ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

မြန်မာပြည်၏ ဝေါ့ဒစ္စနေးရဲ့ နောက်ဆုံးခရီး
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
နိုဝင်ဘာ ၂၊ ၂၀၁၃


၃ဝ.၁ဝ.၂ဝ၁၃ ရက်နေ့ မွန်းလွဲ (၁၂း၂ဝ) နာရီအချိန်တွင် မြန်မာပြည်၏ ဝေါ့ဒစ္စနေးဟု တင်စားခြင်း ခံရအောင် နာမည်ကြီး ကာတွန်းဇာတ်ကောင်များဖြစ်ကြသည့် ဦးရှံစားနဲ့ ဦးဒိန်းဒေါင်၊ သူဌေးကြီးဦးကပ်စီး နဲ့ ခင်မောင်သိန်းထွန်းဝင်း၊ ဦးစိတ်တို နဲ့ မျောက်ညို၊ ကြာဇံ၊ နမူနာပါဘဲ “ခင်”၊ ဗိုလ်ပုချို၊ တီထွင်မှုပါရဂူ ဦးဆိတ်ဖြူ၊ ဘဲကောင်း – ဆန်ပြုတ် – အီကြာကွေး အစရှိသည့် ဇာတ်ကောင်များဖန်တီး၍ ကာတွန်းရုပ်ပြ တစ်ခေတ်အား ဦးဆောင်ခဲ့သူ ကာတွန်းဆရာကြီး ဦးအောင်ရှိန် အသက် (၈၆) နှစ်သည် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်းသည် မြန်မာ့ကာတွန်းလောကအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။ ၃၁.၁ဝ.၂ဝ၁၃ ရက်နေ့ နံနက် (၁၁း၃ဝ) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးမှ ဆရာကြီး၏ သက်မဲ့ရုပ်ခန္ဓာအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေဝေးသုဿန်အအေးခန်းသို့ ကူညီဖေးမ ပို့ဆောင်ပေးခဲ့သည်။
ဆရာကြီးသည် နာမည်ကျော်ကာတွန်းဆရာကြီး ဦးဘဂျမ်းနှင့် ဦးဟိန်စွန်းတို့၏ ကာတွန်းလက်ရာ များတို့အား မြင်ဆရာအဖြစ် လေ့လာဆည်းပူးခဲ့သူဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် သူငယ်ချင်းဖြစ်သူ ကာတွန်း ဖေသိန်း၏ အားပေးကူညီမှုဖြင့် မြန်မာ့အလင်း သတင်းစာ၌ ကာတွန်းများရေးဆွဲခဲ့ပြီး နောက်ပိုင်းတွင် ပေါ်ပြူလာ ကော့မစ်ကာတွန်းလုံးချင်းကို စတင်ရေးဆွဲခဲ့သည်။ ထိုမှအစပြု၍ ကာတွန်းဇာတ်ကောင်များစွာ မွေးဖွားဖန်တီး၍ ရုပ်ပြကာတွန်းစာအုပ် အမြောက်အမြား ရေးဆွဲခဲ့သည်။ မြန်မာရုပ်ပြကာတွန်း စာအုပ် လောကတွင် အအောင်မြင်ဆုံး ကာတွန်းဆရာကြီးလည်းဖြစ်သည်။ အထင်ရှားဆုံးဖြစ်သည့် ဦးရှံစားနဲ့ ဦးဒိန်းဒေါင် ဇာတ်ကောင်ဖြင့်ရေးဆွဲသော ရုပ်ပြကာတွန်းစာအုပ်များသည် ရုပ်ရှင်၊ ဗီဒီယိုအဖြစ် ရိုက်ကူး အောင်မြင်ခဲ့သည်။
၁.၁၁.၂ဝ၁၃ ရက်နေ့ ညနေ (၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်၌ မြန်မာ့ကာတွန်းလောကအတွက် အစားထိုးမရနိုင်တော့သူ ကာတွန်းဆရာကြီး ဦးအောင်ရှိန်၏ ဈာပနအခမ်းအနားအား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ စီစဉ်ဆောင်ရွက် ကူညီပေးခဲ့ရာ ဆရာကြီးအား လေးစားချစ်ခင်ကြသော ကာတွန်းရေးဆွဲသူများ၊ ကာတွန်းချစ်သူ၊ ကာတွန်းချစ်ပရိသတ်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများနှင့် ဆရာကြီး၏ မိသားစုဝင်များတို့ဖြင့် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပခဲ့သည်။
လူသားတို့ လိုလားတောင့်တခြင်း များစွာသောစိတ်ဆန္ဒအား အနိစ္စတရားသည် ကျော်ဖြတ်၍ အနိုင်ယူစမြဲပင်။ ဆရာကြီးရေးဆွဲခဲ့သည့် ပရိသတ်အချစ်တော် သက်ရှိထင်ရှား နာမည်ကျော်ဇာတ်ကောင် ပုံရိပ်များအား နောင်လူနောက်သားများ၊ ကာတွန်းချစ်ပရိသတ်များ၊ ကာတွန်းချစ်သူ၊ ကာတွန်းရေးဆွဲသူ များအတွက် “ဒါ .. ကာတွန်းဆရာကြီး ဦးအောင်ရှိန်” ၏ ကာတွန်းလက်ရာများအဖြစ် ဂုဏ်ယူဝင့်ကြွား ပြ သနိုင်လောက်သည့် ဖန်တီးမှုများနှင့် ထိုက်တန်သည့် ခံစားမှုမျိုးအား ဆရာကြီး မရရှိခဲ့ပါသည်။ အအောင် မြင်ဆုံး ရုပ်စုံ၊ ရုပ်ပြကာတွန်းဆရာကြီး တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် တစ်ဦးတည်း ကျန်ရစ်ခဲ့သည့် သက်တော်ရှည် ဆရာကြီးကွယ်လွန်မှုကြောင့် ကာတွန်းဆရာများ သာမက ကာတွန်းချစ်ပရိသတ်များ အတွက် အစားထိုးမရသည့် ဆုံးရှုံးမှုကြီး ဖြစ်ခဲ့တော့သည်။

(ဆရာကြီး ဦးအောင်ရှိန် ရောက်ရာအရပ်တွင် ပြည်သူ့အတွက် ကာတွန်းများ ဆက်လက်ရေးဆွဲနိုင်ပါစေ။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts