တူမောင်ညို သူတို့အာဘော်

Tu Maung Nyo – စစ်တွေသမိုင်း ရာဇဝင်မရိုင်းစေနဲ့


 

စစ်တွေသမိုင်း  ရာဇဝင်မရိုင်းစေနဲ့
တူမောင်ညို
ဧပြီ ၁၊ ၂၀၁၄

 Photo @ Aung Htet

ဦးဝီရသူ ရခိုင်ပြည်နယ် တခွင်လှည့်လည်သွားလာပြီး မီဒီယာသင်တန်းတွေပေးပြီးတဲ့နောက် စစ်တွေမြို့၌ အကြမ်း ဖက်မှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အခြား “စွမ်းအားရှင်များ” ထက် သင်္ကန်းဝတ်ထားသဖြင့် သူက ပို၍စွမ်းပါသည်။


ရခိုင်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်က “ရိုဟင်ဂျာ”နာမည် မထည့်သွင်းရေး သာသနာအလံထောင်ပြီးဆန္ဒပြနေတဲ့အချိန်မှာ ဒီအကြမ်းဖက်ဖျက်ဆီးမှုတွေပေါ်ပေါက်လာတာပါ။  ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။ 

 

အကြောင်းပြချက်က “သာသနာ့အလံ” ကို မဖွယ်မရာလုပ်လို့တဲ့။ သာသနာ့အလံက သာသနာနဲ့သက်ဆိုင်တဲ့ နေရာမှာလွှင့် ပေါ့၊ ထူပေါ့။ သာသာနာနဲ့ သာသနာဆိုင်ရာပစ္စည်းတွေကို ခုတုံးလုပ်အသုံးချနေတာကို ပြည်နယ်အစိုးရရော ပြည်ထောင်စုအစိုးရဆိုသူ တွေက လက်ပိုက်ကြည့်နေတယ်။ တီးတိုးကြိတ်ပြီး မြှောက်ထိုးပင့်ကော် လုပ်နေတယ်။

ဦးဝီရသူ ရခိုင်ပြည်နယ်ကိုရောက်နေတာ မတ် ၁၈/၁၉  ရက်ဖြစ်ပါတယ်။ စစ်တွေအကြမ်းဖက် ဖျက်ဆီးမှုတွေ ပေါ် ပေါက်တာ မတ် ၂၆/၂၇ ဖြစ်ပါတယ်။  ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ (INGOs) ပိုင်ဆိုင်တဲ့ အဆောက်အဦးနဲ့ပစ္စည်း တွေကို ဖျက်ဆီးတဲ့ အကြမ်းဖက်မှုဖြစ်ပါတယ်။

ဒီလို အကြမ်းဖက်ဖျက်ဆီးနေတာတွေကို ရဲက သေနတ်နဲ့ပစ်ခတ်ပြီး တားဆီးတော့ ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦး အသက် ဆုံးရှုံးရတယ်။ အကြမ်းဖက်ဖျက်ဆီးသူတွေထဲမှာ “မျက်နှာစိမ်းတွေ ပါတယ်” လို့လည်း စစ်တွေမြို့ခံတွေကပြောကြတယ်။ နောက်ဆုံး စစ်တွေမြို့ဟာ ကာဖျူးထုတ်ရတဲ့ဘဝကျရောက်သွားရတယ်။ မတ်လ ၂၈ ရက်မှာ  (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရကထုံးစံအတိုင်း နယ်စပ်ရေးရာဒုတိယဝန်ကြီး ဗိုလ်မောင်မောင်အုန်း အား ဥက္ကဋ္ဌအဖြစ်ခန့်အပ်ပြီး “စုံစမ်းရေးအဖွဲ့” ဖွဲ့ပါတယ်။

မတ် ၂၉ ရက်နေ့မှာ “  ဝီရသူ-မြအေးပူးတွဲကြေညာချက်” ဆိုတာထွက်လာတယ်။ ဝီရသူနဲ့ ဒိုင်းမွန်းရွှေကြည် ဆိုသူတို့ တွေ့ ပြီးစာတတန်ပေတတန်တွေထွက်ပေါ်ခဲ့ဖူးတာပဲ။ဒါပေမယ့် အကြမ်းဖက်မှုတွေလျော့မသွားတဲ့အပြင် ဆက်တိုက်ဆိုသလိုဖြစ်လာနေတယ် မဟုတ်ပါလား။

မတ် ၂၉ ရက် သမ္မတနဲ့ နိုင်ငံရေးပါတီ ၆၃ ဖွဲ့တွေ့ဆုံပွဲ၌ သတင်းထောက်တစ်ဦးက သန်းကောင်စာရင်းမှာ  “ရိုဟင်ဂျာ” အမည် စာရင်းထည့်သွင်း/မသွင်းကိစ္စ သမ္မတပြောခွင့်ရ ဗိုလ်ရဲထွဋ်အား မေးမြန်းရာ “ရိုဟင်ဂျာလို့ ဖြည့်ချင်တယ်ဆိုရင် ကျနော်တို့ ဒါဆက်ပြီး တော့ လက်ခံမှာမဟုတ်ဘူး၊ သူ့ကို ဘင်ဂါလီလို့ဖြည့်ရင်ရမယ်၊ တခြားသက်မှတ်ထားတဲ့ ကုဒ်နံပါတ်တွေ ဖြည့်ရင်ရမယ်၊ ဒီရိုဟင်ဂျာ လို့ ပြောရင်တော့ ကျနော်က စာရင်းရေးသွင်းမှာ မဟုတ်ဘူး” လို့ ဖြေသွားပါတယ်။

“ရိုဟင်ဂျာဟု ဖြေလျှင် သန်းခေါင်စာရင်း ကောက်ယူမည် မဟုတ်” ဟု (လဝက) ဝန်ကြီး ဦးခင်ရီက လည်းပြောနေပါတယ်။

စစ်တွေမြို့အကြမ်းဖက်မှုဖြစ်ပွားရခြင်း၊ အရေးယူဆောင်ရွက်ခြင်းများနဲ့ ပတ်သက်ပြီး သမ္မတပြောခွင့်ရဗိုလ်ရဲထွဋ်က ရခိုင်ပြည် နယ် အစိုးရအပေါ်ပုံချနေပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်က မူ “ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီပေးမှုနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားနှင့် ဘင်္ဂါလီတို့ အကြား မျှတစွာ အကူညီပေးမှု မရရှိသည့်အတွက် ကျေနပ်ရာမှ ပဋိပက္ခဖြစ်ပွားရခြင်းဖြစ်ကြောင်း”ပြောပါတယ်။
လာမည့် ဧပြီလ ၇ ရက်၌ ဗိုလ်မောင်မောင်အုန်း “စုံစမ်းရေးအဖွဲ့” က အကြောင်းရင်းကို သမ္မတ(ဗိုလ်)ဦးသိန်းစိန်ထံ မည်သို့ အကြောင်းပြအစီရင်ခံလိမ့်ဦးမည်မသိပါ။ “ရခိုင်ပြည်နယ်အုပ်ချုပ်ပိုင်းမှ အဓိကတာဝန်ရှိသူများကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန်” ဟု ဆိုထားသဖြင့် တရားခံအဖြစ် ဘယ်သူထိုးကျွေးခံရမလဲ။ရှေ့ကနောင်တော်ကော်မရှင်များဖြစ်သော လက်ပံတောင်း၊ ရခိုင်ပြည်နယ်၊ ဒူးချီး ရားတန်း အစရှိသော ကော်မရှင်များကဲ့သို့ “မီးလောင်ဗုံးကို မီးခိုးဗုံးပါ” ဟု ပြောကြ/ရေးကြမည့် ကော်မရှင်များသာလျှင် ဖြစ်ပါလိမ့်မယ်။

မည်သို့ပင်ဖြစ်စေ ဦးဝီရသူ အား စနက်တံပြု၍ လူမျိုးရေးဘာသာရေးအကြမ်းဖက်မှုများကို (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့ အစိုးရက လုပ်ကြံဖန်တီးနေပါတယ်။ ယင်းအချက်ကို မြင်အောင်ကြည့်ဖို့လိုပါတယ်။ “ဝှိုက်ကဒ်”တွေ ဖောဖောသီသီထုတ်ပေးပြီး “၂၀၀၈ အခြခံဥပဒေ”ကိုထောက်ခံမဲပေးခိုင်းခဲ့တာ၊ “၂၀၁၀ ရွေးကောက်ပွဲ” မှာကြံ့ဖွံ့ပါတီကိုမဲပေးစေခဲ့တာ၊ “ဝှိုက်ကဒ်” ကိုင်သူတွေ မဲပေးခွင့်/ ပါတီထောင်ခွင့်ပေးခဲ့သူဟာ (နဝတ-နအဖ) စစ်အစိုးရနဲ့ ကြံ့ဖွံ့အစိုးရ အုပ်စိုးသူတွေပဲ ဖြစ်ပါတယ်။

ယခုအခါ “စစ်တွေဆန်လုပွဲ” ဆင်နွှဲခဲ့ဖူးသော တချိန်ကစစ်တွေသားများရဲ့တောက်ပြောင်ခမ်းနားသောသမိုင်းသည် အိုးမည်း အသုတ်ခံ နေရပါတယ်။ တောက်ပြောင်ခဲ့သော စစ်တွေသမိုင်း ရာဇဝင်မရိုင်းစေရန်နှင့်သမိုင်းသစ်ဖန်တီးရန်  မျိုးဆက်သစ် စစ်တွေမြို့သား၊ ရခိုင်ပြည် နယ်သားများတွင် တာဝန်ရှိပါတယ်။

ညွန်း
– မဇ္ဈိမ၊( ၁၉- ၃- ၂၀၁၄)၊  ကေဇူး – “ဦးဝီရသူ သံတွဲတွင် မီဒီယာသင်တန်း ယနေ့ပို့ချမည်”
– (RFA)၊(၂၉-၃-၂၀၁၄) သတင်း
– (၂၉-၃-၂၀၁၄) ကြေးမုံသတင်းစာ
– (၂၉-၃-၂၀၁၄) ဦးဝီရသူ – ကိုမြအေး ပူးတွဲကြေညာချက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “Tu Maung Nyo – စစ်တွေသမိုင်း ရာဇဝင်မရိုင်းစေနဲ့
  1. ကျနော်တို့နိုင်ငံမှာ ဘုရားကအောက် မျောက်ကအထက်၊ တရားခံက တရားသူကြီးဖြစ်၊ နံပါတ်(၁) အကြမ်းဖက်အဖွဲ့ စစ်အုပ်စုက အစိုးရလုပ်နေတဲ့ခေတ် ဖြစ်နေတာတွေ၊ အဖက်ဖက်က (စိတ်ဓာတ်ကအစ) အောက်ကျနောက်ကျ ဖြစ်အောင်လုပ်တဲ့ တရားခံစစ်စစ် စစ်အုပ်စုရဲ့ အာဏာရှင်စိတ်ဓာတ်ကိုသာ ညီညီညွှတ်ညွှတ်နဲ့ တော်လှန်ကြစမ်းပါဗျာ။ သူတို့ဆင်တဲ့ ထောင်ချောက်ထဲမှာ ၀င်မျောနေကြရင်တော့ စစ်နွံထဲက လွတ်မြောက်ဖို့ မလွယ်ဘူး။ လက်စနဲ့ ဆက်ပြောရရင် ဦးဝီရသူ လုပ်ဆောင်ချက်တွေကို ကျနော်လုံးဝ လုံးဝ သဘောမတူပါ။ ဦးဝီရသူကိုင်ထားတာ ဓမ္မမဟုတ်ပါ။ ဓါးမ ဖြစ်နေပါတယ်။

  2. ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မာတေဇာ ( Malteser) အန်ဂျီအိုမှ အမေရိကန်နိုင်ငံသူ တစ်ဦးမှ ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထားရာ သာသနာ အလံအား မဖွယ်မရာ ပြုလုပ်မူသည် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်ရှိ နိုင်ငံခြားရေးကော်မီတီအစည်းအဝေးတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီလူများ အပေါ် ဖိနှိပ်ချုပ်ချယ်မူများရှိနေသည်ဟု ဆိုကာ ရပ်တန့်ရန် တောင်းဆိုမူ ဖြစ်ပွားသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

    မတ်လ ၂၅ ရက်နေ့က ပြုလုပ်သော အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်ရှိ နိုင်ငံခြားရေး ကော်မီတီ အစည်းအဝေးတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီ ရိုဟင်ဂျာများ ခွဲခြားဆက်ဆံ ခံနေရသည့်အတွက် ဖိနှိပ်မူများ အမြန်ဆုံး ရပ်တန့်ပေးရန် မြန်မာ အစိုးရအား တောင်းဆိုခဲ့သည်။

    ၎င်းအဆိုအား အမေရိကန် ပြည်ထောင်စု ကယ်လီးဖိုးနီးယားပြည်နယ် လွှတ်တော် အမတ်နှင့် လွှတ်တော် နိုင်ငံခြားရေး ကော်မီတီ ဥက္ကဌ Ed Royce မှ တင်သွင်းခဲ့ပြီး ဘင်္ဂလီ ရိုဟင်ဂျာဆိုသူများကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားအဆင့် ပေးရန် မြန်မာအစိုးရအပေါ် တောင်းဆိုခဲ့ကြသည်။

    မြန်မာအစိုးရဘက်မှ ၎င်းတောင်းဆိုမူအား ပယ်ချခဲ့သည်။

    အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်ရှိ နိုင်ငံခြားရေး ကော်မီတီ အစည်းအဝေးတွင် ထိုသို့ တောင်းဆိုခဲ့ပြီး နောက်တစ်နေ့ မတ်လ ၂၆ ရက်နေ့တွင် စစ်တွေမြို့တွင် ရုံးစိုက်ပြီး လူမူရေး အကူအညီများဆောင်ရွက်နေသော မာတေဇာ အန်ဂျီအိုတွင် တာဝန် ထမ်းဆောင်နေသူ အမေရိကန်နိုင်ငံသူ တစ်ဦးက သာသနာအလံအား မဖွယ်မရာ ပြုလုပ်မူ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

    မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သာသနာအလံအား မည်မျှ အလေးအမြတ်ထားကြောင်းကို သူမအနေဖြင့် သိရှိပုံ မရဘဲ မနေကြောင်း၊ ယခုလို အထိအခိုက် မခံနိုင်သော အခြေအနေမျိုးတွင် ၎င်းအမျိုးသမီးက သာသနာအလံအား မဖွယ်မရာ ပြုလုပ်မူမှာ အထူး စဉ်းစားစရာ ဖြစ်နေကြောင်း သုံးသပ်သူများက ပြောသည်။

    ရခိုင်ပြည်နယ်ရှိ ဖြစ်စဉ်တိုင်းလိုလိုအား အသေအချာ လေ့လာဆန်းစစ်ကြည့်ပါက နောက်ကွယ်မှ စနစ်တကျ အစီအမံများဖြင့် အကွက်ကျကျ ဖန်တီးမူများ ရှိနေသည်ကို တွေ့ရှိရမည် ဖြစ်သဖြင့် သက်ဆိုင်ရာ အာဏာပိုင်များ နှင့် ရခိုင်နိုင်ငံရေး ပါတီများ အနေဖြင့် ဖြစ်ပေါ်လာသော အခြေအနေ အရပ်ရပ်ကို အထူး သတိထား စောင့်ကြည့်ရန် လိုအပ်လှကြောင်း အများကသုံးသပ် ပြောဆိုနေကြသည်။

    (နိရဉ္စရာ- ၂၇ မတ်လ ၂၀၁၄)

  3. ပြန်လည် နေရာချထားရေး စခန်းတွေမှာရှိတဲ့ ထောင်ပေါင်း များစွာသော ရိုဟင်ဂျာ မွတ်စလင် တွေဟာ အစာရေစာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အနည်းငယ်သာ ရရှိတဲ့ အတွက် ပဋိပက္ခ တွေကြောင့် ယိုယွင်းနေတဲ့ ရခိုင်ပြည်နယ် အတွင်း ကယ်ဆယ်ရေး လုပ်သားတွေ အပေါ် ခရီးသွားလာရေး တားမြစ်ချက် တွေကို ဖယ်ရှားပေးဖို့ အမေရိကန် အစိုးရက မြန်မာအစိုးရကို တောင်းဆို လိုက်ပါတယ်။

    ဗုဒ္ဓဘာသာဝင် လူထုကြီးက ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ နေအိမ်နဲ့ ရုံးတွေကို ပြီးခဲ့တဲ့ အပတ်က ဝိုင်းဝန်း တိုက်ခိုက် ကြတဲ့အတွက် သူတို့တွေ ထွက်ပြေး တိမ်းရှောင် ခဲ့ကြ ရပါတယ်။ အချို့ ဝန်ထမ်းတွေက အဲဒီ နေရာတွေကို ပြန်လည် ဝင်ရောက်နိုင်ဖို့ ကြိုးစားပေမယ့် သူတို့ကို ပိတ်ပင် တားဆီး ထားတယ်လို့ ပြောကြ ပါတယ်။

    “ရခိုင်ပြည်နယ်မှာ အခက်အခဲ တွေနဲ့ ရင်ဆိုင် နေရသူတိုင်းကို ကူညီပေးတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နိုင်ဖို့ အတွက် ကုလသမဂ္ဂနဲ့ လူသားချင်း စာနာ ထောက်ထားတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ အပေါ် ခရီးသွားလာရေး တားမြစ်ချက် တွေကို ဖယ်ရှား ပေးဖို့နဲ့ ခရီးသွားရာမှာ လိုအပ်သလို သင့်လျော်တဲ့ စီမံ ခွင့်ပြုချက်တွေ လုပ်ပေးဖို့ ကျွန်ုပ်တို့ အနေဖြင့် မြန်မာ အစိုးရကို တောင်းဆို ပါတယ်။” လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အမေရိကန် အစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

    အာဏာပိုင်တွေ အနေနဲ့ “လူသားချင်း စာနာထောက် ထားတဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ အတွက် လုံခြုံ စိတ်ချစေရေးကို အဓိပ္ပါယ်ရှိရှိ လုပ်ဆောင် ပေးသင့်တယ်။” လို့လည်း ကြေညာချက်မှာ ရေးသားထား ပါတယ်။

    မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ကိုတော့ သူတို့ရဲ့တုန့်ပြန်ချက် ရယူဖို့ ချက်ချင်း ဆက်သွယ်လို့ မရသေးပါဘူး။

    လူဦးရေ သန်းခြောက်ဆယ် အနက် ဗုဒ္ဓဘာသာဝင် အများစုနေတဲ့ မြန်မာနိုင်ငံဟာ ရာစုနှစ် ထက်ဝက်လောက် စစ်အုပ်ချုပ်မှု အောက်က မကြာသေးမှီကမှ ခေါင်းမော့ လာခဲ့တာပါ။ ပြည်သူ အစိုးရ လက်အောက်မှာ မျှော်လင့်ချက် ရောင်ခြည် သန်းလာတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဟာ အားရစရာ ကောင်းလှပြီး နိုင်ငံတကာ အလှူရှင်တွေ ဆီကနေ ဒေါ်လာသန်း ရာပေါင်း များစွာလည်း စီးဝင်လာခဲ့ ပါတယ်။ ဒါပေမယ့် ဘာသာရေး အစွန်းရောက် လှုပ်ရှားမှုတွေက ဒီတိုးတက်မှု တွေကို ခြိမ်းခြောက် တားဆီး နေသလို ပါဘဲ။

    လွန်ခဲ့တဲ့ နှစ် နှစ်လောက်က ဘာသာရေးကို ခုတုန်း လုပ်တဲ့ ဗုဒ္ဓဘာသာ လူစုကြီးရဲ့ တိုက်ခိုက်မှု တွေကြောင့် လူ ၂၈၀ ဦးသေဆုံး ခဲ့ရပြီး ၁၄၀၀၀၀ အိုးအိမ်စွန့်ခွာ ခဲ့ကြ ရပါတယ်။

    ဓါးစာခံ အများစုကတော့ ကုလသမဂ္ဂက ကမ္ဘာပေါ်မှာ ဘာသာရေးပေါ် အခြေခံပြီး ညှဉ်းပန်း နှိပ်စက်ခံ ရဆုံးသော လူမျိုးလို့ သက်မှတ်ထားတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေဘဲ ဖြစ်ပါတယ်။ သူတို့ အများစု ကတော့ ရှေ့မျိုးဆက် များစွာကတည်းက ရောက်ရှိနေထိုင်ကြတဲ့ မိသားစုတွေ ကနေ ပေါက်ဖွားဆင်းသက် လာတာ ဖြစ်ပေမယ့် မြန်မာအစိုးရ ကတော့ သူတို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက တရားမဝင် ခိုးဝင်လာသူတွေလို့ သက်မှတ်ထားပါတယ်။

    ဗုဒ္ဓဘာသာ အစွန်းရောက် တွေကတော့ လူသားချင်း စာနာထောက်ထားတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရိုဟင်ဂျာ တွေရဲ့ အသက်ရှုပေါက်လို့ ရှု့မြင်ကြပြီး မကြာခဏ ဆန္ဒပြလေ့ ရှိပါတယ်။ တချို့ကတော့ ဖေ့စ်ဘွတ် လို ဆိုရှယ်မီဒီယာ တွေကနေလည်း ဝန်ထမ်းတွေ၊ အိမ်ရှင်တွေ၊ ကားသမားတွေကို ခြိမ်းခြောက် တတ်ကြပါတယ်။

    ကယ်ဆယ်ရေး အဖွဲ့တွေအပေါ် ဖိအားကြီးထွား လာတဲ့အတွက် နိုဘယ်လ်ဆုရ အဖွဲ့ဖြစ်တဲ့ Doctors Without Borders ကို ရိုဟင်ဂျာတွေကို အလုပ်ခန့်တာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ဖေဖော်ဝါရီလမှာ နှင်ထုတ် လိုက်ပါတယ်။ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်တဲ့ ရခိုင်ပြည် တလျှောက်မှာ လူပေါင်း ခုနှစ်သိန်းကျော်ကို ဝန်ဆောင်မှု ပေးနေခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ အပါတ်ကလည်း ရာချီရှိတဲ့ ဗုဒ္ဓဘာသာဝင် တွေက ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရှိတဲ့ ကုလသမဂ္ဂ ရုံးတွေ၊ OXFAM, Save the Children, Solidarities International နဲ့ အခြားရုံးတွေ၊ နေအိမ်တွေကို နှစ်ရက်ကြာ တိုက်ခိုက်ကြလို့ ကယ်ဆယ်ရေး လုပ်သား ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။

    တချို့ကတော့ အဲဒီ နေရာတွေကို ပြန်သွား ခွင့်တောင်းခံခဲ့ပေမယ့် ခရီးသွားလာခွင့် တွေကို ပယ်ချ လိုက်တယ်လို့ ဂျာမန် ဆေးဝါး ဆိုင်ရာ အဖွဲ့ဖြစ်တဲ့ Malteser International အဖွဲ့ရဲ့ နိုင်ငံတွင်း တာဝန်ခံ Johannes Kaltenbach ကပြောပါတယ်။ ဒါဟာ “ကယ်ဆယ်ရေး အဖွဲ့တွေ အတွက် တကယ့်ကို စိုးရိမ်စရာဘဲ” လို့လည်းပြောပါတယ်။

    ပြီးခဲ့တဲ့ အပတ်က တိုက်ခိုက်မှု တွေဟာ အစာရေစာတွေ၊ ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ အကာအကွယ်တွေ အတွက် စိုးရိမ်စရာ ဖြစ်နေပြီး အသက် ကယ်ဆယ်ရေး အကူအညီ တွေအပေါ် အနှောက်အယှက် ဖြစ်စေတယ်လို့ ကုလသမဂ္ဂ က ဆိုပါတယ်။

    မြန်မာနိုင်ငံ ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှု ကယ်ဆယ်ရေး တာဝန်ခံ Renata Dessallien က ဗုဒ္ဓဟူးနေ့မှာ ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် “ပြီးခဲ့တဲ့ အပတ်က စစ်တွေမှာ ဖြစ်ပျက် ခဲ့တာဟာ အပြည်ပြည် ဆိုင်ရာ အဖွဲ့တွေကို တိုက်ခိုက်ရုံ တင်မဟုတ်ဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူသားချင်း စာနာတဲ့ လုပ်ဆောင်ချက်ကြီး တစ်ခုလုံးကို တိုက်ခိုက် လိုက်သလိုဘဲ”လို့ ပြောပါတယ်။

    အခြေအနေ တွေကတော့ တစ်ရက်ထက် တစ်ရက် ပိုမို စိတ်ပျက်စရာ ကောင်းလောက်အောင် ပါဘဲ… လို့ သူမ နဲ့ အခြားသူတွေ ပြောကြ ပါတယ်။

    Robin McDowell ရေးသားပြီး Associated Press မှာဖော်ပြခဲ့တဲ့ US Urges Return of Aid Workers to Myanmar State သတင်းဆောင်းပါးကို O’Laie Manzu မှာ ဆီလျော်အောင် ဘာသာပြန် ထားပါသည်။

Comments are closed.