဗျာ နှစ်ချို့ချဉ်ဖတ်တွေပေါ့။ နှစ်ချို့တွေဖြစ် တော့ ပိုချဉ်ကြတယ်လို့ဘဲ ပြောရတော့မှာပါ။ ဦးနေဝင်းက မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ကိုတီထွင်ပြီး စစ်အာဏာ ရှင်စနစ်ကို ဥပဒေနဲ့အညီ (မဲလိမ် မဲခိုး) ကျင့်သုံးခဲ့တယ်လို့ ပြောရမယ်ထင်ပါတယ်။ ကျနော်ပြောချင်တာက ၁၉၇၄ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာ စစ်အာဏာရှင်စနစ်ကို  ဥပဒေနဲ့အညီဖြစ်အောင် မဲလိမ်မဲခိုးပြီး ခိုင်ခန့်အောင်တည်ဆောက် ကျင့်သုံးခဲ့တဲ့ ချဉ်ဖတ်အိုးကြီးတခုဘဲဖြစ်ပါတယ်။ ဒီချဉ်ပါတ်အိုးကနေ တပါတီအာဏာရှင်စနစ်ကို မွေးဖွားပေးခဲ့တယ်။ ဆို ရှယ်လစ်နာမည်ထည့်လိုက်တာက လက်ဝဲအင်အားစုအချို့ကို ကနေ့စကားနဲ့ပြောရရင် ဂျင်းကောင်းကောင်းထည့်ချင်လို့ ဘဲ လို့ ပြောရတော့မယ်ထင်တယ်။ တကယ်လည်း ဂျင်းထည့်ခဲ့ပါတယ်။ တချို့ဆို ခွေးကတက်ကတောင် အလုပ်အကျွေးပြုဘို့ ကြွေးကြော်သံတွေထိ ကြားခဲ့ရတဲ့ကာလပါ။ သူတို့တွေလည်း မဆလချဉ်ဖတ်အိုးကြီးထဲမှာ ချဉ်ဖတ်တွေဖြစ်ကုန်ကြတာတော့ သမိုင်းမှာ အထင်အရှားတွေ့ခဲ့ရဘူးပါတယ်။

၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၂) အခြေခံမူများအခန်းမှာ အပိုဒ် ၂၇ ခုရှိတဲ့အနက် အပိုဒ် ၁၁ မှာ (နိုင်ငံတော် သည် တခုတည်းသောပါတီစနစ်ကိုသာ ကျင့်သုံးရမည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် နိုင်ငံတော်၏ တခုတည်း သော နိုင်ငံရေးပါတီဖြစ်၍ နိုင်ငံတော်ကို ဦးဆောင်သည်။) အဲဒီဂျင်းတခုထဲနဲ့ဘဲ ၂၆ နှစ်ကြာအောင် တိုင်းပြည်ဖျက်ခဲ့တာပါ။  ပြည်သူပိုင်သိမ်းလိုက် ငွေစက္ကူတွေ တရားမဝင်လုပ်လိုက်နဲ့ တိုင်းပြည်ကို အကြိမ်ကြိမ်ဓားပြတိုက်ခဲ့တာပါ။ တပါတီအာဏာ ရှင်စနစ်အောက်မှာ တိုင်းရင်းသားများ တန်းတူအခွင့်အရေးတွေ လုံးဝဆုံးရှုံးသွားခဲ့ရသလို မြန်မာနိုင်ငံသူနိုင်ငံသားတွေ ရဲ့  ဒီမိုကရေစီအခွင့်အရေးဆိုတာကလည်း ပက်ပက်စက်စက် ချိုးနှိမ်တာခံခဲ့ကြရတာဖြစ်ပါတယ်။ ကျနော်တို့ကိုနောက်ဆုံး ချီး မြှင့်သွားတဲ့ နိုင်ငံတကာဆုကတော့ LDC (Least developed country) လို့ခေါ်တဲ့ ကမ္ဘာ့ဖွံ့ ဖြိုးမှုနိမ့်ကျဆုံးနိုင်ငံစာရင်းမှာ တရားဝင်နေရတခု ရရှိခဲ့တာပေါ့ဗျာ။ ဒါတောင် စစ်ဗိုလ်ချုပ်တယောက်ကပြောသေးတယ်။ ငါတို့က တကယ်မဆင်းရဲဘူးတဲ့။ အကြွေးတွေပြန်မဆပ်ချင်လို့ ကုလသမဂ္ဂကြီးကို လိမ်လိုက်တာဆိုဘဲ။ ပြောလဲ ပြောတတ်ပါပေတယ်လို့ဘဲ ပြောရ တော့ မှာပါ။ အခုလွတ်တော်ထဲမှာ ပြောချင်ရာပြော ဆိုချင်ရာဆို ထိုင်လိုက်ထလိုက်နဲ့တမျိုး လစ်ရင်လစ်သလို အကျင့်ပါနေတော့ မဲကလဲခိုးလိုက်ချင်သေးတဲ့ စစ်ဗိုလ်ချုပ်တွေ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့တော့ တထေရာထဲဘဲလို့ ပြောရမလိုပါဘဲဗျာ။

၁၉၇၄ ခုနှစ် ဇန္နဝါရီလ ၃ ရက်နေ့မှာ ၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဘို့ ဆန္ဒခံယူပွဲဆိုတာကိုလုပ်ခဲ့ပါတယ်။ ဆန္ဒခံ ယူပွဲမှာ မဲပေးနိုင်သူဦးရေ ၁၄,ဝ၉၄,၃၆ဝ ဦးရှိတဲ့အနက် ထောက်ခံဆန္ဒမဲပေးသူပေါင်း ၁၃,၃၁၂,၈ဝ၁ ဦးဖြစ်ပြီး ကန့်ကွက်မဲ ဆန္ဒမဲပေးသူ ၁၈၁,၅၅၉  ဦးဖြစ်တဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ထောက်ခံသူ ၉၄.၄၅% ဖြစ်ပြီး ကန့်ကွက်သူ ၅.၅၅% ရှိတယ် လို့ တရားဝင်းထုတ်ပြန်တာကို တွေ့ရပါတယ်။ ဒါကို ကျနော်ရေးရတာက ကနေ့အရပ်ထဲက လူငယ်တွေ၊ အလုပ်ခွင်ထဲက လူငယ်တွေအပါအဝင် တပ်မတော်ထဲကလူငယ်တွေပါ သိအောင်ရေးခြင်းဖြစ်ပါတယ်။ တည့်တည့်ပြောရရင် ဆန္ဒခံယူပွဲဆို တာ မဲခိုးပွဲကြီးပါ။ အဖြူပုံးရယ် အမဲပုံးရယ်၂ ခုထားပြီး ကြိုက်ရာထည့်လို့ရပါတယ်။ ဒါပေမဲ့နောက်ဆုံးတော့ အကုန်ဖြူကုန် တော့တာပါဘဲ။ ကိုယ်တွေ့တခုတော့ရေးပါမယ်။ ၁၉၇၃ ခုနှစ် ကျနော် မန္တလေးတက္ကသိုလ် ဘူမိဗေဒ ပထမနှစ်ကျောင်းသား ပါ။ ကျနော်တို့ ဝိဇ္ဇာ- သိပ္ပံ ပထမနှစ်ရယ် ဆေးတက္ကသိုလ်မန္တလေး ပထမနှစ်ရယ်ကို နန်းရှေ့ဆောင်လို့ခေါ်တဲ့ နန်းရှေ့ ပွဲ ကုန်းက အဆောင်မှာထားပါတယ်။ အဲဒီနေ့က ကျနော်တို့တွေတိုင်ပင်ပြီး အမဲပုံးထဲထည့်ခဲ့ကြတာပါ။ ငါအမဲထည့်တယ် ကွ လို့ ဗြောင်ပြောပြီး ထည့်ခဲ့ကြတာပါ။ ညနေမှာ မဲရေလဲပြီးရော ၉၈% ကျော်ကျော်က ထောက်ခံကြောင်း ကြေငြာတော့တာ ပါဘဲ။ အမဲပုံးထဲကမဲတွေကို အဖြူပုံးထဲ အကုန်ပြောင်းထည့်လိုက်ကြောင်း ကျနော်တို့သိလိုက်ကြရတော့ တာပါဘဲ။ အမိန့် အရဆိုလားတော့ ပြောသံကြားရပါတယ်။

မဆလခေတ်မှာ ဒီလိုနဲ့လွှတ်တော်တွေ သမ္မတတွေ တရားသူကြီးချုပ်တွေကအစ တနိုင်ငံလုံးကျေးလက်အထိ မဆလ အုပ်ချုပ်ရေးစနစ်ကို ဂိုက်နဲ့ဆိုက်နဲ့ အဆောင်အယောင်တွေနဲ့ ကြည့်လိုက်လို့ကတော့ ဇာတ်ကနေသလိုပါဘဲ။ ဇာတ်ကနေ သလိုဆို ဇာတ်တိုက်ထားတာလဲဖြစ်နေပြန်တယ်။ လွှတ်တော်အမတ် ၄၅၁ ဦးရှိတဲ့အနက် အကုန်လုံးက မဆလပါတီဝင် တွေချည့်ပါဘဲ။ သမ္မတက ကမ္ဘာကြီးပြားတယ်ကွလို့ပြောရင် လွှတ်တော်အမတ်တွေရော စစ်တပ်တတပ်လုံးရော မဆလ တပါတီလုံးပါ ကမ္ဘာကြီးပြားကြတော့တာပါဘဲ။ သမ္မတက နေဆိုတာ အရှေ့ ကထွက်တာ မှားတယ် အနောက်ကထွက်တာ လို့ပြောပြန်ရင်လဲ လွှတ်တော်အမတ်တွေရော စစ်တပ်တတပ်လုံးရော မဆလတပါတီလုံးရော နေဆိုတာ အနောက်က ထွက်ကြပြန်ကုန်ရော။ အဲဒီအချိန်က ကမ္ဘာကြီးလုံးတယ်ဆိုတာနဲ့ အရှေ့ ကနေထွက်တယ်ဆိုတာကို ဗြောင်ပြောရဲတာဆိုလို့ ကျောင်းသားတွေနဲ့ ကွန်မြူနစ်တွေဘဲရှိတာတွေ့ရပါတယ်။ စစ်တပ်တတပ်လုံးကလဲ အမိန့်အရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီကို အကုန်ဝင်ကြရတာဖြစ်တော့ မဆလစစ်တပ်ကြီးဖြစ်ကုန်တာပေါ့ဗျာ။ ကနေ့တွေ့နေရတဲ့ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီ (တဆည) ဆိုတာ အဲဒီတုန်းက မဆလတွေဖြစ်ကြလို့  ကမ္ဘာပြားပြီး အနောက်ကနေထွက်ခဲ့တဲ့ လူတွေဆိုတာ သမိုင်းဝင်မှတ်တမ်းတင်ထားရတဲ့ ပုဂ္ဂိုလ်ကျော်ကြိးတွေလို့ဘဲ ပြောရတော့မှာပါဗျာ။

မဆလခေတ်က ၄ နှစ်တကြိမ် ရွေးချယ်တင်မြှောက်ပွဲတွေကို ၁၉၇၄ ခုနှစ်က စပြီးလုပ်ခဲ့ကြပါတယ်။ရွေးကောက်ပွဲဆိုတာ ထက် ဆန္ဒခံယူပွဲဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ ပြည်သူ့လွတ်တော်နဲ့ ပြည်သူ့ကောင်စီအဆင့်ဆင့်ကို ရွေးကောက်ရတာပါ။ တကယ်က လူထုအနေနဲ့ မိမိကြိုက်နှစ်သက်ရာ အဖွဲ့အစည်း ပါတီ လူပုဂ္ဂိုလ်ကို မဲပေးရွေးချယ်ရတာမဟုတ်ဘဲ မဆလ ပါတီက ရွေးချယ်ထားတဲ့လူတွေကိုသာ ထောက်ခံ/ကန့်ကွက်လုပ်ကြရတာပါ။ လူအများစုကြီးကတော့ လုံးဝကို စိတ်မဝင် စားကြပါဘူး။ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထုတရပ်လုံး စိတ်အဝင်စားဆုံးကတော့ မဆလတပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခိုင်အမာတည်ဆောက်ရေးဘဲဆိုတာ အခိုင်အမာတွေ့ရမှာဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာတော့ ကျနော်တို့နိုင်ငံသူနိုင်ငံသားတွေဟာ စစ်အာဏာရှင်စနစ်ကို သည်းမခံနိုင်တော့ပါဘူး။ မဆလ တပါတီ စနစ်ဖြစ်တဲ့ ချဉ်ဖတ်အိုးကြီးကို ရိုက်ခွဲလိုက်ကြတော့တာပါဘဲ။ ဒီအတွက်လူလောကရဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ အသက်တွေ ကို ပုံအောပြီး မဆလတပါတီအာဏာရှင်စနစ် (စစ်အာဏာရှင်စနစ်) ကို တိုက်ပွဲဝင်ခဲ့ကြတော့တာပါ။ ထောင်သောင်းချီတဲ့ သူရဲကောင်းအာဇာနည်တွေဟာ အသက်တွေစွန့်ခဲ့ကြရပါတယ်။ ကျောင်းသူကျောင်းသားလေးတွေကအစ ရဟန်းသံဃာ တော်တွေအဆုံး လူထုလူတန်းစားအစုံဟာ “စစ်ကျွန်ဘဝမှာနေရတာထက် သေရတာကမြတ်တယ်” ဆိုတဲ့  ပိုင်းဖြတ်ချက် တွေနဲ့ သေနတ်တွေကို အံတုအနိုင်တိုက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီအောင်ပွဲကြောင့် ကျနော်တို့ဟာ ၁၉၇၄ ခုနှစ်ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုတဲ့ စစ်ကျွန်ပြုဥပဒေ ချဉ်ပတ်အိုးကြီးကို ရိုက်ခွဲလိုက်ခဲ့ကြတာဘဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်အရေးတော်ပုံမှာ အသက်တွေ သွေးတွေကို စတေးခဲ့ကြပြီး ကျနော်တို့စစ်အာဏာရှင်တွေကို အနိုင်တိုက်နိုင်ခဲ့ကြပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံအပြီး ကျနော်တို့ဘာလို့ လူထုအာဏာကို မထူနိုင်ခဲ့ကြတာလဲ။ ကျနော့်အမြင်ကတော့ သိပ်များ များမရှိပါဘူး။ အရေးတကြီး အချက် ၃ ချက်လောက်တော့ရှိပါတယ်။

၁။ လူထုဟာ လူထုခေါင်းဆောင်တွေအပေါ် အကြွင်းမဲ့ယုံကြည်အားကိုးကြတယ်။
၂။ လူထုခေါင်းဆောင်တွေဟာ စစ်ဗိုလ်ချုပ်တွေပြောတဲ့ ကတိစကားကို အကြွင်းမဲ့ယုံကြည်ခဲ့ကြတယ်။
၃။ စစ်ဗိုလ်ချူပ်ဆိုသူတွေဟာ ပေးထားတဲ့ကတိတွေကို အကြိမ်ကြိမ်လိမ်လည်ဖေါက်ဖျက်ခဲ့ကြတယ်။

မြန်မာနိုင်ငံရဲ့ ပထမချဉ်ပါတ်အိုးကို လူထုအနေနဲ့ ရိုက်ခွဲခဲ့တဲ့ လူထုတိုက်ပွဲအကြောင်းကတော့ ဒီလောက်ပါဘဲ။ ဒုတိယ ချဉ်ပါတ်အိုးဖြစ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေချဉ်ပါတ်အိုးကို ရိုက်ခွဲကြဘို့အတွက် လူထုတပ်လှန့်သံကို ဆက် ရေးပါဦး မယ်။

ကိုအောင်မှိုင်း
ဖေဖေါ်ဝါရီလ ၁၇ ရက် ၂ဝ၁၉ ခုနှစ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts