ဒီလ များမှာတော့ ရွေးကောက်ပွဲအတွက်ပဲ အဓိကထားပြီး စည်းရုံး ဆောင်ရွက်ရတာပါ။ ၂/၈၈ ရယ်၊ ၈/၈၈ ရယ်ကလည်း မရုပ်သိမ်းသေး တော့ အိမ်တအိမ်ထဲမှာ ဖြစ်ဖြစ်၊ တခါတရံ တလင်းပြင်ထဲမှာ လူလေးငါးဆယ်လောက် တဝိုင်း၊ တရွာထဲမှာ နှစ်ဝိုင်းသုံးဝိုင်း လုပ်ရတာပေါ့။ မြို့နဲ့ အတော်ဝေးသွားတဲ့ရွာတွေကျတော့လည်း အသံချဲ့စက်သုံးတယ်။ ဒါပေမဲ့ အသံချဲ့စက်သုံးရတာ သိပ်မကောင်းဘူး။ လူတွေက အိမ် ထဲက အိပ်ပြီး နားထောင်ကြရော။ ဒီတော့ အသံချဲ့စက်ကို မသုံးတာပဲများပါတယ်။ ဆွေးနွေးပွဲတက်တဲ့သူများကိုတော့ ရွာထဲမှာ အချင်း ချင်း လက်ဆင့်ကမ်းပြီး ဆွေးနွေးကြဖို့ ပြောရတယ်။ ရွေးကောက်ပွဲမှာ အဖွဲ့ လိုက် အမှတ်တံဆိပ်တွေရွေးကြတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ရဲ့ အမှတ်တံဆိပ်က ‘ခမောက်’ တံဆိပ်ပါ။ ထိပ်ချွန်ခမောက်၊ လယ်သမားသုံး ခမောက်ပေါ့။ ဒီတစ်ခါ ရွေးကောက်ပွဲက ဟိုတုန်းက ပါလီမန် ခေတ်ရွေးကောက်ပွဲလို မဲပုံးတွေ တဖွဲ့ တပုံးစီထားပြီး ကြိုက်ရာပုံးမှာ ထည့်ဆိုတဲ့ပုံသဏ္ဍာန်လည်း မဟုတ်ဘူး။ မဆလခေတ်လို အဖြူတ ပုံး၊ အမဲတပုံးပုံစံလည်း မဟုတ်ဘူး။ မဲပုံးတစ်ပုံးတည်းသာထားပြီး မဲပြားမှာသာ ကြက်ခြေအမှတ်တံဆိပ်ရိုက်ရမှာဆိုတော့ ဒီမဲပေးတဲ့စနစ် ကိုပဲ အတော်အလေးထားပြီး ရှင်းရတယ်။
ကျနော်တို့က မဲပြားပုံသဏ္ဍာန် ဂက်စတင်နာနဲ့ လှိမ့်ပြီးဝေတယ်။ ကြက်ခြေခတ်တံဆိပ် ရိုက်ရမယ့် တံဆိပ်တုံးကလေးများ လုပ်ထားပြီး ယူ သွားရတယ်။ အများမြင်သာအောင် နှစ်ပေ၊ လေးပေဖျင်တခုမှာ မဲပြားပုံသဏ္ဍာန် ဆေးနဲ့ရေးတယ်။ ရောက်လာတဲ့သူတွေကို မဲပြားပုံ သဏ္ဍာန် စက္ကူကလေးတွေ ဝေလိုက်တယ်။ မဲပြားပုံသဏ္ဍာန် ဖျင်လိပ်ကိုဖြန့်ပြလိုက်တယ်။ ဟောဒီမှာ ကိုယ်စားလှယ်အမည်၊ ဟောဒီအ ကွက်မှာက အဖွဲ့ ရဲ့သင်္ကေတအမှတ်တံဆိပ်၊ အဲဒီဘေးမှာမှ ကွက်လပ်ရှိတယ်။ အဲဒီကွက်လပ်မှာမှ ကြက်ခြေခတ် တံဆိပ်တုံးကို ရိုက်ရ မှာ။ ဟောဒီမှာ တံဆိပ်တုံး၊ ဒီမှာ မှင်ခံ၊ ရိုက်ကြည့်။ ကျနော်တို့အဖွဲ့ကိုထည့်မယ်ဆိုရင် ဟောဒီမှာ ကျနော်တို့ရိုက်ပြထားသလို ခမောက်ပုံ ဘေးက ကွက်လပ်ထဲမှာ ကြက်ခြေခတ်တံဆိပ်တုံးကလေးကို ခပ်ဖိဖိလေးနှိပ်လိုက်။ ဒီလို ရှင်းပြပါတယ်။
