ရသဆောင်းပါးစုံ အောင်ဒင်

အောင်ဒင် – မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

မတ်လ ၁၉၊ ၂၀၁၄

 (ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၈၈၊ မတ်လ ၁၃ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)

 

 

အပိုင်း (၅၇) လွှတ်တော်နှင့် ပြည်ထောင်စုအဆင့်ရာထူးများ ခန့်အပ်တာဝန်ပေးခြင်း

# လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ဖွဲ့စည်းခြင်း

ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပေးပို့ပါတယ်၊ အဲဒီ သဝဏ်လွှာမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ဖွဲ့စည်းမည့် “လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်” မှာ တာဝန်ပေးဖို့ သမ္မတ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့က ငါးဦးစီ ရွေးချယ်အဆိုပြုတဲ့ ပုဂ္ဂိုလ် (၁၅) ဦးရဲ့ အမည်စာရင်းကို ဖော်ပြထားပြီး ယင်းပုဂ္ဂိုလ်များကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးဖို့ သမ္မတက ပန်ကြားထားပါတယ်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းက အဆိုပြုခံရသူ ပုဂ္ဂိုလ် (၁၅) ဦးနဲ့ပါတ်သက်ပြီး အရည်အချင်းမပြည့်မီဘူးဆိုပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်စရာအကြောင်းရှိလျင် ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းပေးပို့နိုင်ကြောင်း ကြေညာပါတယ်၊ ဒါပေမည့် ကန့်ကွက်မည့်သူ တစ်ယောက်မှ မရှိခဲ့ပါ၊ ဒါကြောင့် ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ ဥက္ကဋ္ဌ ဦးမြဝင်း (ဗိုလ်ချုပ်၊ အငြိမ်းစား)၊ အတွင်းရေးမှူး ဦးတင်ဦး (သံအမတ်ကြီး၊ အငြိမ်းစား) အပါအဝင် ကော်မရှင်အဖွဲ့ဝင် (၁၅) ဦးကို ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့ပါတယ်၊ သမ္မတ အဆိုပြုတဲ့နေ့ကနေ ပြည်ထောင်စုလွှတ်တော်က အတည်ပြုတဲ့နေ့အထိ အစအဆုံး (၅) ရက်ပဲ ကြာမြင့်ပါတယ်၊ အင်မတန် လွယ်ကူမြန်ဆန်တဲ့ လုပ်ငန်းစဉ်ပါ၊

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုအဆင့်ရာထူးများမှာ ခန့်အပ်ဖို့ သင့်တော်တဲ့ပုဂ္ဂိုလ်များကို ရွေးချယ်အဆိုပြုပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခန့်အပ်တာဝန်ပေးနိုင်ပါတယ်၊ သတ်မှတ်ထားတဲ့အရည်အချင်းနဲ့ မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်ဟာ သမ္မတက အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်များအား ငြင်းပယ်ကန့်ကွက်ခွင့်မရှိပါ၊ ဒါကြောင့်မို့ နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းတဲ့ ပုဂ္ဂိုလ်များဟာ ရာထူးနဲ့ ထိုက်တန်တဲ့ အရည်အချင်းရှိ၊ မရှိ၊၊ လေးစားထိုက်တဲ့ အကျင်စာရိတ္တရှိ၊ မရှိ၊ လူထုက လက်ခံခြင်းရှိ၊ မရှိ၊ သက်ဆိုင်ရာအဖွဲ့အစည်းကို အောင်မြင်အောင်ဦးဆောင်နိုင်စွမ်းရှိ၊ မရှိ၊ စသည်ဖြင့်  ပြည်ထောင်စုလွှတ်တော်က စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးခွင့်မရှိပဲ၊ စုံစမ်းစစ်ဆေးမှုမပြုပဲ၊ လွယ်လွယ်ကူကူပဲ အတည်ပြုလိုက်ကြပါတယ်၊ ဒါဟာဖြင့် ပြည်ထောင်စုလွှတ်တော်နဲ့ သမ္မတအကြားမှာ အပြန်အလှန်ထိန်းကျောင်းမှု (Check and Balance) အားနည်းလှတာကို အထင်အရှားသက်သေပြတာပဲ ဖြစ်ပါတယ်၊

#မှားယွင်းနေသော လုပ်ငန်းစဉ်

ဒီလုပ်ငန်းစဉ်မှာ အဓိကအားနည်းချက်နှစ်ခုအနက် ပထမတစ်ခုက ပြည်ထောင်စုလွှတ်တော်က သမ္မတက အဆိုပြုသူတွေကို သေသေချာချာ အချိန်ယူပြီး လေ့လာသုံးသပ်စစ်ဆေးခွင့်မရှိတာ၊ ဒါမှမဟုတ် အသေအချာစုံစမ်းစစ်ဆေးမှု မပြုတာပဲဖြစ်ပါတယ်၊ ဒုတိယ အားနည်းချက်က ပွင့်လင်းမြင်သာမှုမရှိတာနဲ့ ပြည်သူလူထုက သဘောထားပေးခွင့်မရှိတာပါ၊

 

သမ္မတက လာဘ်လေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်မှာ ခန့်အပ်ဖို့ အဆိုပြုတဲ့ ပုဂ္ဂိုလ် (၁၅) ဦးရဲ့ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတော့ အမည်နဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်ကိုသာ လွှတ်တော်ကိုယ်စားလှယ်များထံပေးပို့တယ်လို့ ဆိုပါတယ်၊ ဒါတောင်မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၆၀၀) ကျော်အားလုံးကို ပေးပို့တာမဟုတ်ပဲ နိုင်ငံရေးပါတီ (၁၀) ခုက ကိုယ်စားလှယ် (၁၀) ဦးကိုသာ အမည်စာရင်းနဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်ပါတဲ့ ဖိုင် (၁၀) ခုကို ခွဲဝေပေးတာလို့ သိရပါတယ်၊ တစ်ခါ ကိုယ်ရေးရာဇဝင်အကျဉ်းမှာလည်း လူတစ်ယောက်ရဲ့ သမိုင်းကို သိနိုင်မည့် အသေးစိတ်အချက်အလက်တွေ မပါဝင်ဘူးလို့ သိရပါတယ်၊ ဒါကြောင့်မို့ သမ္မတတင်သွင်းတဲ့ စာမျက်နှာ တစ်မျက်နှာမပြည့်တဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်ကိုသာ လေ့လာခွင့်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ အဆိုပြုခံရသူဟာ ခန့်အပ်မည့် ရာထူးတာဝန်နဲ့ သင့်တော်ခြင်းရှိမရှိကို ဘယ်လိုမှ မသိနိုင်ပါ၊

 

သမ္မတက ပြည်ထောင်စုအဆင့် ရာထူးများမှာ ခန့်အပ်ဖို့ သူအဆိုပြုသူများနဲ့ ပါတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို  ပြည်ထောင်စုလွှတ်တော်ကို မပေးပို့တဲ့အပြင် ပြည်သူလူထုသိအောင်လည်း သတင်းစာ၊ သမ္မတရုံး ဝက်ဆိုက်များကနေ ထုတ်ပြန်ကြေညာခြင်း လုံးဝမရှိပါ၊ ဒါကြောင့်မို့ ပြည်သူလူထုကလည်း သူတို့ဘဝကို တနည်းတဖုံဝင်ရောက်ပါတ်သက်မည့် ၊ ဩဇာပေးမည့် ပြည်ထောင်စုအဆင့်အရာရှိကြီးများခန့်ခြင်းကို ဝင်ရောက်စွက်ဖက်ခွင့်၊ ကန့်ကွက်ခွင့်မရှိကြပါ၊ သမ္မတက အဆိုပြုသူများနဲ့ ပါတ်သက်ပြီး ပြည်သူလူထုကို သဘောထားပေးကြဖို့ ပြည်ထောင်စုလွှတ်တော်က ဖိတ်ခေါ်တာလည်း မရှိပါ၊ ဒါဟာဖြင့် ပြည်သူလူထုကို ကိုယ်စားပြုတယ်ဆိုတဲ့ အစိုးရနဲ့ လွှတ်တော်က ပြည်သူလူထုအပေါ် တာဝန်မကျေကြတာဖြစ်ပါတယ်၊

 

သမ္မတက အဆိုပြုတယ်ဆိုတဲ့ ပုဂ္ဂိုလ်များရဲ့ အမည်စာရင်းကို မီဒီယာများရဲ့ ကျေးဇူးကြောင့်သာ ပြည်သူတွေသိကြရပါတယ်၊ ဒါပေမည့် ဒီပုဂ္ဂိုလ်တွေဟာ ဘာ့ကြောင့် ဒီ “လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်” ကို ဦးဆောင်ဖို့ သင့်တော်ရသလဲဆိုတာ ဘယ်သူမှ မသိကြပါ၊ ဥက္ကဋ္ဌ ဦးမြဝင်း (အငြိမ်းစား ဗိုလ်ချုပ်) နဲ့ ပါတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “အမြောက်တပ်က ကိုမြဝင်းကတော့ တိကျတဲ့ သူပါ၊ သူ့ဆီကို စာရင်းစစ်တွေသွားပြီး စစ်ရင် စစ်တဲ့ကောင် ထမင်းတောင်မကျွေးဘူး၊ ထမင်းချိုင့်နဲ့သွားရတာ၊ အဲဒီလို နံမည်ကြီးတဲ့လူပါ၊ ကိုမြဝင်း သေချာလုပ်လိမ့်မယ်လို့ ကျနော်ထင်တယ်” လို့ပြောပြီး ထောက်ခံတယ်လို့ ဧရာဝတီသတင်းဋ္ဌာနက ရေးသားတာ ဖတ်လိုက်ရပါတယ်၊ ဒါပေမည့် ဦးလှဆွေကိုယ်တိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စော်ကားရာရောက်တဲ့ စကားတွေကို လက်လွတ်စပယ်ပြောနေသူဖြစ်လို့ သူ့စကားကို ယုံကြည်ဖို့ ခက်ပါလိမ့်မယ်၊

 

မိုးဇေငြိမ်း ဆိုသူရဲ့ Face Book စာမျက်နှာမှာတော့ အမြောက်တပ်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မြဝင်းဟာ လက်အောက်ငယ်သား တပ်မှူးများဆီက အလွန်အကျွံလာဘ်စားခဲ့သူဖြစ်တယ်၊ အာဏာအလွဲသုံးစားလုပ်ခဲ့သူ ဖြစ်တယ်လို့ ရေးထားတာ ဖတ်ရပါတယ်၊ ၂၀၀၈ ခုနှစ်က ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့အတူ မြောက်ကိုရီးယားကို လျှို့ဝှက်သွားရောက်ခဲ့တဲ့ မြန်မာစစ်ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ခဲ့တယ်လို့လည်း ဧရာဝတီသတင်းဋ္ဌာနက ဖော်ပြပါတယ်၊ ဒါတွေ အမှန်ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်၊ ဒါပေမည့် စစ်ဆေးကြည့်ရမည့် ကိစ္စပါ၊

 

လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်မှာ အင်မတန် လာဘ်စားခဲ့တဲ့ အငြိမ်းစားအစိုးရနဲ့ တပ်မတော်အရာရှိများကို ခန့်အပ်မိတာဆိုရင် ဆရာဦးဝင်းတင်ပြောသလို “ပြည့်တန်ဆာပပျောက်ရေးကော်မရှင်မှာ ပြည့်တန်ဆာခေါင်းကို ဥက္ကဋ္ဌခန့်သလို” ဖြစ်နေပါလိမ့်မယ်၊ ဒါပေမည့် နောက်ကျခဲ့ပါပြီ၊ သမ္မတရဲ့ မပွင့်လင်းမမြင်သာမှုနဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ အားနည်းမှု၊ တာဝန်မကျေမှုကြောင့် ပြည်သူလူထု က သူတို့ရဲ့ စိတ်ပူပန်မှုကို ဖော်ထုတ်ခွင့်မရပဲ ပြည်ထောင်စုအဆင့်ရာထူးကြီးများမှာ ပြည်ထောင်စုလွှတ်တော်က အသေအချာမစစ်ဆေးပဲ အလွယ်တကူအတည်ပြုပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေ အာဏာရနေကြပါပြီ၊

 

#အမေရိကန်ပြည်ထောင်စုမှ အဆိုပြုခြင်းနှင့် အတည်ပြုခြင်း

အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၂)၊ ပုဒ်မ (၂) မှာ အစိုးရဋ္ဌာနတွေကို ဦးဆောင်မည့် အရာရှိများကို သမ္မတက ဆီးနိတ် အထက်လွှတ်တော်ရဲ့ အကြံပေးမှု၊ သဘောတူညီမှုနဲ့ ခန့်အပ်ရမယ်လို့ ပြဋ္ဌန်းထားပါတယ်၊ ဒါကြောင့်မို့ သမ္မတ အစိုးရရာထူးများအတွက် သင့်တော်သူများကို ရွေးချယ်ပြီး အထက်လွှတ်တော်ကို အမည်စာရင်းတင်သွင်း (Nominate) ရပါတယ်၊ အထက်လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး အတည်ပြု (Confirm) မှ ရာထူးစတင်လက်ခံရပါတယ်၊ အထက်လွှတ်တော်က သဘောတူမှ ခန့်အပ်နိုင်တဲ့/ရာထူးတဆင့်တိုးမြှင့်နိုင်တဲ့ စစ်ဘက်ဆိုင်ရာ ရာထူးပေါင်း ခြောက်သောင်းကျော်ရှိပါတယ်၊ အရပ်ဘက်မှာဆိုရင် လက်ထောက်ဝန်ကြီးအဆင့်နဲ့ အထက်၊ ကော်မရှင်ပေါင်းစုံက အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုတရားသူကြီးတွေ၊ သံအမတ်တွေ စတဲ့ ရာထူးပေါင်း (၂၀၀၀) ကျော်ရှိပါတယ်၊ ပြီးတော့ အထက်လွှတ်တော်ရဲ့ အတည်ပြုရေးလုပ်ငန်းစဉ် (Confirmation Procedure) ဟာ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်လောက် မလွယ်ကူ၊ မမြန်ဆန်လှပါ၊ ရာထူးအများစုကို အထက်လွှတ်တော်က မြန်မြန်ဆန်ဆန်အတည်ပြုပေးပေမည့် ရာသက်ပန်တာဝန်ထမ်းဆောင်ခွင့်ရှိတဲ့ ပြည်ထောင်စုတရားသူကြီးတွေ၊ ဝန်ကြီးဋ္ဌာနတွေက ဝန်ကြီးအဆင့်အပါအဝင် အဆင့်မြင့်အရာရှိတွေနဲ့ ပါတ်သက်ရင် စုံစမ်းစစ်ဆေးမှုတွေ၊ အများပြည်သူတက်ရောက်ခွင့်ရှိတဲ့ ကြားနာပွဲတွေ လုပ်ပြီးမှ ဆုံးဖြတ်ပါတယ်၊

 

ပထမအဆင့်မှာ သမ္မတကိုယ်တိုင်က ရာထူးတစ်ခုအတွက် သင့်တော်သူ ရွေးချယ်တဲ့ နေရာမှာ အင်မတန်ဂရုစိုက်ရပါတယ်၊ သမ္မတရဲ့ တာဝန်ပေးချက်နဲ့ ပြည်ထောင်စုထောက်လှမ်းရေးဗျူရို (Federal Intelligence Bureau) က စကာတင်စာရင်းမှာ ပါဝင်သူများရဲ့ နောက်ကြောင်းရာဇဝင်ကို သေသေချာချာထောက်လှမ်းရပါတယ်၊ သမ္မတရဲ့ လက်ထောက်တွေကလည်း စကာတင်စာရင်းထဲကလူများရဲ့ နိုင်ငံရေးရပ်တည်ချက်၊ အတွေ့အကြုံ၊ အမှားအယွင်းတွေကို စုံစမ်းလေ့လာကြရပါတယ်၊ ပြီးတော့မှပဲ အချက်အလက်အားလုံးကို သေသေချာချာသုံးသပ်ပြီး သမ္မတက ဘယ်သူဘယ်ဝါကို ရွေးချယ်မယ်ဆိုတာ ဆုံးဖြတ်ပါတယ်၊ သမ္မတရွေးချယ်တဲ့ ပုဂ္ဂိုလ်ကို အချက်အလက်အပြည့်အစုံနဲ့ အထက်လွှတ်တော်ကို အမည်စာရင်းတင်သွင်းတဲ့နေ့မှာပဲ ပြည်သူလူထုသိအောင် သမ္မတအိမ်တော် ဝက်ဆိုက်နဲ့ သတင်းဋ္ဌာနများက တဆင့် ကြေညာပါတယ်၊ အဲဒီအချိန်က စလို့ သမ္မတက အဆိုပြုခြင်းခံရသူကို အထက်လွှတ်တော်နဲ့ ပြည်ထူလူထုက အဆိုပြုထားတဲ့ ရာထူးနဲ့ ထိုက်တန်ခြင်းရှိမရှိ စတင်စစ်ဆေးပါပြီ၊

 

ပုံ (၁)၊ အမေရိကန်ဗိုလ်ချုပ်ကြီး ဒေးဗစ်ပီထရော့ (General David Petraeus) အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မီတီကြားနာပွဲတွင် အမေရိကန်ပြည်ထောင်စု ဗဟိုစစ်ဋ္ဌာနချုပ် အကြီးအကဲ (Commander of the U.S. Central Command) ရာထူးအတွက် အစစ်ဆေးခံနေစဉ် (၂၀၀၈ ခုနှစ်)

 

အထက်လွှတ်တော်စည်းမျဉ်းအမှတ် (၃၁) (Senate Rule XXXI) အရ အထက်လွှတ်တော်က သမ္မတထံမှ လက်ခံရရှိတဲ့ အမည်စာရင်းကို သင့်တော်တဲ့ ရေးရာကော်မီတီများကို လွှဲပြောင်းပေးပို့ပါတယ်၊ စစ်ဘက်ဆိုင်ရာရာထူးတွေဆိုရင် လက်နက်ကိုင်တပ်ဖွဲ့များရေးရာကော်မီတီ၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအတွက် ရာထူးတွေဆိုရင် နိုင်ငံခြားဆက်ဆံရေးကော်မီတီ၊ ပြည်ထောင်စုတရားသူကြီးရာထူးများအတွက် တရားရေးကော်မီတီ၊ စသည်ဖြင့် သက်ဆိုင်ရာ ရေးရာကော်မီတီများက သမ္မတအမည်စာရင်းတင်သွင်းသူကို ကော်မီတီဝန်ထမ်းများမှတဆင့် စုံစမ်းစစ်ဆေးပါတယ်၊ ပြည်သူလူထုနဲ့ လူထုအဖွဲ့အစည်းများထံက အကြံပြုချက်တွေကိုလည်း တောင်းခံပါတယ်၊ ကော်မီတီရဲ့ စုံစမ်းစစ်ဆေးမှုများနဲ့ ပြည်သူလူထုရဲ့ အကြံပြုချက်များဖြင့် လုံလောက်တဲ့ အချက်အလက်တွေရတဲ့အချိန်မှာ အထက်လွှတ်တော်စည်း မျဉ်းအမှတ် (၂၆) (Senate Rule XXVI) အရအများပြည်သူတက်ရောက်ခွင့်ရှိတဲ့ ကြားနာပွဲ (Confirmation Hearing) ကျင်းပပါတယ်၊ အဲဒီကြားနာပွဲမှာ သမ္မတအမည်စာရင်းတင်သွင်းသူကိုယ်တိုင် တက်ရောက်ပြီး ဒီရာထူးမှာ ခန့်အပ်တာဝန်ပေးခံရရင် သူ ဘာတွေ၊ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို ရှင်းလင်းတင်ပြ၊ ကတိကဝတ်ပြုရတဲ့အပြင် အထက်လွှတ်တော်အမတ်များမေးမြန်းတဲ့ မေးခွန်းများကိုလည်း ဖြေကြားရပါတယ်၊ ကြားနာပွဲမှာ အချိန်မလုံလောက်ရင် မေးခွန်းတွေကို ကြားနာပွဲပြီးတဲ့နောက်မှာ စာနဲ့ရေးသားဖြေကြား ရပါတယ်၊

 

ပုံ (၂)၊ အထက်လွှတ်တော်အမတ်ဟောင်း ချာတ်ဟေဂယ် (Senator Chuck Hagel) အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မီတီကြားနာပွဲတွင် ကာကွယ်ရေးဝန်ကြီးရာထူးအတွက် အစစ်ဆေးခံနေစဉ် (ဇန်နဝါရီ ၃၁၊ ၂၀၁၃)

 

အဲဒီလို ကော်မီတီက စုံစမ်းစစ်ဆေး မေးမြန်းပြီးလို့ ကျေနပ်ပြီဆိုမှ ကော်မီတီအဆင့်မှာ မဲခွဲဆုံးဖြတ်ပါတယ်၊ ကော်မီတီအမတ်အများစုက ကန့်ကွက်ရင် ဒီပုဂ္ဂိုလ်ကို အဆိုပြုမှု မအောင်မြင်ပါ၊ ကော်မီတီအဆင့်မှာ အများစုက အတည်ပြုမှ အထက်လွှတ်တော်တစ်ခုလုံးက မဲခွဲဆုံးဖြတ်ပါတယ်၊ အများစုက ထောက်ခံမှ အဆိုပြုမှုအောင်မြင်ပါတယ်၊

 

# လူမှန်နေရာမှန် ရွေးချယ်ခြင်း

မြန်မာနိုင်ငံမှာ သမ္မတက ပြည်ထောင်စုအဆင့်ရာထူးများကိုသာ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ခန့်နိုင်တာပါ၊ ဒုဝန်ကြီးအဆင့်နဲ့ အခြားရာထူးများကို သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အတည်ပြုချက်တောင်းခံစရာမလိုပဲ ခန့်အပ်နိုင်ပါတယ်၊ သမ္မတမှာ စစ်ဘက်ဆိုင်ရာ ရာထူးများကို ခန့်အပ်တာဝန်ပေးခွင့်မရှိပါ၊ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်ကို အတည်ပြုချက်တောင်းခံတဲ့ ရာထူးများက အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်ကို သမ္မတက အမည်စာရင်းတင်သွင်းရတဲ့ ရာထူးအရေအတွက်ထက် အများကြီးပိုနည်းပါတယ်၊

 

တိုင်းပြည်ရဲ့ အမြင့်ဆုံးအာဏာကို ကိုင်တွယ်ကြမည့် ပြည်ထောင်စုအဆင့်ရာထူးကြီးများမှာ အမှန်တကယ် အရည်အချင်းရှိသူ၊ အများပြည်သူလေးစားလက်ခံသူများ၊ ကိုယ်ကျင့်တရားပြည့်စုံကောင်းမွန်သူများကိုသာ ခန့်အပ်တာဝန်ပေးနိုင်ဖို့ နိုင်ငံတော်သမ္မတမှာရော၊ ပြည်ထောင်စုလွှတ်တော်မှာရော တာဝန်ရှိပါတယ်၊ ဒါမှလည်း အမှန်တကယ် သန့်ရှင်းတဲ့ အစိုးရဖြစ်မှာပါ၊ ပြည်ထောင်စုအဆင့် ရာထူးကြီးများခန့်အပ်ရာမှာ သမ္မတက ပွင့်လင်းမြင်သာမှုမရှိခဲ့လို့၊ ပြည်ထောင်စုလွှတ်တော်က သေသေချာချာစုံစမ်းစစ်ဆေးမှုမပြုခဲ့လို့၊ ပြည်သူလူထုကို ပါဝင်ပါတ်သက်ခွင့်မပြုခဲ့လို့ သမ္မတရဲ့ အစိုးရအဖွဲ့ထဲမှာ လယ်သမားတွေကို ထမင်းတစ်နပ်လျှော့စားခိုင်းတဲ့ ဝန်ကြီးတွေ၊ နယ်လှည့်ပါးရိုက်နေတဲ့ ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးသမားတွေကို အထင်မကြီးဘူးဆိုတဲ့ ဝန်ကြီးတွေ၊ ကုမ္ပဏီပေါင်းများစွာကို ပိုင်တာအထင်အရှားဖြစ်ရက်နဲ့ မြေတစ်ကွက်တောင်မပိုင်ပါဘူးလို့ ကြွေးကြော်တဲ့ ဝန်ကြီးတွေ၊ ကားတန်ဘိုးတွေ ထိုးကျသွားလို့ သူ့ပိုင်တဲ့ ဇိမ်ခံကားကြီးတွေလည်း ဈေးကျသွားရပါတယ်လို့ ငြီးတွားတဲ့ဝန်ကြီးတွေ နေရာရနေကြတာပါ၊

 

#ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေကို ပြင်ဆင်ရန်လိုအပ်ခြင်း

အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတက အစိုးရဋ္ဌာနတွေကို ဦးဆောင်မည့်အရာရှိတွေကို အထက်လွှတ်တော်ရဲ့ အကြံပေးမှု၊ သဘောတူညီမှုနဲ့ ခန့်အပ်တာဝန်ပေးရမယ်လို့ပဲ ပြဋ္ဌန်းထားပါတယ်၊ အထက်လွှတ်တော်က သမ္မ္မတအမည်စာရင်းတင်သွင်းသူကို ဘယ်လိုဘယ်ပုံ စုံစမ်းစစ်ဆေးရမယ်၊ အများပြည်သူရှေ့မှောက်မှာ ကြားနာရမယ်ဆိုပြီး ပြဋ္ဌန်းထားခြင်းမရှိပါ၊ အထက်လွှတ်တော်က “သမ္မတက အဆိုပြုသူကို စုံစမ်းစစ်ဆေးမည့်၊ အများရှေ့မှောက် ကြားနာပြီး ကော်မီတီအဆင့်၊ လွှတ်တော်တစ်ရပ်လုံးအဆင့် မဲခွဲဆုံးဖြတ်ရမည့် အတည်ပြုခြင်းလုပ်ငန်းစဉ်” (Presidential Nominations Confirmation Procedure) ကို အထက်လွှတ်တော်ဆိုင်ရာ စည်းမျဉ်းများ (Senate Rules) ထဲမှာ ထည့်သွင်းပြဋ္ဌန်းထားပါတယ်၊

 

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာလည်း “သမ္မတက ပြည်ထောင်စုအဆင့်ရာထူးများကို ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ခန့်အပ်ရမယ်၊ သမ္မတက အမည်စာရင်းတင်သွင်းသူကို သတ်မှတ်ထားသောအရည်အချင်း များနှင့် မကိုက်ညီကြောင်း အထင်အရှားမပြနိုင်ရင် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်ခွင့်မရှိ” လို့သာ ပြဋ္ဌန်းထားပါတယ်၊ “ပြည်ထောင်စုလွှတ်တော်က သမ္မတက အမည်စာရင်းတင်သွင်းသူကို အရည်အချင်းများနှင့် ကိုက်ညီမှုရှိမရှိ စုံစမ်းစစ်ဆေးခြင်းမပြုရ၊ အများပြည်သူရှေ့မှောက်မှာ ကြားနာခြင်း မပြုရ” လို့ ကန့်သတ်ထားတာမရှိပါ၊

 

ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများမှာ သမ္မတက ပြည်ထောင်စုအဆင့်ရာထူးများမှာ ခန့်အပ်ဖို့အဆိုပြုတဲ့ ပုဂ္ဂိုလ်များကို ရေးရာကော်မီတီများမှ တာဝန်ယူ၍ စုံစမ်းစစ်ဆေးခွင့်၊ ပြည်သူလူထုရဲ့ သဘောထားတောင်းခံခြင်း၊ အများပြည်သူရှေ့မှောက်မှာ ကြားနာခြင်း စတဲ့ အဆင့်တွေပါတဲ့ “ပြည်ထောင်စုအဆင့်ရာထူးများ ခန့်အပ်ရေး အတည်ပြုရေးလုပ်ငန်းစဉ်” ကို ထည့်သွင်းရေးဆွဲသင့်ပါတယ်၊ “သမ္မတက သူအဆိုပြုသူများရဲ့ အရည်အချင်းနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်များကို တတ်နိုင်သမျှပြည့်စုံလုံလောက်အောင် ပြည်ထောင်စုလွှတ်တော်ကို တင်ပြဖို့နဲ့ လွှတ်တော်ကိုယ်စားလှယ်များ ကျေနပ်တဲ့အထိ သမ္မတအဆိုပြုသူက မေးခွန်းတွေကို ဖြေကြားဖို့” စတဲ့ လိုအပ်ချက်တွေ ပါဝင်သင့်ပါတယ်၊ ဒါမှပဲ အရည်အချင်းမပြည့်ဝသူများ နိုင်ငံရဲ့ ထိပ်တန်းရာထူးကြီးများမှာ ခန့်အပ်ခံရမှာကို ကာကွယ်တားဆီးနိုင်မှာဖြစ်ပြီး ဒီလုပ်ငန်းစဉ်ကို ဖြတ်သန်းပြီးမှ အတည်ပြုခံရတဲ့ ပြည်ထောင်စုအဆင့်အရာရှိများဟာလည်း ပြည်ထောင်စုလွှတ်တော်ရဲ့ အာဏာနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်၊ ဝတ္တရားအပေါ် ပိုပြီးလေးစားခန့်ညားမှာဖြစ်ပါတယ်၊

 

လေးစားစွာ၊

အောင်ဒင်

မတ်လ (၆) ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts