ဇော်လူစိမ်း ● ကာလပေါ်ဝတ္ထု

ဇော်လူစိမ်း ● ကာလပေါ်ဝတ္ထု
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂ဝ၁၉

မိုးမခ ၂ဝ၁၈ သြဂုတ်လထုတ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်သည်။


အပူချိန်တအားပြင်းတယ်။ လူတွေဟာ လျှောက်သွားရင်းနဲ့ တငွေ့ငွေ့လောင်နေတယ်။ လောင်ကျွမ်းမှုတွေက ကြည့်လို့ ကောင်းသား။ အနီ အဝါ အပြာ စသဖြင့် တငွေ့ငွေ့ တလျှံလျှံ။ စကားပြောရင်းနဲ့ ရေဓာတ် ခန်းခြောက်လာတယ်။ ကားတွေက လမ်းမတွေပေါ်မှာအပြည့် လှုပ်မရ ပြုမရ ကျပ်ခဲကြီး အငွေ့ပျံနေတယ်။ ကိုယ့်စိတ်ကိုကိုယ် ရစ်လုံးကကြိုးလို လျှော့လိုက် ပြန်ရစ်လိုက် ပြတ်ထွက်သွားမှာလည်း စိုးရတယ်။ ငါတို့ခေါင်းတွေထဲမှာ ယင်ကောင်တွေတလောင်းလောင်းပဲ အော်မြည်နေ တာ။ အကျဉ်းကျနေတဲ့ စိတ်က မောင်းမထုတ်နိုင်ဘူး။ သံခြေကျင်းတွေကို ငုံ့ငုံ့ကြည့်နေရတာ မအားဘူး။ ဒီတော့ ဦး နှောက်ကို ဝိုင်းတွတ်ကြမယ်။ မရှိတော့တဲ့ မီးရထားဟိုတယ်ရှေ့နားမှာ အရင်လိုမြို့ကို သွေးပေါင်တိုင်းထားသေးလား  မော့ ကြည့်မိရင်းနဲ့ ကိုယ်တိုင် ဦးနှောက်သွေးကြော ထောင်းခနဲပြတ်သွားမယ်။ အရုပ်ကြိုးပြတ်။ ရှေ့တည့်တည့်ကြည့်။ နေထွက် ရာအရပ်ကို ခဏမေ့ထား။ ခင်ဗျားနောက်ကျောမှာ စိတ်ချောက်ချားနေတဲ့ အောက်ခြေသန်းတဝက်လောက်ရှိတယ်။ ခင်ဗျား ရှေ့မှာ ဘဝင်မြင့်နေတဲ့ အပေါ်ထပ် အဆောက်အအုံကြီးတွေ ရှိတယ်။ ဖြတ်သွားဖြတ်လာတွေရဲ့ အပြုံးအရယ်ထဲ ငါတို့ အားကျမိတာ သမိုင်းထဲပါသွားပြီ။ မနေ့က  ‘မအ’ အောင်လို့အဆိုအငိုလှခဲ့တဲ့ ချစ်သောသူများ  ဒီနေ့ ‘အ’ နေတဲ့ အထက်တန်း စားများအဖြစ် ပန်းဆိုးတန်းဘက် ဖမ်းကွေ့လိုက်တယ်။  ရုတ်တရက် ကတ္တရာလမ်းနဲ့ ကားဘီးပွတ်သံက ဖြိုလက်စ တိုက်အိုကြီးရဲ့နံရံမှာ အစင်းကြောင်းထင်သွားတယ်။ ဖြတ်သွားဖြတ်လာတွေက ခြေဦးတည့်ရာ လှမ်းကျိန်ဆဲလိုက်တယ် “အရိမေတ္တယျဘုရား အဖူးရစေ”။  တက္ကစီသမားက မှန်အလုံပိတ်ပြီး ပြောနေတယ်။ ဒါပေမယ့် ခင်ဗျားပြောနေတဲ့စကားပဲ တမြို့လုံးပြောနေကြတာပဲ ခင်ဗျားကျမှ။ ဟုတ်ပါတယ် ကူးစက်လွယ်ပါတယ်။ လူကိုလောင်စေတာကတော့ ပေါ့ဆတာပဲ။ ခင်ဗျားရဲ့ အေသင်မြို့ထဲက/ ပထမဆုံးပုဂံမြို့ကြီးပြကြီးထဲက မုတ်ဆိတ်တွေကျင်စွယ်တွေ ဘယ်သူရိတ်သွားတာလဲ။ ကမ္ဘာ ကြီးမှာ လူနှစ်မျိုးတည်းရှိတယ်မဟုတ်လား။ စူပါမင်းနဲ့ စပိုက်ဒါမင်းတွေကတော့ ဘယ်တော့မှ သမ္မတဖြစ်လာမှာ မဟုတ်ဘူး လေ စိတ်ချ။   မျက်နှာပြောင်စပ်စပ်နဲ့ အသည်းကွဲရတာ ဘေးလူတယောက်အတွက် အရသာ မရှိလှ ဘူး ဆိုပါ တော့။    တယောက်တလေတွေကပဲ လောင်ကျွမ်းရတာကို သဘောမတူတဲ့ အတွေးအခေါ်မျိုးရှိနေလေတော့ အစုလိုက် အပြုံလိုက် တွေခေတ်စားလာတယ်။ မာရ်နတ်ရဲ့စင်္ကြာတွေ ဘယ်အင်ပါယာမှာ နန်းစိုက်ခဲ့တာပဲဖြစ်ဖြစ် ပေါ့ပ်ယဉ်ကျေးမှုမှာ ရက်လည် နေကြပြီ။ အေဒီ၂ဝ၁၈ မှာလည်း ဝင်းမော်ဦးလေး အမျှမျှော်နေတုန်းပဲလား။ လက်ကိုင်တုတ်တွေကိုလည်း ရှိသမျှ အမျှတွေ ဝေပေးလိုက်ရင် ကောင်းမလား …၊ ခုနက ဘရိတ်အုပ်လိုက်တာ တိုက်နံရံမှာ အစင်းကြောင်းထင်ပြီးမှ ခုတော့မိပြီ။ ရပ်သွာ ပြီ။ တုတ်ကိုင်လက်ကလည်း လျှောက်သွားရင်းနဲ့ တငွေ့ငွေ့လောင်နေတာပါ။ ငါတို့ကိုယ်၌က ပလပ်ကျွတ်နေသလို လွတ်နေ သလိုမျိုးပေါ့။ နာဇီတယောက်နဲ့ နှစ်ပေလောက်အကွာမှာ ကျွိကနဲထိုးရပ်သွားတာကိုက ငါတို့ကံကောင်းပါတယ် ၊ ကမ္ဘာကြီး ကံကောင်းပါတယ်။ ရန်ကုန်မှာပြုတ်ကျရင် ပြန်တက်ဖို့မလွယ်တော့ဘူး။ ဟိုနှစ်တုန်းက နေပြည်တော်ရုံမှာ လေတိုက်လို့ ပင့်ကူလူသားခမျာ တွဲလောင်းနဲ့ ဆိုင်းဘုတ်ကြီးပြုတ်ကျနေတာ၊  စပိုက်ဒါမင်းတယောက် အခု ရန်ကုန်တော အုပ်မှာ တာဇံလိုလစ်နေပြီ၊ အမေးဇင်း။ ဘေးဘယာ ဝေးကွာပါစေ။ အာမင်။

● ဗစ်တိုး ရီးယားရဲ့လျှို့ဝှက်ချက်

မိုးရွာထားပြီးပေမယ့် ညဟာအေးလှတယ်မဟုတ်ဘဲ အပူငွေ့ပြန်သလိုလို၊ တနေ့ခင်းလုံးပူထားခဲ့တာကြောင့်လား။ ညဥ့်နက် နေပြီ၊ အိမ်မီးတွေကပျက်နေပြီး လမ်းမီးတွေကပဲလင်းနေလေတော့ ညကပိုနက်သယောင်။ လမ်းသွယ်လေး ကတော့ ရေအစိုဓာတ်လေးကဲလို့ ဟိုတကွက် ဒီတကွက် ပြောင်လက်။ ဒီဘက်ဝရန်တာလေး ကနေ တခြားဝရန်တာတွေဆီ၊ ဟိုဟိုဒီဒီအကြောင်းမဲ့ငေးကြည့်ရတာကလည်း ဒီလိုညနဲ့ အတော်လိုက်ဖက် သားလို့။ မိုးရေစိုတိစိုစွတ်ကြောင့်လားမသိ လမ်းပေါ်မှာ ခွေး တွေလှဲနေတာတောင် မတွေ့ရဘူး။ ဆိုက်ကားတစီးဖြတ်သွားတော့ ပါလာတဲ့ခရီးသည်လူကြီးတယောက် ဖုန်းနဲ့စကား အကျယ်ကြီးပြောသွားတာ အဆဲ အဆိုတွေ့နဲ့။ ဘာသာစကားမှာ အဆဲအဆိုတွေသာမရှိရင် အတော်လေး ခြောက်ကပ်နေမှာ လားလို့ တွေးမိတာ။ ကားပုလေးတစီးက တွန့်ဆုတ်တွန့် ဆုတ်တွန့် နဲ့လမ်းထဲဝင်လာတုန်း မှောင်ရိပ်ထဲက ကောင်လေး တယောက် ထွက်လာတာ ဘာတိုက်ဆိုင် ပတ်သတ်မှုမှမရှိဘူး။ လမ်းထဲမှာ ညအိပ်ထိုးထားပြီဖြစ်တဲ့ ကားတွေကပြည့်နေ လေတော့ လွတ်တဲ့နေရာကို ကြွက်အစာရှာနေသလို ကားလေးက ရှာနေတာကလား။ ဒါပေမယ့် အိပ်ချင်နေတဲ့ ကလေး တယောက်လိုမျိုးပဲ မြန်မြန်သူ့အိပ်ရာကိုရောက်ချင်နေတဲ့ပုံ ကားလေးနေရာလွတ်လေးကိုရှာနေတာ။ ကားမီးတန်းရဲ့ခပ်လှမ်းလှမ်းမှာ မှောင်ရိပ်ထဲကထွက်သွားတဲ့ကောင်လေး ဆေးလိပ်မီးကို ရဲခနဲ လမ်းမပေါ် ပစ်ပေါက်သွား တော့ ခံတွင်းချဉ်တဲ့စိတ်က လျှာဖျားဆီရောက်လို့။ မလွတ်တလွတ်နေရာလေးမှာ ကားလေး ဖင်စောင်းထိုးထည့်နေတာ စိတ်မရှည်ချင်စရာ။ ကားရပ်ထားပြီးမှ ကားပေါ်ကတဦးတယောက်မျှ ဆင်းမလာသေး။ ကျောပိုးအိပ်လေးတွေလွယ်လျက်သား အတွဲတတွဲ တရွေ့ရွေ့ ဖြတ်လျှောက်လာတာက ကြိုးနဲ့ပူချည်ထားသလိုမျိုးပဲ။ ခြေသံကလွဲလို့ သူတို့ဆီမှ ဘာသံမှမကြားရ။ ပတ်ဝန်း ကျင်ကိုမေ့လျော့ထား ရင်းက အနမ်းချင်းကျစ်ကျစ်ချည်ထားသလိုမျိုး ရပ်လိုက် လျှောက်လိုက် တရွေ့ရွေ့။ ညကို လျို့ဝှတ်ချက် တို့ဖြင့်ဖန်တီး ထားပါက မှောင်နေသော ပြတင်း ပေါက်များရဲ့နောက်ကွယ်၊ အေးစက်စက်ဝရန်တာလက်ရန်း များရဲ့အတွင်းဘက်၊ လှမ်းမြင်နေရသော အလင်းမရှိတရှိအိမ်ခန်းများ၊ ယိုင်နဲ့နဲ့အမှောင်မှီတင်းနေထိုင်သော နံရံထောင့်ချိုး များ၊ ရက်စက်သောအလင်းများအောက်က ကိုယ်ယောင်ဖျောက်ထားသော အမှောင်များ၊ အလုံးစုံသော ညကာလ အခင်း အကျင်းများဖြင့် အေးစက်သောလျှို့ဝှက်မှုများ။ ညကြီးထဲ အမှောင်ရဲ့အနံ့အရသာတို့ ငြိမ်သက်နေ ကြတုန်း ရုတ်ချည်းဝေ့ဝဲ တိုက်ခတ်လာသော တဖက်စောင်းနင်းလေပြင်းလေးကြောင့် ဝရန်တာများ ပြတင်းပေါက်များမှာ လှိုင်းပုတ်ခံလိုက်ရသလိုပင်။ လေးပြင်းလေးအရှိန်ကြောင့် စိုတိစိုစွတ် လမ်းလေးထဲမှာ အမှောင်လှိုင်းကြီး တလိပ်လိပ်ဖြတ်နင်း သွားသလိုလို၊ အလင်း တွေခါသွားကြ၊ အသံတွေတုန်ယင်သွားကြ။ လမ်းမပေါ်ကန့်လန့်ဖြတ် တန်းထားတဲ့ ဓာတ်ကြိုးတန်းတွေးယိမ်းထိုးလို့။ ဒီအခြေ အနေမှာ မီးတိုင်နဲ့ မလှမ်းမကမ်းကကားဖြူလေးရဲ့အမိုးပေါ် ပဝါတထည်လို ပြုတ်ကျလာတဲ့ ပန်းနုရောင် အဝတ် တစ။ ဘယ်နေရာကပြုတ်ကျလာသလဲလို့ တွေးနိုင်မယ် မထင်ဘူး။ ကားအမိုးပေါ်မှာလုံးထွေး နေတဲ့အဝတ်က နောက်ထပ် လေအရှိန်ရှိနေတာနဲ့ ထပ်ရွေ့ပြီး အမိုးစွန်းနားမှာ ပြန့်ကားလို့။ အောက်ခံ ဘောင်းဘီလေး။
ညအလင်းရောင်အောက်မှာ ထင်ရှားတဲ့ ပန်းနုရောင် အတွင်းခံသန့်သန့်လေး၊ ကားဖြူလေးပေါ်မှာ
အထီးကျန်စွာ။ နောက်ထပ်များ လေတချက် ဖြတ်ရိုက် သွားရင်ဖြင့် စိုစွတ်နေတဲ့ လမ်းအောက် ကျလွင့်လို့ မသတီစရာအမှောင်နဲ့ရောထွေးပြီး ညစ်ပေသွားရမယ့်ဖြစ်ခြင်း။ နောက်ထပ် ရင်မဆိုင်ချင်သော ရင်မဆိုင်သင့် သော အခြေအနေများအတွက် ရှောင်လွှဲရန် လူတိုင်းလူတိုင်း အတွက် အခွင့်အရေးတကိုက်စာ ရှိထားပြီးသား။ ဒါကြောင့် ဒီအခြေအနေကို ဒီနေရာမှာပင် မရပ်တန့်ခင် သနားစရာဘောင်းဘီလေးကို နှုတ်ဆက်လိုက်ပါ၊ နောက်ထပ်လေမတိုက်ခင် ဒီအရေးအသားကို ဒီမှာ ရပ်စဲလိုက်ပါတယ်။

● ဘုရားအဆူဆူပွင့်ပြီးနောက်ပိုင်း စနေမနက်ကြီးထဲ

အသံသဲ့သဲ့တွေကြားနေရပြီးတော့ အိပ်ပျော်ရာကနေ ကိုယ် တဖြည်းဖြည်းချင်းနိုးလာတယ်။ အိပ်ပျော်နေခဲ့တယ်ဆိုတာ ကတော့ ကိုယ့်အထင်ပဲလေ။ ကိုယ်အိပ်တော့ နောက်ဆုံးမှတ်မိတဲ့အချိန်က ည ၁၂နာရီကျော်ပြီ။ ကိုယ့်အမျိုးသမီးက ANNABELLE ရုပ်ရှင်ကို အသံတိုးပြီး ခုတင်ပေါ်ကနေ ကြည့်နေတုန်းအချိန်၊ အသံတိုးထားရတော့ ကြောက်စရာ လည်းကောင်းမယ်မဟုတ်တော့ဘူး။ သူက အိပ်ရင်အမှောင်ကြိုက်တယ်၊ မီးပလပ်ခုံပေါ်က လင်းနေတဲ့ မီးနီသေးသေးလေးကအစ ပိတ်မှရတယ်။ မှိန်နေတဲ့မီးပွင့်သေးသေးလေးဟာ အမှောင်ထဲမှာ ကြာလာရင် အသက်ရှင်သလို ကြီးထွားကျယ်ပြန်လာတာပဲလို့တော့ ကိုယ်လည်းယူဆထားပါတယ်။ ခုတော့ အခန်းအမှောင်ထူထူထဲမှာ အပြင်က ရိုက်ခတ်တဲ့ အလင်းတငွေ့ငွေ့လေး။ ခပ်လှမ်းလှမ်းအပေါ်ဘက်ငါးလွှာ အိမ်ခန်းဆီက ပရိတ်တရားခွေဖွင့်ထားသံ ခပ်တိုးတိုးလည်းကြားနေရပြီဆိုတော့ ဝေလီဝေလင်းခါနီးပေါ့။ ဒါပေမယ့်လို့ ကိုယ်တို့ ပုံမှန်နိုးချိန်မဟုတ်တာ သေချာတယ်။ ကိုယ့်အမျိုးသမီးကတော့ ရုပ်ရှင်ကြည့်ပြီး မောပမ်းထားသလိုလို ငါးတကောင်လို ဖျတ်ခနဲတချက်တွန့်ပြီး အိပ်မောကျနေတုန်းပဲ။ ကိုယ် တကယ်နိုးလာရတာက ဘာမှန်းမသဲကွဲတဲ့ အသံတွေကြောင့်ပါ။ နိုးတဝက်ဖြစ်နေတဲ့ အချိန်ကနေ လုံးဝနိုးလာပြီးတဲ့အထိလည်း ကြားနေရတယ်။ ကိုယ့်ဘေးနားက နံရံကိုစမ်းလိုက်မိသေးတယ်၊ အသံကနံရံတွေထဲကလာတာလား။ မဟုတ်သေးဘူး၊ ခပ်ဝေးဝေးက လှိုဏ်သံပါတဲ့အသံအမျိုးအစား။ အရည်ပြားပေါ် ပုရွက်ဆိတ်မှုံမှုံကလေးတွေတက်လာသလိုမျိုး အကောင်အထည်သိပ်ရှိလှတာမဟုတ်ပေမယ့် ရွစိစိခံစားမှုကတော့ ကြီးမားလို့ လည်ပင်းနဲ့ရင်ဘတ်တွေကိုတောင် လိုက်ပွတ်သပ်နေမိတယ်။  တိုက်ရိုက်အပြင်လာတဲ့အသံနဲ့ ကိုယ်ကြားနေ ရတဲ့အသံဟာ ခွဲခြားသိနေပေမယ့်လို့ သိပ်ပြီးကွဲပြားနေတာမျိုးတော့လည်း မဟုတ်ဘူး။ ဒီလိုပြောလို့ ကိုယ်ကြားနေ ရတဲ့အသံဟာ အပြင်ကလာတာမဟုတ်ဘူးလို့ မဆိုလိုပါ၊ ဒီအသံတွေဟာ အပြင်ကချည်းလာတာပဲ။ အမှောင်ထဲရပ်နေရင်းနဲ့ လှိုင်းနိမ့်လွန်းတဲ့အသံတချို့လည်း နားထဲမြည်သွားတယ်။ ဘယ်လိုလဲဆိုတော့ ကင်မရာဖလက်ရှ်မီး ပွင့်တာမျိုး၊ သုံးလွှာက ကျောက်ကပ်ဆေးနေရတဲ့ဘွားတော်ဆီ ဆေးရုံကား လာလာခေါ်တော့ ကားဟာအရေးပေါ်အသံ အော်မလာဘူး၊ ဒါပေမယ့်လို့ မီးလုံးကတဖျပ်ဖျပ်လင်းနေတော့ အဲ့ဒီအသံ ကြားနေရတာမျိုးပဲ။

ရှေးသီချင်းကြီးတွေ ညည်းနေတဲ့အသံမျိုးလား၊ လိင်ရမ္မက်ကြောင့်လား၊ အနာတရကြောင့်လား ကြိတ်ငိုညည်းသံလိုလို။ အိမ်ရှေ့လမ်းလေးပေါ်က တချက်ချက် ကားတစီးတလေဟွန်းသံနဲ့ဖြတ်သွား ရောထွေး။ လာနေတဲ့နေရာက ရေချိုးခန်းဘက်ကလိုလို မှန်းဆလိုက်မိတယ်။ အာခေါင်ခြောက်ကပ်လာလို့ ရေတခွက်ငှဲ့သောက်လိုက်တယ်။ ပြီးတော့ ကိုယ်မှန်းဆလိုက်တဲ့အတိုင်း ရေချိုးခန်းဘက် တဖြည်းဖြည်းကပ်သွား၊ မီးခလုတ်စမ်းမိရင်း အတွင်းမီးဖွင့်လိုက်ပြီး အသက်မျှင်းမျှင်းရှူလို့ ခဏစောင့်နေလိုက်တယ်။ ခပ်ဝေးဝေး အလှမ်းမမီတဲ့ဆီက အသံမျိုးစုံတွေ ရောထွေးနေတဲ့ တသဲ့သဲ့ အထဲကကြားနေရတာ။ ဒါနဲ့ ရေချိုးခန်းတံခါး ဖွင့်လိုက်တော့လည်း အထဲမှာ လင်းရှင်းလို့။ ဘီယာပုလင်းခွံ လေးငါးလုံးထောင့်ကပ်ထားတဲ့နေရာက ပိုးဟပ်တကောင်တိုးသွားတာ တွေ့လိုက်တယ်။ ဆီးသွားချင်တာနဲ့ ကမုတ်ပေါ်ထိုင်ရင်း ဆက်နားစွင့်ထားလိုက်တော့ အသံလဲ့လဲ့လေးတွေက တရိပ်ရိပ်၊ ခန့်မှန်းကြည့်တော့ ခက်နေပြီ၊ နေရာပေါင်းစုံက လာနေတာဆိုတော့။ ဘယ်လိုပါလိမ့်၊ စောစောစီးစီး ဆေးလိပ်သောက်ချင်လာသလို ခံတွင်းချဉ်လာ တာကြီး၊ အရေးထဲ။  တကယ်နားစိုက်ကြည့်တော့ မိလ္လာခွက်ထဲမှာလည်း အစုလိုက်အော်သံတွေလိုမျိုးရှိနေပြန်တယ်။ ဒါနဲ့ ရေဆွဲချလိုက်တယ်။ ရေကျသံဆူညံသွားတာနဲ့ ခဏလောက် သက်သာရာရသွားတယ်ပေါ့။ ကိုယ့်နားကနံရံဟာ အလင်း ထဲမှာ လှိုင်းလေးတွေ တရိပ်ရိပ်ပြေးနေသလို မြင်နေရ၊ လက်နဲ့အသာစမ်းကြည့်မိတော့ ထူးဆန်းတဲ့ထိတွေ့မှု။ အသံရဲ့ အရင်းအမြစ်တွေက အဖက်ဘက်ကဖြစ်နေလေတော့ နံရံပေါ်ကလက်ကိုပြန်ရုတ်လိုက်တယ်။ ဒါပေမယ့်လို့ တုန်ခါမှု တခုခုဟာ လက်ဖျံလက်မောင်းတလျှောက် စီးဆင်းနေသလိုမျိုးပဲ။ လက်ဆေးဇလုံဘက်ထလာပြီး ရေခေါင်းဖွင့်၊ လက်ဆေး။ သွားတိုက်ဖို့ပါပြင်ရင်း မှန်ကြည့်မိတော့ ဘာမှမပေါ်ဘူး။ ဟုတ်ပါတယ်၊ မှန်ရှိတယ်၊ မှန်အသားပဲ၊ ရေနဲ့ပက်ပြီးသုတ်လိုက်လည်း မထူးခြားဘူး။ ကိုယ်အောက်ငုံကြည့်တော့ ကိုယ့်အရိပ်လည်းရှိပါတယ်၊ မှန်ဆီကသာ ဘာမှပြန်မမြင်ရတာ။ ချွေးစို့ချင်ချင်ဖြစ်လာတာနဲ့ သွားမြန်မြန်တိုက်ပြီး မျက်နှာသစ်ချလိုက်တယ်။ နောက် ရေပိုက်ခေါင်း ပိတ်လိုက်တော့မှ အသံတွေပိုကြားလာရတာ၊ ရေပိုက်ခေါင်းထဲက အနီးဆုံးပဲ။ ရေဒီယိုက လှိုင်းတွေညိနေတဲ့အသံမျိုးတွေ၊ ဘာသာစကားရယ်လို့မဟုတ်တဲ့အသံမျိုးတွေ။ မှန်ကို တချက်ပြန်ကြည့်လိုက်တော့ လှိုင်းတွန့်သွားသလိုနဲ့ ဘာမှပြန် မမြင်ရပြန်ဘူး။ ရေပိုက်ခေါင်းဝနားကပ်ပြီး နားစိုက်နေထောင်နေတုန်း အဝေးက သတ္တဝါအကောင်ကြီး တွေရဲ့အော်ဟစ်သံလိုလို ရယ်သံလိုလို၊ ပါးစပ်ဟလျက်ကြီးနဲ့ လူသေအလောင်းတွေဆီ အသံတွေထွက်နေသလိုလို။ ပိုက်ခေါင်းနဲ့ နားရွက်ကပ်လိုက်မိတော့ ကိုယ် ရုတ်တရက်လန့်ပြီး နောက်ဆုတ်လိုက်မိတယ်။ နားရွက်ကိုလာထိတဲ့ ရေပိုက်ခေါင်းဟာ ပျော့အိချွဲကျိသွားတဲ့ခံစားမှု၊ ပြီးတော့ နားရွက်ကို လျှာနဲ့လာသပ်သလိုမျိုး။ ပြန်ကြည့်လိုက်တော့ ပိုက်ခေါင်းဟာ ဖြူရော်ရော်မီးအလင်းအောက်မှာ နီကယ်ရောင်တလက်လက်နဲ့။ ပုလင်းချောင်ထဲက ထွက်လာတဲ့ပိုးဟပ်ဟာ ကိုယ့်ခြေထောက်နား မယောင်မလည်ရောက်လာလို့ ယောင်ရမ်းပြီးနင်းချလိုက်မိတယ်၊ သေရော။ ခြေဖဝါးအောက်က မနှစ်မြို့စရာ အရသာ။ ရေချိုးခန်းထဲ အသံတွေပိုပြည့်လျှံလာသလိုမျိုး မွန်းကြပ်လာတာနဲ့ ပြန်ထွက်၊ တံခါးပြန်ပိတ်ပြီး မီးခလုတ်ပိတ်လိုက်တယ်။ ထိုင်ခုံပေါ်လွှားထားတဲ့ ညကချွတ်ထားတဲ့ပုဆိုးကို စမ်းတဝါးဝါးပြန်ဝတ် အခန်းအပြင်ဘက် ထွက်ဖို့ပြင်လိုက်တယ်။ အမျိုးသမီးဆီက အသက်ရှူသံရေးရေးနဲ့ ကိုယ်ကြားနေရတဲ့အသံသဲ့သဲ့တွေကလွဲလို အခန်းလေးက မှောင်ရိပ်ထဲအေးစက်လို့။ တံခါးကို အသံမကျယ်အောင်ဖြည်းဖြည်းဖွင့်ပြီး ထွက်လိုက်တော့ အခန်းအပြင်က ကြမ်းပြင်ကလည်း အေးစက်နေတယ်။

အပြင်ပြတင်းပေါက်တွေကို ညက ဖွင့်ထားမိသလားလို့ ပြန်စဉ်းစားမရတော့ဘူး။ ကိုယ့်ဆီကို ရိပ်ခနဲရိပ်ခနဲ လေတွေ ဖြတ်ဖြတ်တိုက်သွားတာတော့ ဘေးနားကနေ လူတွေ အသဲအသန်ဖြတ်ပြေးသွားကြသလို ခံစားမှုကြီးနဲ့ သံသယဖြစ်မိတယ်။ ကိုယ်ကြားနေရတဲ့ ထူးဆန်းတဲ့အသံပေါင်းစုံသဲ့သဲ့ဟာ ပြတင်းပေါက်တွေကနေ ဆက်လက်ဝင်လာ နေတဲ့ပုံပဲ။ အပြင်လမ်းမမှာ စံပယ်ပန်းအော်ရောင်းသွားတဲ့ စက်ဘီးနဲ့အသည်တဦး တရားခွေဖွင့်သွားရင်းဖြတ်သွားပြန်တယ်။ ဝရန်တာတံခါးကို ဖွင့်ရင်းအပြင်ဘက်ကလေကို တဝရှူချင်တာနဲ့ ခပ်ပြင်းပြင်းရှိုက်လိုက်မိတယ်။ နားထဲအသံတွေပိုထင်လာသလိုပဲ၊ ခေါင်းမိုးပေါ်ကနေသွယ်ဆင်းထားတဲ့ အိမ်နံရံနဲ့ကပ်လျက်ပိုက်လုံးကြီးတွေအထဲမှာ အဲဒီအသံတွေရှိနေသလိုလို၊ အောက်ဘက် ရေမြောင်းပေါက်ထဲက လာသလိုလို။ အကြမ်းဖက်မှုထဲက အော်ဟစ်သံ တွေလိုလို၊ ကိုယ် လက်လှမ်းမမီတဲ့ ငရဲတွင်းထဲက အသံတွေလိုလို။ ကိုယ့်နားနှစ်ဖက်ကို ပြန်အုပ်လိုက်မိတော့ ကိုယ့်နားရွက်ကြီးက အကြီးကြီးပါလား၊ လက်ထဲက ပျော့စိနေတဲ့ အရည်တရွှဲရွှဲနားရွတ်ကြီးတွေ။ လန့်ဖျပ် မျက်လုံးတွေပြာသွားပြီး မိုက်ခနဲဖြစ်သွား၊ ကိုယ်မျက်လုံးပြန်ဖွင့်လိုက်တော့ ကိုယ့်ရှေ့မြင်ကွင်းဘက်က လေထုထဲမှာ ပျော့ဖက်နေတဲ့ နားရွက်ကြီးတွေအများကြီးပဲ၊ ကြည့်လေရာမှာ လေထဲပေါလောမျောနေတာ။ အသံတွေဟာ နားရွက်ကြီးတွေကြားထဲပြေးလွှားနေတာ။ အပေါ်ဘက် ခပ်ဝေးဝေးကောင်းကင်မှာ နေရောင်အကြိုအလင်းရောင်တွေ အလင်းတချို့တလေကြားထဲမှာလည်း ငှက်အုပ်တွေဝဲနေသလို နားရွက်ကြီးတွေတွေ့နေရတယ်။ လမ်းမပေါ်ပြန်ငုံ မိတော့လည်း ဒရွတ်တိုက်နေတဲ့နားရွတ်တွေ၊ အဲဒီကြားထဲကဖြတ်ပြီး တွန်းထိုးနေတဲ့အသံတွေ၊ တခြားအိမ်ခန်းဝရန်တာ တွေပေါ်ကနေ အောက်ကိုတွဲလောင်းချထားတဲ့ ကြိုးတွေချိတ်တွေမှာ အဲ့ဒီအရည်တရွှဲရွှဲနားရွက်တွေပဲ တွဲလောင်း ချိတ်နေလိုက်ကြတာကြီး။ မြင်ကွင်းက ကြည့်လို့အော်ဂလီဆန်လာတာနဲ့ ညည်းညူမိ၊ လက်ရန်းပေါ်ခေါင်းတင်ရင်း မျက်လုံးပိတ်ထားလိုက်မိတယ်။ ခဏတော့ကြာသွားတယ်ထင်တာပဲ၊ ကိုယ့်ပုခုံးပေါ် လက်တဖက်ရောက်လာလို့ ပြန်ဖွင့်ကြည့်မိတော့ ကိုယ့်အမျိုးသမီး၊ ခုတင်ပေါ်ကအဝတ်အစားနဲ့ပဲ အိပ်မှုံစုံမွှားနဲ့ မျက်လုံးတောင်သိပ်မဖွင့်ချင်တဲ့ပုံ။ ကိုယ့်ပုခုံးကိုလှုပ်ရင်း အထဲပြန်ဝင်ရအောင်လို့ ပြောတယ်။ ဘာဖြစ်လို့လာခေါ်တာလဲပြောတော့ သူက စိတ်မရှည်တဲ့အသံနဲ့ နေ့တိုင်းဒီလိုထွက်ခေါ်နေရတာပဲဟာကို တဲ့။ ကိုယ် နားလည်ပြန်ဘူး။ မော့ကြည့်လိုက်တော့ အလင်းရောင်က ကောင်းကင် အစွန်အဖျား ခပ်ဝေးဝေးမှာ။ မင်း  နားရွက်တွေတွေ့လား ပျံနေတဲ့ဟာတွေ၊ ကြိုးတွေမှာတွေ့လား တွဲလောင်းတွေ ဆိုတော့ ဘေးနားမှာ သူကမရှိတော့ဘူး၊ ပြန်ဝင်သွားပြီ။ လမ်းထဲကားတချို့ဖြတ်မောင်းသွားတော့ ပေါလောမျောနေတဲ့ နားရွက်တွေလှုပ်ရမ်းကုန်ပြီး အသံတွေလည်း ပြန်မှိန်သွားပြန်တယ်။ အော်ဂလီဆန်တာ နည်းနည်းသက်သာ သွားပေမယ့်လို့ စီးကရက်တလိပ်လောက်သောက်ချင်စိတ်လို ပြန်ရောက်လာတာ၊ သံသယပဲလား။

● လူမှုပဋိညာဉ်ဆီသို့ ဒေါသထွက်နေသောလူအုပ်ကြီး အပြင်းချီတက်လာခြင်း

ခပေါင်းစီးကရက်ကို ပရုတ်သုတ်ပြီးသောက်တာ ခုနေပြန်စဉ်းစားကြည့်လိုက်တော့ ဦးသိန်းဇံတယောက်သာ တွေ့ဖူးခဲ့တာပဲ။ စီးကရက်မှာ စိုထိုင်းထိုင်းပရုတ်ဆီလေးတွေကွက်လို့  ဦးသိန်းဇံကြီးများ အနားကဖြတ်သွားလို့ကတော့ သူ့ချွေးနံ့နဲ့ ပရုတ်နံ့ရောပြီးရနေတာ ပြောရရင် ချွေးဆေးလိပ်ပရုတ်နံ့ဆိုတဲ့ နည်းနည်းဆိုးဆိုး ရနံ့သစ်လို့ဆိုရမယ်။ တခြားလူနဲ့ စကားပြောတာသိပ်မတွေ့ဖူးပေမယ့် စကားပြောနေရင်း  စီးကရက်ဆေးအမှုန်တွေကို လျှာဖျားနဲ့နှုတ်ခမ်းစုပြီး တထွစ် ထွစ် ထွေးထုတ်နေတတ်တယ်။ အသက်က လေးဆယ်ကျော်ကျော်လောက် ခပ်တောင့်တောင့်၊ ရာဂူဇာတချို့လိုပဲ ဒါပေမယ့်လို့ ခြေသန်းနှစ်ချောင်းလုံးပြတ်နေတာ။ အပြင်မှာ ကိုယ်တွေကစားနေကြတုန်းများ စွပ်ကျယ်ချိုင်းပြတ် ဇကာကွက်နဲ့၊ လက်မောင်းမှာ နို့ဆီခွက်ဖင်ပုံစံ စက်ဝိုင်းအထပ်ထပ်ပတ်ထားတဲ့ ဓားနှစ်လက်တက်တူးနဲ့၊ တက်ထရက် အကွက်ကျဲထူထူကြီး တရွှမ်းရွှမ်းနဲ့ ကွင်းထိုးဖိနပ်အဖြူကြီးစီးပြီး  သူလမ်းထွက်လာရင် အားလုံးဇက်ကိုပု ညိမ်ကုန်ရော့ပဲ၊ လမ်းထဲမှာလည်း တွေ့ရခဲတာကိုး။ ဦးသိန်းဇံခြံက လမ်းထောင့်နားမှာ၊ ခြံအထဲမမြင်ရအောင် သံဆူးကြိုးမှာ ပုံနရိပ်ပင်တွေအပြည့်အသိပ်နဲ့ အပေါ်ကပျဉ်ပြားပိတ်ပြီး အသေအချာကာထားတာ။ အိမ်က နှစ်ထပ် ပျဉ်ထောင်အိမ်ကြီး။

လမ်းထဲ အဲဒီကာလအရ ကားကောင်းကောင်းလေးများ ဝင်လာပလားဆို ဦးသိန်းဇံအိမ်။ ဒါပေမယ့်လို့ ခပ်ပြာပြာ လေးဘီးကားလည်းလာတာ၊ လိမ္မော်ရောင်မကျတကျ သုံးဘီးကားလည်းလာတာ၊ ဆိုင်ကယ်သံတအုန်းအုန်းနဲ့လည်း သူ့အိမ်ထဲဝင်တာပဲ။ တချို့က ကိုယ့်ရိက္ခာနဲ့ကိုယ်လာကြတဲ့ဘူးသီးတွေ၊ တချို့ဘီးကျဲတွေကတော့ ဦးသိန်းဇံရဲ့ ပစ္စည်းတွေဆီပေါ့။ ကိုယ်တွေအိမ်နဲ့က ခပ်လှမ်းလှမ်းဆိုတော့ သူ့အိမ်ကို တွေ့မနေရပေမယ်လို့ ဦးသိန်းဇံခြံရှေ့များ ဖြတ်သွားရင် စပ်စပ်စုစုကြည့်မိကြတယ်။ မနက်ကိုးနာရီလောက်ဆိုရင် ခြံဝင်းတံခါးထောင့်မှာ အမွှေးတိုင် အဆုပ်လိုက်ကြီးမီးစွဲနေတာ မြင်မကောင်းဘူး၊ မီးခိုးတထောင်းထောင်း ချိုအီမူးမိုက်စရာ အနံ့တညီးညီး။ အဲဒီအချိန် ကိုယ်တွေထဲက ခပ်ရွတ်ရွတ်ချာတိတ်တကောင်လောက်ကများ တံခါးတိုင်နားကပ်ပြီးချောင်းကြည့်လိုက်ရင် အမွေးတိုင်တွေရဲ့အောက်ဘက်မှာ ငရုတ်ဆုံကြီးထဲ ငရုတ်ကျည်ပွေ့တပ်ထားလျက်သား၊ နှင်းဆီတပွင့်လည်း စိုက်လျက်သားနဲ့ သရုပ်ပြတင်ဆက်ထားတာကိုပါ တွေ့ရပါလိမ့်မယ်။

တခါတလေကျောင်းပိတ်ရက်မှာ ဘိုကြက်ချီးတို့ခြံထဲ ကိုယ်တွေသွားဆော့တတ်ကြတယ်။ ဘိုကြက်ချီးတို့မိသားစုအားလုံးက တော်ဝင်အင်္ဂလိပ် ဗြိတိသျှစကားကို အိန္ဒိယလျှာပါးပါးလေးပေါ်တင်ပြီး အမြဲပြောကြတယ်လို့ ထင်တာပဲ။ တော်တော်လေး ဘလွတ်ရွှတ်ပြောကြပေမယ့်လို့ ပိုလီယို အနုစားလေးဖြစ်နေတဲ့ အငယ်ဆုံးကောင်တိုနီငမည်းနဲ့ကမှ ကိုယ်တွေက လေယူလေသိမ်းဖြောင့်ပြီး ကစားဖေါ်ဖြစ်ရတာပေါ့။ အဲ့ဒိဘိုကြက်ချီးတို့ခြံက ဦးသိန်းဇံခြံနဲ့ ဖင်ခြင်းပေါက်၊ အိမ်နောက်ဘက် ခြံစည်းရိုးက ကြည့်ရင် အိမ်ရှေ့ပိုင်းအထိကို မြင်နေရတယ်။ ကြားမှာ မိုးတွင်းဘက်ပဲရေစီးတဲ့ မြောင်းတခုခြားတယ်။ တိုနီငမည်းတို့ နောက်ဖေးမြောင်းစပ်စပ်က သီဟိုပင်ပေါ် လင့်စင်ထိုးဆော့လည်းဆော့ ဟိုဘက်ခြံမှာ ဦးသိန်းဇံ အရိပ်အကဲမတွေ့ရရင်လည်း လှမ်းချောင်းတတ်ကြတယ်။ မိတ်ကပ်မျက်နှာမျိုးစုံနဲ့ မိန်းမသုံးလေးယောက်ကတော့ တွေ့နေရတာပဲ။ တခါများ ဦးသိန်းဇံတို့အိမ်ရှေ့ ခြံတံခါးပေါက်နားမှာ အမျိုးသမီးတယောက်ရပ်နေရင်းနဲ့ ထမီခါးတောင်းကြိုက်စဆွဲ ခြေထောက်ကားပြီးရပ်နေတယ်၊ နောက်တော့ ဦးသိန်းဇံထွက်လာပြီး ငွေဖလား ခပ်လတ်လတ်နဲ့ရေထည့်ပေးတော့ အဲဒီအမျိုးသမီးက ဖလားခွက်ထဲကိုရေကို ပေါင်ကြားအတိုင်းပဲ အရှေ့ကနေ အနောက်ပိုင်းဆီ ငုံပြီးပက်နေတာတွေ့လိုက်ရတယ်။ ကြည့်နေတုန်း ကိုယ်တွေကို ဦးသိန်းဇံတွေ့သွားလို့ တုတ်ကိုင်ပြီး နောက်ဖေးလာခြောက်တော့ အားလုံးဝရုန်းသုန်းကားနဲ့ပဲ ပြေးကြရတာ။ ဒါကို ကာတွန်းဆိုင်က ကိုသံချောင်းကိုပြောပြတော့ ဟကောင်လေးတွေရ အဲဒါ လူခေါ်တာလို့ ခေါ်တယ်ကွ၊ မင်းတို့လည်း အဲသလိုကြပ်ကြပ်သွားချောင်း ဟိုက မင်းတို့ချိုးတွေ အိမ်လာဖြတ်လိမ့်မယ် တဲ့ ဆိုတာပဲ။ အဲတုန်းကတော့ သိပ်နားမလည်ဘူး ထူးဆန်းတာပဲသိတယ်။ တော်တော်နဲ့တော့ ဘိုကြက်ချီးအိမ်ဘက် သွားမဆော့ဖြစ်ကြတော့ဘူး။

ဒီအတိုင်းပဲ လမ်းထဲ သူ့မနာ ကိုယ်မနာ သဘောထားနဲ့ အဲ့သလိုမျိုးတည်ရှိမှုကို မသိသလိုနေလာခဲ့ကြတာ။ တညနေ ဦးသိန်းဇံ ဘာထပေါက်တယ်မသိဘူး ခပေါင်းတောင်မခဲနိုင်တော့ဘဲ သူ့ခြံရှေ့ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း ပါးစပ်က တတွတ်တွတ်နဲ့ ပတ်ဝန်းကျင်ကို ဓားကြိမ်း တုတ်ကြိမ်း လုပ်နေသတဲ့။ အေဘီစီ အေးလွင်ပြောစကားအရတော့ အဲဒီအိမ်ကို လေးဘီးကားလေးနဲ့ ခပ်ကုပ်ကုပ်လာနေကျဘဲကြီးတပွေဟာ ပိုင်ရာဆိုင်ရာကလူကြီးတယောက်ပဲတဲ့၊ ခု ခေါင်မိုးတဝင်းဝင်းနဲ့ ကိုသိန်းဇံအိမ်အမိုးကို သွတ်ပြားအသစ်တွေမိုးဖို့ ဟိုတလောက ကားနဲ့လာချပေးတာ အဲဒီဘဲကြီး လမ်းကြောင်းနဲ့ပဲတဲ့၊ ဒါပေမယ့် ခုဖြစ်နေတာက ရပ်ကွက်ကောင်စီရုံးမှာ ဘယ်ကလာမှန်းမသိတဲ့တိုင်စာရောက်လို့ ခေါ်တွေ့ခံထားရသတဲ့၊ ဒါကို ကိုသိန်းဇံက သူ့အိမ်သွတ်အသစ်မိုးတာ ပတ်ဝန်းကျင်က မနာလိုလို့ သူ့ကို ချောက်ချတယ် ပေါ့လေတဲ့၊ အဲဒါကို သူ့ခြံရှေ့ထွက်ရမ်းနေတာပဲဆိုတော့မှ ဇာတ်ရည်နည်းနည်းလည်သွားကြတယ်။ သူထင်ဝံ့လည်း ထင်စရာ၊ သွတ်အသစ်ရဖို့ဆိုတာကလည်း ငွေရှိရင်တောင် တမျိုးခက်ခဲ ခဲ့ဖူးတာကိုး၊ အနီးနားပါးနား အိမ်သွတ်မိုးကြရင် အဟောင်းလေးဘာလေး ဆေးအထပ်ထပ်ပြန်သုတ် မိုးကြရတာပဲ။ ဒါနဲ့ လမ်းထဲက လူငယ်လူကြီးတချို့က ဦးသိန်းဇံကို မကျင်အေးတို့ခြံရှေ့က မီးကင်းတဲမှာ ခေါ်တွေ့တယ်၊ အထင်မမှားဖို့အကြောင်း ကိုယ့်လုပ်ငန်းကိုင်ငန်းနဲ့ကိုယ် အေးအေး နေဖို့အကြောင်း ခပ်ပြေပြေပြောခဲ့ကြတယ်တဲ့။ ဒါပေမယ့်လို့ ဦးသိန်းဇံကတော့ သိပ်အစာကြေပုံမပေါ်ဘူး စောင်းငမ်း နေတုန်းဆိုတော့ ရပ်ရေးလမ်းရေးမှာ မချောမွေ့ဖို့ဖြစ်သွားတယ်။

အဲဒိည ကိုယ်တွေအိမ်အောက်ထပ်က စကားသံတွေကြားနေရတော့ ညကြီးပိုင်း ၁၁နာရီလောက်ရှိပြီ၊ အိပ်ရာကနေ အိပ်ချင်မူးတူးထပြီးဆင်းလာတော့ လူတွေအတော်စုံပဲ။ တကြိတ်ကြိတ်နဲ့ ခေါင်းချင်းရိုက်စည်းဝေးနေကြတာ။ မကျင်အေး ခေါင်းဆောင်တဲ့ ဘောင်းဘီတိုမိန်းခလေးတွေတဖွဲ့၊ ကိုယ်တွေဦးလေးတွေရယ် အေဘီစီအေးလွင်တို့က ဘောင်းဘောင်းနဲ့ ခါးတောင်းကျိုက်တစု၊  အန်တီပဲလှော်တို့ ထမီတိုတိုအမျိုးသမီးတွေက တစုနဲ့ဆိုတော့  အယောက်သုံးဆယ်ကျော်ကျော်။ လွယ်အိတ်တွေ ခြင်းတွေ ပုဆိုးစလွယ်တွေနဲ့ ပြင်ဆင်ထားကြတာတော့ ဘာမှန်းကိုမသိခဲ့တာ။ နောက်တော့ လူစုကွဲသွားတာနဲ့ ကလေးပီပီအိမ်ပေါ်ပြန်တက်လာရတာ မကြာလိုက်ဘူး ဆယ်မိနစ်လောက်ပဲရှိဦးမယ် ခပ်လှမ်းကနေ သွတ်ပြားပေါ် အရွယ်အစားမျိုးစုံနဲ့ ခဲတွေ အုတ်ခဲကျိုးတွေကျသံဆိုတာ ဝုန်းဒိုင်းကျဲကြားရတော့တာပဲ။ လမ်းထဲက ကဘာပျက်ခန်းဟာ ဆယ်စက္ကန့်လောက်ကြားလိုက်ရမယ်ထင်တယ်၊ နောက် ၁မိနစ်လောက် ငြိမ်ချက်သားကောင်းနေတုန်း ဦးသိန်းဇံရယ် သမီးယောက်ဖ နှစ်ယောက်သား ဓားတဝင်းဝင်း ဓာတ်မီးတဝင်းနဲ့ လမ်းထဲမှာ ဟိုဘက်ဒီဘက်ပြေးလွှားရင်းက ဟေ့ဟေ့ ဘယ်သူတွေလဲကွ လုပ်စမ်းပါ မိုက်ရင်ထွက်လာစမ်းပါ လို့ဆိုတဲ့ပြီး ကွမ်းတယာညက်လောက် တရကြမ်း တန်ပြန်နေခဲ့သေးတယ်။ အရာရာတိတ်ဆိတ်နေတဲ့ အကာလကြီးဟာ နောက်ထပ် နာရီဝက်လောက်ပဲကြာပါတယ်။

နောက်တကျော့ သွတ်ပြားတွေပေါ်ကလာတဲ့ မက်တယ်သံတွေ မိုးချုံးသံတွေထပ်ကြားရပြန်လေပြီ။ ဒီတခါကတော့ ပထမအသုတ်ထက် ပိုကြာသယောင်ရှိမယ်ထင်တယ်။ ထစ်ချုံးသံတွေပြန်လည်စဲသွားပြီးစ  အချိန်မှာ ဦးသိန်းဇံ အိမ်ရဲ့ဓားလွယ်ခုတ် ရခိုင်ကြီးဦးထွန်းအောင်အိမ်က အော်လံပါတဲ့ဓာတ်ပြားစက်အဟောင်းကြီးကနေ ပြည်လှဖေလိုလို ဘာလိုလို သီချင်းသံကြီးလည်း လမ်းထဲမှာပတ်ပြေးနေတော့တာပဲ။ တညတာသာကုန်သွားတယ် ဦးသိန်းဇံအိမ်က ဘာတုန့်ပြန်သံမှ ထွက်မလာတော့ဘူး။ သူ့အိမ်က လှတပတ ပစ္စည်းတွေခမျာလည်း နောက်ဖေးပေါက် ဘိုကြက်ချီးတို့မြောင်းတလျောက်ကနေ အပြင်ကိုလစ်ပြေးကုန်ကြရရှာတယ်လို့ ပြောသံကြားတာပဲ။

နောက်ရက် နေ့လည်စောင်းပိုင်းတွေမှာ တက်ထရက်ပုဆိုးတိုတိုဝတ်ထားတဲ့ ဦးသိန်းဇံကို တံမြက်စည်းရှည်ကြီး ကိုင်လျက်သားနဲ့ အရပ်ထဲလမ်းထဲ တွေ့လာရတယ်။ ပရုတ်နံ့ထွက်တဲ့ ခပေါင်းကြီးခဲလို့၊ ငိုက်စိုက်ငိုက်စိုက်နဲ့ တလမ်းလုံး ကအမှိုက်တွေ လိုက်လှည်းကျင်းနေတာဟာဖြင့် ပြောရရင် အလွန်အန္တရာယ်ကြီးနေတဲ့ မလိုတမာအုတ်ခဲကျိုးတွေ ကူလီကူမာခဲလုံးတွေကတော့ လမ်းပေါ် တသက်လုံးမတွေ့စေရလို့ စိတ်နာနာနဲ့ လမ်းပေါ်ရွေဘော်ထိုးနေသလားပဲ။

သစ်ရွက်ခြောက်ကနေ သကြားလုံးခွံနဲ့ ပဲကြီးလှော်ခွံအထိ ပြောင်နေရော့ဆိုတာ။ သူ့ဟာသူအဲဒီအချိန်ဆို ဦးထွန်းအောင်အိမ်က ဓာတ်ပြားဟောင်းကြီးကလည်း ကျယ်ကျယ်ကြီးကြားရပြန်တာပဲ။ ပေါက်တူးလေးဆွဲလာပြီး လမ်းပျက်နေတာ ချိုင့်နေတာတွေကို လိုက်ဖို့လိုက်ပြင်နဲ့ တပတ်လောက် ရက်ဆက်လုပ်နေခဲ့တာဆိုတော့သူ့လုပ်ငန်းကိုင်ငန်းလည်း တပတ်ကျော် နှစ်ပတ်လောက်နားထားရတယ်ပေါ့။  ပိန်လိမ်ရွတ်တွ တလက်လက်ထ နေတဲ့ခေါင်းမိုးကို ပြန်ပြင်ရင်းနဲ့ အုတ်ပက္ကားတက်လိုက်တယ်၊ အဲ့ဒိတုန်း သူ့အိမ်ထဲကို ဒေါသတကြီးရောက်လာခဲ့ဖူးတဲ့ အုတ်ခဲကျိုးတွေ ကျောက်စရစ်ခဲတွေကိုလည်း သူ့အိမ်ကွန်ကရစ်လောင်းတဲ့အထဲ မြုပ်နှံထားလိုက်တယ်လို့ ကျွမ်းကျင်ပုံရတဲ့ အမည်မသိပန်းရံဆရာတယောက်က ပြန်ပြောပြခဲ့တယ်လို့ကြားတယ်။ ဒီဖြစ်ရပ်ဟာ ၈၈အရေးတော်ပုံမတိုင်ခင် လမ်းထဲကလူထုလှုပ်ရှားမှုလို့ အကြယ်တဝင့်ဆိုကြတာပဲ။ ဘာပဲဖြစ်ဖြစ် ဟိုတုန်းကတော့ အဲဒီလမ်းထဲမှာ အဲဒီလှုပ်ရှားမှုရဲ့ နှစ်ပတ်လည်များရောက်ရင် လူစုလူဝေးနဲ့ အမှတ်တရ စားပွဲသောက်ပွဲများတောင်လုပ်တတ်ကြသေး တာဟာ ဦးသိန်းဇံအိမ် လမ်းထဲမှာရှိနေသေးတဲ့ နောက် ဆယ်စုနှစ်လောက်အထိအောင်ပဲလို့ ဆိုကြတယ်။

● ရာရာစစ ရန်ကုန်မှတိုက်ရိုက်တင်ဆက်နေရတယ်လို့
ပြေး -ပြေး နောက်မှာရေတွေလိုက်လာပြီဆိုတော့  ဘယ်ကရဲတွေလဲတဲ့ တက္ကစီသမားက အူကြောင်ကြောင်နဲ့ ပြန်မေးသေးတယ်။ မဟုတ်ဘူး ရေတွေလိုက်လာတာ မမြင်ဘူးလားဆိုတော့ သြော်…နောက်နေတာလားတဲ့။ မိုးက ဝေါကနဲ ဝေါကနဲရွာနေတော့ ပလက်ဖောင်းအောက်တွေထဲကနေ နောက်ဖေးလမ်းတွေထဲကနေ ထူးဆန်းသောရေတွေ အလုံး အရင်းနဲ့ထွက်လာလို့မို့ ကားတွေ ကိုယ်လွတ်ရုန်း ထွက်ပြေးဖို့ပြင်နေတယ်။ ဒါပေမယ့်ဘယ်လွတ်လိမ့်မတုန်း ကားဗိုက် အောက်ကို ရေတွေလာလာရိုက်နေတယ်။ ကိုယ့်လူတော့ ဒီနေ့ နေတွက်ခြေကိုက်ပါ့မလားမသိ ကိုယ်တိုင်တော့ စိတ်ကို လျှော့ထားဖို့ပြင်လိုက်တယ် ရောက်ချင်တဲ့အချိန်မှသာရောက်တော့ပေါ့။ ရေတောထဲမှာ ကားတွေရွေ့ရခက်နေတာ ထက်စာရင် လမ်းဆင်းလျှောက်သွားရင်ကောင်းမလားလို့ စဉ်းစားကြည့်သေးတယ် ၊မဟုတ်သေးဘူးပါဘူးလေ အရေးကြီး ချင်လို့မှမရရင် အရေးကြီးစရာဘုံးပေါလအောခေတ်ကြီးမှာ ဘာအရေးကြီးရဦးမှာလဲပေါ့၊ ဘာမှအရေးကြီးနေစရာမှ မလိုတော့တာလို့ ပြန်တွေး၊ တွေးရတာမလွယ်ဘူး။ ငါတွေးတယ် ဒါကြောင့် ငါပင်ပန်းတယ်။ ပလက်ဖေါင်းပေါ် ရေစိုနေတဲ့ဖြတ်သွားဖြတ်လာတွေ လမ်းသွားရင်းဘာတွေတွေးနေမယ်မသိဘူး။ ဒီလောက်မိုးရွာနေတဲ့ကြားက ကောင်လေးတယောက် မှန်တံခါးတွေခေါက်ပြီး ပိုက်ဆံတောင်းနေတော့ ဘယ်သူမှ တံခါးဖွင့်ပေးချင်မှာမှမဟုတ်တာ မြင်နေရတယ်။ အဲကွန်းဖွင့်လို့ရတာမှမဟုတ်တာ တံခါးလေးဟထားပေး ပါလား လို့ပြောလိုက်ရတယ် မွန်းလာလို့၊ မိုးရေတော့နည်းနည်းဝင်လာတာပေါ့လေ။ ထမင်းမစားရသေးလို့တဲ့ ရေစိုနေတဲ့ခေါင်းကြီး မှန်ပေါက်ထဲကနေ ဝင်လာပြီးပြောနေတယ်၊ အရောင်ဆိုးထားတဲ့ ဆံပင်ဝါဝါတွေကနေ ရေတွေတစက်စက် ကားထဲမှာ၊ ကားဆရာက အသံမာမာနဲ့ သွားပါကွာ ငါလည်းထမင်းစားရသေးတာမဟုတ်သေးဘူးဆိုတော့ အစ်ကိုတို့က ပါမုန့်စား လို့ရတယ်လို့ ဗလုံးဗထွေးနဲ့ပြန်ပြောတယ်။ ကားကဆက်လှိမ့်တော့မယ် သူ့ခေါင်းကကားထဲက မထွက်သေးတာ၊ ခေါင်းကြီးများပြတ်ပါလာမလား၊ မထူးတော့ဘူး နှစ်ရာတန်လေးထုတ် မင်းလည်းပါမုန့်စားပေါ့ကွာဆိုတော့ သူလည်း ကျေနပ်သွားပြီးတော့မှ သူ့ခေါင်းကြီးပြန်ယူသွားတယ်။
အမိန့်ရအပေါင်ဆိုင်ဝမှာ ထောင်ထားတဲ့ တရုတ်လက်ရေးစာလုံးကြီးကိုငေးကြည့်လိုက်မိတယ်၊ ဘာမှန်းမသိပေမယ့်လို့ ကြည့်လို့အကောင်းသား။ ရေစိုနေတဲ့ ခပ်နွမ်းနွမ်းမိန်းမကြီးတယောက် အဲဒီဆိုင်းဘုတ်နားမှာ မိုးခိုနေတာ ဓာတ်ပုံ လှမ်းရိုက်ချင်စိတ်ဖြစ်သွားတယ်၊ စောနက တရုတ်လက်ရေးစားလုံးရဲ့ ဘက်ဂရောင်းကြောင့်လည်း ဖြစ်မယ်ထင်တယ်။ ကားဆရာက ရေတိမ်တဲ့ဘက်ကို ယူချင်လို့ လမ်းအလယ်ကို တက်ဖို့ပြင်လိုက်တယ်၊ နောက်မှာလည်း ဟွန်းသံတွေဆူညံလို့။ မီးပွိုင့်နဲ့လည်း နီးလာတော့ ပိုပြီး အားတက်လာတယ်။ ကားချိုးလိုက်တော့ ဖွင့်ထားတဲ့မှန်တကနေ မိုးရေတွေ တဖြန်းဖြန်း ဝင်လာလို့ မှန်တွေ ပြန်တင်လိုက်ပြီး ဒီနေ့ည ကမ္ဘာ့ဖလားဖွင့်ပွဲမီပါ့မလားဆိုတော့ ကားဆရာက ဖိုင်နယ်ပွဲတော့မီမှာပါဆိုပြီး ပြန်နောက်တယ်။ ပြောရင်းဆိုရင်း ဖွင့်ပွဲမှာ နောက်တကြိမ်ပြီး နောက်တကြိမ်ပြီး နောက်ထပ်တကြိမ်ပြန်လည် အရွေးခံရတဲ့ မစတာသမတပူတင် ဂျူဒိုဝတ်စုံနဲ့များ သီချင်းဖျော်ဖြေဦးမလားပေါ့ ရင်ခုန်မိတာ၊ အဲဒီမှာက ဘာမဆို ဖြစ်သွားနိုင်တာချည့်ပဲမဟုတ်လား။ ဆိုတာကို သတိရလိုက်သေးတယ်၊ ဘာပဲဖြစ်ဖြစ် ဘရာဇီးပွဲ ကြည့်ရဦးမယ်၊ တူရကီပွဲလည်း ကြည့်ရဦးမှာပါလားလို့ အားတက်သွားတယ်။ အိမ်မရောက်ခင် တဆိုင်ဆိုင်ဝင်ပြီး ညဘောပွဲကြည့်ရင်း စားစရာ သောက်စရာ တခုခုဝင်ဝယ်ရ ကောင်းမလား။

ကားက မီးပွိုင့်ကျော်သွားတော့ ခရီးကနည်းနည်း အလျှင်မီသွားတယ်။ ကားဆရာကလည်း နည်းနည်းအသက်ရှူ ချောင်သွားတဲ့ပုံပဲ ရေဒီယိုတွေ ဘာတွေဖွင့်လိုက်တော့ ယဉ်ကြောပိတ်ဆို့မှု တိုက်ရိုက်ထုတ်လွှင့်နေပါသတဲ့။ အစီအစဉ်တင်ဆက်နေတဲ့ မိန်းခလေးအမည်က ဗဂျီတဲ့၊ စကားပြောနေရင်း အမည်ပါ ထည့်ထည့်ပြောသွားတာပဲ။ တောင်ဥက္ကလာ မြင်သာဘက်မှာ ရေကြီးကားပိတ်နေတာကို အငှားယာဉ်မောင်း မတရုတ်မက ပြီးခဲ့တဲ့ငါးမိနစ်က သတင်းပေးသွားပါတဲ့၊ ကိုယ်သွား တဲ့လမ်းနဲ့ တခြားစီပေမယ့်လို့ ရေကြီးကားပိတ်နေတာကိုတော့ မြင်ယောင်လိုက်ရလို့ မဆိုးဘူးလို့ ကျေနပ်သွားရသေးတယ်။  ကမ်းနားလမ်းဘက်ကနေ ကားကကွေ့ချသွားတော့ မြင်လမ်းကျယ် မြင်ကွင်းကျယ်ထဲ ရောက်သွားပြန်တယ်။ မိုးရေထဲမှာ ငြိမ်သက်နေတဲ့ ရန်ကုန်ဆိပ်ကမ်းဘက်က အဆောက်အအုံတွေ အစီစဉ်လိုက်ကို မြင်လိုက်တော့ ဆိုဗီယက်ခေတ်က စက်ရုံတွေကို မြင်နေရသလိုမျိုးပဲ ဝေဒနာတခုခု ရနေတယ်။ တာမွေအဝိုင်းဘက်မှာလည်း ငါးဖက်ငါးတန် ကားတွေပိတ်နေပြီး ကျိုက္ကဆံလမ်း ဘက်မှာလည်း ကားလမ်းပိတ်ဆို့နေပါတယ်လို့ လွန်ခဲ့တဲ့သုံးမိနစ်က  အငှားယာဉ်မောင်း ဦးဟစ်တလာက သတင်းပို့ထားပါတယ်ရှင့် ဆိုပြီး ထုတ်လွှင့်နေတဲ့ နှာသံလေးနဲ့ အသံနွေးနွေးလေး။ ပန်းဆိုးတန်းဘက်က ကြယ်ငါးပွင့် သင်္ဘောကြီးရဲ့အပေါ်ပိုင်းကို လှမ်းမြင်လိုက်တော့ အင်္ဂလိပ်တွေ ရန်ကုန်ကိုစသိမ်း ပိုက်တဲ့ရက် ပြန်စဉ်းစား ကြည့်တာ ခပ်မေ့မေ့ရယ်၊ ဟိုတုန်းက အလွတ်ကျက်ခဲ့ဖူးတဲ့ဟာ။ ရန်ကုန်ဆိပ်ကမ်းပေါ်ကိုကျတဲ့ အင်္ဂလိပ်အမြောက်ဆံတွေကိုမြင် ယောင်ကြည့်ပြီး ရယ်ချင်သလိုဖြစ်လာတယ်။ အင်္ကျီအိပ်ထဲကဖုန်းမှာအသံတုန်ရင်ပြီး မစ်စ်ကောဖြစ်သွားလို့ ကြည့်လိုက်ပြီးတော့ ပြန်မခေါ်ဖြစ်တော့ပြန်ဘူး၊ ဒါနဲ့ ဖေ့စ်ဘွတ်ခ် ဖွင့်ကြည့်လိုက်မိတယ်။ ကားပေါ်မှာ ဘိုသီချင်းတပုဒ်ပဲ ကြားနေတယ်၊ ကားဆရာတခုခုပြောလိုက်သလားလို့ မသဲကွဲပေးမယ့်ပြန်မေးမနေတော့ဘူး။ ဖုန်းပေါ်မှာ နည်းနည်းစောင့်လိုက်ရ ပြီးတော့မှ ပုံတချို့တက်လာတယ်။ လမ်းပေါ်မှာရေလွှမ်းပြီး ကားတွေနဲ့ပုံတွေ၊ အမျိုးသားရေးကိစ္စတွေ၊ ဘာသာရေးအရှုပ်အရှင်းပိုစ့်တွေနဲ့ စုံလို့။ ဟိုက်- ဒီပုံလေးတွေကိုမြင်တော့ ရင်ထဲ ယားကျိကျိဖြစ်သွားတယ်။ မိုးရေထဲမှာ ကားပိတ်နေတုန်း ကားအနက်တစီးပေါ်မှာရိုက်ထားတဲ့ပုံ။ ကိုယ်က တခွိခွိနဲ့အုပ်ရယ်နေတော့ ကားဆရာက နောက်ကြည့်မှန် ကနေကြည့်ပြီး လှမ်းမေးတယ် ကားအမိုးပေါ်မှာ အတွင်းဘောင်းဘီလေးနဲ့ ကိုယ်ဟန်ပြနေတဲ့ အမျိုးသမီးအကြောင်း သူ့ကိုပြောလိုက်တယ်၊ အေဒီမီးပွိုင့်ဘက်နားမှာ ကားပိတ်နေတုန်း ဒီအမျိုးသမီး ဘယ်လိုစိတ်ကူး ပေါက်သွားတယ် မသိဘူးလို့။ ဓာတ်ပုံရိုက်တင်တဲ့ သူတွေကလည်း ကားကြိုကားကြားကနေရိုက်ထားသေးတာ။ အောက်လမ်းမီးပွိုင့် မိနေတုန်း ဖုန်းကိုကားဆရာဆီ ပေးပြလိုက်တယ်၊ သူ့မှာခွက်ထိုးခွက်လှန် ရီလိုက်တာဆိုတာ။ အဲ့ဒါ ဘယ်တုန်းကလဲဆိုတော့ လွန်ခဲ့တဲ့ လေးနှစ်လောက်က တင်ထားတာပြန်ပေါ်လာတာပဲလို့ ဖုန်းထဲကိုပြန်ကြည့်ပြီး ပြောလိုက်တယ်။ ဖြစ်ပုံများ အတိတ်ကိုပြန်ဖေါ်ရတယ်လို့။ ကိုယ်ဟန်က ခပ်ပြည့်ပြည့်နဲ့ အလန်းကြီးမဟုတ်ပေမယ် အတော်စိတ်ကူးကောင်းတဲ့ အမျိုးသမီးပါတဲ့၊ အီရန်တို့ ဘာတို့မှာဆိုရင်တော့ ကမ္ဘာကျော်မလားတောင် မပြောတတ်ဘူးတဲ့ ကားဆရာက မှတ်ချက်တွေပေးနေတယ်။

အောက်လမ်းမှာ နည်းနည်းလေးပိတ်နေလေတော့ ကားဆရာက ဘာရယ်မဟုတ်ဘူးထင်ပါတယ် ရေဒီယိုကို အသံ နည်းနည်းထပ်ချဲ့လိုက်ပြန်တယ်။ မိုးရေထဲမှာ အလုပ်ကြမ်းသမားတချို့ ရေလွှတ်မြောင်းထဲကနေ တခုခုကို ကြိုးနဲ့ဆွဲထုတ်နေတယ်။ လေးငါးယောက်ဝိုင်းဆွဲနေတာ ဘာကြီးကိုလည်းမသိဘူး၊ လုပ်ငန်းခွင်ဦးထုတ်လည်းမပါ၊ တဖက်မှာကလည်း လုပ်ငန်းခွင်တခုရှိနေပြန်တယ်၊ အဲဒီလုပ်ငန်းခွင်ထဲက အဝါရောင်ရွှံ့ရေတွေ လမ်းမပေါ် လျှံထွက်နေတယ်။ ဒီတချက်ပိတ်နေတာလေး ကျော်ရင်တော့ ကားလမ်းက သိပ်မဆိုးတော့ဘူး။ သီချင်းသံရပ်သွားပြီး ဗဂျီဆိုတဲ့မိန်းခလေးရဲ့အသံ ထွက်လာပြန်တယ်။ ကားကြီးနှစ်စီး တိုက်မှုတခုဖြစ်ထားလို့ လမ်းပိတ်နေတဲ့အကြောင်း လွန်ခဲ့တဲ့ နှစ်မိနစ်က ကိုယ်ပိုင်ကားမောင်းသူ တယောက်က သတင်းပို့ထားတဲ့အကြောင်း ပြောသွားတော့ ကားဆရာကိုမရှင်းလို့ထပ်မေးရတယ် ဘယ်နားမှာလဲလို့။ အေးဗျာ ကမ္ဘာ့ဖလားမီမယ်လို့တော့ ထင်တာပဲ၊ သူပြောသွားတဲ့အတိုင်းဆို ကားတိုက်လို့ပိတ်နေတာ ကျနော်တို့ ရှေ့နားလေးမှာတဲ့။ ဒီအတိုင်းဆို ဟိုကွေ့ဒီကွေ့ လုပ်ဖို့စဉ်းစားရဦးတော့မယ်ပေါ့၊ ဘေးဘီကြည့်လိုက်တော့ သူလိုကိုယ်လို ကားတွေ တဖြည်းဖြည်း ပြည့်ခဲလာလိုက်တာ မိုးရေထဲမှာ ။  နည်းနည်းမွန်းကျပ်လာလို့ ကားတံခါးဟလိုက်တော့ ဟွန်းသံတွေ ဆူညံနေကြပြီ။ နေမဝင်သေးဘူးလို့ ထင်ရပေမယ့် ကမ္ဘာ့ဖလားပွဲကို မီပါ့မလားလို့ ရီစရာမပြောရဲတော့ဘူး။ ဒီလိုအခြေအနေမှာ ဘယ်လိုအမျိုးသမီး တယောက်ယောက်ကများ မထင်မှတ်ဘဲထွက်လာဦးမလဲလို့ ကားခေါင်မိုးတွေပေါ် လှမ်း ကြည့်နေမိတယ် သူလိုကိုယ်လို။

● နေရှင်နယ်လစ်ဇင်-ဇာပန်းခရမ်းပိုးပဝါတွေ
ဘယ်အချိန်ကစလိုက်သလဲလို့ ပြန်လိုက်လည်း မထူးတော့ပါဘူး၊ ကိုယ်တွေခပ်ငယ်ငယ်ကာလ ချိန်ခွင်ထဲ ဓာတ်ခဲအလေးတွေတွေ့မိတော့ ဘယ်နှကျပ်သားတိတိဆိုတာ အပ်ကျမတ်ကျ မရှိပေမယ်လို့ ဘယ်သူမှစောဒကတက်စရာ အကြောင်းမှမရှိပဲနဲ့၊ ဒါက အောက်ခြေအလွှာမှာတော့ အနီရောင်အောက်ခံနဲ့ သမာဓိ နေရှင်နယ်ဓာတ်ခဲ ဖြစ်နေတော့တာကိုး။ နေရှင်နယ်ဆိုကတည်းက အရင့်အရင်က အရင်းရှုံးဆိုရှယ်လစ်ခေတ်ရဲ့လူ့အဖွဲ့အစည်းထဲမှာ အကြီးအကျယ်လူရှိန်ပါတယ်။ လေးထောင့်ကွက်ထဲမှာ မိုးကြိုးသွားလျှပ်စီး အတွန့်လေးနဲ့က အင်္ဂလိပ်လို နေရှင်နယ်ပဲ။ နောက် ကုလားမခြင်းဆွဲနို့ဆီခွံကလည်း ဇလုတ်တိုက် စံမလွှဲ ပြည်သူ့ဆန်ခြင်ဗူးခွံဖြစ်နေခဲ့တယ်။ ရှိတာလေးနဲ့ ကိုယ်တို့အသုံးတည့်ပုံကလည်း သူများဂျပန်ကားပေါ်ကချထားတဲ့ ဝတ္ထု စာအုပ်လေးလို ဘူးအပြားလိုက်ပုံ ကားကတ်ဆက်လေးကို အိမ်ပေါ်ခေါ်တင်ပြီး ဈေးထိပ်က ဆရာမက်ကင်းနစ်ကောင်းမှုနဲ့ စပီကာလေး ဆောင်းဘောက်လေး တွဲလိုက်တော့ မြန်မာ့ဂီတဆီရော ကမ္ဘာ့ဂီတဆီပါ ခြေဆန့်လက်ဆန့်လုပ်လို့ရခဲ့ပြီ။

ဒါပေမယ့် အဲ့တုန်းက ရုပ်ဝတ္ဘု္ထနဲ့ နည်းပညာပစ္စည်းဆိုတာတွေရဲ့ အရည်အသွေးဟာ အမာထည်တွေအပေါ်မှာ အခြေခံထားတာဆိုတော့ တည်ငြိမ်ရမယ် အကြမ်းခံရမယ် တာရှည်ခံရမယ်။ အဲ့သလိုတကြောင်းဆွဲနဲ့ပြောရရင် နေရှင်နယ်ပစ္စည်းတွေရဲ့အရည်အသွေးဟာ လုပ်သားပြည်သူတွေရဲ့အသေအလဲယုံကြည်မှုနဲ့ သေချာနေခဲ့တယ်။ ပြိုင်ဘက်မရှိဆိုသလိုပဲ တခြားရွေးချယ်စရာတံဆိပ်ဆိုတာကလည်း ဘာမှသိပ်ရှိမှမရှိပဲနဲ့။ တခြားငွေရှိဂုဏ်ရှိ တွေရဲ့အိမ်တွေမှာ နေရှင်နယ်ပစ္စည်းမျိုးစုံတွေ့ရတတ်တာပဲ။ တီဗွီ ကတ်ဆက် ပန်ကာ၊ နောက်ပိုင်း ရေခဲသေတ္တာ ထမင်းပေါင်းအိုး။ အစုံပါပဲ နေရှင်နယ်ပစ္စည်းဆိုတော့ ဘွဲ့ယူထားတဲ့ပုံတွေနဲ့ အပြိုင် ဧည့်ခန်းမှာချည့် လူမြင်သူမြင်ထားတတ် ကြတယ်။ ကိုယ်တွေပေါက်စက ကိုယ့်ရပ်ကွက်ထဲမှာတော့ ထမင်းပေါင်းအိုးဆိုတာမမြင်ဖူးပါဘူး၊ ဂုဏ်သရေရှိ အိမ်တအိမ်ရဲ့ ဧည့်ခန်းမှာ ထမင်းပေါင်းအိုးထဲက အငွေ့တွေပန်းထွက်နေတာ စတွေ့ဖူးခဲ့တယ်၊ သင်္ဘောသား တယောက်အိမ်ဦးခန်းမှာ တီဗွီခပ်ကြီးကြီးတလုံး ပန်းထိုးဇာပဝါနဲ့အုပ်ထားခဲ့တယ်။ နေရှင်နယ်ကြီးတွေပေါ့။

အဲ့တုန်းက ရပ်ကွက်ထဲမှာ လျှပ်စစ်မီးနပ်မှန်အောင် လာတာမဟုတ်ဘူး၊ ရပ်ကွက်ထဲက ဦးသံချောင်းဘတ္ထရီဆိုင်မှာ လပေးနဲ့ ဘတ္ထရီအားသွင်း ညနေဆိုကိုယ်တွေအလုပ်တလုပ်က အားသွင်းပြီးသားဘတ္ထရီ သွားယူရတာ။ ၁၂ဗို့ ကားဘတ္ထရီအိုးကို တယောက်တည်းဘယ်နိုင်မလဲ၊ မောင်နှမနှစ်ယောက် တယောက်တဖက်သွားသယ်ရတာ။ မြေကြီးပေါ်ချရင် အားလျော့ကုန်တယ်ဆိုလို့ ဘယ်လက်နဲ့ ညာလက် ပြောင်းပြောင်းပြီးသယ်လိုက်ရတာ တညောင်း၊ အဲတာလည်း နေရှင်နယ်အိုးပဲ။ ညောင်းကားညောင်း၏ ညရောက်ရင်တော့ဇိမ်ကျကျ ရှစ်နာရီသတင်းပြီးချိန် လောက်မှန်းပြီး တီဗီဖွင့်ပေးလို့ ဇာတ်လမ်းတွေကြည့်ရတယ်။ သူကြိုက်တဲ့တီဗီဇာတ်လမ်းများဆို ဖန်သားပြင်အနားကပ် မျက်မှန်နဲ့ တေ့တေ့ကြည့်တတ်တဲ့ ကိုယ်တွေဖွားအေတော်သူနဲ့ရယ် အိမ်နီးပါးချင်းနဲ့ဘာနဲ့ဝိုင်းအုံကြည့်ရတာဆိုတော့ ခုနေခါများ အဲ့ဒီ အဖြူအမည်းတီဗီ ပေါက်စလေးကိုက ရယ်စရာဇာတ်ကောင်ဖြစ်လောက်တယ်။ သစ်သားအိမ်လေးနဲ့အဟန့်ကြီးတယ်လို့ ထင်ရပေမယ့် ရုပ်မြင်ရတဲ့ဖန်သားပြင်က ၁၂လက်မပဲရှိတာကို၊ ရုပ်ထွက်က အဖြူအမည်း မှုံတုန်ပေမယ့် မာတော့အတော်မာတဲ့ကောင်၊ လိုင်းမကြည်လို့သစ်သားအိမ်ကြီးကို တဘုန်းဘုန်းရိုက်ထုပြီးကြည့်နေဦးတော့ နေရှင်နယ်ပဲ ဘယ်လာဖြုံလိမ့်မလဲ။ နောက်ပိုင်းတော့ ယိုးဒယားလမ်းတွေကနေ ပလတ်စတဘော်ဒီတွေနဲ့ ဆိုနီတို့ ဆန်ညိုတို့ စက်လှေချဘာညာ မှောင်ခိုဝင်လာ၊ ဒိနောက်ပိုင်းလည်း ပါပီမဇာတ်လမ်း၊ အဖေနဲ့သားများ ရုပ်သံဇာတ်လမ်းခေတ်တို့ ဖွံ့ဖြိုးလာ၊ တိုရှီဘာ ရောင်စုံခေတ်တခေတ် တရားဝင်ရောက်လာ၊ ဒေဝူးခေတ်ရောက်လာ။ ပြောမယ်ဆို အပျော့ထည်သိမ်းပိုက်လာတဲ့ ဒစ်ဂျစ်တယ်လ်ခေတ် မဝင်ရောက်မီ နေရှင်နယ်မှ နေရှင်နယ်၊ တကယ့်ဆတ်ဆတ်ထိမခံ နေရှင်နယ်ပါဆိုရော။ ကိုယ့်အဖေက စက်ဘီးဆို ရယ်လေးမှ ရယ်လေး၊ ကိုယ့်အမေ အပ်ချုပ်စက်ဆို ဆင်းဂါးမှဆင်ဂါး၊ အဲဒါတွေ စုတ်နေခါမှ စုတ်ရော၊ ဘာမှလည်း အိမ်မှသိပ်အသုံးဝင်လှတော့တာလည်းမဟုတ်တော့ဘူး။ ဆီလေးဆွတ်လိုက် ချုလိုက်လုပ်ရုံနဲ့မရ ပြင်သုံးလို့လည်း အဆင်မပြေကြတော့ ဘူး။ ဒါပေမယ်လို့ အိမ်မှာ ရှုပ်နေပါလားလို့မထင်လိုက်နဲ့၊ သူတို့ခေတ်သူတို့တပ်မက်တဲ့အမှတ်တံဆိပ်လေး ဖုန်သုတ်ပြီး အိမ်မှာရှိနေတာကိုက သူတို့အရသာ။ သူတို့အရသာ သူတို့သိသလိုမျိုးပဲ နေရှင်နယ်ဟေ့ဆိုရင်လည်း ဒီအတိုင်းပဲ ဖုန်ပြန်သုတ်လိုက်တိုင်း သူတို့ကိုယ်၌ပါ အရောင်လက်သွားတဲ့အတိုင်း။ ကိုယ့်အဖွားဆို သေသာသွားရော သူ့နောက်ဖေးခန်းလေးထဲ နေရှင်နယ်သစ်သားပုံးတီဗီလေး ထားပေးခဲ့ရတာ၊ ကိုယ့်လူကြီးတွေတအိမ်လုံးက အဲသစ်သားပုံးလေးထဲ အမွေအနှစ်တခုခုထည့်ထားတဲ့အလား ပွတ်သပ်ကြည့်ရ တဲ့အရသာ ခုနေခါအထိ ရှိနေကြတုန်းပဲ။ စိတ်ကူးနဲ့လည်း ပွတ်သတ်နေကြတုန်းဆိုပါတော့။ အိမ်ရှေ့ဘီရို အပေါ်မှာအခန့်သားနေရာယူထားတဲ့ နေရှင်နယ်ဓာတ်ခဲထည့်ထားတဲ့ နေရှင်နယ်ရေဒီယိုကြီးတွေနဲ့ ခေတ်ရဲ့ဆက်တင် တွေကိုလည်းပဲ စိတ်ကူးနဲ့ ဖုန်သုတ်နေကြမြဲပေါ့။ မရှိတော့တာ တခုပဲ၊ အိမ်ရှေ့ပတ်ရောင်းတဲ့ ငါးစိမ်းသည်ဖြစ်ဖြစ် ငါးခြောက်သည်ဖြစ်ဖြစ် အိမ်ခေါ်ချိန်တဲ့အခါ ကဲကဲကျုပ်အမရေ ဒီကအလေးကိုမယုံရင် အမအိမ်ပေါ်က နေရှင်နယ်ဓာတ်ခဲနဲ့ ယူသာချိန်ကြည့်လို့ ပြောမယ့်သူတွေ မရှိတော့တာပဲပေါ့လေ။


● နောက်ဆုံးသတင်းပို့ချက်

ကိုယ့်ဆီ တည့်တည့် ဆက်သွယ်လာတော့လည်း ဘယ်လိုမှရှောင်လွဲမရ။ ဓားအိမ်ထဲက ထုတ်ထားတဲ့ဓားကို ပြန်ထည့်ရတာ လွယ်တယ်။ ပြောင်းဝကထွက်လာတဲ့ ကျည်ဆံကတော့ ဘယ်လိုပြန်သိမ်းလို့ရမလဲ။ ကိုယ့်ဆီကို တိုက်ရိုက် ဆက်သွယ်လာပြီဖြစ်တဲ့ ကျည်ဆံ။ ကမ္ဘာကြီးရဲ့လိုအပ်ချက်ဟာ ရေချို၊ ဂျုံ၊ အာလူး၊ သကြား၊ ရေနံနဲ့ အတူ အသစ်စက်စက်ကျည်ဆံဟာ နေရောင်မှာ တဖိတ်ဖိတ်လက်နေတယ်။ ဈေးကွက်အရ ထုတ်လုပ်ပြီးသွားရင်တော့သုံးစွဲပစ်ဖို့ဆိုတာ ကမ္ဘာကြီးရဲ့သင်ရိုးပဲ။ ဈေးကွက်မှာ ပစ်မှတ်ပါလာပြီးသား။ ကိုယ့်ရင်ဘက်နဲ့လက်ခံမလား၊ ကိုယ့်ကျောသားနဲ့ လက်ခံမလား၊ ကိုယ့်ဦးခေါင်းနဲ့ လက်ခံမလား၊ ကျည်ဆံဟာ ကိုယ်သိရသလောက် ခပ်အေးအေးလေး လာနေပြီ။ ကိုယ်သေပေးလိုက်ရရင် ကိုယ့်နားကအယောက်တရာ ရှင်သွားမလား၊ ကိုယ့်ကျောသားရင်သား ဖွင့်ပေးလိုက်ရရင် ကိုယ့်ချစ်တဲ့သူတွေ ပျော်ရွှင်သွားမလား၊ ကိုယ့်ဦးနှောက်တွေ ဖွာလံကြဲပစ်လိုက်ရရင် ကိုယ့်လူမျိုးတွေ ငြိမ်းချမ်းသွားမလား။ ဘာမှဖြစ်မလာလည်း ကျည်ဆံကတော့ သွေးအေးအေးနဲ့လာနေပြီ။ မအောင်မြင်တဲ့ အဘိဓမ္မာထက် ရက်လွန်နေတဲ့ကျည်တတောင့်ဟာ အန္တရာယ်ကြီး ပါရောလား။ ဘယ်တတ်နိုင်မလဲ ကိုယ့်ဆီတည့်တည့် ဆက်သွယ်လာ မှတော့ ကိုယ့်မှာ အကြောင်းပြန်ကြားစရာ အကြောင်းပြချက်မရှိ။