Suu L Linn သတင်းဆောင်းပါး

ဆူးအယ်လင်း – နေပူအောက်က တောင်းဆိုသံများ

နေပူအောက်က တောင်းဆိုသံများ

ဆူးအယ်လင်း၊ မတ် ၂၇၊  ၂၀၁၄

မတ်လ ၂၃၊ တနင်္ဂနွေနေ့။    အချိန်ကားနေ့လည် နှစ်နာရီ – ဟိုတစု ဒီတစု ရောက်လာခဲ့သည့် လူများက အ.လ.က(၆) ကျောင်းရှေ့လက္ဘက်ရည် ဆိုင်တွင် ပြည့်နေသည်။တချို့က ကျောင်းနှင့်မနီးမဝေး သစ်ပင်ရိပ်များအောက်တွင် ရှိနေကြသည်။

  “ကျနော်တို့ ဆန္ဒဖော်ထုတ်ပွဲကို စတင်တော့မှာဖြစ်တဲ့အတွက် အားလုံး လေးယောက်တစ်တန်း ညီညီစီပေးကြပါ” ဟူ၍ ရှေ့နဲ့နောက် လူတန်းကြီးကို အစီအစဉ်ချနေကြသည်။ ပူပြင်းလွန်းသည် နေရှိန်ကြောင့် ကြက်သီးများပင်ထသည့်နွေလယ်နေပူပူတွင် ဖြစ်သည်။

   နှစ်ရာကျော်ရှိသည့် လူတန်းကြီးက နှစ်ရပ်ကွက် တစ်ပတ် ပတ်ပြီးသည့်နောက် ငါးရာခန့် တိုးလာသည် ။ ရပ်ကွက်နေပြည်သူများက အိမ်အပြင်လမ်းမသို့ ထွက်ကြည့်ကြသည်။   

 

  လူတန်းကြီးကခေတ္တငြိမ်သွားသည်ရှေ့ဆုံးတွင်နေရာယူထားသည့် လူလေးယောက်က ကားလမ်းတွင် ပက်လက် အိပ်ချလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟုရေးသားထားသည့် ဧရာမစာအုပ်ကြီးပုံစံတူက ထိုလူလေးယောက်ပေါ်သို့ ဖုံးအုပ်ပစ်လိုက်သည်။

 ၎င်းစာအုပ်ကြီး၏အတွင်းပိုင်းတွင် “ဖွဲ့စည်းပုံအခြေခံဥပဒေသည် “ပြည်သူ့ဆန္ဒ” သာလျှင်ဖြစ်ရမည် ။ ၂၀၀၈ ဖွဲ့စည်းပုံကြောင့်အောက်ခြေမှာခံနေရတဲ့ ပြည်သူများအတွက် အချိန်မဆွဲပဲ အမြန်ဆုံးပြင်ဆင်ပေးပါ” ဟူသည့်စာတန်းကို စာလုံးနီဖြင့် မြင်သာနေ၏။

   “ကျနော်တို့ကို ကယ်ကြပါဗျာ။  ဒီဟာ (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ) ကြီးကို မြန်မြန်ပြင်ပေးကြပါ”  အငိုတစ်ပိုင်းဖြင့် သရုပ်ဖော်နေသည် ။ လက်ခုပ်သံများက စတင်ထွက်ပေါ်လာသည် ။ လက်ခုပ်သံများကြောင့် နားခိုနေသည့် ခို ငှက်တအုပ် ၀ုန်းကနဲ ထပျံသွားကြသည်။

   “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး …ဒို့အရေး … ဒို့အရေး” ကြွေးကြော်သံများက ပြင်းထန်လာသည်။  လူအင်အားကလည်း များလာသည်။ အရှိန်တက်လာသည့်လူအုပ်ကြီးက တရွေ့ရွေ့နှင့် မြောက်ဥက္ကလာအ၀ိုင်းဘက်သို့ ချီတက်လာသည်။

