ဇင်လင်း သူတို့အာဘော်

ဇင်လင်း – “ကိုယ်ကျိုးရှာမှုကို ရှောင် ပြည်သူ့အကျိုးကို ဆောင်”

 

ဇင်လင်း – “ကိုယ်ကျိုးရှာမှုကို ရှောင် ပြည်သူ့အကျိုးကို ဆောင်”
(မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၆

မြန်မာ့နိုင်ငံရေး အခင်းအကျင်းရဲ့ အချိုးအကွေ့အသစ်ကို မကြာမီ မြင်ကြရဖို့အရေးအတွက် ပြည်သူအများ စိတ်လှုပ်ရှား နေကြပါတယ်။ NLD လွှမ်းမိုးတဲ့ လွှတ်တော်အသစ်က လာမယ့် ဖေဖေါ်ဝါရီလ (၁) တနင်္လာနေ့မှာ စတင်ပါတော့မယ်။ ဦးသိန်းစိန် အစိုးရရဲ့ သက်တမ်းက လာမယ့် မတ်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၃၅ နေရာ အနိင်ရရှိထားတာကြောင့် ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်စုစုပေါင်း ၃၉၀ နေရာရရှိ လွှမ်းမိုးထားပါ တယ်။ ဒါကြောင့် နောက်အကျဆုံး မတ်လ ၃၀ မှာ NLD အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး လွှတ်တော်မှာ တင်ပြ အတည်ပြုချက် ယူရမှာ ဖြစ်ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌ အသစ်တွေ ရွေးချယ်တင်မြှောက်ပြီးရင်၊ သမ္မတ အသစ် ရွေးချယ်တင်မြှောက်မှု ဆောင်ရွက်ပြီးရင် အုပ်ချုပ်ရေးမဏ္ဍိုင်စတင် လည်ပတ်ဖို့အတွက် အစိုးရအဖွဲ့အသစ် ပေါ်ပေါက်လာပါတော့မယ်။

အစိုးရအဟောင်းနဲ့ အသစ်တို့ အုပ်ချုပ်ရေးအာဏာ အလွှဲအပြောင်း မလုပ်မီ နိုင်ငံရေးအခင်းအကျဉ်းအချို့ကို လေ့လာ ကြည့်တဲ့အခါ သတိပြုစရာ ကိစ္စတစ်ခုကိုလည်း မေ့ထားလို့ မရပါ။ အဲဒါက တပ်မတော်သား ကိုယ်စားလှယ်တွေ ပြည်သူ့လွှတ်တော်မှာ ၁၁၀ ဦး၊ အမျိုးသားလွှတော်မှာ ၆၈ ဦး၊ စုစုပေါင်း ၁၇၈ ဦး ပြည်ထောင်စုလွှတ်တော်မှာ ပါဝင် တက်ရောက်ပါကြမယ့် ကိစ္စဟာ အလေးထားမှတ်သားရမယ့် ကိစ္စဖြစ်ပါတယ်။ လာမယ့် လွှတ်တော်မှာ NLD ပါတီက အများစုဖြစ်ပေမယ့် တပ်မတော် အစုအဖွဲ့က လွှတ်တော်ကိုယ်စားလှယ် နေရာ ၂၅% ရှိနေတာဟာ ဒီမိုကရက်တွေ အတွက် စိတ်မအေးစရာ ကိစ္စပါ။

လတ်တလော ဥပမာတစ်ခုက ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှာ အကောင်အထည်ဖော်မယ့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက်နေ့က လွှတ်တော်တွင်း ဆွေးနွေးကြရာမှာ တပ်မတော်စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့ ပွင့်ဖြူမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာအောင်မိုးညိုရဲ့ ဆွေးနွေးချက်တွေကို ပြည်ထောင်စုလွှတ်တော် နာယယက သူရဦးရွှေမန်းက အဖွဲ့အစည်းတစ်ခုကို သိက္ခာကျစေတဲ့ စကားအသုံးအနှုန်းတွေ ထည့်သွင်းဆွေးနွေးခြင်း မပြုလုပ်ဖို့ သတိပေးခဲ့တာ တွေ့ရတယ်။ ဒီကိစ္စကို အကြောင်းပြုပြီး ဇန်န၀ါရီလ ၁၈ ရက်နေ့က တပ်မတော်သားအစုအဖွဲ့က ပြည်ထောင်စု လွှတ်တော် နာယကထံ ကန့်ကွက်စာတင်သွင်းခဲ့ကြောင်းလည်း မီဒီယာ သတင်းတွေအရ သိရတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၅ရက်နေ့က ဆွေးနွေးရာမှာ ဒေါက်တာအောင်မိုးညိုက တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က စီးပွားရေး လုပ်ငန်းကြီးတွေမှာ ပါဝင်နေတာတွေ၊ တပ်မတော်ရဲ့ စီမံကိန်းလုပ်ဆောင်ချက်တွေဟာ အောက်ခြေ တပ်မတော်သားတွေ ရဲ့ လူမှုစီးပွားဘ၀အတွက် အထောက်အကူမပြုတာတွေ၊ လယ်ယာမြေ သိမ်းယူခံရမှု တွေမှာ တပ်မတော် ပါဝင်နေတာတွေ ကို ထောက်ပြဆွေးနွေးခဲ့တာဖြစ်ကြောင်း လွတ်လပ်တဲ့အာရှအသံ ရေဒီယို သတင်းက ဆိုပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ တာဝန်ရှိသူတွေရဲ့ ဆွေးနွေးချက်တွေကို လွှတ်တော်မှတ်တမ်းမှာ ထည့်သွင်း မှတ်တမ်းတင်ထားလေ့ ရှိပါတယ်။ ဒေါက်တာအောင်မိုးညိုရဲ့ ဆွေးနွေးချက်ဟာ အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်ကို ထိခိုက်တဲ့ အတွက်ကြောင့် နည်းဥပဒေပုဒ်မ ၄၃(ဃ)ကို ဖောက်ဖျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လွှတ်တော်မှတ်တမ်းထဲမှာ ဒေါက်တာအောင်မိုးညိုရဲ့ ဆွေးနွေးချက်ကို မထည့်ဖို့ တပ်မတော်သားအစုအဖွဲ့က တင်ပြခဲ့ပြီး၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သဘောတူခဲ့ကြောင်း သိရတယ်။

ဒီ ကိစ္စဟာ ဒီမိုကရေစီစနစ်နဲ့ နည်းနည်းလွဲချော် နေသလားလို့ ထင်မြင်မိပါတယ်။ တင်ပြချက်တွေ မှန်ခြင်း မှားခြင်းကို တင်ပြသူကတာဝန်ယူရမှာ ဖြစ်သလို၊ လွှတ်တော် ကျင်းပချိန်အတွင်း ပြောဆိုဆွေးနွေးချက်တွေကို မှတ်တမ်းအဖြစ်ထား ရှိရမှာက လွှတ်တော်မော်ကွန်းတိုက်ရဲ့ တာဝန်ဖြစ်ပါတယ်။ အမှန်တကယ် ဆွေးနွေးခဲ့တဲ့ သမိုင်းအဖြစ်အပျက်ကို နောက်လူတွေ မသိနိုင်အောင် ပယ်ဖျက်တယ်ဆိုတာမျိုးက ဒီမိုကရေစီကျင့်စဉ်နဲ့ မညီသလိုဖြစ်နေတယ်။ လိုအပ်ရင် ဒေါက်တာအောင်မိုးညိုရဲ့ ဆွေးနွေးချက်အတိုင်း တကယ့်မြေပြင်ပေါ်မှာ ဖြစ်နေခြင်း ရှိ/မရှိ စုံစမ်းရေးအဖွဲ့တစ်ဖွဲ့က စိစစ်သင့်ပါတယ်။ ဒီ ဦးပိုင်ကုမ္ပဏီကိစ္စနဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပသတင်းမီဒီယာတွေမှာလည်း သတင်းတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါကို စုံစမ်းလေ့လာ အတည်ပြုပေးနိုင်ရင် အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာကို မထိခိုက်တဲ့အပြင် ပိုပြီး ဂုဏ်ရှိစေမှာ ဖြစ်ပါတယ်။ အကယ်၍ အားနည်းချက် လစ်ဟာချက်တွေကို တွေ့ရှိခဲ့ရင်လည်း ပြုပြင်ပြောင်းလဲမှု လုပ်ပေးနိုင်တဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအတွက် အနာဂတ်မှာ နာမည်ဂုဏ်သတင်း ပိုကောင်းမှာ ဖြစ်ပါတယ်။

အမှားနဲ့ အားနည်းချက်များကို ဝေဖန်ထောက်ပြတာကို လက်ခံနိုင်ခြင်း၊ အကယ်၍ အမှားရှိရင်လည်း ၀န်ခံရဲခြင်း၊ အမှန်ဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့ ၀န်မလေးခြင်း…စတဲ့ အမူအကျင့်တွေဟာ ခေတ်သစ် စနစ်သစ် ပြောင်းတဲ့အခါ လက်ခံကျင့်သုံးကြရမယ့် စိတ်နေစိတ်ထား (Mindset) ဖြစ်ပါတယ်။ အမှားနဲ့ အမှန်ကို စိစစ်ဖို့ တွန့်ဆုတ်ခြင်းကြောင့် နာမည်ကောင်း မရရှိဘဲ၊ လူအများရဲ့ အမြင်မှာ သံသယပွားစရာသာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဒေါက်တာအောင်မိုးညိုရဲ့ ဆွေးနွေးချက်ထဲမှာ အမှား ရာခိုင်နှုန်း ဘယ်လောက်ရှိပြီး၊ အမှန်အဖြစ် စိစစ်လက်ခံသင့် ပြုပြင်ပြောင်းလဲသင့်တာက ရာခိုင်နှုန်းဘယ်လောက်ရှိသလဲ… ဆိုတာမျိုး စဉ်းစားသင့်ပါတယ်။ တင်ပြချက် မှားခဲ့ရင် မှားသူက၀န်ခံပြီး အမှန်သို့ ရောက်အောင် ပြုပြင်ခြင်းဟာ ဒီမိုကရေစီ နည်းဖြစ်ပြီး လူအများ နှစ်လိုတဲ့ အမူအကျင့်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၅ ရက်နေ့က အမျိုးသားစီမံကိန်းဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦး ပါဝင်ဆွေးနွေးခဲ့ တာဖြစ်ပြီး ဒေါက်တာအောင်မိုးညိုရဲ့ ဆွေးနွေးချက်တွေဟာ အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သရေကို ထိခိုက်စေတဲ့အတွက် ကန့်ကွက်ကြောင်းနဲ့ အဲဒီဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ တင်ပြတာဖြစ်တယ်လို့ တပ်မတော်သားအစုအဖွဲ့က ပေးပို့တဲ့စာပါ အချက်တွေကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်မှာ ဖတ်ကြားခဲ့ပါကြောင်း လွတ်လပ်တဲ့အာရှအသံ သတင်းမှာ တွေ့ရပါတယ်။

နောက် ဥပမာပြချင်တဲ့ ကိစ္စတစ်ခုက နိုင်ငံရေးအကျဉ်းသားတွေ အခုအထိ ထောင်ထဲမှာ ရှိနေသေးတဲ့ ပြဿနာပါပဲ။ NLD အစိုးရထံ တာဝန်မလွှဲပြောင်းမီ၊ ဦးသိန်းစိန်အစိုးရအနေနဲ့ လက်ရှိ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးသင့်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ – မြန်မာနိုင်ငံ (AAPP-B) က နောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းအရ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၂၇ ဦး ကျန်ရှိနေပြီး၊ နိုင်ငံရေးအမှု ရင်ဆိုင်နေရသူ ၄၇၇ ဦး ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ အထဲမှာ နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲနောက်ပိုင်း ဖမ်းဆီးထားခဲ့သူ ၂၃ ယောက်လည်း အပါအ၀င် ဖြစ်တယ်လို့ AAPP-B က ဖေါ်ပြထားပါတယ်။

Human Rights Watch (HRW) လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကလည်း မြန်မာအစိုးရက နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရာနဲ့ချီတဲ့ အကျဉ်းသားတွေ စွဲဆိုထားတဲ့ အမှုတွေအားလုံးကို ရုပ်သိမ်းပေးပြီး ဖမ်းဆီးခံထားရ သူတွေကို ခြွှင်းချက်မရှိ ပြန်လွတ်ပေးဖို့ ဇန်န၀ါရီလ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့တာ တွေ့ရ တယ်။

ဒီ အကြောင်းအရာနဲ့ ဆက်စပ်ပြီး၊ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ ဇန္န၀ါရီလ ၁၈ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ စိန်ခေါ်မှုအများအပြား ရှိတဲ့အနက် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရေး ကိစ္စလည်း ပါဝင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

“လက်ရှိအစိုးရအနေနဲ့ သူတို့ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ပြီးပြည့်စုံအောင် လုပ်ဆောင်တဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်ပေးဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ တကယ်တော့ လက်ရှိအစိုးရရဲ့ ကျန်ရစ်မယ့် သမိုင်းအမွေအနှစ်တွေအနက် တခုကတော့ ပြုပြင်ပြောင်းလဲမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွတ်ပေးရေး ပါဝင်ပါတယ်။ အစိုးရသစ်ကို အာဏာလွှဲ ပေးတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်ပေးပြီးသား ဖြစ်မယ်ဆိုရင် လက်ရှိအစိုးရရဲ့ သမိုင်းအမွေအနှစ်ဟာ ပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။ အစိုးရသစ် တက်လာတဲ့အခါမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ တယောက်မှ မကျန်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးသင့်ပါတယ်။” လို့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုခဲ့ကြောင်း ဗွီအိုအေ ရေဒီယိုသတင်းမှာ ကြားရပါတယ်။

အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) က ရှေ့နေတဦးဖြစ်သူ ဦးမင်းလွင်ဦးက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တွေ အများအပြား ကျန်ရှိနေသေးကြောင်း၊ သမ္မတဦးသိန်းစိန်လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့် (၁၁)ကြိမ်လောက်ပေး ခဲ့ပေမယ့်၊ နိုင်ငံရေးသမားတွေ ပါဝင်တာ နည်းကြောင်း၊ အထူးသဖြင့် ကျောင်းသားတွေ တရားစွဲဆို တဲ့ကိစ္စက ကျောင်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေပေါ်မှာ အစိုးရရဲ့သဘောထားက မှန်ကန်ရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ဗွီအိုအေသတင်းမှာ ကြားလိုက်ရပါတယ်။ ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး အတွက် ဆန္ဒပြ တောင်းဆို ခဲ့ကြရာမှာ ပါဝင်ခဲ့ကြတဲ့ မဖြိုးဖြိုးအောင်နဲ့ ကိုမင်းသွေးသစ်တို့ အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေနဲ့ တခြား တက်ကြွလှုပ်ရှားသူ အများအပြား ဖမ်းဆီးခံနေကြရဆဲ ဖြစ်ပါတယ်။

ဦးသိန်းစိန် အစိုးရထံမှ NLD အစိုးရက တာဝန်လွှဲပြောင်း ယူတဲ့အခါ အထက်မှာဖေါ်ပြခဲ့တဲ့ ပြဿနာများဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေအနက်က အချို့ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုရဲ့ ဆွေးနွေးချက်ကို လွှတ်တော်ထဲမှာ တပ်မတော်သားအစုအဖွဲ့က ကန့်ကွက်ခဲ့ခြင်းရဲ့ နောက်ကွယ်မှာ ‘အထိမခံတဲ့ မူဝါဒ’ တစ်ခု ရှိနေတယ် လို့ ထင်ပါတယ်။ ဒီ ကိစ္စနဲ့ အလားတူ ကိစ္စများစွာကို NLD အစိုးရအဖွဲ့ လက်ထက်မှာ ရင်ဆိုင်ရဖို့ ရှိပါတယ်။

တပ်မတော် အရာရှိကြီးများရဲ့ အကျိုးစီးပွား နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားတို့ ပဋိပက္ခ ဖြစ်တဲ့အခါ ဘယ်နည်း ဘယ်ပုံ ဖြေရှင်းကြ မလဲ။ ရိုးရိုးသားသား အမှားကို ၀န်ခံ အမှန်ဖြစ်အောင် ညှိနှိုင်းဖြေရှင်းကြမှာလား။ ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်ငါးဆယ်က အမူအကျင့်အတိုင်း အတ္တကို ဗဟိုပြုပြီး ဖြေရှင်းမှာလား။ လက်နက်အားကိုးပြီး ပြဿနာကို အင်အားသုံး ဖြေရှင်းမယ်ဆိုရင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်နိုင်ပါ့မလား။ NLD လွှတ်တော်ကိုယ်စားလှယ်တွေ အပြင်းအထန် စဉ်းစားထား ကြရပါတော့မယ်။ ဒေါက် တာအောင်မိုးညိုရဲ့ ဆွေးနွေးချက်ကို ပယ်ဖျက်တဲ့ ကိစ္စက နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ ပြဋ္ဌာန်းချက် လွတ်လပ်စွာပြောဆိုခွင့်နဲ့လည်း ဆန့်ကျင်နေပါတယ်။

နောက် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွတ်ပေးရေးကိစ္စ ကလည်း NLD လွှတ်တော် ကိုယ်စားလှယ်တွေ ထပ်မံ ကြုံတွေ့ရမယ့် စိန်ခေါ်မှုအကြီးစားပါပဲ။ ဘာကြောင့်လဲ။ လက်ရှိ အစိုးရဖွဲ့စည်းပုံအရ ပြည်ထဲရေးဝန်ကြီးဌာနကို ကာကွယ်ရေးဦးစီးချုပ်က အမိန့်ပေးကွပ်ကဲနေတာကြောင့် ဖြစ်ပါတယ်။ ရဲအဖွဲ့၊ အကျဉ်းဦးစီးစတဲ့ ဌာနတွေအပါအ၀င် အုပ်ချုပ်ရေးဆိုင်ရာ ဌာနအတော်များများ ပြည်ထဲရေးလက်အောက်မှာ ရှိတာကြောင့် NLD အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသား ပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ အခက်တွေ့နိုင်ပါတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၃ ခု ရဲ့ စီမံ ကွပ်ကဲမှုတွေဟာ NLD အစိုးရရဲ့ မူဝါဒတွေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ အခက်အခဲရှိမှာ သေချာပါတယ်။

ဒါကြောင့် NLD အစိုးရအဖွဲ့မှာ ဆင့်ကဲတာဝန်ယူကြမယ့် ပုဂ္ဂိုလ်များအနေနဲ့ လူထုဆန့်ကျင်ရေး ဖြစ်စေနိုင်တဲ့ အပြော အဆို အနေအထိုင် အကျင့်အကြံ အတွေးအခေါ်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ NLD ရဲ့ အစွမ်းအထက်ဆုံး လက်နက်က “လူထုထောက်ခံမှု” ဖြစ်ပါတယ်။ လူထုငြိုငြင်မယ့် ကိစ္စတွေကို အထူးပြု ရှောင်ကြဉ်သင့်ပါတယ်။ အကြောင်းကတော့ ခက်ခဲလှတဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ရေးအတွက် လူထုထောက်ခံမှု အားကောင်းနေဖို့လိုပါတယ်။

အထက်မှာ ဥပမာ တင်ပြခဲ့တဲ့ အကြောင်းအရာ ၂ ခုက ပင်မ ပြဿနာရဲ့ အသွင်သဏ္ဍာန်မျှသာ ဖြစ်ပါတယ်။ NLD အစိုးရသက်တမ်း (၂၀၁၆-၂၀၂၀) ကာလ အတောအတွင်း စိန်ခေါ်မှုပေါင်းများစွာကို ဖြတ်ကျော်ရာမှာ NLD ကိုယ်စားလှယ်များအနေနဲ့ ရိုးသားမှု ကြိုးစားမှု စိတ်ရှည်သီးခံမှု ရှိကြရမှာဖြစ်ပါတယ်။ အချင်းချင်းလည်း သစ္စာရှိဖို့ ရိုင်းပင်းဖို့ ငါစွဲမကြီးဖို့ လိုမှာဖြစ်ပါ တယ်။ အချုပ်အားဖြင့် ကိုယ်ကျိုးရှာမှုကို ရှောင်ပြီး၊ ပြည်သူလူထုအကျိုးကို ဆောင်ကြဖို့သာ အဓိက ဖြစ်တယ်လို့ သုံးသပ်မိကြောင်းပါ။။။။။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts