အတွေးအမြင်

Thet Khaing – တချို့မြန်မာတွေ ဘာလို့ရက်စက်လာကြတာလဲ

တချို့မြန်မာတွေ ဘာလို့ရက်စက်လာကြတာလဲ
သက်ခိုင်
ဧပြီ ၁၊ ၂၀၁၄

 Photo @ Aung Htet

 

တခါတခါစဉ်းစားမိတယ်၊ တချို့သော မြန်မာတွေ ရက်စက်လာနေပါလားပေါ့။ ပြန်ပြီးသေချာ စဉ်းစားကြည့်တော့ စာမတတ်လို့ ဖြစ်ကြတာဆိုတာ အရမ်းကို သေချာသွားတယ်။ စာမတတ်ဘူးဆိုလို့ ငါတို့ကမဟာဘွဲ့တောင် ရပြီးပြီ ဘာအပိုဆာဒါးတွေ ပြောနေရတာလဲလို့ မေးခံရစရာတော့ ရှိနိုင်တာပေါ့။

ဆိုလိုချင်တာက ဒီလိုပါ၊ အစိုးရလုပ်တဲ့သူကလည်း တိုင်းသူပြည်သားတွေရဲ့ဘဝမှာ နာကျင်စွာနဲ့ ဘဝကုန်ဆုံးရမယ့် အခြေအနေတွေကို လုပ်ဆောင်ခဲ့၊ ဖန်တီးခဲ့၊ ပြုမှုနေဆဲ ဖြစ်သလို။ လူချမ်းသာ၊ လူလတ်နဲ့ လူဆင်းရဲ အတန်းအစားအစုံကလည်း အစိုးရတောင်မှ အခုလို ပစ်စလက်ခတ် လုပ်သေးတာ၊ ငါတို့က ဘာကို ငဲ့ညှာရမှာလည်းဆိုပြီး တကိုယ်ရေကောင်းစားရေး၊ စိတ်ချမ်းသာရေး အာသာပြေရေးတွေပဲ လုပ်လာကြ တော့တာပဲ။ အဲဒီမှာ ဟီရိသြတ္တပ တရား အသီးသီး အသက အသက ကင်းမဲ့သွားကြပြီး ရက်စက်စွာ ပြုမှုနေထိုင် နေကြတော့တာပါပဲ။

အဓိက ပြောချင်တာကတော့ အခုဆိုရင် ဗုဒ္ဓဘာသာ အများစုရှိတဲ့ မြန်မာနိုင်ငံမှာ ယခင်ရှေးအတီတေက လူသိရှင်ကြား ဖြစ်ပွားလေ့မရှိခဲ့တဲ့ လူလူချင်းညှင်းပမ်းနှိပ်စက်မှုတွေ ပေါ်လာနေတဲ့ အကြောင်းတွေပါ၊ ဒီနေရာမှာ အဓိကပြောချင်တာကတော့ အိမ်အကူ အလုပ်သမလေးတွေ လူကြားမကောင်း သူကြားမကောင်း အနှိပ်စက် အညှင်းပမ်းခံ နေရခြင်းပါပဲ။

သတင်းလွတ်လပ်ခွင့် အနည်းအကျဉ်းရလာပြီးတဲ့နောက်ပိုင်း ပဲခူးက မအေးအေးအောင်လေးကနေစလို့ ရန်ကုန်က သရုပ်ဆောင်အိမ်မှာ အလုပ်လုပ်တဲ့ မထက်ထက်လေးအဆုံး အခုလိုအနှိပ်စက် ညှင်းပမ်းခံရတာဟာ မြန်မာလူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု ပျက်သုဉ်းခြင်းအစလို့ ပြောရတော့မလိုပါပဲ။