   စုရပ်ဖြစ်သည့် အ၀ိုင်းကြီးမှတ်တိုင်ရောက်သည်နှင့် လူတန်းကြီးက တထောင်ကျော်သွားသည်။

“အခန်း(၁၂) ပုဒ်မ၄၃၆ ပြင်ဆင်ရေး –  ဒို့အရေး…ဒိုအ့ရေး ။

 ပုဒ်မ ၅၉ (ဃ) (င) (စ) (အလိုမရှိ ၊ အလိုမရှိ)” ၊ စသည့်ကြွေးကြော်သံများက မြင့်တက်လာသည် ။ 

   ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒဖော်ထုတ်ပွဲကို မတ်လ၂၃ရက် နေ့လည်၂နာရီက  မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက်ဈေး မှ စတင်၍ ကံသာယာ လမ်းဆုံ၊ ပြီးနောက် စုရပ်ဖြစ်သည့်  အ၀ိုင်းကြီးမှတ်တိုင်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

   အဆိုပါဆန္ဒပြပွဲကို မြောက်ဥက္ကလာပမြို့နယ် ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကွန်ယက်’ က ဦးဆောင်ခဲ့ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

“အခြေခံဥပဒေဆိုတာ ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ လူမှုရေးပဋိဥာဏ်။ ကျနော်တို့ရဲ့ ရပိုင်ခွင့်တွေ၊ ကျနော်တို့ရဲ့တာဝန်တွေကို ပြဋ္ဌာန်းတာဖြစ်ပါတယ်။ ကျနော်တို့ကို ဖိစီး နှိပ်စက်တဲ့ဥပဒေ မဟုတ်ပါဘူး ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အာဏာရှင်တွေရေးဆွဲထားတဲ့ အခြေခံဥပဒေဖြစ်ပါတယ်” စသည့် ကိုရေနီ၏ဟောပြောချက်များအပြီးတွင် ကြွေးကြော်သံများ ထပ်မံအင်အားကောင်းလာခဲ့သည်။

   “ကျနော်တို့တောင်းဆိုနေတာတွေ ၊ ကျနော်တို့ပြည်သူတွေ ခံစားနေရတာတွေကို သမ္မတကြီး သိပါစေ … ” ဟု လည်ကတုံးအကျီ င်္အဖြူရောင်ခပ်နွမ်းနွမ်းကို ၀တ်ထားသည့်  အသက်ခြောက်ဆယ်အရွယ် ခေါင်းဖြူအဘိုးကြီးက တစ်ဦးတည်းအသံဖြင့် အားအပြည့်သုံး အော်လိုက်သည်က ခဏတာနားနေသည့် ကြွေးကြော်သူများအား ဖုံးလွှမ်းသွားသည်။

   သမိုင်းအစဉ်အလာတွေရှိခဲ့တဲ့ မြောက်ဥက္ကလာလူထုရဲ့ အားပေး လက်ခုပ်သံများက ဆန္ဒြ့ပသူများအတွက် အင်အားများအဖြစ် ဘေးကနေ ရပ်တည်ပေးနေကြသည်။    ၎င်းလူအုပ်ကြီးကြားထဲတွင်
သံဃာတော်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များက အထင်အရှားတွေမြင်နေရသည်။ အဘွားအိုများကလည်း နေပူပူထဲတွင် တက်နိုင်သည့်ဘက်က ရေသန့်၊ အအေးနှင့် မုန့်များ ဝေပေးကြသည်။ ကျန်းမာရေးချို့တဲ့သူများအား ဘေးကလူများက ၀ိုင်းဝန်းကူညီကြသည်။ ဖေးမပေးကြသည်။ ညီညာမှုအပြည့်ဖြင့် ဆန္ဒဖော်ထုတ်ပွဲ ပြီးဆုံးခဲ့သည်။

   ဆန္ဒဖော်ထုတ်သူများ၏ ကြွေးကြော်သံများ ရပ်တန့်သွားပြီး လူစုများ ကွဲသွားကြသော်လည်း ထိုလူများ၏ ရင်တွင်းကတောင်းဆိုချက်များကတော့ မြောက်ဥက္ကလာပမြို့နယ် သုဓ္ဓမာလမ်းမကြီးတစ်လျှောက် ကဗ္ဗည်းပဲ့တင် ကျန်ရစ်နေမည်သာဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts