Uncategorized

မိုးမခ – ခင်မောင်တိုး (၁) နှစ်ပြည့် အမှတ်တရး မျက်သွယ်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ခင်မောင်တိုး (၁) နှစ်ပြည့် အမှတ်တရ : မျက်သွယ်
မိုးမခ
နိုဝင်ဘာ ၂၊ ၂၀၁၃

ခင်မောင်တိုး (၁၉၅၀-၂၀၁၂) ဓာတ်ပုံ မျှဝေသူ – ကိုသားငယ်
(၁၅-နိုဝင်ဘာ-၂၀၁၃ တွင် ကွယ်လွန်ခြင်း တနှစ်ပြည့်မည့် ဂီတပညာရှင် ခင်မောင်တိုး အမှတ်တရ မိုးမခ အစီအစဉ် – ၁)
ရိုးရှင်းပေမယ့် အဓိပ္ပာယ် ပြည့်ဝလှတဲ့ တေးစာသားတွေ နဲ့ လှပနေတဲ့ “မျက်သွယ်” နဲ့ ခင်မောင်တိုး အမှတ်တရ ရက်သီတင်းပတ် မိုးမခ အစီအစဉ် ကို ဖွင့်ချင်ပါတယ်။  ခေတ် အဆက်ဆက် ဂစ်တာ တီး သင်ခါစ လူငယ်လေးတွေ “မျက်သွယ်” သီချင်း ကို မတီးဖူးသူ ရှိမယ် မထင်ပါ။  ကော့ဒ်ကလေးက နှစ်ခုတည်းပါ။  ဒါပေမယ့် နှစ်လေးဆယ်ကျော် ရှင်သန်ခဲ့တယ်။  ဗမာ့ ကိုယ်ပိုင်သံစဉ် စတီရီယိုတေး သမိုင်းမှာ မှတ်တိုင် ကျန်ခဲ့တယ်။
ခင်မောင်တိုး ကိုယ်တိုင်လည်း ဒီ ငယ်ချစ် “မျက်သွယ်” ကို တန်ဖိုးထားတယ် ဆိုတာ ကို “ကြိုးကြာသံ” တေးစု အပြီး တပြည်လုံး လျှမ်းလျှမ်းတောက် အောင်မြင်နေစဉ်မှာ New Version လက်ရွေးစင် ပြန်လည် ထွက်ရှိခဲ့တဲ့ တေးစု (၁၉၈၆) မှာ “မျက်သွယ်” ကို ခေါင်းကြီးတေး Title Song ပြု အမှတ်တရ ဂုဏ်ပြုခဲ့တယ်။  မျက်သွယ် လက်ရွေးစင် တေးစု ကို ခင်မောင်တိုး နဲ့ မဇ္ဈိမလှိုင်း ရဲ့ အကောင်းဆုံး တေးစုလို့တောင် ဝါသနာရှင် တချို့ က သုံးသပ်လေ့ရှိကြတယ်။
၈၀ ခုနှစ်များ ရဲ့ အဆိုတော် တူးတူး က စာသား အပို တပိုဒ် ဖြည့် “မျက်သွယ်” ဗားရှင်းတမျိုးလည်း ပြန်လည် သီဆို အောင်မြင်ခဲ့ဖူးတယ်။  “မျက်သွယ်” ဟာ ခင်မောင်တိုး နဲ့ သူငယ်ချင်းတစု ရဲ့ လူငယ် တက္ကသိုလ်ကျောင်းသားဘဝ ကို အနုပညာ နဲ့ နေထိုင် ဖြတ်သန်းခဲ့တယ်ဆိုတာကိုလည်း ပုံဖော်နိုင်တယ်။  သူတို့ သူငယ်ချင်းတသိုက်ရဲ့ ဝါသနာတူ၊ ချစ်ခင်ရင်းနှီးခဲ့မှုကိုလည်း မြင်နိုင်မယ် ထင်တယ်
မျက်သွယ်လည်ဆွဲ
(မျက်သွယ် ဖြစ်ပေါ်လာရာ မူလ အစ ကဗျာ)
ဖြူဖြူစင်စင်
ပုလဲလည်ဆွဲနဲ့
ပွဲထိုက်သူခင်
ကမာကောင်တို့၏ အသည်း
ပုလဲဆိုတဲ့ မျက်ရည်ထင်
ခင် မဆင်ချင်စမ်းပါနဲ့။
ခင်မကြင် တမင် တိမ်းတော့မှ
ရင်ငြိမ်းအောင် မဖြေသာလို့
ကြွေအလာ ဝေဒနာ မျက်ရည်စကိုပဲ
ပုလဲလို တွဲခိုကာ ချစ်သူလှစေဖို့
ဆင်သကာ လည်မှာဆွဲ
ပျော်ပွဲဝင်လှည့်..။
မောင်စိန်ဝင်း (ပုတီးကုန်း) (1970s)
**************************
မျက်သွယ် (သီချင်း စာသား)
ဖြူဖြူ.. စင်စင်.. ပုလဲလေးတွေကိုမှ..
ချစ်တယ်လို့.. သူက.. ဆိုလာစဉ်..
ပုလဲလေးတွေဆိုတာ.. ကမာကောင်လေးတွေ.. ရဲ့..
မျက်ရည်ပဲ.. ခင်..
ဒါကြောင့်.. သာပင်.. လည်မှာ ဆွဲစမ်းပါနဲ့.. ခင်..
ချိုချို.. ရွှင်ရွှင်.. စကား.. အလှတွေ.. ပျက်သုဉ်း..
ခုများမှာ.. မုန်းမေ့နိုင်သူ.. ခင်..
မောင့်.. မျက်ရည်.. တွေပင်..
ခင်.. ဆင်မြန်းလိုတဲ့.. ပုလဲရွှေစင်..
ဖြစ်စမ်းစေချင်.. လည်မှာ.. ဆွဲလှည့်ပါလား.. ခင်
တင်မောင်လှိုင်က မောင်စိန်ဝင်း (ပုတီးကုန်း) ၏ ကဗျာ ကို ကွန့်မြူးပြီး တေးဖွဲ့သည်။
ခင်မောင်တိုးက သူ၏ တကိုယ်တော် ပထမတေးစု “ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် (၁၉၇၁)” တွင် ထည့်သွင်းသီဆို အောင်မြင်ခဲ့သည်။  တေးစု ကို တက္ကသိုလ်သူငယ်ချင်း အုပ်စုဝင် တယောက်ဖြစ်သည့် နောင် မဇ္ဈိမလှိုင်း လက်တွဲဖော် ကိုရဲလွင် တီးခတ်နေသည့် Electronic Machine တေးဂီတ အဖွဲ့က တီးခတ်ခဲ့သည်။
မျက်သွယ် (Original) ၊ သံစဉ်/စာသား – တင်မောင်လှိုင် ၊ တေးဆို – ခင်မောင်တိုး၊ တေးစု – ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် (၁၉၇၁)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts