ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား



ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား
အမျိုးသားရင်ကြား ကွဲအက်ရေး ရှောင်ကျဉ်ပြီး ရဲဘော်ရဲဘက်စိတ်နဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားကြဖို့ အပိုင်း (၁)
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈

၁။ ပြည်သူလူထုက ယုံကြည်အားကိုးလို့ ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေး ကိုင်စွဲပြီးတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထိတွေ့ဆက်ဆံကာ ငြိမ်းချမ်းရေး တည်ဆောက်ကြိုးပမ်းနေပါတယ်။ အမျိုးသားရင်ကြားစေ့ရေး ဆိုတာက အတိတ်က ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်တွေကို သင်ခန်းစာဖေါ်ထုတ်ပြီး ပစ္စုပ္ပန်ကာလမှာ လက်စားချေခြင်းနှင့် အမုန်းတရား၊ အာဃာတတရား အလျဉ်းလုံးဝမထားဘဲ သင်ပုန်းချေကာ ငြိမ်းချမ်းရေး (သို့) နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီဖေါ်ဆောင်ဖို့ စည်းလုံးခြင်းရဲ့အင်အားတည်ဆောက်တဲ့ မဟာဗျူဟာဆိုင်ရာ တွေးခေါ်မျော်မြင်မှုပင် ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၁၇ခုနှစ် စောစောပိုင်းမှပင် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းကာလထိ ပါတီ၊ အဖွဲ့အစည်းနဲ့ လူထုလူတန်းစား အုပ်စုအချို့ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ NLD နဲ့ တပ်မတော်တို့အပေါ် ဝေဖန်လာရာမှ ပြစ်တင်ရှုတ်ချ ပုတ်ခတ်လာကြရာ အမျိုးသားရင်ကြားစေ့ရေးကို နားမလည်တာလား၊ နားမလည်ချင်ယောင် ဆောင်နေတာလားဆိုတာကို စာရေးသူ မေးမြန်းရမည့်ကိန်း ဆိုက်ရောက်နေပါတယ်။

ဒီနေ့မြန်မာနိုင်ငံရေးအခင်းအကျင်းဟာလည်း တစထက် တစ သူ့ထက်ကဲ ရှုတ်ထွေးပွေလီတဲ့ဖြစ်စဉ်များနဲ့ စိန်ခေါ်မှုများ ဆက်တိုက်ဖြစ်လာရာ အဆိုပါ ပါတီ၊ အဖွဲ့အစည်း၊ အုပ်စုတွေဟာ အပြုသဘော ချဉ်းကပ်ထောက်ပြဝေဖန်တာထက် ကိုယ်ကျိုးစီးပွား အခြေခံလို့ဘဲဖြစ်ဖြစ်၊ အမျိုးသားရေးဝါဒီနှင့် ဘာသာရေးအစွန်းရောက်လို့ဘဲဖြစ်ဖြစ် စစ်အာဏာရှင် စနစ် ပြန်မရောက်စေဖို့အဓိကမထားဘဲ သမိုင်းပေးတာဝန်အရ လုပ်ကိုင်ရတဲ့ အစိုးရနဲ့တပ်မတော်အား အာဃာတတရားနဲ့အစိုးရကိုဘဲဖြစ်ဖြစ်၊ တပ်မတော်ကို အမုန်းတရားလက်ကျန်နဲ့ဖြစ်စေ၊ ဝေဖန်တိုက်ခိုက်နေတာဟာ ပြည်သူလူထုအဖို့ စိတ်မချမ်းမြေ့စရာဖြစ်ပါတယ်။

ဒါကြောင့်အကြမ်းဖျဉ်း အစွန်းရောက်အမျိုးသားရေး၊ ဘာသာရေးဝါဒီများနဲ့ (ဖေ့ဘုတ်ခေါ် အဘဘောမအုပ်စု) အစွန်းရောက် ဒီမိုအုပ်စု (ဖေ့ဘုတ်ခေါ် ထမီခြုံအုပ်စု)နဲ့ အစွန်းရောက်နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့တွေဟာ ထိပ်သီးနှစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပေါ် နေရထိုင်ရခက်အောင် (မျက်နာပူအောင်) လုပ်နေကြတာမို့တကယ်ဘဲ နိုင်ငံ့အကျိုးကိုဘဲ လိုလားလို့ ပြောဆိုလုပ်ကိုင် နေကြတာလား၊ ဒါမှမဟုတ် ကိုယ်ကျိုးစီးပွါး၊ နိုင်ငံပျက်စီးရာ ပျက်စီးဖို့ လုပ်နေတာလားဆိုတာ ယနေ့ဆောင်းပါးမှာ ဝေဖန်သုံးသပ်သွားပါမယ်။

စာဖတ်သူကြီးကတောင် လေးစားရပါတယ်ဆိုတဲ့ အနစ်နာခံပေးဆပ်ခြင်းများစွာနဲ့ ဘယ်သူနဲ့မှ တုနှိုင်းလို့မမှီတဲ့ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းတစ်ယောက်သာ တမလွန်ဘ၀မှာ သိခဲ့မယ်ဆိုရင် ဘယ်လောက်များ ရင်ထုမနာဖြစ်လိမ့်မည်ဆိုတာ စာရေးသူတွေးကြည့်မိပါတယ်။

ဒီသုတေသနဆောင်းပါဟာ ထိပ်သီးခေါင်းဆောင် ၂ ဦးတို့ရဲ့ ဆက်ဆံရေးကို အကြံပြုတင်ပြသွားမှာဖြစ်သလို အမျိုးသားရင်ကြားကွဲအက်ရေးလုပ်သူများ ဘာကြောင့်ထွက်ပေါ်လာရသလဲ။ ဆင်ခြင်နိုင်ဖွယ်ရာ ရှောင်ကြဉ်သင့်တဲ့ စကားလုံးသုံးနှုံးပုံနဲ့ ပြုမူ ဆောင်ရွက်ချက်များ၊ အချို့နေရာမှာ Mind Set ပြောင်းလဲသင့်ပုံ (ထိပ်သီး ၂ ဦးအပါအ၀င်)၊ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲ၊ ဖေါ်ထုတ်တင်ပြသွားပါမယ်။ ရှေးဦးစွာ မြန်မာနိုင်ငံရေး အခင်းအကျင်းဖြစ်စဉ်များကို အကျဉ်းချုပ်တင်ပြသွားပါမယ်။

၂။ ဒီနေ့မြန်မာနိုင်ငံရေးအခင်းအကျင်းကို လေ့လာကြည့်လိုက်ရင် –

အစပိုင်းက အခြေအနေတွေက မဘသအဖွဲ့နဲ့ အမျိုသားရေး ဆန္ဒပြတဲ့ သံယာတော်များကို အရေးယူဆောင်ရွက်မှု၊ ဦးကိုနီလုပ်ကြံခံရမှုနဲ့ အဓိကတရားခံကို ယခုအထိ ဖမ်းမိခြင်း မရှိသေးမှု၊ ဖြိုးကိုကိုတင့်ဆန်းအဖွဲ့ လက်နက်ခဲယမ်း မူးယစ်ဆေးဝါး ဖမ်းမိမှု၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က တပ်ချုပ်အား ညွှန်ချုပ် အဆင့်သာရှိတဲ့ ပြောဆိုချက် အပေါ် ဂယက်ရိုက်မှုတွေ ရှိခဲ့ပါတယ်။

နောက်မှာတော့ –  ရခိုင်ပြည်နယ်အရေးအခင်း တစတစကြီးထွားလာမှု၊ ကိုဖီအာနန်အစီရင်ခံစာအပေါ်  ရခိုင်ပါတီနဲ့ တပ်မတော်၊ အစိုးရ သုံးပွင့်ဆိုင်ညှိ မရဖြစ်နေမှု၊ ရခိုင်ဒေသမှာ ရဲစခန်းနဲ့ လူထုကို အကြမ်းဖက်ခံရမှု၊ တပ်မတော်က ၀င်ရောက် ရှင်းလင်းရာမှ ARSA ရဲ့ အစုလိုက်အပြုံလိုက် ဘင်္ဂလီတွေထွက်ပြေးခိုင်းနေရာ နိုင်ငံတကာက “တပ်မတော်နဲ့ အစိုးရကြောင့်” ဟု စွပ်စွဲဝေဖန် အရှိန်အဟုန်မြင့်လာမှုတွေ ဖြစ်ပျက်လာခဲ့ပါတယ်။

အဲသည်အချိန်မှာ ရခိုင်ပြည်တွင်းရေးမှာ ထပ်ဆင့်ပြီးတော့ – ဒေါက်တာ အေးမောင်ရဲ့ အစွန်းရောက် ဟောပြောချက်နဲ့ မြောက်ဦးဆန္ဒပြသူများကို အင်အားသုံး နှိမ်နင်းလို့ သွေးထွက်သံယိုဖြစ်ပွားမှု၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် အသတ်ခံရတဲ့ ဖြစ်စဉ်။   AA ရခိုင်သူပုန်အဖွဲ့၏ သွေးထိုးခဲ့မှု၊ ဘင်္ဂလီများလက်ခံရေး တုန့်ဆိုင်းနေမှု၊ Reuters သတင်းထောက်များ ဖမ်းဆီးခံရတဲ့အပေါ် နိုင်ငံတကာက ဖိအားပေးစွက်ဖက်လာမှုနဲ့ အင်အားကြီး နိုင်ငံများရဲ့အားပြိုင်လာမှုတွေ ဖြစ်လာပါတယ်။

နိုင်ငံတကာဆက်ဆံရေးမှာ ဆိုရင် – ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ ဆုများ ရုပ်သိမ်းတာ ဆက်လက်ဖြစ်ပေါ်လာမှုနဲ့ သူမနဲ့ တပ်မတော်အား ပစ်မှတ်ထား အရေးယူချက်အပေါ် ပြည်တွင်းလူထုက လက်မခံဘဲ တခဲနက်ထောက်ခံလာမှု၊ လူ့အခွင့်အရေးကောင်စီ စုံစမ်းစစ်ဆေးရေး အချက်အလက်ရှာဖွေရေးအဖွဲ့ကို အစိုးရက လက်မခံသလို လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကိုပင် ပြည်ဝင်ခွင့်ပိတ်ပင်လိုက်မှု၊ ကိုဖီအာနန်အစီရင်ခံစာအကောင်အထည်ဖေါ်ရေးအတွက် အကြံပေးအဖွဲ့မှ အဖွဲ့ဝင် အမေရိကန်နိုင်ငံမှ Mr Bill Richardson ရုတ်တရက် ထွက်သွားပြီး လူမိုက်ဆန်ဆန်စကားပြောမှုတွေ မြင်တွေ့ရပါတယ်။

ပြည်တွင်း နိုင်ငံရေးမျက်နှာစာမှာ ဆိုရင် – NLD ရဲ့ ထိပ်တန်းလူကြီးဦးဝင်းထိန် သြစတြေလျသို့ ထွက်ခွာသွားမှုနဲ့ အစိုးရအတွင်းအပြောင်းအလဲ။ NCA လက်မှတ်ထပ်မံထိုးဖို့ Armed Ethnics တွေရဲ့ အားပြိုင်မှု၊ အမျိုးသားနိုင်ငံရေး အကြိုဆွေးနွေးပွဲလုပ်ခွင့် မရမှုနဲ့ အကောင်အထည်ဖေါ်ရေး အားနည်းချက်အပေါ် NCA လက်မှတ်ထိုးထားတဲ့ Armed Ethnics ရဲ့သဘောထားတုန့်ပြန်မှု၊ တပ်မတော်နဲ့ Armed Ethnics များ ထိတွေ့တိုက်ပွဲများဖြစ်လာမှုတွေ တိုးလာပါတယ်။ လတ်တလောကတင်ပဲ ဒေါ်အောင်ဆန်းစုကြည်ရန်ကုန်နေအိမ်ကို ဓာတ်ဆီပုလင်းမီးရှို့ပြီး တိုက်ခိုက်မှုကိုတောင် မတားဆီးနိုင်ခဲ့တာကလည်း အထင်ကရတခု ဖြစ်လာပါတယ်။

တပ်မတော်နဲ့ ပြည်သူ့ဆက်ဆံရေးကို ပြန်ကြည့်ရင် ကယားပြည်နယ်မှာ တပ်မတော်နဲ့ KNPP ထိပ်တိုက် ပဋိပက္ခဖြစ်မှု၊ KNU အာဇာနည်စောဘဦးကြီးရုပ်တု နယ်စပ်တနေရာမှာ စိုက်ထူခွင့်မရတဲ့ အပေါ် တပ်မတော်အရာရှိအချို့ကပင် ဘ၀င်မကျမှု၊ NCA ညီလာခံ ကျင်းပမည့်ရက် ရွှေ့ပြောင်းလိုက်ရမှု၊ ကိုမင်းကိုနိုင်ရဲ့ ငြိမ်းချမ်းရေး သရုပ်ပြကွက်အပေါ် တပ်မတော်က တုန့်ပြန်ချက် ပြင်းထန်မှုတွေ ဖြစ်လာပါတယ်။

အစွန်းရောက်တွေရဲ့ လှုပ်ရှားမှုတွေကို ကြည့်မယ်ဆိုရင် – တပ်မတော်ချစ်မြတ်နိုးသူများနဲ့ အမျိုးသားရေးဝါဒီများက ဆန္ဒပြမှူ၊ အဘဘောမများနဲ့ အမျိုးသားရေးဝါဒီများက အမျိုးသားရေးထိခိုက်စေမည့် ဘင်္ဂလီကိစ္စလို ကြီးမားတဲ့ကိစ္စအပြင် အသေးအဖွဲကိစ္စလိုမျိုးပါ မလွတ်စေဘဲ လူမှုမီဒီယာပေါ်တွင် အစိုးရနဲ့ ပါတီအား  ဆီလိုအပေါက်ရှာ အပြစ်ရှာ ဝေဖန်နေမှုတွေ ရှိလာပါတယ်။

ပကတိမြေပြင်မှာ ထပ်တိုးလာတဲ့ အရေးအခင်းတွေကလည်း – အင်းဒိုင်ရွာ ဘင်္ဂလီရွာသား ၁၀ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ တပ်မတော်ရဲ့ စုံစမ်းချက် (ယခင်အစီရင်ခံစာ) မပီပြင်မှု၊ Reuter က ဓါတ်ပုံတင်လိုက်ကာ စွပ်စွဲချက်တွေ တိုးမြှင့်လာမှု၊ ဂူတပြင်ရွာမှာ ကျင်းတွေထဲ အလောင်းတွေ မြှုတ်ထားတယ် ဆိုပြီး စွပ်စွဲတဲ့ကိစ္စနဲ့အတူ ပညာရေးဘတ်ဂျက်ကိစ္စ ရတနာပုံ ကျောင်းသားများဆန္ဒပြမှု စတဲ့ စိန်ခေါ်မှုများနဲ ပြည့်နှက်နေပါတယ်။

၃။ မြန်မာလူမျိုးစရိုက်လက္ခဏာ (အဖြူ ၊ အမဲ) သာသိကြတယ် ဆိုပြီး – စာရေးဆရာ (ဦး) ကျော်ဝင်းက ဆိုသွားဖူးပါတယ်။ ကောက်နုတ်ဖော်ပြရသည် ရှိသော် –

ဒွိစုံ ထင်ယောင် ထင်မှားမှု
ဤနေရာတွင် ‘ဒွိစုံထင်ယောင်ထင်မှားမှု’ (Binary Illusion) ၏ အန္တရာယ်ကိုတော့ သတိပြုဖို့လိုပါလိမ့်မည်။ ‘ဒွိစုံထင်ယောင်ထင်မှားမှု’ ဆိုသည်မှာ မည်သည့်ကိစ္စမဆို ‘အဖြူမဟုတ်ရင် အမည်း’၊ ‘အမှန်မဟုတ်ရင် အမှား’၊ Either – or စသည့် မျက်နှာစာနှစ်ဖက် ဆန့်ကျင်ထားပြီး ကောက်ချက်ဆွဲခြင်းကို ညွှန်းသည်။၂၁ ရာစုတွင် မည်သည့်အရာမှ အနက်အဓိပ္ပာယ် တစ်ခုတည်း မရှိတော့ရာ ‘လူထု’ ဆိုသည်မှာပင် အဓိပ္ပာယ်တွေ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်ကုန်သည်။
ဤသို့သော ‘ဒွိစုံထင်ယောင်ထင်မှားမှု’ စွဲကပ်နေသူသည် ကြားအရောင်းတွေကို မမြင်၊ မသိ။ အဖြူနှင့် အမည်းပဲ စဉ်းစားတတ်ပုံ ရှိသည်။ ‘စစ်အစိုးရကို ထောက်ခံမှာလား၊ စစ်အစိုးရဆန့်ကျင်ရေးကို ထောက်ခံမှာလား။ နှစ်မျိုးပဲတွေးတတ်သည်။ ကြားထဲတွင် အမြင်အမျိုးမျိုးရှိနိုင်သည်ကို ခွင့်ပြုလိုဟန်မရှိပေ။ မြန်မာနိုင်ငံလို ဘက်ပေါင်းစုံ အဆက်ပြတ်နေသော နိုင်ငံမျိုးတွင် အဆိုပါရောဂါ စွဲကပ်နေသူတွေ အတော်များသည်။
သူတို့က လက်တွေ့ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ အပထား၊ စိတ်ကြိုက်နှုန်းစံတွေကို ကိုင်ဆွဲသည်။ (ဥပမာ – “အရပ်သားစစ်စစ်အစိုးရ” အဆိုပါနှုန်းစံအတွက် တိုက်ပွဲဝင်ဖို့ဆော်ဩသည်။ လက်တွေ့မဖြစ်နိုင်သေး၍ ‘ချို’ ထားရသည်များကို ‘သစ္စာဖေါက်’ ဟု စွဲချက်တင်သည်။ ပရိသတ်ကလည်း လက်ခုပ်တဖြောင်းဖြောင်းတီး၍ အားပေးသည်။ လက်ခုပ်သံရသော်လည်း အဖြေတော့ ရမည်မထင်ပေ။

၎။ ဦးသိန်းစိန်ဟာ ဦးသန်းရွှေကလူတော်တစ်ဦးအဖြစ် အသိအမှတ်ပြုလို့ သမ္မတအဖြစ်တင်ပေးလိုက်တာ မှန်သွားတယ်လို့  ကျနော်အနေနဲ့ ဆိုချင်ပါတယ်။ ဘာလို့ပြောနိုင်သလဲဆိုရင် စာရေးသူအနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ မနီးမဝေး တာဝန်တွေမှာ ထမ်းဆောင်ခွင့်ရခဲ့လို့ သူ့အကြောင်းသိလို့ဖြစ်ပါတယ်။ မာန်ထန်တဲ့ ဦးမောင်အေးနှင့် တန်ခိုးထက်နေတဲ့ ဦးခင်ညွန့်တို့ အားပြိုင်နေကြစဉ် ဦးသိန်းစိန်ဟာ Staff ပီပီသည်းခံကာ ဆက်ဆံရေးပါးနပ်စွာ၂ ဖက်ထိမ်းညှိနေတာ မိမိရဲ့ G1 (စစ်ဦးစီး ပထမတန်း)နဲ့ သူ အချေအတင်ပြောနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ဧည့်သည်တွေဟာ တိုင်းရင်းသားတွေဖြစ်ပေမဲ့ စစ်ရုံးမှာတွေ့ပါက ထိပ်ပိုင်းအကြီးအကဲတွေ ငြိုငြင်မှာစိုးလို့ (ရန်ကုန်တိုင်းစစ်ဌာနချုပ်) မင်္ဂလာဒုံ စုပေါင်းရိပ်သာမှာထားပြီး တွေ့ဆုံတဲ့ အရိပ်အချေအလိုက်သိပုံ၊ အမျိုးသားညီလာခံ အခြေခံဥပဒေ ၂၀၀၈ ရေးဆွဲရာမှာ ညောင်နှစ်ပင်တွင် ဆက်တိုက် ညအိပ်ပြီးအလုပ်လုပ်တာကြောင့် တချို့ဝန်ကြီးတွေ အိမ်ကို ပြန်ချင်နေတာတောင် မပြန်ရဲဘဲ သူ့ရဲ့ဦးဆောင်မှုနဲ့ (စစ်တပ် ၂၅% ပါတဲ့အုပ်ချုပ်ရေး) အခြေခံဥပဒေကို ခက်ခက်ခဲခဲ (တင်လိုက် ပြန်ကျလို့ ပြင်ပေးလိုက်နဲ့) ရေးဆွဲနိုင်သူ ဖြစ်ပါတယ်။

ဒါကြောင့် ယခင်အာဏာရှင်တွေ မွှေနှောက်ဖျက်ဆီးခဲ့တဲ့တိုင်းပြည်ကြီးကို သူ့ရဲ့တတ်သမျှ ပညာကုန်ထုတ်သုံးကာ အသွင်ကူးပြောင်းကာလကို တည်တည်ငြိမ်ငြိမ် ထိန်းသွားနိုင်တာ၊ ငြိမ်ချမ်းရေးညီလာခံ အုတ်မြစ်ချနိုင်တာ၊ နိုင်ငံတကာအကြီးအကဲများ ဥဒဟိုဝင်ထွက်သွားလာတာမျိုး အသိအမှတ်ပြုရတာ၊ အာဆီယံထိပ်သီးညီလာခံနဲ့ Sea Game ကျင်းပပေးနိုင်တဲ့အထိ ငြင်းလို့မရတဲ့ သမိုင်းဖြစ်စဉ်တွေရှိခဲ့ပါတယ်။ စာရေးသူ ဒီလိုပြောတော့ စစ်အာဏာရှင်တွေကို တမ်းတနေတာမဟုတ်သလို ကြံ့ဖွတ်ကို မူလကတည်းက အထက်အရာရှိ ငြိုငြင်ခံပြီးဝင်ခဲ့သူ မဟုတ်ပါ။ ပြောရတဲ့ရည်ရွယ်ချက်က ယနေ့တိုင်းရင်သားတွေအပါအ၀င် မြန်မာလူမျိုးစရိုက်လက္ခဏာ (အဖြူ ၊ အမဲ) ၂ ခုသာ ခံယူကျင့်သုံးတတ်တဲ့ သဘာဝမို့ အစွန်းရောက် (ဒီမိုနှင့်အမျိုးသားရေး) ၀ါဒီတွေ ဦးသိန်းစိန်ရဲ့ကောင်းကွက်ကို နမူနာယူစေချင်ပါတယ်။ သူဟာ အလိုက်ကန်းဆိုးသိပြီး အရိပ်အခြေ ပါးနပ်သူ၊ စိတ်ရှည်သည်းခံသူ၊ နိုင်ငံရေးရေချိန်မြင့်နေသူဖြစ်နေလို့ဆိုတာ မီးမောင်းထိုးပြချင်ပါတယ်။

အမျိုးသားရင်ကြားကွဲအက်ရေး (အစွန်းရောက် အမျိုးသားရေးဝါဒီ) ဘာတွေလုပ်ကြနေသလဲ

၅။ သမ္မတဦးသိန်းစိန်လက်ထက်က အတိုက်အခံ NLD ပါတီအတွက် နိုင်ချင်ဇောဖြင့် ဒီမိုဘက်တော်သား အစွန်းရောက်တွေဟာ ဦးသိန်းစိန်အစိုးရကိုင်တွယ်သမျှ အကောင်းမမြင်ကြဘဲ ကျောင်းသားဆန္ဒပွဲ ကိုင်တွယ်ပုံ၊ လက်ပန်းတောင်းအရေးအခင်း ကိုင်တွယ်တာ၊ သံဃာများ သွေးမြေကျတဲ့ ဖြစ်စဉ်အပါအ၀င် ရန်ကုန်မြို့တော်ရှေ့ဆန္ဒပြအုပ်စုကို စွမ်းအားရှင်လူမိုက်များနဲ့ နှိမ်နှင်းတာအဆုံး ဆက်တိုက် ထောက်ပြဝေဖန် ရှုတ်ချခဲ့ပါတယ်။ ဒီဝေဖန်ချက်အထိကိုတော့ စာရေးသူ လက်ခံနိုင်ပါတယ်။

ဦးသိန်းစိန်မိသားစုက မုန့်ဟင်းခါးဆိုင်ထွက်မယ်လို့ အသံကြားရလေရာ အစွန်းရောက်ဒီမိုများက ကဲ့ရဲ့ကြပြီး သူ့လယ်တောကိုပါ ထောက်ကြလို့ ဦးသိန်းစိန် သမီးက မခံမရပ်နိုင်ဖြစ်ကာ ဇွတ်ထွက်ခိုင်းနေတာလို့ သိရပါတယ်။

၆။ ဒီလိုဦးသိန်းစိန်ရဲ့လုပ်ဆောင်မှု ကောင်းကွက်ကို နည်းနည်းလေးမှ အသိအမှတ်မပြုဘဲ သူ့ကို နှုတ်ဆက်ကန်တော့ပွဲ သမ္မတရုံးမှာလုပ်ခဲ့ရာ သူ့ကိုချစ်တဲ့ အမျိုးသားရေးဝါဒီများနဲ့ ၀န်ထမ်းများကို ဒီမိုအစွန်းရောက်များက မျက်လုံးဒေါင့်ထောက်ကြည့်ပြီး ဝေဖန်ကြလို့ တဘက်အစွန်းရောက်တွေဘက်မှာလည်း အာဃာတတရားတွေ ပိုတိုးတက် ကိန်းအောင်းလာပြီး ဒီတခါ စင်ပေါ်တက်လာကြည့်၊ သမမယ်ဆိုတဲ့ ကြိမ်းဝါးသံများကြားရပါတယ်။

တဖန် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေး စတင်အကောင်အထည်ဖေါ်တဲ့အနေနဲ့ ဦးသိန်းစိန်ထံ သွားတွေ့တာဘဲဖြစ်ဖြစ်၊ တပ်ချုပ်နဲ့တွေ့ဆုံ ရင်းနီးနေတာဘဲဖြစ်ဖြစ်၊ ဒီမိုအစွန်းရောက်တွေက သဘောထားမကြီးဘဲ အလျော့ပေးလွန်းတယ် ဘာတွေ အပေးအယူညှိနေမှန်းမသိ၊ မိမိကပဲ အသာစီးရနေတာဘဲ၊ အပေါ်စီးက ခပ်တင်းတင်းကိုင်တွယ်ဆက်ဆံပေါ့၊ ဘာဖြစ်မှာမို့လဲ၊ တိုင်းရင်းသားတွေကို တပ်နဲ့ပေါင်းပြီး နှိပ်တော့မယ် စသဖြင် နိုင်ငံရေးရေချိန်နိမ့်တဲ့ စကားလုံးတွေကြောင့်တပ်မတော်သားများပင် စိတ်ပျက်ဖွယ် ဖြစ်ခဲ့ရကြောင်းသိရပါတယ်။

၇။ အစိုးရသစ်ဖွဲ့စဉ်ကာလမှာ တပ်မတော်က တပ်ကာကွယ်ရေးဘတ်ဂျက်ကို NLD အမတ်တချို့က ပွင့်လင်းမြင်သာမှုမရှိလို့ ဝေဖန်တာ၊ ဘတ်ဂျက်လွှတ်တော်ရေးရာကော်မတီက အသေးစိတ်စီစဉ်ခွင့် မရှိတာ၊ ဖြတ်တောက်မှုနည်းပါတာ၊ တိုင်းရင်းသားတွေ နှိပ်ကွပ်ခံရတယ်လို့ တိုင်းရင်းသားအချို့က ထောက်ပြတာ၊ ပညာရေးနှင့်ကျန်းမာရေးဘတ်ဂျက်ပေါင်းက ကာကွယ်ရေးဘတ်ဂျက်နှင့် ဆတူနီးပါး တူနေလို့ နည်းပါးနေတာပြောပြီး သွယ်ဝိုက် ထောက်ပြတာတွေကြောင့် တပ်မတော်ကိုယ်စားလှယ်တွေ မခံမရပ်နိုင်ဖြစ်ခဲ့တာ လူတိုင်းမြင်သာကြပါတယ်။ ဒါကို တွေ့တဲ့ မျိုးချစ်များနှင့် အမျိုးသားရေးဝါဒီတွေက တပ်မတော်ကို သူတို့တွေအတွက်
တဖက်လှည်ြ့ပီး စည်းရုံးရမည့်အကွက်လို့ သူတို့ဘက်က မြင်သွားကြတယ်လို့ ဆိုချင်ပါတယ်။

၈။ NLD စတက်လာပြီး မကြာခင် မဘသနှင့် အမျိုးသားရေးဆန္ဒပြသံဃာတော်များကို ပစ်မှတ်ထား နှိပ်ကွပ်တာဟာ ပုံရိပ်ကျဆင်းစေတဲ့အပြုအမူမျိုး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဟာ ဘာသာတရားကိုင်းရှိုင်းကြလေရာ ဘုရားသားတော်သံဃာတော်တွေ တော်ယုံအစွန်းရောက်တာမျိုး၊ ဥပမာ – အမျိုးသားရေး၊ ဘာသာ သာသနာ ထိခိုက်တာကို power တင်တာမျိုးဆိုရင်တောင် နားလည်ခွင့်လွှတ်တတ်ကြတဲ့ သဘာဝကို နားလည်ဖို့လိုပါတယ်။ (မဘသမတိုင်ခင်က ၉၆၉ လှုပ်ရှားမှုတွေ မြ့င့်တက်နေစဉ်ကို ပြန်မြင်ကြည့်ပါ)။   ဘုန်းကြီး လက်ထိပ်ခတ်လျက်သားတွေ့ပြီ ဆိုကတည်းက (ရွှေဝါရောင်အရေးအခင်းကာလက) သွေးသံရဲရဲ သံဃာတော်တွေ ခံစားခဲ့ရတဲ့ အာဏာရှင်စနစ်ကို ပြန်သွားတော့မလို့လား၊ မထူးပါဘူး ဆိုတဲ့ အမြင်မျိုး မြင်လာအောင် မျိုးချစ်နှင့် အမျိုးသားရေးဝါဒီများက လှုံ့ဆော်ဖန်တီးလာပါတယ်။

တဖန် စာရေးသူနဲ့မိတ်ဆွေတဦး အငြင်းအခုန်ဖြစ်ဖူးတာက စစ်သားက သာမန်အရပ်သားထက် ဘာသာရေးကို ပိုလုပ်ရတယ် (အနည်းဆုံးတော့ အယူသည်းမှု တိမ်းညွှတ်မှု ပိုသာတယ်) ဆိုတာဘဲဖြစ်ပါတယ်။ စစ်သားဟာ အသက်နဲ့ရင်းပြီး တာဝန်ထမ်းဆောင်ရတာမို့ ဘုရားကို နေ့စဉ်ဖက်နေရကာ ဘုရားသားသံဃာတော်ကို ကိုးကွယ်နေတဲ့ တပ်မတော်သား အများစုရှိနေတာမို့  သံဃာကို အရေးယူမည်ဆိုရင် တပ်မတော်က ကြိုက်မှာလား၊ မကြိုက်ဘူးလားဆိုရင် မကြိုက်ဖူးလို့ဘဲ တည့်ပြောရမှာဖြစ်လို့ မဘသ ကိုသိမ်သိမ်မွှေ့မွှေ့ကိုင်တွယ်ဖို့ လိုပါတယ်။