မအေးအေးအောင်လေး အလုပ်လုပ်တဲ့အိမ်က မြို့နယ်တရားသူကြီးအိမ်၊ အခုနောက်ဆုံး မထက်ထက် အလုပ်လုပ်တဲ့အိမ်ကကြတော့ ရုပ်ရှင်သရုပ်ဆောင်တဲ့၊ ဆိုလိုတာက ဘာပဲပြောပြော ဒီလိုမိသားစုဆိုတာ လူဝင်ဆန့်တဲ့ မိသားစုမျိုးတွေပါ။ အာဏာပိုင်တွေနဲ့တဖုံ၊ နာမည်ကျော်တွေနဲ့တမျိုး ပတ်သက်ဆက်နွယ်ရပြီး သာမာန်ပြည်သူတွေ သိနေကြတဲ့ လူတန်းစား မျိုးတွေပါ၊ ဒါပေမယ့် ဘာလို့အခုလိုမျိုး ညှင်းပမ်းနှိပ်စက်မှုတွေ ဖြစ်ပေါ်ခဲ့ရပါသလဲ။

ပြောရမယ်ဆိုရင် စစ်အစိုးရ အာဏာသိမ်းပြီးတဲ့နောက် စစ်ထောက်လှမ်းရေးတွေခေတ်မှာ လူတွေဟာ ကျီးလန့်စာစားရင်း သူများထမင်းလုပ် ပုတ်ချရဲတဲ့ စိတ်ဓါတ်တွေ စပေါ်လာခဲ့တယ်။ နောက်ပိုင်းတော့ မိမိအန္တရယ် ကင်းရှင်းရေးအတွက် သူများချက်နေတဲ့ ထမင်းအိုးလည်း ကန်ခွဲဖို့ ဝန်မလေး ဖြစ်လာကြတယ်။ ဘာလို့ဆို အာဏာပိုင်ဆိုသူတွေကိုယ်က အာဏာအသုံးချပြီး လယ်သိမ်း၊ မြေသိမ်း၊ လုပ်ပိုင်ခွင့်ယူ၊ အမြတ်ကြီးစား၊ လက်ဝါးကြီးအုပ် စတဲ့မတရားမှုတွေ ပြုလုပ်နေမှာတော့ အတန်းအစား အသီးသီးကလည်း မိမိတို့ ရပ်တည်ရေးအတွက် ဘယ်လိုကောင်းမြတ်သော တရားတို့ကိုမှ လက်ကိုင်မထားကြတော့ဘဲ ကိုယ်ကျိုး အတွက်သာ ရှေ့တန်းတင်ကြတော့တာပါပဲ။ သာဓကအနေနဲ့ ပြောပြရရင် မန္တလေးဘီယာ ပြဿနာကအစ၊ အခုလယ်သိမ်း ယာသိမ်းတွေအဆုံးပေါ့။

မတော်မတရားမှုတွေကို ဆန့်ကျင်ပြီး မကျုးလွန်မိအောင် ထိန်းသိမ်းတဲ့နေရာမှာ ဘာသာတရားနဲ့ အသိညာဏ် ပညာတွေကပဲ အဓိကပဲ့ကိုင်ရတာပါပဲ၊ ဒါ့အပြင် လူ့လောကမှာ တသက်လုံးအတွက် အရှက်ရနေစေမယ့် အခုလိုနာမည်ပျက်စာရင်း ဝင်သွားမှာကို ရှေးယခင် မြန်မာတွေက အထူးစိုးရိမ် ကြောက်လန့်ခဲ့ကြပါတယ်။ အခုတော့ ဒီအခြေအနေတွေ ပျက်သုဉ်းသွားခဲ့ပါပြီ။

ဆိုတော့ ဒီလိုဘာသာတရားအဆုံးအမနဲ့ ညာဏ်ပညာ ဖွံ့ဖြိုးဖို့ဆိုတာ မိမိတို့ငယ်စဉ်တောင်ကျေး ကလေးဘဝ အရွယ်ကတည်းက ကျောင်းမှာတလီ၊ အိမ်မှာတသွယ် ဆရာနဲ့ မိဘတွေက သင်ကြားပေးခဲ့ကြတာပါ။ အခုခတ်ကြတော့ ရှိနေတဲ့ ပညာရေးကိုက တတ်အောင်သင်ဖို့ မှတ်အောင်မြင်ဖို့ မဟုတ်တော့ပဲ အဆင့်တခု ရရှိဖို့သာ ဦးစားပေးနေရတော့ သင်သူကလည်း တာဝန်ကျေ၊ ဆည်းပူးသူကလည်း တာဝန်အရသဘောတွေ ဖြစ်လာပါတော့တယ်။ အဲဒီမှာတင် ပညာရဲ့အနှစ်သာရ သီအိုရီ၊ အခြေခံသဘောတရား ကျင့်ကြံသုံးစွဲရမယ့် နည်းနာနိဿရ၊ မှတ်သားစေနိုင်ရေးအတွက် လေ့ကျင့်ရမယ့်တာဝန် ဒါတွေအကုန်လုံး ရောထွေးစေကုန်ပြီး ဘယ်ဟာက ဘယ်အခန်းကဏ္ဍဆိုတာ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိကြတော့ပါဘူး။

ဆိုတော့ အခုလိုကလေးသူငယ်အရွယ် အိမ်အကူလေးတွေကို မတရားညှင်းပမ်းနှိပ်စက်တယ်ဆိုတာ ပထမအဆင့်ဖြစ်တဲ့ ဘာသာတရားအခြေခံ လူလူချင်း ညှင်းပမ်းမှု မပြုဘဲ မေတ္တာထားနိုင်ရေးဆိုတဲ့ သဘောတရား မဲ့သွားလို့ပါပဲ၊ အမှန်ဆိုရင် ဒီကလေးတွေဟာ အသက်(၁၈)နှစ်တောင် မပြည့်နိုင်သေးတဲ့ ဆယ်ကျော်သက်လေးတွေ ဆိုတာကို စဉ်းစားမိပြီး သူတို့ဟာ ကျောင်းစာသင်ခန်းထဲမှာ ရှိနေရမယ့် အရွယ်လေးတွေပါလားလို့ ကိုယ်ချင်းစာတရား ထားရပါမယ်။ ဒီလိုတရားကိုလည်း ဘာသာအသီးသီးက လက်ကိုင်ထားကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒီတော့ ဒီသီအိုရီအရ မလုပ်သင့် မလုပ်ထိုက်တာကို မလုပ်ရေးဆိုတာကို နားမလည်တော့ဘဲ ကိုယ့်ကိုယ်ကို ဗဟိုပြုစဉ်းစားပြီးတော့ မိမိဒေါသ၊ မောဟအရ ကိုယ်ထိလက်ရောက် စော်ကားမိတော့တာပါပဲ။

နောက်တခုကတော့ ကျင့်ကြံသုံးစွဲရမယ့် နည်းနာနိဿရပါပဲ၊ ကိုယ့်မိသားစု နေ့တဓူဝ အစဉ်ပြေ ချောမွေ့စေရေးအတွက် အိမ်အကူတွေရဲ့ အခန်းကဏ္ဍဟာ လွန်စွာမှအရေးပါပါတယ်၊ သူတို့တွေရဲ့ ချက်ပြုတ်လျှော်ဖွပ် အိမ်ကိုထိန်းကျောင်းပေးတဲ့ အချိန်နဲ့လုပ်အားတွေကို ကိုယ်ကမပေးနိုင်လို့ သူတို့ရဲ့ အဲဒီအချိန်နဲ့ လုပ်အားကို ကိုယ်ကဌားရမ်း သုံးစွဲနေကြရတာပါ၊ ဒီအတွက် ကိုယ်ဝင်ငွေ သိန်း(၄၀-၅၀)ရဖို့အတွက် သူတို့ရဲ့လုပ်အားခကိုလည်း ထိုက်သင့်သလို ပေးကြရပါတယ်၊ ယနေ့ခတ်ကမ္ဘာတဝှမ်းမှာ ဒီလိုခံယူ ကျင့်သုံးနေကြပြီ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်း နည်းနာနိဿရတွေကို ကျင့်ကြံသုံးစွဲမှု မရှိတော့ အခုလို ကျော်မကောင်း ကြားမကောင်းတွေ ပေါ်လာရတော့တာပါပဲ။

တကယ်တော့ အခုဆိုရင် ကမ္ဘာပေါ်မှာ ခေတ်သစ်ကျေးကျွန်စနစ်လို့ခေါ်တဲ့ Modern Slavery ကို နိုင်ငံတကာ အဖွဲ့အစည်းတွေက တိုက်ဖျက်နေကြပါပြီ၊ တခုသတိထားမိလို့ ပြောပြပါဦးမယ် မြန်မာနိုင်ငံမှာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် MTV EXIT နဲ့  WALK FREE အဖွဲ့တို့ ပူးပေါင်းပြီး အဆိုကျော် ဂျေဆင်မရတ် ပါဝင်သီဆို ဖျော်ဖြေခဲ့တဲ့ မနှစ်တနှစ်က လှုံဆော်ရေး ဂီတဖျော်ဖြေပွဲ ကို မှတ်မိကြဦးမယ်ထင်ပါတယ်၊ ဒါဟာ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာ ခေတ်သစ်ကျေးကျွန်ဖြစ်နေရမှုတွေကနေ အကာအကွယ်ပေးဖို့ အတွက် ကမ္ဘာ့ ပြည်သူတွေကို တပ်လှန့်နှိုးဆော်ခဲ့တာပါပဲ၊ ဒီလိုကမ္ဘာတဝှမ်း ဆန့်ကျင်တိုက်ဖျက်နေရတဲ့ အချိန်မှာ မြန်မာပြည်က လူတွေက ဘာလို့များ ခေတ်နောက်ပြန်ဆွဲပြီး ကျေးကျွန်စနစ်လို ပြန်ကျင့်သုံးနေကြသလဲဆိုရင် သူတို့ဒီလို ခေတ်ရဲ့ရေစီးကြောင်း အသိပညာကို မမှီလို့ နားမလည်လို့ တတ်အောင် မသင်ယူလို့ပါပဲ။

နောက်တခုကတော့ ဘဝတလျှောက်လုံး မိမိအသိအာရုံမှာ စွဲထင်ကျန်ရစ်စေမယ့် အလေ့အကျင့်ပါပဲ၊ အိမ်အကူဆိုတာလည်း လူသား တွေဖြစ်သလို သူတို့မှာနားချိန်၊ လူလူချင်းပေါင်းသင်း ဆက်ဆံခွင့်၊ ပညာ ဆည်းပူးလေ့လာခွင့် ရှိကိုရှိရပါမယ်။ ထိုင်းနိုင်ငံဘန်ကောက်က ကျနော်တို့တည်ထောင်ထားခဲ့တဲ့ ကျောင်းလေးမှာဆို ထိုင်းစာ၊ ဘိုစာ၊ ကွန်ပျူတာ စသဖြင့် ဝါသနာပါရာ လေံလာဆည်းပူးရင်း မိမိမျှော်မှန်းချက်ပြည့်အောင် ကြိုးစားလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အိမ်အကူလေးတွေ အများကြီးရှိပါတယ်။ သူတို့ဆိုရင် ပင်ပန်းပေမယ့် တချိန်ချိန်ကြလို့ သူတို့ရည်မှန်းချက် (ပညာ၊ ငွေကြေး) ပြည့်စုံတဲ့အခါ နဂိုမူရင်း အလုပ်ကို ကျောခိုင်းပြီး ဘဝသစ်ထူထောင်သွားကြသူတွေ ဒုနဲ့ဒေးပါ။ ဒီကလေးတွေဆီက သူတို့အနှိပ်စက် ခံနေရတယ် ကယ်ကြပါဦးဆိုတာ အလွန်ကိုကြားရခဲတဲ့ စကားပါပဲ၊ ဘာလို့ဆို ထိုင်းလူမှု အသိုင်းအဝိုင်းက လုပ်ရင် ခံရမယ်ဆိုတာ သိလာနေကြလို့ပါပဲ။ ဒါတောင် တခါတလေ အခုလိုမျိုးပြဿနာက ပေါ်ပေါ်လာတတ် ပါသေးတယ်။

နောက်တခုကလည်း ဒီအရွယ်လေးတွေဟာ ကလေးသူငယ်အဆင့်ပဲ ရှိပါသေးတယ် အရွယ်မရောက် ကြသေးပါဘူး အမှန်ပြောရရင်တောင် သူတို့ကို အလုပ်စေခိုင်းနေတာကိုက ပြစ်မှုကျုးလွန်ပြီးသား ဖြစ်နေပါတယ်။ ခိုင်းခဲ့ရင်တောင် ပေါ့ပါးတဲ့လုပ်ငန်း (Light Duty) မျိုးကိုသာ အချိန်အနည်းငယ် (တနေ့၃-၄နာရီ)သာ ခိုင်းစေလို့ရပါတယ်။ ဥပမာအားဖြင့် 7-11 လိုခေတ်သစ် စတိုးဆိုင်လိုမျိုးပါ (မြန်မာပြည်မှာတော့ မပေါ်သေးတော့ တချို့သဘောပေါက်ချင်မှ ပေါက်မှာပါ အသေးစားစတိုးလို့သာ မှတ်ယူစေလိုပါတယ်)၊ အခုတော့ ကြားနေခဲ့ရတာက မြန်မာပြည်တွင်းက မြန်မာပြည်သားတွေက မြန်မာကလေးတွေကို ပင်ပန်းဆင်းရဲတဲ့ အလုပ်မျိုးကို စေခိုင်းယုံသာမက ညအိပ်ရာဝင်ခါနီးတောင် အညောင်းပြေအညာပြေ နင်းနှိပ်ခိုင်းရက်တဲ့ စိတ်ဓါတ်နိမ့်ပါးတဲ့ အဆင့်အတန်း ရောက်နေခဲ့ကြပါပြီ။

ဒါဟာဦးစီးဦးဆောင်လုပ်ရမယ့် အစိုးရအဆက်ဆက်က ထိန်းသိမ်းပညာပေးမှု အားနည်းခဲ့ကြလို့ပါပဲ။ ဆိုလိုတာကတော့ လှုံ့ဆော် ပညာပေးရေး လုပ်ပေမယ့်လည်း အထက်မှာဆိုခဲ့တဲ့ သဘောအတိုင်း သီအိုရီ၊ နည်းနာနိဿရ၊ အလေ့အကျင့်တွေ စနစ်တကျမရှိခဲ့တော့ အားလုံးရောထွေးပြီး ကမ္ဘာတဝှမ်း ဘာဖြစ်နေတယ် ဆိုတာကို မသိကြတော့ပဲ ဒါငါတို့လုပ်ခွင့်ရှိတယ် ဒီကလေးရဲ့ အသက်ခန္ဓာကိုလည်း ငါတို့ဆုံးဖြတ် ပိုင်ခွင့်ရှိတယ်ဆိုတဲ့ စာမတတ် ပေမတတ် ညာဉ်ဆိုးတွေ ကျင့်သုံးလာမိတော့တာပါပဲ။ ဒါကြောင့်ပြောပါတယ်၊ စာတတ်တယ်ဆိုတာ အဲဒီလိုလူတွေ လက်ထဲမှာကိုင်ထားတဲ့ ဘွဲဒီဂရီတွေ ဂုဏ်သိမ်တွေ မဟုတ်ဘူးလို့ ဆိုလိုချင်တာပါပဲ။

အဆုံးမတော့ ဘာတွေဖြစ်ကြရလဲဆိုတော့ တက်သစ်စ သရုပ်ဆောင်ကလေးမ တယောက်ဆိုလည်း အပြစ်ဒဏ်ကြီးကြီးမားမား ပေးခံခဲ့ရ တယ်။ မအေးအေးအောင်လေးကို နှိပ်စက်ခဲ့တဲ့ တရားသူကြီးကတော် သတင်းကတော့ ပျောက်ကိုသွားကော ဘယ်လိုအရေးယူခဲ့မှန်း သိကို မသိကြရတော့ဘူး၊ ထွက်ပြေးနေတုန်းပဲလားတော့ မသိပါ။ အခုလည်း လာပြန်ပါပြီ သရုပ်ဆောင်စုံတွဲတဲ့၊ ဒီလို Celebrity တွေကတောင် နားမလည်ပါးမလည် အခုလိုမျိုး ကျုးလွန်နေကြရင် စာပေအထိုက်အလျှောင်တောင် သင်ကြားခွင့် မရှိခဲ့တဲ့ သာမာန်အရပ်သား( သူ့ဘာသာ ပိုက်ဆံရှိကောင်း ရှိနိုင်မယ်) တွေကို ကျနော်တို့ပိုမိုပညာပေးဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ်၊ ဒါကတော့ အစိုးရကိုယ်တိုင်ကိုက ဦးစီးပြီး၊ အရပ်ကဝိုင်းဝန်းကူညီ ထိန်းကျောင်းမှုနဲ့အတူ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပညာပေးမှုနဲ့ မြန်မာ့လူ့ဘောင်ကို ယဉ်ကျေး သိမ်မွေ့အောင် ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။

တိတိကျကျ ပြောချင်တာတခုတော့ ရှိပါတယ်၊ အိမ်အကူလုပ်ငန်းဆိုတာ သူတို့ရဲ့ အချိန်နဲ့ လုပ်အားကို ခင်ဗျားတို့က ထိုက်သင့်တဲ့ လုပ်အားခပေးပြီး ဌားရမ်းခိုင်းစေတာသာဖြစ်ပါတယ်။ အဲဒီအတွက် သူတို့ရဲ့ တိုးတက်ရာတိုးတက်ကြောင်း၊ လွပ်လပ်ခွင့်နဲ့ နားနေပိုင်ခွင့်ကို ခင်ဗျားတို့ ထိပါးလို့မရသလို၊ သူတို့်ခန္ဓာကိုယ် ကိုလည်း ညှင်းပမ်းနှိပ်စက်ခွင့် မရှိပါဘူး၊ ပြုမှုခဲ့ရင်တော့ ဒါဟာလူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုသာ ဖြစ်ပါတယ်။

သက်ခိုင်
(၁၈း၂၈)နာရီ
(၃၁.၃.၂၀၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

6 thoughts on “Thet Khaing – တချို့မြန်မာတွေ ဘာလို့ရက်စက်လာကြတာလဲ
  1. အကြိုက်ဆုံး အာတီကယ် ဆောင်းပါး စာ တစ်ပုဒ် ပိုစ့်တစ်ခုပါဘဲ

  2. ” ငါ ” ကို ရှေ့တန်းတင်တာများလာလေ လောကကြီးက အရုပ်ဆိုး အကျည်းတန်လေ ဖြစ်တော့မှာပဲ။ အဲဒီ ” ငါ ” ကြီးနေသရွေ့တော့ လူ့အခွင့်အရေးလို့ အော်နေတဲ့ လူတွေလည်း ” ငါ့အခွင့်အရေး၊ ငါ့လူမျိုး အခွင့်အရေး ” ဆိုတာတွေ ဖြစ်လာကြတာ အခုဆို လက်တွေ့မြင်နေကြရပြီ။ ဒီမိုသမားဆိုသူကလည်း ကိုယ့်မိသားစု ကိုယ့်အဖွဲ့မှာတော့ အာဏာရှင်တွေက များလာနေကြပြီ။ ဒီလိုလူတွေရဲ့ ပုခုန်းတွေပေါ် အပွင့်တွေ စိတ်ကူးတဲ့ တင်ပေးကြည့်တော့ သန်းရွှေ၊ အောင်သောင်း၊ ကျော်ဆန်းစတဲ့ လူတွေနဲ့ နင်လားငါလားပဲဗျို့။ ဒါတွေဟာ တကယ်တော့ ဆရာတော် ဦးဇောတိက စကားနဲ့ ပြောရရင် သတိလွတ်တာနဲ့ ” ငါ ” ကြောင့်ဖြစ်လာတဲ့ နိမ့်ကျတဲ့ စိတ်တွေက ၀င်လာတာပါ။ ဒီအထဲမှာ ကျနော်လည်း ပါပါတယ်။ အပ္ပမာဒေန သမ္ပဒေထ။

  3. home service. domestic service ………is needed only for a few hours daily or every second day.
    People should not keep in-house servants.. unless .. such house owners can really afford to pay good money.
    the best thing is ‘ to hire ‘ for a few hours and let them go , so that they can work somewhere else as well to get more money. ( as a part timer ) .

    To keep servants at home and pay only 25000 kyats/ 30000 kyats a month and ask them to do heaps of duties ..is beyond the joke.
    And house maids stay at home for nothing. She has many residual hours for work . Just by sitting at home after work is ‘ wasting of her time ‘ and her ability to work ‘ . So it is good to hire for a few hours . say 2-3 hours of time of necessity and let people to work somewhere else. out of 24 hours .

Comments are closed.