အဲဒီရက်အတွင်းမှာ ဗဟိုက ဦးခင်မောင်ဆွေနဲ့ ဦးစိန်လှဦးတို့တောင် မကွေးသွားရင်း ကားပျက်လို့ ပေါင်းတည်မှာ သုံးရက်လောက် ဝင်နား နေရာက ကျနော်တို့စည်းရုံးရေးဆင်းပြီး မဲပေးပုံရှင်းပြတာကိုတွေ့သွားပြီး သဘောကျသွားကြတယ်။ ကျေးရွာတွေနဲ့ရပ်ကွက် အစည်းအဝေး တွေကျရင် ဒီလိုစာရွက်ကလေးတွေကို စေ့စေ့ငှငှသာမက ပိုပိုလျှံလျှံ ဝေလိုက်တယ်။ ရွေးကောက်ပွဲနေ့ကျရင် ကျေးရွာရပ်ကွက်တခုမှာ မဲရုံတခုပဲရှိမယ်။ အဲဒီမဲရုံကိုသွားရင် သက်ဆိုင်ရာမဲရုံက ပူးတွဲဖော်ပြထားတဲ့ မဲကဒ်ပြား လေးမျိုး ပေးလိမ့်မယ်။ အခု ကဒ်ပြားပေါ်မှာတော့ ခမောက်ဘေးမှာ ကြက်ခြေခတ်တံဆိပ်ရိုက်ပြထားတယ်။ ခင်ဗျားတို့ တကယ်ရမယ့်မဲကဒ်ပြားမှာတော့ အစွန်ဆုံးကွက်လပ်မှာ ဘာမှမပါ ဘူး။ အဲဒီအခန်းထဲမှာ အဆင်သင့်ရှိတဲ့ မှင်ခံခွက်နဲ့ တံဆိပ်တုံးကလေးတွေ့လိမ့်မယ်။ တံဆိပ်တုံးကို မှင်ခံခွက်ပေါ်ဖိပြီး လက်ဝါးပေါ် ရိုက် ကြည့်လိုက်ဦး။ မှင်ထင်ပြီ သေချာတော့မှ ခမောက်ဘေးက ကွက်လပ်တည့်တည့်ကို အသာကလေးဖိလိုက်။ ပြီးတော့မှ တင်းတင်းကလေး ထပ်ဖိပေး။ နှစ်ခါတော့ ထပ်မရိုက်မိစေနဲ့။ အဲဒီလို သေသေချာချာရှင်းရတာ။ ပြီးတော့မှ ဒီမဲကဒ်ပြားကလေးယူပြီး အပြင်ပြန်ထွက်ခဲ့။ အပြင် မှာရှိတဲ့မဲပုံးကြီး ထဲထည့်လိုက်။ ဒီလိုရှင်းရတာ။ ဒီမဲပေးပုံကိုသာ မှန်မှန်လုပ်နိုင်ရင် ခမောက်ကို မဲပေးမှာက သေချာနေတာကိုး။
မဲပေးပုံကလည်း မြန်မာပြည်မှာ တခါမှမပေါ်ဖူးသေးတဲ့ မဲပေးနည်းမျိုး။ ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘဝက သမဂ္ဂကြီးမပျက်ခင် သမဂ္ဂရွေးကောက်ပွဲတွေမှာသာ ဒီလိုမဲပေးတာမျိုး ရှိခဲ့ဖူးတာပဲ။ ဒီအစည်းအဝေးပြီးလို့ အိမ်ပြန်ရောက်ရင်လည်း အိမ်က အဖိုးတွေ၊ အဖွား တွေကို ဆက်ရှင်းပြကြ။ သူတို့က သူတို့ခေတ်က မဲပေးပုံမျိုး ထင်နေဦးမယ်လို့ ပြောရပါတယ်။ မဲပေးပုံမှန်ရင် ခမောက်ကနိုင်ရမယ်ဆိုတာ ဗေဒင်မေးစရာမှ မလိုပဲ။
ဆိုတာကလည်း သိပ်ပြောလို့ ကောင်းနေတဲ့ ကြွေးကြော်သံပဲ…။