ရသဆောင်းပါးစုံ

ကုသိုလ်သည်သာ ကိုယ့်ရိက္ခာ

ဇေယျသုခ အရှင်နန္ဒဝံသ (ရမည်းသင်း)
ဇန်န၀ါရီ ၂၁၊ ၂၀၁၄

 

● နယူးယောက်ခဏ ရောက်ခဲ့ရ

ဘာလိုလိုနဲ့မိမိနေရာ ကျောင်းကနေ သုတ ပညာတွေ ဖွေရှာဖို့ ခရီးထွက်ခွာလာခဲ့ရာ တစ်လနီးနီးပင် ရှိတော့မည် ။ ဆောင်းတွင်းကာလမို့ ကျောင်းဝိုင်းအတွင်း  ပြုပြင်တည်ဆောက်ရေးတွေက် အစပျိုးလို့ မဖြစ်သေးချိန်မှာ အမေရိကန်ပြည်အနှံ့ ခြေဆန့်နေခဲ့ခြင်းပါ ၊ ယနေ့မှာတော့ နယူးယောက် မြို့တော် ၊ ဘရုတ်ကလင် ဘာဂင်လမ်းရှိ လောကချမ်းသာကျောင်းကို ရောက်သွားခဲ့ပါတယ်၊

 

ရထားပေါ်တက်စဉ်မှာပင် အသက်ကြီးကြီး ဒကာမကြီး တစ်ဦးက ပြုံးပြနှုတ်ဆက်လာတယ် ၊ နာမည်မသိပေမဲ့ တွေ့ဆုံခဲ့ဘူးသူ တစ်ဦးလို့ပဲ ကောက်ချက် ဆွဲမိတယ် ..ဘယ်သွားမလို့လဲ မေးကြည့်မိတော့ ကျောင်းသွား ဓမ္မသင်တန်းတက်မလို့တဲ့  ၊ အသက်ကြီးပေမဲ့ မြတ်ဗုဒ္ဓရဲ့ မြတ်ဓမ္မနဲ့ သံဃာတော်တွေ ဖြန့်ဝေပေးမဲ့ အသိပညာကို မြတ်နိုးတန်ဖိုးထားလိုက်ပုံက အတုယူ အားကျစရာပါ …

 

● အဖြေရှာလျှက် ဖြေမထွက် ခဲ့

မိမိရဲ့ဒေသမှာတော့ သူ့ကဲ့သို့ အသက်ရွယ်ကြီးမားသူတွေ များစွာရှိနေပေမဲ့ ဓမ္မကို စိတ်မဝင်စားနိုင်သေးကြပါဘူး အာရုံတွေစုံလင်တဲ့ လောကဇာတ်ခုံပေါ်တွင် ဘဝကိုခုံမင်ကာ အိမ်မှာပဲ အိပ် စား ပျော်ရွှင်နေကြလေရဲ့.. မြေးထိန်း မြစ်ထိန်း နဲ့ အေးကိန်းမပေါ် ဖြစ်နေကြသေးတဲ့ သူတို့ရှေ့ရေးနဲ့ မျက်ဝါးထင်ထင်တွေ့မြင်နေရတဲ့ မြင်ကွင်းကို နှိုင်းယှဉ်ကာ ရင်ထင်မှာ ဟာ လာ သလိုလိုပါပဲ။

 

ဘာဂင်ဘူတာကနေ ကျောင်းရောက်ဖို့ ၁၀ မိနစ်ခန့် လမ်းလျှောက်လာကြစဉ် မိမိပါလာသည့် အထုတ်ကို သူကပင် ကူသယ်ယူပေးဖို့ ကြိုးစားသေးတယ် ၊ သူ့စိတ်ထား ဘယ်သို့ မသိသော်ငြား သူ့နှုတ်ဖျားကတော့  ဈေးသွားသည့်အခါ ဈေးကုန်အနည်းငယ်ကိုသော်မျှ ကြာရှည်မကိုင်နိုင်ခဲ့ပါဘူးတဲ့..စေတနာ သဒ္ဓါက စကားပြောလာတော့လဲ မောတာကိုတောင် သတိမရနိုင်ပဲ   မိမိကိုပင် ကူချင်ရှာသေးခဲ့တဲ့ ဒကာမကြီးရဲ့ စေတနာ မေတ္တာစွမ်းအား နောက်မှာ ဘာတွေ ရှိနေသလဲ တွေးကြည့်မိတော့…. အဖြေက တော်တော်နဲ့ ထွက်မလာခဲ့ပါဘူး။

 

● တောနေ မြို့နေ အခက်တွေနဲ့

မိမိတို့ဒေသမှာတော့ နယူးယောက်မှာကဲ့သို့  လိုင်းကား ၊ မြေပေါ် မြေအောက်ရထားများ မရှိလေတော့ ကိုပိုင်ကားလေးတွေ အသုံးပြုသွားလာကြတာများပါတယ် ၊ ဒီတော့ ကျောင်းကန်ဘုရား အရောက်သွားပြီး တရားဘာဝနာ ပွားများဖို့ဆိုရင် သား သမီးတွေအားမှ ပို့မှ ရောက်ကြရပါတယ် ဒီတော့ တော်တော်နဲ့ ကျောင်းမရောက်ကြဘူးပေါ့ ။ ထို့အတူ အမေရိကန်မှာ အခြေချစတွေ များတာမို့အခြေကျအောင် ကြိုးစားနေကြချိန်မှာ ဘာသာရေးဆိုင်ရာ သင်တန်း နဲ့ တရားဓမ္မတွေ သင်ကြားပြသ ပို့ချ နိုင်အုံးတော့ လာရောက်သင်ယူသူ ရှားပါးနေတတ်ပါတယ် နယူးယောက်မှာတော့ သွားရေးလာရေးက မခက်ခဲပေမဲ့ ဆောင်းရာသီကာလ စနိုးကျတဲ့အခါ မိုးရွာနေတဲ့အခါများဆို အခက်ခဲ အနဲငယ် ရှိတာပါပဲ။

 

● တရားဟောရန် မိန့်ကြားပြန်

ကျောင်းရောက်ပြီး ဆရာတော်တွေ နှုတ်ဆက် ကန်တော့ပြီး မကြာမီ ဦးတင်အောင်ရှိန် က ဆရာတော်တွေ ထံ လာရောက် မေးလျှောက်တယ် ၊  ဒီညနေ တရားဘယ်သူဟောပါမလဲ တဲ့ .. ဖလက်ဒပီးယား ဆရာတော်နဲ့ ကျောင်းနေ ဆရာတော်တွေက မိမိအား ဒီညနေ တရားဟော လိုက်ပါ လို့  ဆင့်ကဲမိန့်ကြားလာပါတယ် မိမိမှာခရီးသွားနေစဉ်မို့ အဆင်သင့် နှလုံးသွင်းထားသည့် ဟောစရာတရား မရှိလို့ ခွင့်ပြုနားလည်ပေးဖို့ လျှောက်ထားပေမဲ့ ကြုံတုန်းဟောပါ ထပ်မိန့်ကြပြန်ပါတယ် ၊ ခေတ္တ အနားယူ ပြီး ဟောမည့် တရား နှလုံးသွင်းမယ်ကြံပြန် တော့ ဧည့်သည်တွေရောက်လာ နှုတ်ဆက် စကားပြောနေတာနဲ့ ဘာစာမှ မကြည့်ဖြစ်ပြန်ပါဘူး

 

● တရားစပြီ  တလည်လည်

ဒီလိုနဲ့ ညနေ (၆း၃၀)အချိန်မှာ လောကချမ်းသာကျောင်းတော်ရဲ့ အပါတ်စဉ် စနေ ဓမ္မသဘင် စတင်ခဲ့ပါတယ် ၊ ပလ္လင်ဆက်ဝေးတာရယ် ၊ဓမ္မကို အဆင်သင့် နှလုံးသွင်းထားခြင်း မရှိတာရယ်က စိတ်ကိုယောင်ချာချာဖြစ်စေခဲ့ပါတယ်  ပြောလိုတာတခြား နှုတ်ဖျားက ထွက်သွားတာက တစ်ခြား တွေ ဖြစ်နေတာ သတိထားမိတယ်  ၊  ငယ်စဉ်က သင်အံကျက်မှတ်ထားတဲ့ ပိဋကတ်တော်လာ ဂါထာ စုဏ္ဏိယ ပါဠိတော်များကလဲ အလေ့အလာ နဲ့ အဖန်ဖန် ရွတ်ဖတ်မှု အားနဲတဲ့သင်္ကေတပဲ ထင်ပါရဲ့.. ခေါင်းထဲရော နှုတ်ထဲမှာ အော်တို ဝင်မလာချေဘူး  ၊ ပရိသတ်က ဓမ္မကို နားရည်ဝပြီးသူတွေ မို့ နိဗ္ဗာန်ရောက်ရန် နည်းလမ်းမှန်ကို အခြေခံ ဟောပါဘုရား တဲ့.. ကဲ ခက်ချေပြီပေါ့ ။

 

● နိဗ္ဗာန်ရောက်ရန် နည်းလမ်းမှန်

သတိပဋ္ဌာန် သုတ္တာန်မှာတော့ နိဗ္ဗာန်ရာက်ကြောင်း နည်းလမ်းကောင်းကို ဘုရားရှင်ကိုယ်တိုင် နှုတ်တော်မှ ထုတ်ဖေါ်ဟောကြားထားခဲ့လေရဲ့…ဒါကတော့ ကာယ ဝေဒနာ စိတ္တ ဓမ္မလို့ခေါ်ဆိုတဲ့ သတိပဋ္ဌာန် လေးပါး ဝိပဿနာတရားကို မပြတ် ရှုမှတ်ပွားများခြင်း ပါပဲတဲ့။  မိမိရဲ့ သန္တာန်မှာ ထင်ရှားရှိနေတဲ့ ရုပ် နှင့် နာမ် အဖြစ်အပျက်ကို ညာဏ်သက်ဝင် ဆင်ခြင်ရှုမှတ်လို့ ရလာတဲ့ တဒင်္ဂအငြိမ်းဓါတ်ကနေ ကိလေသာ ခန္ဓဝဋ်ဒုက္ခ ချုပ်ငြိမ်းရာမှန် နိဗ္ဗာန်ရောက်သည်အထိ ကျေးဇူးပြုပေးနိုင်တဲ့ တရားတွေပါပဲ။

 

ဒီနည်းအားဖြင့် ရှုမှတ်ပွားများမှု များလေလေ သမာဓိတွေ ရလာလေလေ ဉာဏ်တွေ ဖြစ်ပေါ်လာလေလေဖြစ်ကာ ဝိပဿနာဉာဏ်အဆင့်တွေ မြင့်လာမှာ မလွဲပါဘူး ၊ ဒီလို ရှုမှတ်ပွားများနေတဲ့အခိုက်မှာ ကြမ်းတမ်းတဲ့ကိလေသာတွေ ငြိမ်းနေတတ်တာမျိုးမို့ တရားထိုင်နေခြင်းကာလ တစ်ခဏကို တဒင်္ဂနိဗ္ဗာန်လို့တောင် တင်စားလိုက်ချင်ပါတယ် အဲဒီတဒင်္ဂနိဗ္ဗာန်လေးတွေ ဆင့်ကာဆက်ကာ မပြတ်ဖြစ်ပေါ်လာရာမှနေ ထာဝရနိဗ္ဗာန်ထာဝရငြိမ်းချမ်းမှုကိုရနိုင်ပါကြောင်း စသည် စသည်ဖြင့် ဟောကြားဖြစ်ပါတယ်။

 

● လူတိုင်းကျင့်ရန် ခက်ခဲပြန်

ဒီလောက်ကောင်းတဲ့ မြတ်ဘုရားရဲ့ မြတ်တရားတော်တွေ ကို အဖေါ်ပြုနေခွင့်ရကြတဲ့သူတွေက အနဲအပါးပဲ ဖြစ်ပါလိမ့်မယ်၊  ကြည့်လေ ကမ္ဘာ့လူဦးရေ သန်း (၇၀၀၀) ကျော်မှာ ဗုဒ္ဓဘာသာဝင်က သန်းပေါင်း (၃၀၀) ကျော်သာ ရှိတယ် မလား ၊ ဒီ အထဲမှာလဲ တကယ့် စစ်မှန်တဲ့ သဒ္ဓါဗုဒ္ဓဘာသာဝင်က ဘယ်လောက်ရှိနိုင်မလဲ.. ပညာ ဗုဒ္ဓဘာသာ ဝင်ဆို လက်ချိုးတောင် ရေတွက်ကောင်း ရေတွက်နိုင်တဲ့ အနေအထားလို့ ထင်ပါတယ် ၊ များသောအားဖြင့် မိရိုးဖလာ ကမ္မသကတာ ဗုဒ္ဓဘာသာဝင်များပေမို့ အဆင့်မြင့်မြင့်ကျင့်ကြံ အားထုတ်ရန် မဆိုထားဘိ ၊ အခြေခံ သော်မှ တကယ် ဘာမှ တိတိကျကျ မသိကြသူတွေ များလွန်းလှတယ် ဆိုရင် လွန်အံ့မထင်ပါဘူး

 

● ကုသိုလ်အားနဲ …ကျင့် ခက်ခဲ

ဃရာဝါသ ကိစ္စများမြောင် လူတို့ဘောင် လို့ဆိုတဲ့အတိုင်း လူ့ဘောင်လောကဟာ သားရေးသမီးရေး စီးပွားရေး စတဲ့ ကိစ္စတွေများပြားလွန်းလှပါတယ် ၊ ဒီအထဲမှာ အတိတ်က ပြုဘူးတဲ့ ကုသိုလ်ကံအထူး အားနဲခဲ့မယ်ဆိုရင်တော့ ဆင်းရဲနွမ်းပါး လူမွဲများဘဝ ရောက်ကြရပြီး အစစ အခက်ခဲနဲ့ကြုံရပြန်တာပေါ့၊

 

အဲဒီလို မပြည့်မစုံနဲ့ လောကအလယ် မျက်နှာငယ်စွာ ရပ်တည်ရပြီဆိုရင် ဒါနဆိုတာလဲ မပြုနိုင် ၊ စာရိတ္တသီလ ဝါရိတ္တသီလတွေကိုလဲ မကျင့်သုံးမဖြည့်ဆီးနိုင် ဖြစ်ရပါတော့တယ်။  အခြေခံဖြစ်တဲ့ ဒါန အားနဲခဲ့တော့ ဥစ္စာနည်းပါး လူမွဲများကြားမှာ ပေါက်ဖွားပြီး အကျင့်သီလ အားလဲနည်းသွားတတ်ပြန်ရော… အမြင့်ဖြစ်တဲ့ သမထ ဝိပဿနာ ဘာဝနာတွေ ပွားများဖို့အရေးဟာ အတိတ်ကုသိုလ်ကံ နဲရင် နဲသလောက် အခက်ခဲရောက်နေတော့တယ်လို့ပဲ ကောက်ချက်ချရမလိုပါပဲ ၊ အမေရိကန် ရောက်နေကြရပေမဲ့ စား၊ဝတ်နေရေး ၊ ကျန်းမာရေး စသည့် အခက်ခဲတွေ တွေ့နေကြုံနေကြတာဟာ တစ်ဘက်က ကုသိုလ်ကံ အားနဲလို့ ဟု ယူဆနိုင်မယ်ထင်ပါရဲ့  ။ဒီလိုဆိုရင် ဘဝအဆင့်မြင့်ဖို့ ကုသိုလ်ကံဆင့်ပေးကြစို့လို့ တိုက်တွန်းဆန္ဒပြုလိုက်ချင်တာပါ ။

 

● နည်းလမ်းသိက … လွယ်ကူလှ

တကယ်တော့ မြတ်ဘုရားရဲ့ မြတ်တရားတော်တွေမှာ ကုသလကမ္မပထ တရားဆယ်ပါးဆိုတာ ထင်ရှားစွာ ရှိနေတာကို သတိမမူမိသလို ဖြစ်နေကြတာပါ .. ကုသိုလ်ဆယ်ဆင့် ပန်းသုံးပွင့် လို့ ဆိုရမဲ့ အဲဒီကျင့်ဖွယ်ရာ တရားဆယ်ပါးမှာ ..ဒါန.သီလ . ဘာဝနာ. တို့က အဓိက ကျပေမဲ့ သူတို့ရဲ့ ဆင့်ပွား  ကုသိုလ်ဖြစ်ခွင့်တွေက  များလှပါတယ် ၊ အိမ်မှာရှိနေတဲ့ မိဘနှစ်ပါးနဲ့အတူ ဘုရားခန်းမှာ ရတနားသုံးပါးတို့ရဲ့ ဂုဏ်တော်အစုံကို အာရုံယူပြီး ရိုသေစွာ ပြုမူ ပြောဆို နေထိုင် လုပ်ကိုင် ကျွေးမွေးနေခြင်းဟာလဲ သီလ ကုသိုလ်ထဲ အကျုံးဝင်နေတာပါပဲ ၊

ကိုယ်တိုင်ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေရဲ့ အဖို့ဘာဂတွေကို အမျှဝေခြင်း ၊ အမျှဝေသံ ကြေးစည်သံကြားရတဲ့အခါ သာဓုအနုမောဒနာ ခေါ်ဆိုကြခြင်း စသည်တွေဟာလဲ ဒါန ကုသိုလ်ထဲ အကျုံးဝင်နေတာပါ ၊ ဒီနည်းတူ မြတ်ဗုဒ္ဓရဲ့ မြတ်ဓမ္မဒေသနာတွေကို သေချာလေ့လာနေတာ မှတ်သား နာယူနေတာ တွေ လေ့လာသိထားသမျှလေးတွေကို ပြန်လည်ပြောပြ မျှဝေနေတာ၊ မိမိဘဝရဲ့ အရှိတရားကို သတိထားပြီး အသိများနဲ့ ဆင်ခြင်သုံးသပ်နေထိုင်တတ်တာ စသည်စသည်ဖြင့် မိမိဘဝလမ်းကြောင်း တိမ်းစောင်းမသွားအောင် ကြိုးစားဆောင်နေခြင်း သည်ပင် ဘာဝနာကုသိုလ်ထဲ အနဲနဲ့ အများ အကျုံးဝင်နေတာပါပဲလို့ နားလည်ရမှာပါ ။  ဒီတော့ စည်းကမ်းရှိရှိနေ တတ်ပြီး နည်လမ်းတွေသာ ဖွေရှာသိကြမယ်ဆိုရင် ခက်ခဲတဲ့အရာတွေဟု ဆိုလို့မရပြန်တော့ပါဘူး ။

 

● ကုသိုလ်များလေ ကံကောင်းလေ

ရှေးကုသိုလ်ကံ ပံ့ထောက်မှုကောင်းလို့ လူသားအဖြစ်ကို ရောက်ရှိလာကြတဲ့ မိမိတို့အားလုံးဟာ ဒီဘဝမှာလဲ လူတိုင်းပင် ကံကောင်းချင်ကြ တာပါပဲ.. စား ဝတ် နေရေး မပူအေးမြ အနေလှဖို့ ကြိုးစားနေကြပေမဲ့ တဘက်က ကုသိုလ်ကံ၊မဖေးမလို့ ဒုက္ခစက်ကွင်းဘေးက မလွတ်ကင်းသေးကြသူတွေကလဲ အများသားပါ ၊

 

မိမိတို့ရဲ့ အားလပ်ချိန်တွေမှာ ကုသိုလ်ပြုလုပ် အားထုတ်ဖို့မှာ တွန့်ဆုတ်နေတတ်ကြပေမဲ့ အကုသိုလ်အရေးမှာတော့ အတွေးရဲ အပြောရဲ နဲ့ လုပ်ရဲသူတွေ များနေတာမို့ ကမ္ဘာလောကကြီးဟာ ဒုက္ခတုံးကြီးအသွင်ပင်ထင်ရလောက်အောင် အပူတွေ ဆင်းရဲတွေ သောကတွေနဲ့ ပြည့်နေလေရဲ့ပေါ့ ၊ ဒီတော့ ကံကောင်းသူတွေ ကြည့်ရင် ကုသိုလ်ကံတွေ ပွားများနေသူတွေ ဖြစ်နေတာ တွေ့ရမှာပါ ၊ ခုကုသိုလ် မဟုတ်သော်မှ ရှေးက ပြုဘူးတဲ့ ကုသိုလ်ကံအကျိုးပေးတွေ ဖြစ်ပါလိမ့်မယ်၊

 

● ကံကောင်းရအောင် ကုသိုလ်ဆောင်

အဝေးဆုံးသော ခရီးရဲ့ အစသည် ပထမဆုံးသော ခြေလှမ်း ဖြစ်ပါသတဲ့ ၊ နိဗ္ဗာန်မဂ်ဖိုလ် ဆိုတာ ရက်တိုတိုနဲ့ ရလိုပါကြောင်းဆုတောင်းနေရုံမျှနဲ့ရတဲ့အရာမဟုတ်လေတော့ ကိုယ်တိုင် ကြိုးစား အားထုတ်နေရအုံးမှာပါပဲ ၊  ဒီလို ကြိုးစားတဲ့ နေရာမှာ လှူနိုင်တန်းနိုင် လူတန်းစေ့ နေနိုင်ဖို့ ဒါန ကုသိုလ် လိုပါတယ် ။  မိမိနဲ့ထိုက်တန်တဲ့ စီးစိမ်ချမ်းသာကို ကျန်းကျန်းမာမာ ခံစားသုံးဆောင်နိုင်ဖို့ သီလ ကုသိုလ် လိုပါတယ် အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုးကို ညာဏ်နဲ့ချိန်ထိုးပြီး အမှန်အတိုင်း သုံးသပ်ဆုံးဖြတ် လုပ်ကိုင်တတ်ဖို့ ဘာဝနာ ကုသိုလ် လိုပါတယ်  ။ ဒီလို ဒါန သီလ ဘာဝနာဆိုတဲ့ ကုသိုလ်တွေကိုသာ မိမိသန္တာန်မှာ တည်လာ မှီလာ ဖြစ်တည်လာအောင် ကြိုးစားအားထုတ်နေမယ်ဆိုရင် ကုသိုလ်ကံအကျိုးပေးကောင်းလာမှာပါ  နောက်ပြီး ကြံတိုင်းအောင် ဆောင်တိုင်းမြောက် လို့ လိုတိုင်းတ၊ တ..တိုင်းရကာ ဆန္ဒနဲ့ ဘဝ ထပ်တူကျလို့ ပျော်ရွှင်ဖွယ် ဘဝကို ရနိုင်ကြတော့တာပါပဲ ။ ဒီတော့ ကံကောင်းအောင်ဆိုပါရင် ကုသိုလ်ကို ဆောင်ဖို့ လိုတယ်ဆိုတာ ထင်ရှားသွားပါတယ်။

 

● ကုသိုလ်ဆိုတာ ဒီလိုပါ

ကုသိုလ်ဆိုတာ ကောင်းမှုလို့ လူတိုင်းသိကြပါတယ်။ ပြုစဉ်လဲကောင်း ပြုပြီးကောင်းလို့ နောက်ကြောင်းအေးစေတဲ့အမှု လို့ ပြောရင် ရမယ် ထင်ပါတယ် ၊ ကောင်းသလို အပြစ်လဲ ကင်းရမှာပါ ဒါဆိုရင်ဖြင့် အပြစ်ကင်းပြီး ကောင်းကျိုးချမ်းသာ အဖြာဖြာကို ပေးစွမ်းနိုင်တာတွေကို ကုသိုလ်လို့ဆိုရမယ် ကုသလံ စိတ္တံ အကုသလံ စိတ္တံ စသည့် ဒေသနာကို ထောက်ရင် ကုသိုလ်ဆိုတာ စိတ်ရဲ့ အမည်လို့ ပြောရပါမယ် ဒီလိုဆိုရင် စိတ်ကောင်းနဲ့ယှဉ်ပြီး ကြံစည် ပြောဆို ပြုလုပ်တာ မှန်သမျှ ကုသိုလ်လို့ ပြောရမလား စဉ်းစားစရာဖြစ်နေပါတယ်  ၊ သေသေချာချာသိတဲ့သူနည်းပါတယ်။ကုသိုလ်အကြောင်းကိုသေသေချာချာ သိဖို့ဆိုရင်- ကုသလံ- အန၀ဇ္ဇ သုခ၀ိပါက လက္ခဏံ၊- အကုသလံ ၀ိဒ္ဓံသန ရသံ (စိတ္တုပ္ပါဒကဏ္ဍ၊ ဓမ္မသင်္ဂဏီ အဋ္ဌကထာ၊ စာမျက်နှာ- ၁၀၃) အဖွင့်တွေကို လေ့လာနိုင်ပါတယ်

 

● စိတ်ထားတတ်မှ ကုသိုလ်ရ

ကုသလံ- ယောနိသော မနသိကာရပဒဋ္ဌာနံ..ဟူသော ဒီအဋ္ဌကထာဒေသနာ အဖွင့်အရဆိုရပါလျှင် တကယ့် ကုသိုလ်ဖြစ်ရခြင်း အနီးဆုံး အကြောင်းရင်းက ယောနိသော မနသိကာရပါ။

 

အယောနိသော မနသိကာရ နှလုံးသွင်း မမှန်ရင် ကုသိုလ်မဖြစ်ပါဘူး။ အပေါ်မှာပြောခဲ့သလို “ကုသလ ကမ္မပထ ၁၀ ပါး ” မှာ ကြိုက်ရာကို လုပ်ပါ၊ ဒါန ပြုချင် သလောက်ပြု၊ သီလ စောင့်ချင် သလောက် စောင့်၊ သမထ၊ ၀ိပဿနာ အားထုတ် ချင်သလောက် အားထုတ် နှလုံးသွင်း မမှန်ရင် ကုသိုလ် မဖြစ်ပါဘူး။ ကုသိုလ်ရချင်တဲ့ သူတော်ကောင်းတို့ အတွက် ကုသိုလ်ဖြစ်ဖို့ အကြောင်းအရင်းတွေမှာ ဘာအဓိကကျသလဲ ဆိုရင် နှလုံးသွင်းမှန်ဖို့က စိတ်ထားတတ်ဖို့ကအဓိက ကျပါတယ်လို့ခေါက်ချက်ချရရမည်သာဖြစ်ပါတော့တယ်။

 

● ကုသိုလ်လုပ်တာ သုံးခုပါ

ဒီကုသိုလ်က အလုပ်သုံးမျိုးကို ပြုလုပ်ပါတယ် အဲဒါတွေကတော့

၁) အကုသိုလ်ကို ငုံ့ရှောင်သွားအောင် ဆိုးကျိုးတွေ မပေးအောင် ဖိထားတယ်။ (သီလ)

(၂) အကုသိုလ်ကို ရှောင်ထွက်သွား အောင်၊ ကံဆိုးအမျိုးမျိုး ရောက်မလာအောင် မောင်းထုတ်တယ်။ (သမာဓိ)

(၃) အကုသိုလ်ကို သေသွားအောင် ၊ မတော်တဆ ပြုမှားခဲ့တဲ့အကုသိုလ်ကံကြွေးတွေကို အကျိုးမပေးနိုင်တော့အောင် သတ်ပစ်တယ်။ (ပညာ)တို့ဖြစ်ပါတယ် ဒီ သီလ သမာဓိ ပညာ တို့သည်ပင် နိဗ္ဗာန်ရောက်ကြောင်း အခြေခံကောင်းတွေပဲ မလား ၊ ဒီတော့ကာ နိဗ္ဗာန်ရောက်ရန် နည်းလမ်းမှန် တို့တွင် ကုသိုလ်ဖြစ်အောင် သတိဆောင်နေခြင်းလဲ အဓိက နေရာက ပါနေလိမ့်မယ်လို့ ယူဆပါတယ်

 

● အဖြေရပြီ စိတ်လည်းကြည်

နယူးယောက်မြို့ လောကချမ်းသာကျောင်း အပါတ်စဉ် စနေညချမ်းတရားပွဲလေးမှာ မျှဝေဖြစ်တာလေးတွေ ပြန်တွေးပြီး ရေးနေမိတာ တော်တော်များသွားပါပြီ ၊ ဘူတာအဆင်းမှာ တွေ့လိုက်ရတဲ့ ဒကာမကြီးသည်လည်း အသက်ပင်ကြီးသော်လည်း ကုသိုလ်တွေ စုစည်းနေရတာ ကုသိုလ်ရိက္ခာ ရှာဖွေနေရတာ အားမရလို့ခုလို အသက်အရွယ်ထိ ကျောင်းတော်ကိုလာ ကုသိုလ်ရှာနေတာလို့ အဖြေထွက်ခဲ့ပါပြီ ၊ ထိုနည်းတူစွာပင် အပါတ်စဉ်ဆိုသလို မိမိတို့ရဲ့ ကိုယ်ပိုင်အားလပ်ချိန်တွေကို ကုသိုလ်ရနိုင်တဲ့ဘက်မှာ နှစ်မြုပ်ကာ ပညာလဲ ရှာ ကုသိုလ်လဲပြုနေတဲ့သူတော်စင် တစ်စုဟာ နိဗ္ဗာန်သွားမည့် ခရီးလမ်းအတွက် ကုသိုလ်ရိက္ခာတွေ စုဆောင်းနေကြတာပါလားလို့ အဖြေထွက်ခဲ့ပါတယ် ။ ဤသူတော်စင် တစ်စုနဲ့ ဆရာတော်များရဲ့ ကုသိုလ်အငွေ့အသက်တွေက ကိုယ့်အပေါ်ကို ဖြန်းပက်လာတဲ့အခါ မိမိမှာလဲ ခရီးပန်းလာပေမဲ့ အနွမ်းပြေခါ စိတ်ရောကိုယ်ပါ ရေထိတဲ့ ပန်းသဖွယ် လန်းဆန်းလျှက်လာပါတော့တယ်။

 

● ကုသိုလ်သည်သာ ကိုယ့်ရိက္ခာ

တောင်းဆိုလာတဲ့ တရားက နိဗ္ဗာန်ရောက်ရန် နည်းလမ်းမှန် ဖြစ်ပေမဲ့ ကြံဖန်ချဲ့ကား ဟောကြားမိတာက ကုသိုလ်သည်သာ ကိုယ့်ရိက္ခာ လို့ပါ .. စေ့စေ့တွေးမှ ရေးရေးပေါ် ဆိုသလိုပါပဲ သေချာ စိစိစပ်စပ်တွေးကြည့်ပါသော် နိဗ္ဗာန်ရည်မှန်းပြီး လျှောက်လှမ်းနေတဲ့လမ်းမှာ မပူမပင် မတောင့်မတ မကြောင့်မကြရပဲ နေလို ထိုင်လို ကျင့်ကြံလိုပါတယ်ဆိုရင် ကုသိုလ်ရိက္ခာက မဖြစ်မနေကို လိုပါတယ် ဒီရိက္ခာမပါခဲ့ရင် သံသရာမှာ ကျင်လည်ရသည့်အခါမှာလဲ မျက်နှာငယ်ရသလို မရှိလို့ မလှူ – မလှူလို့ မရှိ ဖြစ်ကာ ဆင်းရဲသံသရာမှာ လည်နေအုံးမှာပါပဲ ထို့အပြင်  ဒါနဆိုတဲ့ မြေပေါ်မှ သီလတိုင်ထူကာ ဘာဝနာသံမှုစွဲပြီး ဝိပဿနာနဲ့ ခေါင်ချုပ်လုပ်နိုင်ဖို့ ဝေးနေအုံးမှာမို့နိဗ္ဗာန်နဲ့ ဝေးနေအုံးမှာပဲ လို့ ဆိုပါရစေ။

 

အချုပ်အားဖြင့်ဆိုသော် နိဗ္ဗာန်ရောက်ရန် နည်းလမ်းမှန်တို့ရဲ့ အခြေခံသည် ကုသိုလ် လို့ ခေါ်ဆိုရတဲ့ ဒါန၊ သီလ ၊ ဘာဝနာ ၊ စတဲ့ ကောင်းမှုကုသိုလ်များသာ ဖြစ်ပါကြောင်း ..ဒီကုသိုလ်စစ်စစ်တို့ရဲ့ ဖြစ်ရာဖြစ်ကြောင်းကတော့ စိတ်ထားတတ်ဖို့သာ ပဓာနကျပါကြောင်း ပြောကြားရင်း နိဗ္ဗာန်ရောက်ရေး အခြေခံအတွေးလေးတွေကို ဤမျှဖြင့် နိဂုံးချုပ်လိုက်ပါရစေ  …။

မေတ္တာသီသေန စိတ္တေန 
ဇေယျသုခ အရှင်နန္ဒဝံသ (ရမည်းသင်း)
ခေတ္တ–လောကချမ်းသာကျောင်း၊ နယူးယောက်မြို့ ၊ အမေရိကန်နိုင်ငံ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts