Uncategorized

ဝတ်မှုန် – ကိုဖိုးထက်သို့ .. ကျွန်တယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်

ကိုဖိုးထက်သို့ …. ကျွန်တစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်
ဝတ်မှုန်
နိုဝင်ဘာ ၂၊ ၂၀၁၃


ပွင့်လင်းစွာရေးထားတဲ့ RIT generation ညီတစ်ဦးရဲ့ဘ၀ခရီးကို ပီပီပြင်ပြင်ဖတ်ရတဲ့အတွက် ၀မ်းသာပါတယ်။ ရီလည်းရီရတယ်.. သူများမှတ်မှတ်သားဖြစ်အောင် ရေးနည်းမှာ
– အနုပညာဂန္စ၀င်စာလုံးများသုံးခြင်
– ကိုယ်တွေ့ဗဟုသုတ၊ ပညာရပ်များသုံးခြင်း
– ကြမ်းတမ်းညစ်ညမ်းစာလုံးများသုံးခြင်း
– ဒေါသဖြစ်အောင်လှို့ဆော်ခြင်း
– သာယာလှပမှု၊ချစ်မေတ္တာများဖေါ်ကျူးခြင်း
– ရယ်မောစရာအဖြစ်တင်ပြခြင်း..
စတဲ့တင်ပြနည်းအမျိုးမျိုးရှိတာ.. အားလုံးနီးပါးသုံးစွဲထားတာ တွေ့ရပါတယ်။ အထူးသဖြင့် နောက်ဆုံးအချက် ရယ်မောဘွယ် (ရီစရာ)လုပ်ပစ်လိုက်တော့ ..ဖတ်ရသူလည်း ငိုရက်၊ရီရခက် … မမေ့တော့ဖူးပေါ့။
ကျွန်ဆိုတဲ့ အသုံးအနှုံးကတော့ စိတ်ပျက်စရာပေမဲ့ လူတွေ ကိုယ့်ဘ၀မမေ့အောင် တခါတလေ ခပ်ရိုင်းရိုင်း သုံးနှုံးမိပါတယ်။ 
ကျုပ်ကတော့ ဘ၀တိုးတက်အောင်ဆိုပြီး နိုင်ငံခြား (စင်ကာပူ)အလုပ်လာလုပ်ခဲ့တယ်။ နောက်လစာတွေ ကောင်းလာတော့ အသုံးစရိတ်လဲကြီး၊ အသက်၄၀ကျော်မှ ငွေပိုလိုချင်လာပြီး အမေရိကားမှာငွေရှာတာ ပိုအဆင်ပြေမယ်မှန်းပြီး လာခဲ့တယ်။ စီးပွားရေးကပ်ကြီးနဲ့ကြုံ .. ကိုဖိုးထက်ပြောတဲ့ကျွန်  အမေရိကန်လူဖြူတွေက ကျွန်အမျိုးသတ်မှတ်ထားသူ လူမည်းကြီး အိုဘားမား သမ္မတရွေးကောက်ခံရတော့ ကျုပ်လဲ စင်ကာပူပြန်ပြေးလာရတယ်။ လူမည်းကြီးက လူဖြူတွေထင်ရာလုပ်လို့ စီးပွားကပ်ဆိုက်သွားတဲ့ အမေရိကားကို ကယ်တင်မယ် ဆိုပေမဲ့ အနှစ်၄၀ကျော် ငွေတွေအရမ်းသုံးစွဲထားတာ ၄နှစ်နဲ့ ဒီအကျင့်တွေ ဘယ်ပြင်လို့ရပါ့မလဲ။ 
နိုင်ငံခြား ၂၂နှစ် လာလုပ်တာ၊ ကိုယ်တိုင်က ငွေကိုပဲရှာဖို့ကြိုးစားတယ်။ နောက်ဆုံးတော့ ငွေကြေးမက်တဲ့ သားတစ်ယောက်၊ သမီးတစ်ယောက် နဲ့ ငွေသုံးတတ်တဲ့ဇနီးသည်တစ်ယောက် အဖတ်တင်ရရှိသွားတယ်ဗျ။ သမီးကလည်း ဒေါ်လာ၃ထောင်လောက် လခရတာ လစဉ်ကုန်အောင်သုံးနေတယ်။ ကျုပ်ကတော့ တလ စားစရိတ်၊ခရီးစရိတ် နည်းနည်းနဲ့ ချွေတာနေတာ ၄နှစ်ကြာပြီ၊ ဇနီးသားသမီးတွေက ကျုပ်လေ့ကျင့်ပေးတဲ့ ငွေသုံးနည်းအတိုင်း ကျင့်သုံးနေကြတယ်။
ဒါကြောင့် ..လူကြီးတွေပြောတာ …ကလေးများသည်၊ မိဘများပြောသည့်အတိုင်းမလုပ်ပဲ ..မိဘများလုပ်သည့်အတိုင်း လုပ်ဆောင်ကြသည် …တဲ့။  ဦးနေ၀င်က မင်းတို့ လပ်မစားနဲ့၊ လိင်မသောင်းကျန်းနဲ့။ လောင်းမကစားနဲ့..ဆိုရှယ်လစ်လူမှုဆက်ဆံရေးနဲ့နေဖို့ ဥပဒေစိုးမိုးအောင် မြန်မာ့ဆိုရှယ်လစ်စနစ်ကို စတင်ခဲ့တယ်။ သူကတော့ နိုင်ငံခြားထွက်တိုင်း ဒိ လသုံးလုံးကို အရမ်းလုပ် ဆိုပဲ။ သူ့နိုင်ငံသားတွေတော့ မလုပ်ရဘူး။ နောက်ဆုံး သူနှုတ်ထွက်သွားပြီးတော့ သူ့တပည့် တိုင်းမှုးကြီးတွေ သူ့ဆရာလုပ်တဲ့အတိုင်း လသုံးလုံးကို ကွယ်ရှိုးမဟုတ်၊ ထင်ထင်ပေါ်ပေါ် လုပ်လိုက်ကြတာ…ကမ္ဘာ့လပ်အစားဆုံးနိုင်ငံ။ အာရှ HIV အများဆုံးနိုင်ငံ၊ ကာစီနိုအကောက်ကောက်စားတဲ့နိုင်ငံ။ နှစ်လုံးထီ၊ချဲထီ ဥပဒေမဲ့လောင်းကစားနိုင်ငံဖြစ်သွားတာ.. ပြုပြင်ပြောင်းလဲတာ ၂နှစ်လောက်ပဲရှိသေးတယ်။ အားလုံးက ငွေကြေးကို ပဓါနထားတဲ့ လူနဲ့စနစ်ကြောင့် တိုင်းပြည်ပျက်စီး၊ ကျုပ်နဲ့ကိုဖိုးထက်တို့ ကျွန်လာဖြစ်ရတာပေါ့။
ရှည်သွားပါပြီ…လိုရင်းပဲရေးတော့မယ်။
အကျင့်မကောင်းမှုတွေကို ရှောင်နိုင်တဲ့ ကိုဖိုးထက်အတွက်…အခုချိန် ကိုဖိုးထက် မိသားစု နိုင်ငံခြားမှာ ခေါ်မထားသေးဘူးဆိုရင် မြန်မာပြည်ပြန်၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ အချိန်ကောင်းဖြစ်ပါတယ်။ ကျုပ်တို့ အတူလုပ်ရင်း မိုးမခအတွက် စာရေးနိုင်ဦးမှာပါ။ တနှစ်လောက် အနစ်နာခံ၊ ပြည်တော်ပြန်လုပ်ရင် ငွေကြေးကိစ္စလည်း အဆင်ပြေလာပါလိမ့်မယ်။ ကျွန်တော်ရောက်နေတဲ့ ဗီယက်နမ်မှာ စင်ကာပူတရုပ်လူမျိုးများစွာ ရှိတယ်။ အသက်၆၅နှစ်အရွယ် တရုပ်စင်ကာပူလူမျိုးတစ်ဦးက ပြောတယ်…ငါတို့ လွန်ခဲ့တဲ့ ၁၅နှစ်ကတည်းက ဗီယက်နမ်မှာပဲ လာနေထိုင်၊လုပ်ကိုင်ကြတယ်။ ရိုးဖြောင့်နေထိုင်၊ဂေါက်သီးရိုက်ရင်း ဒေါ်လာလေး ၅ထောင်လောက် ဘဏ်ထဲမှာထည့်ထားတာ… ရင်းနှီးတဲ့လူတွေက ဒါလုပ်လိုက်၊ ၀ယ်ထားလိုက်၊ ပြန်ရောင်းလိုက် ..ဒါပဲ သူများပြောတဲ့အတိုင်း လုပ်ရင်း သက်သက်သာသာနဲ့ ၀င်ငွေရတယ်ကွ။ စင်ကာပူမှာလုပ်စားရတာထက် ဒီမျာလုပ်တာကေ အများကြီး သက်သက်သာသာ လုပ်ပြီး၊ ၀င်ငွေရတယ်ကွ..။ အဲ..အခု ဗီယက်နမ်ပြောင်းလဲလာပြီး ၁၅နှစ် အခုအချိန်တော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ မကြံနဲ့တော့။ ဟိုး ဗီယက်နမ်ပြောင်းလဲကာစလို မလွယ်တော့ဘူး…ငါလည်းကြီးတော့ ငယ်စဉ်ကလို မလုပ်နိုင်၊မလုပ်ချင်တော့ဘူး၊ စင်ကာပူမှာ ငါ့မိန်းမက ငါဗီယက်နမ်မှာ ရှာတဲ့ငွေကို သုံးနေတယ်။ ၂လတစ်ခါ သူက ဗီယက်နမ်ကို လာလိုက်၊ ငါက စင်ကာပူကိုသွားလိုက် .. ငါတော့ ဗီယက်နမ်မှာပဲ ပျော်တယ်။ အခု ဒိအိမ်တိုက်ခန်း ဒေါ်လာ ၆သောင်းနဲ့ရောင်းပြီး၊ ဟိုမြို့ထဲက 45 Sq meter တိုက်ခန်း၃ခန်းကို ဒေါ်လာ၂သောင်းခွဲစီနဲ့ ၀ယ်ထားလိုက်ပြီ။ ငါ့မိန်းမက ၃လ တခါ ဗီယက်နမ်က ပိုင်ဆိုင်မှုတွေ လာလာကြည့်တယ်။ ငါ့သမီးကတော့ မြန်မာသံအမတ်တစ်ယောက်ရဲ့သား မြန်မာကောင်လေးနဲ့ လက်ထပ်ပြီး စင်ကာပူမှာပဲ ပျော်နေလေရဲ့။ သူတို့ မြန်မာပြည်ပြန်ပြီး တခုခုလုပ်ဖို့ ငါတိုက်တွန်းပေမဲ့..သူတို့က စိတ်မ၀င်စားဖူး။ မြန်မာပြည် သိပ်ဆင်းရဲတယ်..မစွန်ပါဘူးတဲ့ .လို့ ပြောတယ်….. 
ကိုဖိုးထက်ရဲ့ မိတ်ဆွေသင်္ဂဟများ၊ နိုင်ငံခြားအတွေ့အကြုံ၊ အင်ဂျင်နီယာပညာ၊ လောကပညာ၊ စေတနာစိတ်နဲ့ ဇနီးသည်ရဲ့ ပံ့ပိုးမှုပေါင်းရင် ကုသိုလ်လည်းရ၊ ၀မ်းလည်းဝမဲ့အခြေအနေကို ရောက်မှာပါ။ စမ်းကြည့်ရအောင်.. ရန်ကုန်ရောက်ရင် တွေ့ကြတာပေါ့…။
နောက်တစ်ခု ..အခုတလော လုပ်တတ်၊ကိုင်တတ်တဲ့ မြန်မာများစွာ ပြည်တော်ပြန်ကြတယ်။ မြန်မာပြည်မှာ သတ္တိရှိရှိ၊ မြန်မြန်ဆန်ဆန်လုပ်ရဲတဲ့၊ လုပ်ငန်းကျွမ်းကျင်သူများ အလွန်ရှားသွားပြီ။  အလုပ်သမားကအစ၊ အင်ဂျင်နီယာ၊အကောင့်တင့်၊ ဆရာဝန်အဆုံး ထိုင်း၊မလေးရှား၊စင်ကာပူ ရောက်သွားပြီ။ လူနည်းစု ..အထောက်ခံရှိသူများကတော့ အနောက်နိုင်ငံရောက်သွားပါတယ်။ အခုတော့ စင်ကာပူမှာ ကန်ဒေါ်လာ ၆ထောင် လစာရတဲ့သူကို မြန်မာပြည်မိတ်ဆွေက ကန်ဒေါ်လာ၃ထောင်ပေးပြီး ပြန်ခေါ်တယ်။ နိုင်ငံခြားကုမ္ပဏီရဲ့ ပရိုဂျက်ကြီးတွေဆိုတော့ ဘယ်ကမြန်မာအင်ဂျင်နီယာများ ဦးဆောင်နိုင်မလဲ။ နှိမ်ပြောတာမဟုတ်ပါ။ နိုင်ငံခြားသားပြောတဲ့ (ခိုင်းတဲ့) စကားတောင် နားမလည်တာ၊ နိုင်ငံခြားသားရဲ့ စိတ်နေစိတ်ထား နားလည်ဖို့ဆိုတာ ဝေးသေးတယ်။ နောက်တစ်ယောက်က စင်ကာပူမှဒေါ်လာ ၂၀၀၀ပဲ ရတဲ့ အငယ်စားအင်ဂျင်နီယာ၊ မြန်မာပြည်မှာလဲ ဒေါ်လာ၂ထောင်အထက် ရမလားလို့ နိုင်ငံခြားကုမ္ပဏီက အလုပ်အင်တာဗျူးချိန် …တောင်းတယ်။ ဟေ့..မင်းက မြန်မာပြည်မှာလုပ်မယ်ဆိုတော့ ဒေါ်လာ၁၀၀၀ (တစ်ထောင်) လောက်ရရင်ကို တော်လှပြီး၊ စင်ကာပူဈေးထက် တဝက်လျှော့ယူလိုက် လို့ပြောလိုက်မှ အလုပ်ရသွားတယ်။ အဲ.. စင်ကာပူမှာနေတဲ့ မြန်မာ၊ ကိုယ့်ကုမ္ပဏီက လွှတ်ရင်တော့ အိုကေပေါ့။ အိုဗာဆီးစရိတ် Oversea Allowrance ရမယ်။ လစာပိုများလာမယ်… အဲဒီလိုအချိန်မျိုး နောက်ဖြစ်လာတော့မှာပါ။ ကျုပ် ဗီယက်နမ်မှာ တနှစ်သွားလုပ်တော့၊ အမေရိကန်၊ သြစတြေးလျှ၊ အင်္ဂလိပ် နိုင်ငံသားခံယူထားသူ ဗီယက်နမ်လူမျိုးများစွာ လာလုပ်နေကြတာတွေ့တေယ်။ Expat Salary နဲ့လာလုပ်ကြတယ်။ အဲဒီအဆင့်ကို မြန်မြန်ရောက်ဖို့တော့ … မြန်မာများ လပ်စားမှုကို ပြင်းထန်စွာအရေးယူမဲ့ ဒေါ်အောင်ဆန်းစုကြည် … တရုပ်ပြည်က တိန်ရှောင်ဖိန့်လို နေရာရလာဖို့ အရေးကြီးပါတယ်။ ကျုပ်တို့လဲ အပြင်းအထန် ထောက်ခံရပါတယ်။ သို့မဟုတ်ရင် ငွေဝယ်ကျွန်ဘဝက လွတ်မှာမဟုတ်ဘူး။ 
ငွေဝယ်ကျွန် ဆောင်းပါးလေးရေးထားပါတယ်။ 
http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:361264
ကျွန်ဘ၀မှာ လွတ်မြောက်ခြင်း..ဆောင်းပါးတွေရေးဖို့လဲ ပြင်ဆင်နေပါတယ်။

ကိုဖိုးထက် ဆောင်းပါးမဖတ်ရသူများ ရသ၊သုတ၊စိတ်ဓါတ် ..ဆောင်းပါးကိုထပ်တင်ပေးလိုက်ပါတယ်။  ကျုပ်ကိုယ်တိုင် ထပ်ဖတ်ပါတယ်၊ ဆန်းစစ်ပါတယ်၊ ကိုယ်ဘာလုပ်သင့်သလဲ စဉ်းစားပါတယ်။ နောက်ဆုံးမှာ Action Speack Louder Than Word … စာရေး၊ စကားပြော တာထက် သာတဲ့ လုပ်ဆောင်မှုများကို မျှော်လင့်ပါတယ်။

reference
http://moemaka.com/archives/26558


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts