ဂျုနီယာဝင်း ရသဆောင်းပါးစုံ

သမိုင်းထဲကရုပ်ရှင် ရုပ်ရှင်ထဲကသမိုင်း – Gandhi

ဂျူနီယာဝင်း 
မတ်လ ၁၆၊ ၂၀၁၄

 

(English for All မဂ္ဂဇင်း မတ်လ ၂၀၁၄ တွင်ပါရှိသောဆောင်းပါး)

 

Gandhi (ဂန္ဒီ) ဟုအမည်တွင်သော ရုပ်ရှင်ကားကြီးသည် ၂၀ ရာစုအစောပိုင်းကာလ အတွင်း အန္ဒိယတွင် ဗြိတိသျှအစိုးရ အုပ်စိုးစဉ်ကာလ ဗြိတိသျှကို ဆန့်ကျင်ဦးဆောင်ခဲ့သူ အကြမ်းမဖက်သော လူထုခေါင်းဆောင် Mahatma Gandhi (မဟတမဂန္ဒီ) ၏အတ္ထုပတ္တိကို ရိုက်ကူး ထားသော ရုပ်ရှင်ဖြစ်သည်။ ဂန္ဒီအဖြစ် Ben Kinsley က သရုပ်ဆောင်ကာ ဒါရိုက်တာမှာ Richard Attenborough ဖြစ်သည်။

 

ရုပ်ရှင်သည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက် ဂန္ဒီလုပ်ကြံခံခဲ့ရသော နေ့တွင် စတင်ထားသည်။ ဂန္ဒီသည် သူ၏သမီးများ၊ သူ့ကိုပြုစုနေသူများ၏ အကူအညီဖြင့် သူ့အားထောက်ခံသူများ၊ ရိုသေကိုင်းရှိုင်းကြသူများနှင့်တွေ့ဆုံရန် လမ်းလျှောက်ထွက်လာသည်။ လူအုပ်ကြီးကြားထဲတွင် Na-huram Gode အမည်ရှိလူတစ်ဦးကလိုက်ပါလာကာ ဂန္ဒီရှေ့သို့အရောက်တွင် သေနတ်ဖြင့် အလွတ်ပစ်ခတ်ခဲ့သည်။ ဂန္ဒီသည် “ဘုရား သခင်̋ (Oh! God) ဟုညည်းတွားရင်း ပွဲချင်းပြီး သေဆုံးသွားသည်။ ပြီးနောက် ဂန္ဒီ၏အသုဘအခမ်းအနားကို ဆက်လက်ပြသသွားသည်။

 

ထိုအသုဘအခမ်းအနားကိုပို့ဆောင်ကြသော လူအုပ်ကြီးများ၊ ၀မ်းနည်းပူဆွေးနေသူများ၊ တကမ္ဘာလုံး နှမျောဝမ်းနည်းမူများစွာကို ထိုအဖြစ် အပျက်ကို ပြသနေစဉ်အတွင်း အစီအစဉ်ကြေငြာသူက နောက်ခံပြောပြသွားပါသည်။ အဓိကအားဖြင့် ဂန္ဒီသည် အကြမ်းမဖက်ပဲ ဥပဒေကို ဆန့်ကျင်ခြင်းကို လက်တွေ့အသုံးပြုသွားခဲ့သူ အထင်ရှားဆုံးပုဂ္ဂိုလ်တဦး ဖြစ်သည်။ “ဥပဒေများသည် မည်ကဲ့သို့ပင် မတရားစေကာမူ ထို ဥပဒေကို ချိုးဖောက်ခြင်းသည် နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကို မထိခိုက်စေရ။ ဤနေရာတွင် ဥပဒေချိုးဖောက်သူများဘက်မှ ကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်ရန် အလွန်အရေးကြီးသည်။ ဤကိစ္စတွင် မဟတ္တမဂန္ဒီသည် သူ၏တပည့်များကို အလွန်ခက်ခဲစွာ ပညာပေးစည်းရုံးခဲ့ရသည် ဟူ၍ (John Rawls) ဂျွန်ရော့ – နိုင်ငံရေး ဒသနပညာရှင်တစ်ဦးက ကောက်ချက်ချခဲ့သည်။

 

အကြမ်းမဖက်ပဲ ဥပဒေကိုဆန့်ကျင်သောလုပ်ရပ်သည် စည်းမကျော်အောင် အလွန်သတိထား၍လုပ်ရသော လုပ်ရပ်ဖြစ်ပြီး နည်းနည်းမှ အမှားမခံသောလုပ်ရပ်ဖြစ်သည်။ ထို့ကြောင့် လုပ်သာသူဘက်မှ အလွန်ပညာပြည့်ဝဖို့ လိုသည်။ အောင်မြင်ဖို့အလားအလာမှာလည်း အလွန်နည်းသည်။ ထို့ကြောင့်လည်း လုပ်သောသူ တော်တော်နည်းသည်။ ဂန္ဒီသည် အကြမ်းမဖက်သောနည်းကို အသက်ပေးကာ လုပ်ပြ သွားခဲ့သည်။ သူ့ကို အာဏာပိုင်တွေကလည်း မကြိုက်၊ သူ့ဘက်သားတွေကလည်း မကြိုက်တာကို ခံရသည်။ ထို့ကြောင့် သူ့လိုရိုးသား အေးဆေးသော ခေါင်းဆောင်တစ်ဦး၏ဘ၀သည် မတရားသောလောကကြီးထဲမှာ မွေးဖွားလာရခြင်းကိုက တော်တော်နှမျောစရာကောင်း သည်။

 

ရုပ်ရှင်အစပိုင်း သူ၏အသုဘအခမ်းအနားတွင် သူ့အားဂုဏ်ပြုသောစကားတွင် မဟတမဂန္ဒီ၏ထူးခြားသော ၀ိသေသကို ထည့်သွင်းပြော ကြားသွားသည်မှာ လွမ်းစရာဖြစ်ပါသည်။

“ချမ်းသာကြွယ်ဝမူမရှိ ….. ပိုင်ဆိုင်မူဘာမှမရှိ ….. အစိုးရကချီးမြှင့်ထားတဲ့ ရာထူးဂုဏ်ဒြပ်မရှိ …… အစိုးရ၀န်ထမ်းလည်းမဟုတ်တဲ့ ရိုးရိုး သာမန်လူသားတယောက်ပါ။ …..သူက စစ်တပ်ရဲ့အကြီးအကဲလည်းမဟုတ်… ကျယ်ပြောတဲ့ မြေပိုင်ရှင်တစ်ဦးလည်း မဟုတ်ပါဘူး။ သူ့ပုံစံ က….. သေးသေးညှပ်ညှပ်…… အသားညိုညှက်ညှက်…..။ သူ့ရဲ့ အဆင်တန်ဆာဆိုတာကလည်း…. ခါးအောက်ပိုင်း လုံရုံလေး ၀တ်ဆင် ထားတဲ့ ခြုံလွှာလေးသာပါ…။ အို…… ကြည့်လိုက်စမ်းပါဦး ….. ဒီလိုလူသားတစ်ဦးအတွက်…. အစိုးရအဖွဲ့အစည်းတွေ ….. ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေအားလုံးက စုပေါင်းပြီး လေးလေးစားစား ဂုဏ်ပြုဆုတောင်းပေးနေကြရတယ်……“

‘…. without wealth… without property …. without official titles or offices … Mahatama Gandhi … was not the commander of armies…. Nor a ruler of vast lands…. Yet men…. governments,  dignitaries from all over the world…. have joined hands today to pay homage …. to this little brown man in the loindoth.’


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “သမိုင်းထဲကရုပ်ရှင် ရုပ်ရှင်ထဲကသမိုင်း – Gandhi
  1. Thanks …
    ငယ်ရွယ်သူများကတော Life is short, enjoy ဆိုတဲ့စကားကို လက်စွဲကြတယ်။ ဘယ်လို Enjoy လုပ်မလဲ? ဂန္ဒီကြီးကတော့ အိုး..ဂေါ့ဒ် ဆိုပြီး ဒီဘဝကထွက်ခွာသွား…

Comments are closed.