သူရဦးအောင်ကိုရဲ့လုပ်ရပ်နဲ့ ရကတ ၀န်ကြီးချုပ်ကြောင့် မဘသ ဖျက်သိမ်းရမလို ဖြစ်ပေမဲ့ ကရင်ပြည်နယ် မဘသနဲ့ မန္တလေးတိုင်း မဘသကျတော့ ဘာလို့ မဖျက်ရဲတာလဲ၊ ဂိုဏ်းချုပ်ဆရာတော်ကြီးတွေရဲ့ မလိုလားတာ ပွင့်ထွက်လာမှု၊ ကရင်တိုင်းရင်းသားများရဲ့ ထေါက်ခံမှုနဲ့ တပ်မတော်ထေါက်ခံမှုရှိနေလို့ဆိုတာ ပြောချင်ပါတယ်။ နိုင်ငံရေးဇာတ်လမ်းတွင် ပါခဲ့ရင် သြဇာပါဝါရှိတဲ့ ဆရာတော်ကြီးတွေကတဆင့် ချဉ်းကပ်လျောက်ထား ကိုင်တွယ်သင့်ပါတယ်။

မဘသ သံယာ ဦးဝီသူရလိုမျိုး အစွန်းရောက်တွေကို ဥပဒေ တားမြစ်ထားတာ၊ ကျုးလွန်လာရင် တပါးခြင်းပစ်မှတ်ထား သံယာစည်းမျဉ်းစည်းကမ်းအရ မဟနက အရေးယူသင့်ပါတယ်။ မဘသရဲ့ဗုဒ္ဓဘာသာ ခံစစ်စည်းနဲ့ အမျိုးသမီးများကိုကာကွယ်ခွင့်ပေးထားတာ မျိုးချစ်သူများက လက်ခံကြပါတယ်။ အစိုးရက နိုင်ငံတကာမျက်နာစာမှာ ဘာသာရေးတန်းတူညီတူ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရတာ၊ ဘာသာစုံချစ်ကြည်ရေး၊ ဖေါ်ကျူးကာဘာသာစုံ ဆုတောင်းပွဲကျင်းပတဲ့အခါ အခမ်းအနားစီစဉ်သူတွေရဲ့ နေရာချထားမှုညံ့ဖျင်းတဲ့ အသေးအဖွဲအားနည်းချက်ကို စွဲကိုင်ကာ သူတို့က (မျိုးချစ်အစွန်းတွေ)က တိုက်ကွက်ဖေါ်လို့ (မဟန)ကပင် ဒီပွဲတွေမတက်ရဆိုပြီး ၀င်ရောက်အမိန့်ထုတ်ရသည့်အထိ ဖြစ်ခဲ့ရပါတယ်။

ဘာသာ သာသနာနဲ့ ချိတ်ထားတဲ့ အမျိုးသားလုံခြုံရေးကို ဆွဲတင်ပြီး ရခိုင်ကိစ္စမှာ အပြင်းအထန်တိုက်ခိုက်ပါတော့တယ်။ (ဘာသာခြားတွေ လွှမ်းမိုးလာပြီ၊ အနောက်တခါး ကျိုးပြီ၊ အစိုးရက ပြည်ပရန်ကို မကာကွယ်နိုင်တော့ဘူး စသည်ဖြင့် ၀ါဒဖြန့်ကြတာ)။ ဘင်္ဂါလီကိစ္စမှာ အစိုးရရဲ့ ကိုင်တွယ်ရာမှာ ပြတ်သားမှု တချို့နေရာမှာ မရှိတာကြောင့် တပ်မတော်နဲ့ ရဲတပ်ဖွဲ့များအတွင်းမှာ သူတို့နည်းသူတို့ဟန်နဲ့ (မျိုးချစ်အစွန်းရောက်တွေ တိုက်တွန်းဝါဒဖြန့်သလို) အစွန်းရောက်အကြမ်းဖက်မှုတွေ ကျုးလွန်လာတယ်လို့ ဆိုချင်ပါတယ်။

၉။ ဦးကိုနီဟာ ဥပဒေကျွမ်းကျင်ပြီး ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး ယခင်အစိုးရတွေလက်ထက်က သုံးစွဲဖူးတာကို ရှာဖွေတွေ့ရှိသွာပြီး တင်ပြပေးနိုင်သူဖြစ်ပါတယ်။ ဒါကြောင့်မို့ အခြေခံဥပဒေ (၂၀၀၈) ဖျက်သိမ်းနိုင်သူလို့ အမျိုးသားရေးဝါဒီနှင့် မျိုးချစ်များက မြင်ပြီး သူ့ရဲ့ ရံဖန်ရံခါ နှုတ်ကျွံသွားတာ၊ တပ်မတော်ကို သွယ်ဝိုက်ထိခိုက်စေတဲ့ စကားလုံးတွေကို (အထန)ကောက်ပြီး ပစ်မှတ်ထားခဲ့ပါတယ်။ သူဟာ မွတ်ဆလင်ဘာသာဝင်ဖြစ်လို့ အစွန်းရောက်အမျိုးသားရေးဝါဒီများက မွတ်ဆလင်ဘာသာဝင်လူမျိုးမုန်းတီးရေး တိုက်ကွက်ကို ဖေါ်လာပါတယ်။ ရခိုင်ဒေသ ခိုးဝင်လာတဲ့ဘင်္ဂါလီများနှင့် မြန်မာနိုင်ငံတွင် မွတ်ဆလင်ဘာသာဝင်မြန်မာလူမျိုးများနဲ့ ရောသမမွှေ ပတ်သက်နေသယောင် သူတို့က စွပ်စွဲကြပါတယ်။

နိုင်ငံတကာက မြန်မာနိုင်ငံမှာ ဘာသာရေး ဖိနိပ်မှုတွေရှိတယ်ဆိုပြီး စွပ်စွဲထားချက်၊ ဘာသာရေးလွတ်လပ်ခွင့်နည်းပါးတယ်ဆိုပြီး သတ်မှတ်ထားချက်ကို ချေဖျက်ဖို့ ဘာသာစုံချစ်ကြည်ရေး ဆုတောင်းပွဲလုပ်နေတဲ့ မဟာဗျူဟာကစားကွက်ကို မျိုးချစ်များနှင့်အမျိုးသားရေးဝါဒီတွေက မေ့ချင်ယောင်ဆောင်နေဟန်တူပါတယ်။ စာရေးသူအမြင်က အမျိုးသားအကျိုးစီးပွားနဲ့ အမျိုးသားလုံခြုံရေးမထိခိုက်သရွေ့  ဒီလိုလုပ်နေတာဖြစ်သင့်ပါတယ်။

အထူးသဖြင့် ရခိုင်ဒေသဘင်္ဂါလီကိစ္စမှာ ကိုဖီအာနန်ကိုခေါ်သုံးတဲ့ issue ခေါင်းစဉ်ကို မျိုးချစ်များ၊ အဘေ ဘာမများ၊ အမျိုးသားရေးဝါဒီများ၊ ရခိုင်တိုင်းရင်းသားပါတီတို့က ပြင်းပြင်ထန်ထန်ကန့်ကွက်နေပြီး တပ်မတော်အား အစိုးရကိုဖိအားပေးဖို့ တိုက်တွန်းစည်းရုံးနေကြပါတယ်။

စာရေးသူ ယခင်ဆောင်းပါးမှာရေးထားခဲ့သလို ဦးသိန်းစိန်အစိုးရ တကယ်လို့နိုင်ပြီး အစိုးရဆက်ဖြစ်မည်ဆိုရင်တောင် ဘင်္ဂါလီ (ပြည်ပရောက်) အဖွဲ့တွေက ထိုးဖေါက်လှုပ်ရှားမည့်အစီအစဉ် မလွဲမသွေအကောင်အထည်ဖေါ်မှာမို့ ဒီလို ကိုဖီအာနန်အဖွဲ့လိုမျိုး ကြိုတင်ကာမထားရင် ရင်ဆိုင်ရမည့်အန္တရာယ်က မှန်းဆလို့မရအောင် R2P အထိ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေတနာနဲ့ ကြိုးပမ်းချက်ကို နားလည် ခွင့်လွှတ်သည်းခံပေးပြီး အပြုသဘော ပူးပေါင်းသင့်ပါတယ်။ နိုင်ငံတကာဖိအားကို ပြည်တွင်းရှိ စည်းလုံးခြင်းရဲ့ အင်အားနဲ့သာ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒီမိုဘက်တော်သားများအဖို့ သနားဂရုဏာသက်ကြမှာဖြစ်လို့ စာရေးသူက ဗိုလ်ချုပ်သမီး တပ်မတော်ဖခင်ရဲ့သမီးကို တပ်ရဲ့အစဉ်အလာအတိုင်း တပ်မိသားစုအနေနဲ့ ပြန်လည်ကြည့်ရှုပေးဖို့ မျိုးချစ်များနှင့်အမျိုးသားရေးဝါဒီတွေကို မေတ္တာရပ်ခံတောင်းဆိုလိုပါတယ်။

၁၀။ ကိုမင်းကိုနိုင်ရဲ့ ပြကွက်နဲ့ သူရဲ့ပြောဆိုချက်အပေါ် ပေါက်ကွဲထွက်လာတဲ့ အမျိုးသားရေးဝါဒီများ၊ တပ်မတော်သားဟောင်းများ၊ သံယာတော်များနဲ့ ကရင်တိုင်းရင်းသားအချို့တွေ ပါလာတဲ့ လူထုကြီးဟာ မိုင်ဒါကွင်းမှာ ဆန္ဒပြပွဲကြီးတစ်ရပ်ကျင်းပခဲ့ပါတယ်။ ဒီနေရာမှာ စစ်တပ်ထုံးစံအရ မိမိအကိုကြီးလိုဖြစ်နေတဲ့ ဘုလက်ဦးလှဆွေရဲ့ တချို့ပြောဆိုချက်တွေဟာ personal တိုက်ခိုက်တာ ပါလာလို့ emotion များသွားတယ်လို့ သုံးသပ်ပါတယ်။ သူလည်း နိုင်ငံရေးရေချိန်နိမ့်တဲ့ အထဲ ထည့်သွင်းရ မလိုဖြစ်နေပါတယ်။

တပ်မတော်ဆိုတဲ့အဖွဲ့အစည်းကို ခံစစ်သဘော ချေပတာ သဘောတူပေမဲ့ ကိုမင်းကိုနိုင်ဘွဲ့ရတာ ဘယ်လိုဘဲရရ တန်ဖိုးတခုခု သတ်မှတ်ရပါမယ်။ ဒါဆိုရင် အလုပ်သင်ဗိုလ်နဲ့ အခြားအဆင့်ကဖြစ်လာတဲ့ဗိုလ်တွေ ကျားကုပ်ကျားခဲရယူထားတဲ့ စာပေးစာယူဘွဲ့ဆိုတာတန်ဖိုးမရှိဖူးလို့  စစ်အာဏာရှင် ဦးမောင်အေးနဲ့ ဒေါ်စိန်အေးတချို့က နိမ့်ချခဲ့တာကို အကိုကြီးတို့ကျနော်တို့ ခံစားချက်ဖြစ်ခဲ့တာ ကိုယ်ချင်းစာစိတ်နဲ့ ကိုမင်းကိုနိုင်ကိုတော့ မပြောသင့်ဖူးလို့ထင်ပါတယ်။ အကိုကြီးအနေနဲ့ ကြံ့ဖွတ်ပါတီက ထွက်မည့် လေသံ ဟိုတနှစ်က ကြားလိုက်ရပြီး မထွက်ဖြစ်ဘဲ ဒီလို အမျိုးသားရေးအစွန်းလှုပ်ရှားမှုမှာပါတယ်ဆိုရင်တော့ ပုံရိပ်ကောင်းနိုင်မယ် မထင်ဖူးလို့ယူဆပါတယ်။

အမျိုးသားရေးလို့ ဘယ်လိုဘဲ အော်နေပါစေ၊ ကြံ့ဖွတ်ပါတီဟာ အမျိုသားရေးသစ္စာဖေါက်ခဲ့တဲ့ ယနေ့ထိပ်ပိုင်းလူကြီး ဦးမောင်ဦးနဲ့ ဦးဘုန်းဆွေတို့ ရခိုင်မှာရှိတုံးက ဘင်္ဂလီတွေနဲ့ အဂတိတရားလိုက်စားခဲ့တာ အရင်ရှင်းပေးစေလိုပါတယ်။ အမျိုးသားလုံခြုံရေး ထိခိုက်ပါတယ်ဆိုပြီး ကြံ့ဖွတ်ပါတီဟာ အစိုးရကို ဖိအားတွေနင်းကန်ပေးကာ (ကာလုံ) ခေါ်ပေးဖို့ တပ်မတော်ကို တိုက်တွန်းနေပါတယ်။ တကယ်တော့ အမျိုးသားလုံခြုံရေးစိုးရိမ်ပူပန်မှုကို စာရေးသူ နားလည်လက်ခံသလို တပ်မတော်လည်း သတိထားစောင့်ကြည့်နေတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အမျိုးသားလုံခြုံရေးရဲ အဓိက key ဖြစ်တဲ့ အစိုးရကြောင့် ပိုင်နက်နယ်မြေ မဆုံးရှုံးသေးတဲ့အပြင် အချုပ်အချာအာဏာတည့်တန့်ခိုင်မြဲတုံးဘဲ ရှိနေပါသေးတယ်။ လူမျိုးပျောက်နေပြီဆိုတဲ့ အပိုင်းကို စိုးရိမ်နေရတယ်ဆိုပေမဲ့ တပ်မတော်လုပ်ရပ်အပေါ် နိုင်ငံတကာက ပစ်မှတ်ထား ရန်ရှာနေတာကို အစိုးရက သတ္တိရှိရှိ ကာနေပေးတာ မြင်ဖို့လိုပါတယ်။

လာမည့်ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ရှိရာ အစိုးရအားနည်းချက်ပေါ်ထွက်လာအောင် စောင့်ပြီး ပြင်ဆင်နေကြပုံရပါတယ်။  မြန်မာမူဆလင်များအဖို့ နှစ်ရှည်လများ အေးအတူ ပူအမျှ နေထိုင်ခဲ့တာကို မထောက်ထားဘဲ မူဆလင်တစ်ဦး ပြသနာဖြစ်ရင်ဘဲ အစွန်းရောက်အမျိုးသားရေးဝါဒီ ဦးဝိသူရရဲ့ မူဆလင်မုန်းတီးရေး ၀ါဒဖြန့်ချက်ကြောင့် ဘာသာရေးအဓိကရုန်း ဖြစ်အောင်ဖန်တီးနေသလို NLD ကထောက်ပံ့တာ အလွန်အကျွံဖြစ်သွားရင်ဘဲ ရှုပ်ချကြပြန်ပါတယ်။

မျိုးချစ်အစွန်းအုပ်စုတွေဆိုတာမှာ – အမျိုးသားရေးဝါဒီများနဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့မြေးများပါ ပေါင်းမိပြီး မျိုးချစ်တပ်မတော်သားဟောင်းများကိုပါ စည်းရုံးနိုင်ခဲ့ကြပါတယ်။ သူတို့တွေဟာ တပ်မတော်သားဟောင်းများမှတဆင့် လက်ရှိတာဝန်ထမ်းဆောင်နေသူများနဲ့ ထိတွေ့ဆက်ဆံခိုင်းကာ တပ်မတော်ကို တွန်းနေပါတယ်။ ဒါကြောင့် ဒီမိုဘက်တော်သားများအနေနဲ့ တပ်မတော်ဆိုတဲ့ အဖွဲအစည်းကို ဒိအချိန်မှာ ဝေဖန်ဖို့သတိထားစေလိုပြီး ကိုမင်းကိုနိုင်က တပ်မတော်ကို ဝေဖန်လိုက်မိတာနဲ့ သူတို့အကြိုက်ဖြစ်ကာ တပ်မတော်အားကို အစွန်းတွေဘက်က ရယူသွားပါလိမ့်မယ်။

အလားတူ ဗုဒ္ဓဘာသာကိုင်းရှိုင်းသူများလို့ အစွန်းအုပ်စုတွေက သူတို့ကိုယ်သူတို့ ယုံကြည်ထားကြတာမို့ သံဃာတပါး သို့မဟုတ် အစည်းအဝေးတခုခုမှာ NLD လုပ်တာ ချွှတ်ချော်ရင် ဖွဖို့ လော်ဘီလုပ်ဖို့ အသင့်ရှိနေပါတယ်။ စာရေးသူသူငယ်ချင်းတစ်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ယုံသာမက ဖခင်ဗိုလ်ချုပ်အောင်ဆန်းကိုပါ ပင်လုံကိစ္စနဲ့စပ်လျဉ်းပြီး ဝေဖန်လို့ လူမှုမီဒီယာမှာ စာရေးသူက ဒါတော့ များသွားပြီဆိုပြီး သူနဲ့ အချေအတင် ဖြစ်ခဲ့ရပါသေးတယ်။ မည်မျှ လက်ပေါက်စိတ်သလဲ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဆွဲခိုင်းတဲ့ ပန်းချီကားချပ်ကို ပန်းချီဆရာက သူ့စိတ်ကူးနဲ့ ဘုရားပုံတွေ အောက်ဖက်နားရောက်နေတာ ထမီနဲ့တတန်းတည်းရောက်နေတယ်ဆိုပြီး လှော်ကြလို့ ပြန်ပြင်ဆွဲရသည်အထိ တွေ့ရပါတယ်။

ကိုမင်းကိုနိုင်ဦးစီးလုပ်တဲ့ပွဲမို့လို့ တောင်းပန်ရမည်ဆိုတဲ့ တပ်မတော်ချစ်မြတ်နိုးသူများအဖွဲ့က  မောက်မာတဲ့ စကားလုံးမျိုး သုံးနှူန်းတာကိုတော့ ရှောင်ရှားသင့်ပါတယ်။ အမျိုးသားရေးဝါဒီတွေအနေနဲ့ ဖြစ်စဉ်တိုင်းရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေသေးတယ် ဆိုတာကို နိုင်ငံရေးအမြင်ကျယ်ကျယ်နဲ့ အစအဆုံးအထိ သေချာစွာ ဆုံးအောင် ကြည့်မယ်၊ တာဝန်ခံကို ပွင့်လင်းမြင်သာစွာမေးမည် စတဲ့ ရင့်ကျက်မှု၊ သည်းခံမှု ၊ ရဲဘော်ရဲဘက်စိတ် မွေးမြူမည်၊ နိုင်ငံတကာဖိအားတွေ ခံနေလို့ နားလည်ကာ ပူးပေါင်းဆောင်ရွက်မည် ဆိုတဲ့ နိုင်ငံရေး
ရေချိန်မြင့်တာကို နည်းနည်းလေးမှ မတွေးဘဲ Personal တိုက်ခိုက်တာရော၊ ထစ်ကနဲရှိ ဆန္ဒပြ မတည်မငြိမ်ဖြစ်ဖို့ လိုလားနေကြတာ တွေ့ရပါတယ်။

ဒါကတော့ အစွန်းရောက် အမျိုးသားရေးဝါဒီ အုပ်စုတွေကို ထောက်ပြတာ ဖြစ်ပါတယ်။ နောက်တပိုင်းမှာ အစွန်းဒီမိုတွေကို ရေးပါဦးမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts