ရသဆောင်းပါးစုံ လူများ၊ ရုပ်ပုံလွှာများ ငြိမ်းချမ်းအေး

နန်းကျ ဧကရာဇ်ကြီးရဲ့ ရွှေရတု ခရီး

ငြိမ်းချမ်းအေး
မိုးမခ
ဇန္နဝါရီ ၂၁၊ ၂၀၁၄

 

ဇော်ဝင်းထွဋ် (၁၉၆၄-)
ဓာတ်ပုံမျှဝေသူ – မျိုးသော်ထွန်း

ဒီကနေ့ဟာ တခေတ် တခါက ရော့ခ်သီချင်း အပြင်းစားများ နဲ့ လူငယ် အများအပြား ရဲ့ ရင်ဘတ်နှလုံးသား ကို သိမ်းပိုက် နန်းစိုက်နိုင်ခဲ့တဲ့ ဗမာ့ဂီတလောက ရဲ့ အထင်ကရ ကြယ်ပွင့် ဇော်ဝင်းထွဋ် ရဲ့ ရွှေရတု မွေးနေ့ မင်္ဂလာ အချိန် ဖြစ်ပါတယ်။  နှစ်ငါးဆယ်ပြည့် ဆိုတာဟာ လူ့ဘဝ မှာ ရာစု ဝက် ခရီး ဖြတ်သန်းခဲ့ပြီး ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တဲ့ အတွက် လူတိုင်း အတွက် အရေးပါလှပါတယ်။  အထူးသဖြင့် ချစ်စနိုး အိမ်နာမည် “ကိုညီထွဋ်” လို့ လူအများ ခေါ်ကြတဲ့ “ဇော်ဝင်းထွဋ်” လို ဘဝမှာ မှတ်တိုင်တွေ အများအပြား စိုက်ထူနိုင်ခဲ့သူ ဂီတပညာရှင်၊ အဆိုကျော် တယောက် အတွက် ပိုလို့ အရေးပါနေမယ် ယူဆပါတယ်။

 

ဧကရာဇ် တေးဂီတ အဖွဲ့ ကို တည်ထောင်ကာ ၁၉၈၀ လယ်/နှောင်း နဲ့ ၁၉၉၀ လူငယ်ထု ပရိသတ် ကို အုပ်စိုး သိမ်းပိုက် မင်းမူနိုင်ခဲ့တဲ့ ဇော်ဝင်းထွဋ် ဆိုတဲ့ ဗမာ့ ရော့ခ် ဂီတ ဧကရာဇ်ကြီး တပါးရဲ့ ရွှေရတု ခရီး ဟာ အချိုး အကွေ့၊ အနိမ့်အမြင့်၊ အတက်အကျတွေ ပြည့်နေပါတယ်။  ဒါ့အပြင် လူ့ ဘဝ သက်တမ်း နှစ်ငါးဆယ် ဖြတ်သန်းခဲ့ရာမှာ ကိုညီထွဋ် ဟာ လူသားတဦးသာ ဖြစ်တဲ့ အတွက် အမှားတွေ၊ အမှန်တွေ၊ ချီးမွမ်းဖွယ်တွေ၊ အပြစ်တင် ဝေဖန်ချင်စရာတွေ အမျိုးစုံ ရောပြွန်းရှိနေမှာပါပဲ။

 

ဒါပေမယ့် ဂီတ ဘဝ အစ Oasis ရဲ့ Player တယောက်၊ Drummer သမား ဘဝ၊ နောက် Oasis နဲ့ပဲ စတင်ထွက်ရှိနိုင်ခဲ့တဲ့  မာကျူရီည (၁၉၈၄) (အစ်ကို ဖြစ်သူ ဇော်မျိုးထွဋ် နှင့် တွဲ) က စလို့ အစဉ်တစိုက် တစိုက်မတ်မတ် လျှောက်လှမ်း လုပ်ဆောင်လာခဲ့တဲ့ ကိုညီထွဋ် ရဲ့ ဂီတ အလုပ်တွေ ဟာ ဗမာပြည် အတွက်၊ ဗမာ လူငယ်များအတွက် ကြီးစွာသော အကျိုးပြုခဲ့၊ ပြုနေပါတယ်။

 

အပြင်းစား နိုင်ငံခြား သံစဉ်တွေကို ယူငယ် ဗမာမှု ပြုခဲ့ရာ သူ့ ရဲ့ ဂီတ ဘဝ ခရီး အစဟာ တကယ်တော့ အောင်မြင်လှချည်းရဲ့ မဟုတ်ခဲ့ပါဘူး။  ၁၉၈၄-၈၅-၈၆-၈၇ ခုနှစ်များ မှာ တနှစ်တခွေ နီးပါး တေးစု တွေ ထွက်နိုင်ခဲ့ပေမယ့် အားပေးသူ ပရိသတ် ကတော့ လူငယ် လူတစု လို့ ပဲ ဆိုနိုင်ခဲ့တယ်။  အထူးသဖြင့် ဗမာ့ ရိုးရာ ဂီတ ပုံစံ နဲ့ နား မှာ အင်မတန် အံမဝင် လှတဲ့ ကိုညီထွဋ် ရဲ့ ထူးခြားတဲ့ အက်ရှရှ အသံ နဲ့ မြင့်မားတဲ့ ဆိုဟန် ကြောင့် ပါ။

 

ဒါပေမယ့် ၁၉၈၈ ဝန်းကျင် ဒီ အသံ၊ ဒီ ဆိုဟန် နဲ့ လူအများ နားဝင်လာချိန်၊ တိုင်းပြည်မှာလည်း ကြီးမားတဲ့ နိုင်ငံရေး စနစ် အပြောင်းအလဲ အဖြစ်နဲ့ မဆလ စစ်အစိုးရ ပြုတ်ကျပြီး စပ်ကူးမပ်ကူး ကာလ၊ တံခါးဖွင့်ဝါဒ ပြန်လည်ကျင့်သုံး၊ ဗမာပြည် နဲ့ ကမ္ဘာ ပိုမို နီးစပ် ထိကပ်လာချိန်မှာတော့ ကိုညီထွဋ် ဟာ အကောင်းဆုံးတေးများ တေးစု၊ Rock တစ္ဆေ တေးစု၊ ရှင်သန်ခြင်း တေးစု တွေ နဲ့ ဗမာ့ ဂီတလောက မှာ လျှမ်းလျှမ်းတောက်လာခဲ့ပြီး ဗမာပြည်ကို သရဖူမဆောင်းတဲ့ ဂီတဧကရာဇ် အဖြစ် သိမ်းပိုက်လာနိုင်ခဲ့ပါတယ်။

 

တကိုယ်တော် ပထမ အခွေ လမ်းသစ် (၁၉၈၅) မှာကတည်းက လူမသိ၊ သူမသိ နဲ့ စတင် ပါခဲ့တဲ့ တေးရေးဆရာ သုခမိန်လှိုင် ရေး “ကောင်းကင်မေမေ” သီချင်း ဟာ ၁၉၈၈ အကောင်းဆုံးတေးများ ထွက်ချိန်မှာတော့ ဗမာပြည် တဝှမ်း နေရာအနှံ့ ပြန့်နှံ့ လူငယ်၊ လူကြီး မရွေး ကြိုက်နှစ်သက် လက်ခံ အားပေးလာခဲ့ကြတယ်။  “အီးညှစ်တဲ့ အသံနဲ့ သီချင်းဆိုနေတယ်” လို့ ယခင်က ကဲ့ရဲ့ခဲ့ကြသူ၊ လူကြီးများ ကိုယ်တိုင် “ကောင်းကင်မေမေ” ကို နှစ်သက်လာကြတယ်၊ “မာကျူရီည” ကို လက်ခံလာကြတယ်၊ “လောကဟင်းလင်းပြင်” ဆိုရင် မြန်မာ့ရုပ်မြင်သံကြား မှာတောင် လွှင့်ခွင့်ရလာတယ်။  ကိုညီထွဋ် ကိုယ်တိုင် နဲ့ Emperor အဖွဲ့သားများ သရုပ်ဆောင်ကြတဲ့ MTV အခွေတွေဟာ ၁၉၉၀ ဝန်းကျင် အချိန်မှာ တိုင်းပြည် အနှံ့ အောင်မြင်ခဲ့သလို အဲ့ဒီအချိန်မှာ အတော်ကျယ်ပြန့်နေပြီဖြစ်တဲ့ ဗွီဒီယိုရုံတွေမှာ အဖွင့် ဖျော်ဖြေမှု ကဏ္ဍ အနေနဲ့ နေရာယူလာခဲ့တယ်။

 

ဒီလိုနဲ့ လက်ဖက်ရည်ဆိုင် ကနေ စင်မြင့် ဖျော်ဖြေပွဲများ အထိ နေရာအနှံ့မှာ ကိုညီထွဋ် အသံ နဲ့ သီချင်းများဟာ ကြီးစိုးလာခဲ့တယ်။  ယခင်က သူ့ကို တွဲတင် အခွေတွဲ ထုတ်ပေးခဲ့ရသူ မူလ ဗမာ့ ရော့ခ်ဂီတဘုရားကြီးများ တချို့ကို ၁၉၉၀ ဦးနှစ်များမှာတော့ ကိုညီထွဋ် ဟာ ပြန်လည် တွဲခေါ် အခွေ အတူထုတ် ပေးနိုင်တဲ့ အဆင့် အထိ သူ့ရဲ့ အောင်မြင်မှု ဟာ ခိုင်မာလာခဲ့တယ်၊ သူ့ရဲ့ နေရာဟာ ကျယ်ပြန့်လာခဲ့တယ်၊ တကယ့် ကို ဧကရာဇ် တပါး ဖြစ်လာခဲ့ရတယ်။

 

၁၉၉၃ ခုနှစ်မှာတော့ လူငယ်တေးရေး သမား များ ဖြစ်တဲ့ (နောင်မှာလည်း နာမည်ကျော်လာမယ့်) မောင်မောင်ဇော်လတ်၊ အယ်လ်ဖြူ တို့ အပြင် နာမည်ရှိပြီး တေးရေးဆရာ ညီညီစံ ရေး ကိုယ်ပိုင်သံစဉ် သီချင်းတချို့ပါတဲ့ “နေရာသစ်” တေးစု ထွက်ရှိလာနိုင်ခဲ့သလို အောင်မြင်မှုဟာလည်း အထွတ်အထိပ် ရောက်လို့နေပြီ ဆိုနိုင်ပါတယ်။

 

နိုင်ငံခြားသံစဉ်မှီးများနဲ့ အင်မတန် အောင်မြင်နေချိန်မှာ ကိုယ်ပိုင်သံစဉ် လမ်းကြောင်းကို ရဲရဲဝံ့ဝံ့ စတင်လျှောက်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်၊ သတ္တိ နဲ့ အမြော်အမြင်ဟာ တကယ့် ကို အသိအမှတ်ပြု လေးစားစရာ ကိစ္စပါ။

 

နေရာသစ် တေးစုပါ ကိုယ်ပိုင်သံစဉ်၊ နိုင်ငံခြားသံစဉ်မှီး နှစ်မျိုးလုံး သီချင်းတွေရဲ့ အရေး၊ အဆို၊ အတီး ဟာ ဂန္တဝင်မြောက်လောက်အောင် ကောင်းခဲ့၊ ကိုညီထွဋ် နဲ့ Emperor အမာခံ ပရိသတ်များရဲ့ ချီးကျူး လေးစားမှု ခံရ၊ လက်ရှိ တိုင်အောင် သူတို့ အဖွဲ့ရဲ့ “အကောင်းဆုံး အခွေ” လို့ သတ်မှတ်ခဲ့ကြပေမယ့် စီးပွားရေး ဈေးကွက် သဘော မှာ အဲ့ဒီအချိန် ကပ်လျက်ထွက်ခဲ့တဲ့ သူ့ ရဲ့ နိုင်ငံခြားသံစဉ်မှီးများလောက်တော့ မပေါက်ခဲ့ပါဘူး။  ဘာပဲဖြစ်ဖြစ် ဇော်ဝင်းထွဋ် နဲ့ Emperor ဆိုတာ ကိုယ်ပိုင်သံစဉ် အပြင်းစား ရော့ခ်သီချင်းတွေမှာလည်း နိုင်ငံတကာ အဆင့်မီ ခပ်ပြင်းပြင်း၊ ခပ်ရှရှ ဆိုနိုင်၊ တီးနိုင်တယ်ဆိုတာကို ပြနိုင်၊ သမိုင်းမှတ်ကျောက်တင်နိုင်ခဲ့တယ်။

 

အဲ့ဒီ နှစ်ကာလ တဝိုက်မှာ နိုင်ငံခြား သံစဉ်မှီး အပြင်စား ဗမာ့ ဂီတလောက မှာ အခြား ကြယ်ပွင့် အများအပြားလည်း ထွန်းတောက်လာတယ်။  အထူးသဖြင့် လက်ရှိ အချိန်ထိ အောင်မြင်မှု ကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ ရော့ခ်ဘုရင် အသစ် တယောက် စတင် မွေးဖွားလာခဲ့တယ်။  ကိုယ်ပိုင်သံစဉ် ဗမာ့ ရော့ခ်ကဏ္ဍ အတွက်လည်း ကိုယ်တိုင် ရေးဆို ဖန်တီးနိုင်စွမ်းသူ ကြယ်ပွင့် အသစ်တချို့ ပေါ်ထွန်းလာခဲ့တယ်။

 

ဒါပေမယ့် ရော့ခ်ဧကရာဇ်ကြီး ကိုညီထွဋ် ရဲ့ တေးစုများက အောင်မြင်နေလျက်၊ ပန်းပန်လျက်ပါပဲ။

 

(နောက်ထပ်.. ဒါပေမယ့်.. )

 

ဒီ “ဒါပေမယ့်” ဟာ ကိုညီထွဋ် ရဲ့ အခြေတည်ပြီး အောင်မြင်မှုတွေကို ထိခိုက်စေမယ့် ဖြစ်ရပ်တချို့ အဲ့ဒီ နှစ်ကာလ အပိုင်းအခြားတွေမှာပဲ ဖြစ်ခဲ့ကြောင်းကို ဆိုမလို့ပါ။

 

တွေ့ဆုံမေးမြန်းခန်းတိုင်း လိုလိုမှာ သူဟာ ဆန္ဒ ရှိလို့၊ ယုံကြည်လို့၊ လုပ်ချင်လို့သာ ဘာ ပယောဂ မှ မပါ၊ သူ ဒီလို သီချင်းမျိုးတွေ လုပ်ခဲ့၊ ဆိုခဲ့တယ် လို့ ခိုင်ခိုင်မာမာ သူ့ရပ်တည်ချက်ကို အမြဲ ကာကွယ် ဆိုခဲ့တဲ့ သီချင်း တချို့၊ တေးစု တချို့ အတွက် အများ ပရိသတ် အမြင်မှာ ကိုညီထွဋ်  အပေါ် အထင်၊ အမြင် လွဲစရာ၊ ချစ်ခင် ကြည်ညို လေးစားမှု လျော့စရာ တွေ အဲ့ဒီ နှစ်တွေမှာ ဝမ်းနည်းဖွယ် ဖြစ်ပေါ်လာခဲ့တယ်။

 

ယုံလို့ ဆိုခဲ့.. ဆိုခဲ့၊ မှန်တယ် ထင်လို့ ဆိုခဲ့.. ဆိုခဲ့၊ အကြောင်း ကြောင်း တွေ ကြောင့် လုပ်ခဲ့ရ.. လုပ်ခဲ့ရ၊ ဘာကြောင့် ဖြစ်ဖြစ် ပရိသတ် အများ ရဲ့ လေးစား ချစ် ခင် အားပေးမှု လျော့ဖို့ ဖြစ်လာရခြင်း အဓိက အကြောင်းကတော့ “ကြက်သွန်လည်း ငရုတ်သီးနဲ့ ပေါင်းလို့ ရော အထောင်းခံရခြင်း” လို့ ဆိုနိုင်ပါတယ်။  သူ ဆိုတဲ့ သီချင်းတချို့ ဟာ လူထု ကို မုသာဝါဒ မှိုင်းတိုက်ရာ နေရာမှာ အမြဲမပြတ် မြင်နေ၊ ကြားနေ ဖြစ်ခဲ့ရတယ်။  တေးစု တချို့၊ သီချင်း တချို့ နဲ့ ပတ်သက်ပြီး ဆက်စပ်ရသူများဟာ လူထု လူအများရဲ့ အော့ကြောလန် မှု ကို ခံနေရသူတွေ ဖြစ်နေတယ်။  ဒီလို သဘောတွေကြောင့် ကိုညီထွဋ် ကိုပါရော လူအများဟာ ဖယ်ကြဉ်ချင်သလို ဖြစ်လာခဲ့ရတယ်။

 

ဒါမျိုး ဖြစ်စဉ် ကလည်း ဗမာပြည် မှာ အထူးအဆန်းတော့ မဟုတ်လှပါဘူး။  လူထု နဲ့ ဆန့်ကျင်ဖက် ဖြစ်နေသူများ နဲ့ ဘယ်လို အကြောင်းကြောင့် ဖြစ်ဖြစ် သွားရောယှက် ဆက်နွယ် မိရင် လူထုက အမြင်လွဲ၊ ပြန်လည် ဒဏ်ခတ် ခြင်း ခံရတာ ဟာ ဗမာပြည် မှာ ဖြစ်ရိုးဖြစ်စဉ် ပါပဲ။  အများပရိသတ် အပေါ် မှီတည် ရပ်တည် ရတဲ့ အနုပညာရှင်တွေ ရဲ့ ဖြစ်ရပ်တွေမှာဆို သိသာ၊ မြင်သာ အမြဲ ရှိလှပါတယ်။

 

ကိုညီထွဋ် ထက် ပို အသက်၊ ဝါကြီးသူ စတီရီယို ခေတ်ဦး ကတည်းက ဗမာ့ ဂီတလောက အပေါ် ကိုယ်ပိုင်သံစဉ် တေးသီချင်း အများအပြား နဲ့ ကျေးဇူးပြုခဲ့သူ ပဂေးကြီး တယောက် ဆိုရင်လည်း သူ့ရဲ့ မရှောင်လွဲနိုင်လို့ မသူတော်များနဲ့ ပေါင်းလုပ်ခဲ့ရတဲ့ ဂီတ အလုပ်တချို့အတွက် ပရိသတ်ရဲ့ ဒဏ်ပြန်တပ်ခြင်း က ၁၉၉၀ ခုနှစ်များမှာ ထင်ရှားမြင်သာခဲ့ပါတယ်။  ၁၉၇၀ နှောင်း အဆိုပါ ဗမာ့ ဂီတဘုရားတဆူ ပုဂ္ဂိုလ်ကြီး အောင်မြင်မှု မြင့်မားနေစဉ် ပုဂ္ဂလိက အားနည်းချက် ကိစ္စ တခု အတွက် တရားဥပဒေ ရဲ့ အရေးယူခံရချိန်မှာ ပရိသတ် ရဲ့ ချစ်ခင်၊ အားပေး လေးစားမှု က မပျက်ခဲ့တဲ့အပြင် သူ ဆိုခဲ့တဲ့ နိုင်ငံရေး အရောင်၊ အမျိုးသားရေး အရောင် ရှိတဲ့ သီချင်းတွေကြောင့် စစ်အစိုးရ က အကွက်ဆင် ခဲ့တာပဲလို့တွေး၊ ရိုသေ လေးစားမှုက ပိုတောင် ကြီးထွားလာခဲ့တယ်။  အဲ့ဒီ ဖြစ်စဉ် နဲ့ ပြောင်းပြန် ဆိုခဲ့တဲ့ ၉၀ ခုနှစ် ဖြစ်စဉ်မှာတော့ အများ ပရိသတ် လူထုဟာ အဆိုပါ ဂီတပညာရှင်ကြီးကိုလည်း ဒဏ်ခတ်ခဲ့တာပါပဲ။

 

ကိုညီထွဋ် လည်း အလားတူပဲ ၁၉၉၀ ခုနှစ်များ အလယ်ပိုင်းကာလ မှာတော့ ဆိုခဲ့တဲ့ လူ အထင်အမြင် မှားစရာ ဂီတ အလုပ်တချို့ အတွက် ပရိသတ်ရဲ့ ဒဏ်ခတ်ခြင်းကို ခံခဲ့ရတယ်၊ အောင်မြင်မှု ရေချိန် က တန့်ခဲ့ရတယ်။  အဲ့ဒီအချိန်မှာ ဗမာ့ အပြင်းစား ဂီတလောက မှာ အသစ် အာဏာ ရလာသူ ဘုရင် အသစ် (ခပ်ကင်းကင်းလည်း နေတတ်သူ) က လည်း ကိုယ်ပိုင်သံစဉ် တေးစု တချို့ စတင်ထွက်လာနိုင်တဲ့ အပြင် နိုင်ငံခြားသံစဉ်မှီးများကလည်း အထွတ်အထိပ် အောင်မြင် လာချိန်မှာတော့ ဗမာ့ ရော့ခ် ဧကရာဇ်ကြီး ကိုညီထွဋ် ဟာ တဖြည်းဖြည်း နဲ့ ဗမာ့ရော့ခ် ဂီတနန်းရင်ပြင်မှာ နန်းကျမင်းတပါး ဖြစ်လာခဲ့ရတယ်။

 

ကဏ္ဍ အစုံ က အနုပညာရှင်များ ယူတတ်ရင် ဒီလို ဖြစ်စဉ်တွေကနေ သင်ခန်းစား ယူနိုင်တယ်။  ရပ်တည်ချက် ပြဿနာ ဟာ လူ့ဘဝ ဖြစ်တည်မှု မှာ၊ လူ မှာ အင်မတန် အရေးကြီးတဲ့ အကြောင်း ကိစ္စ ဖြစ်တယ်။

 

ဆိုခဲ့တဲ့ ၁၉၉၀ နှစ်လည်များမှာ ကိုညီထွဋ် ဟာ တဖက်ကလည်း ချီးကျူး ဂုဏ်ပြုချင်စရာ ဂီတ အလုပ် အများအပြား လုပ်နိုင်ခဲ့တယ်။  ကိုယ်ပိုင်သံစဉ် တေးဂီတ ဖန်တီးမှုတွေကို ကိုယ်တိုင် စိတ်တိုင်းကျ ပြုလုပ် သီဆိုခဲ့တယ်။  ကိုယ်ပိုင် ကိုယ်တိုင် သံစဉ်ရှာ ဖန်တီးမှုတွေနဲ့ ကိုယ်ပိုင်သံစဉ် သီးသန့် တေးစု တွေ ထွက်ရှိလာနိုင်ခဲ့တယ်။  နိုင်ငံခြားသံစဉ်မှီး ကိစ္စ အစဉ်တစိုက် ဝေဖန်ခံလာရခြင်းကို ဂီတ ပညာရပ် နဲ့ ပြန်လည် ဖြေရှင်းမှု အနေနဲ့ ကိုယ်ပိုင်ဂီတဖန်တီးမှုကို အဲ့ဒီ ကာလ ပိုင်းကစလို့ အဓိက ဇောင်းပေး လုပ်ဆောင်လာခဲ့တယ်။  တကိုယ်တော်၊ အတွဲ၊ အုပ်စု နဲ့ နောက်ဆုံး ပေါ်လစီ သီချင်းလို့ လူအများ စွပ်စွဲကြတဲ့ သီချင်းများ အားလုံး နီးနီးဟာ ကိုယ်ပိုင်သံစဉ်တွေချည်း ဖြစ်ခဲ့တယ်။  ကိုယ်တိုင်သံစဉ်ရှာမှုတွေ အများကြီး ပါဝင်လာခဲ့တယ်။

 

ဒါ့အပြင် ရင့်ကျက်လာတဲ့ အသက်အရွယ်၊ ရရှိလာခဲ့တဲ့ အတွေ့အကြုံ ပညာတွေနဲ့ အတူ ကိုညီထွဋ် ဟာ ရော့ခ်ဂီတ အပြင် အခြား ဂီတပုံ သဏ္ဌာန် အသစ်တွေဘက်ကိုလည်း နယ်ချဲ့လာနိုင်ခဲ့တယ်။  ဂီတပုံစံစုံ ရောယှက်ဖန်တီး သီဆိုမှုတွေ ပိုမိုလုပ်လာနိုင်ခဲ့သလို ဗမာ့ ဂီတ မှာ ကျယ်ကျယ်ပြန့်ပြန့် သိပ်မရှိလှတဲ့ အာဖရိကန်-အမေရိကန်တွေရဲ့ ရိုးရာ ကျေးလက်ဂီတ Blues သီချင်း အများအပြားကိုလည်း ဖန်တီး သီဆိုလာခဲ့တယ်။  Blues ဂီတ ရဲ့ မပါမဖြစ် တူရိယာ တမျိုးဖြစ်တဲ့ Harmonica ကိုလည်း တေးသီချင်း များမှာ ကိုယ်တိုင် တီးမှုတ် ဖန်တီးပြလာခဲ့တယ်။

 

ဗမာပြည်ရဲ့ အထင်ကရ Drummer တဦးဖြစ်သူ ကိုညီထွဋ် ကို သူ့ရဲ့ Drums တီးဟန်တွေ၊ Percussions တီးသံတွေ အပြင် Harmonica ဂီတသံ အစွမ်းအတွက်လည်း အသိအမှတ်ပြုရမယ်လို့ ထင်ပါတယ်။

 

ကိုညီထွဋ် က ဂီတပညာရှင် ထူးအိမ်သင် ဆုံးတော့ အမှတ်တရ အနေနဲ့ “ငှက်ကြီး.. မင်းရဲ့..  Harmonica အသံလေးတွေ လွမ်းနေမယ်” ဆိုတဲ့ သဘောမျိုး ဆိုခဲ့ဖူးတယ်။

 

တကယ်တော့ ဗမာ့ ဂီတလောက မှာ ဂျေမောင်မောင်၊ ဇော်ဝင်းထွဋ်၊ ထူးအိမ်သင် တို့ ရဲ့ Harmonica နဲ့ တွဲ သီဆို ဖျော်ဖြေတတ်မှု ပုံရိပ်ဟာ အမြဲ စွဲထင် ကျန်ရစ်၊ အထင်ကရ ရှိနေမှာပါ။

 

ဒါတွေ အပြင် ၈၀ နှောင်း၊ ၉၀ လူငယ်များ ရဲ့ အသည်းစွဲ နန်းကျ ဧကရာဇ်ကြီး ရဲ့ ပြုပြင်ပြောင်းလဲ ယူရမယ့် ကိစ္စများကို ပြုပြင်ပြောင်းလဲ ယူနိုင်မှု၊ အမြော်အမြင် ရှိရှိ နဲ့ ကိုယ်ပိုင်ဂီတ ဖန်တီးမှုကို နောက်ပိုင်းတလျှောက် ပိုမိုဇောက်ချ လုပ်လာနိုင်ခဲ့မှုတွေဟာ တကယ် အသိအမှတ်ပြု လေးစားထိုက်ပါတယ်။  ဗမာ့ဂီတသမိုင်းမှာ အရေးကြီးတဲ့ ပညာရှင် အနေနဲ့ နေရာပေးထိုက်၊ မှတ်တမ်း ပြုထိုက်ပါတယ်။

 

ဆရာ မြသန်းတင့် က “ရွှေတိုင်ညွန့်” မပေါ်ခဲ့ဘဲ “ထား” မပေါ်နိုင်ဘူး၊ “ထား” မပေါ်ခဲ့ဘဲနဲ့ “ဇော်ဝင်းထွဋ်” ဆိုတာ ဖြစ်မလာနိုင်ဘူး လို့ ဆိုခဲ့ရင်း ရှေးဂီတစာဆို၊ ပညာရှင်များ ရဲ့ အကြောင်းအရာ မှတ်တမ်း များ စနစ်တကျ ပြုစုဖို့ လိုကြောင်း တိုက်တွန်းရေးသားခဲ့ဖူးတယ်။  ရွှေတိုင်ညွန့် လို၊ ထား လို ပဲ ဂီတ အမွေ ဆက်ခံ၊ ဗမာ့ ဂီတ သမိုင်းဝင်သွားခဲ့ပြီဖြစ်တဲ့ ဇော်ဝင်းထွဋ် နဲ့ အကိုဖြစ်သူ ဂစ်တာ အတီးပညာရှင် ဇော်မျိုး ထွဋ် တို့ ရဲ့ ဂီတဘဝ၊ လူမှု ဘဝ အကြောင်းချင်းရာ များကိုလည်း နောင် အနာဂတ် မှာ လူငယ်များ လေ့လာ ကိုးကား နိုင်ဖို့ရာအတွက် ယခုအချိန်မှာ စနစ်တကျ နဲ့ များများစားစား စာအုပ်၊ စာတမ်းတွေ ရှိဖို့ လိုနေတယ်လို့ ယူဆရတယ်။

 

မျက်မှောက်ခေတ်အထိ ခေတ်သစ် စတီရီယို ဂီတ လောက အတွက် မှတ်တမ်း၊ မှတ်ရာ ကိုးကားစရာဆိုလို့ စာနယ်ဇင်း အင်တာဗျူးတွေ၊ ဆောင်းပါးတွေသာ အများစု ဖြစ်နေတယ်။  စာအုပ် အနေနဲ့ ဆရာ နိုင်ဇော် (စာရေးဆရာ/ဆရာဝန်/ဗိုလ်မှူးကြီး) ရေးတချို့ပဲ လောက်လောက်လားလား ရှိနေတယ်။  ဒီကွက်လပ်ကြီးကို ဇော်ဝင်းထွဋ် လို ရှေ့မီ၊ နောက်မီလည်း ဖြစ်တဲ့၊ အောင်မြင်မှု အတိုင်းအတာလည်း ကြီးမားကျယ်ပြန့်ခဲ့တဲ့၊ လက်ရှိတိုင်အောင်လည်း ဂီတသြဇာ ရှိဆဲ ဂီတပညာရှင် တယောက် အကြောင်းကို သုတေသန ပုံစံ စနစ်တကျ မှတ်တမ်းပြု ရေးသားတင်ပြတဲ့ မှတ်တမ်းစာအုပ်တွေ ပြုစုရင်းနဲ့ စသင့်၊ ကွက်လပ်ဖြည့်သင့်တယ်လို့ ယူဆမိတယ်။  လုပ်နိုင်သူများ လုပ်ကြဖို့ တပါတည်း တိုက်တွန်းလိုတယ်။

 

လက်ရှိ အချိန်မှာ ခေတ်ဂီတ ပုံစံ များ ပြောင်းလဲလာမှု၊ ဂီတ လောက မှာ လူငယ်များ ပိုမို နေရာယူလာမှု နဲ့အတူ ကိုညီထွဋ် ရဲ့ အောင်မြင်မှု နဲ့ အခန်းကဏ္ဍ ဟာ ဈေးကွက်မှာ၊ ပေါ်ပြူလာ ဖြစ် ရေပန်းစားမှုမှာ အများစု အနေအထာ မရှိတော့၊ မကျယ်ပြန့်နိုင်တော့ပါဘူး။  ဒါပေမယ့် သူ ဖောက်လာခဲ့တဲ့ လမ်း၊ သူလျှောက်လာ၊ လျှောက်နေတဲ့ ဂီတခရီးရဲ့ ဗမာ့ဂီတလောကအပေါ် အကျိုးသက်ရောက်မှုကတော့ ကြီးများ ကျယ်ပြန့်ခဲ့၊ ကျယ်ပြန့်ဆဲ၊ ထိရောက်ခဲ့၊ ထိရောက်နေဆဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

 

ဒီကနေ့လို နှစ်ငါးဆယ် ပြည့် မွေးနေ့ မင်္ဂလာ အချိန်မှာ နန်းကျ ဧကရာဇ်ကြီးရဲ့ ရွှေရတု ခရီး ကို စိန်ရတု ကျော်ကာ ရာပြည့် အထိ ဆက်လက် ချီတက် ဆင်နွှဲနိုင်စေဖို့ ဆုတောင်းပေးရင်း နိုင်ငံတကာ အဆင့်မီ ကိုယ်ပိုင်ဂီတ ဖန်တီးမှု အသစ်များ အမြောက်အမြား ဗမာ့ဂီတလောက အတွက် ပေးစွမ်းနိုင်ဖို့၊ ဗမာ့ လူ့ အဖွဲ့အစည်းကို ဂီတရသ ဖြည့်စွက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

 

ကိုညီထွဋ် ရွှေရတု မွေးနေ့ ဂုဏ်ပြု အမှတ်တရ ဆောင်းပါးလေးကို ကိုညီထွဋ် ဖန်တီး သီဆိုခဲ့တဲ့ သီချင်းလေး တပုဒ်နဲ့ နိဂုံးချုပ်ချင်ပါတယ်။  ကိုညီထွဋ် ရဲ့ ပထမဆုံး ကိုယ်ပိုင်သံစဉ် သီးသန့်တေးစု မျှော်လင့်ခြင်းခရီးသည်များ (၁၉၉၆) ထဲက ကိုယ်တိုင် စာသား/သံစဉ် ရေးသား ဖန်တီး သီဆိုခဲ့တဲ့ “သဘာဝတေးသွား” သီချင်းလေးကို မိုးမခ ပရိသတ် အတွက် တင်ဆက်ပေးရင်း ကိုညီထွဋ် မွေးနေ့ ကို ဂုဏ်ပြုချင်ပါတယ်။

♫ ♪ ♫ ♪…
နားထောင်ကြ.. သဘာဝ.. တေးသွား..
ပြဿနာများ.. တို့.. ခေါင်းထဲ.. မထား..
လောက.. တရား.. အမှန်.. အတိုင်း.. ပဲလား..
♫ ♪ ♫ ♪…
ဟေ့ … …
♫ ♪ ♫ ♪…
ချစ်သူများ.. ဒီ.. အတိုင်း.. ချစ်ကြ..
အမုန်းတွေလား.. မြေကြီးထဲ.. သွား..
မေတ္တာ.. တရား.. နေ့တိုင်း.. ပွားများ..
♫ ♪ ♫ ♪…
ကမ္ဘာ.. မြေပြင်ကို.. မြင်ကြည့်စမ်း..
အတ္တတို့.. နမ်းရှိုက်ကြ..
ရင်ဆိုင်မယ်.. အကောင်းများ.. ရှိရဲ့လား..
♫ ♪ ♫ ♪…
အချိန်.. နာရီတွေ.. ကုန်လွန်သွား..
ယုံကြည်တာတွေ.. သွေးစည်း.. ကြသလား..
ရာဇဝင်တွေ.. ကောင်းဖို့.. လုပ်ကြစမ်း..
♫ ♪ ♫ ♪…
ထကြစမ်း.. စိတ်ကူးထဲက..
စိတ်ဓာတ်များ.. အရင်အတိုင်း.. ပဲထား..
တို့.. မောဟများ.. အကုန်.. ချိုးဖဲ့ကြ..
♫ ♪ ♫ ♪…
တို့.. အားလုံးဟာ.. မွေးလာကြ.. အညစ်အကြေးထဲက..
ရုန်းကန်ရ.. ဝဋ်.. ဆင်းရဲမှ.. လွမ်းမြောက်လမ်း.. ရှာဆဲပဲလား..
အားလုံး.. ကြားရဲ့လား.. သဘာဝ.. တေးသွား..
♫ ♪ ♫ ♪…
ပြဿနာများ.. တို့.. ခေါင်းထဲ.. မထား..
နားထောင်ကြ.. သဘာဝ.. တေးသွား..
လောကတရား.. အမှန်.. အတိုင်းပဲလား..
သဘာဝတေးသွား၊ သံစဉ်/စာသား/ဖွဲ့ဆို – ဇော်ဝင်းထွဋ်၊ တေးဂီတ – Emperor (ဧကရာဇ်)၊ တေးစု – မျှော်လင့်ခြင်းခရီးသည်များ (၁၉၉၆)
ကိုညီထွဋ် တယောက် သဘာဝတေးသွား များ ပိုမို ဖန်တီးနိုင်ပါစေ..၊  ရပ်တည်ချက်များလည်း ခိုင်မာ မှန်ကန်နိုင်ပါစေ..။
ငြိမ်းချမ်းအေး
ဇန္နဝါရီ ၂၁၊ ၂၀၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “နန်းကျ ဧကရာဇ်ကြီးရဲ့ ရွှေရတု ခရီး

Comments are closed.