ရသဆောင်းပါးစုံ

အတိတ်နဲ့ မျက်မှောက် မွတ်စလင်နိုင်ငံရေး

ဂါမဏိ
မတ် ၁၆၊ ၂၀၁၄

 

စစ်အေးခေတ်မှာ လက်ဝဲမွတ်စလင်တွေ အားကောင်းခဲ့ပါတယ်။ လက်ျာလစ်ဘရယ်မွတ်စလင် အတော်အတန်ရှိပေမဲ့ လက်ဝဲမွတ်စလင် လောက် အားမကောင်းခဲ့ပါ။ အဲဒီကာလတွေမှာ အစ္စလာမ်အခြေခံဝါဒီတွေဟာ ဘယ်လိုမှ ခေါင်း မထောင်နိုင်ခဲ့ဘဲ ပလီတချို့ထဲမှာသာ အာကျယ်နိုင်ခဲ့ပါတယ်။

 

လက်ဝဲမွတ်စလင် ဆိုတာ မွတ်စလင်ဘာသာဝင်တွေထဲက ဆင်းရဲသားနင်းပြားမွတ်စလင်တွေ၊ အလုပ်သမား-လယ် သမားမွတ်စလင်တွေရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားတဲ့နိုင်ငံရေးသမားတွေ ဖြစ်ပါတယ် (တချို့လည်း မွတ်စလင် အလုပ်သမား-လယ်သမားတွေကို ဦးထိပ်ထားတယ် ပါးစပ်ကပြောပြီး လက်တွေ့မှာကိုယ့်အကျိုးကို အဓိကလုပ်သွား တာတွေ မနည်းပါ)။

 

စစ်အေးခေတ်မတိုင်ခင်၊ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတော့ လက်ျာမွတ်စလင်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဟီးရိုးဖြစ် ခဲ့တဲ့ ကီမယ်လ်အတာ တာ့က် လက်ထက် တူရကီနိုင်ငံဟာ ခေါင်းမြီးခြုံစနစ်ဖျက်သိမ်း၊ တလင်တမယားစနစ် ပြဋ္ဌာန်း၊ ရှာရီယာဥပဒေ ပယ်ဖျက်ပြီး ဘာသာရေး လုံးဝမစွက်တဲ့ secular တူရကီနိုင်ငံကို ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်တုံး က အစ္စလမ်ဘာသာရေး အခြေခံဝါဒီတွေ အီးတောင်ကျယ်ကျယ် မပေါက်ရဲခဲ့ပါဘူး။ အတာတာ့က်ရဲ့ အရှိန်အဟုန်က ကနေ့အထိ ကြီးမားနေဆဲဖြစ်လို့ တူရကီနိုင်ငံမှာ အခု အစ္စလာမ်ယိမ်းအစိုးရ အာဏာရလာတာတောင် ပြောင်အတိအလင်း အစ္စလမ်ဝါဒတွေ မချမှတ်နိုင်သေးဘဲ ရှိနေပါတယ်။

 

အစ္စလမ်ကမ္ဘာမှာ ဘာသာရေးအခြေမခံတဲ့ မွတ်စလင်အစိုးရတွေ ရှိခဲ့တာက လက်ဝဲမွတ်စလင်နိုင်ငံတွေအပြင် မလေးရှား၊ လက်ဘနွန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျော်ဒန်၊ မော်ရိုကို တို့လို ပဒေသရာဇ်နိုင်ငံတွေလောက်ဘဲ ရှိပါတယ်။ ဒါပေမဲ့ အခုတော့ ဒီနိုင်ငံတွေဟာ အစ္စလမ်အခြေခံဝါဒကို မနည်းကြီးရင် ဆိုင်နေကြရပြီ ဖြစ်ပါတယ်။

 

လက်ဝဲမွတ်စလင်တွေဟာ အိဂျစ်၊ ပါလက်စတိုင်း၊ ဆီးရီးယား၊ အီရတ်၊ လစ်ဗျား၊ ယီမင်၊ ဆူဒန်၊ ဆိုမာလီးယား၊ အယ်လ်ဂျီးရီးယား၊ အယ်လ်ဘေးနီးယား၊ ယူဂိုဆလားဗီးယား၊ အင်ဒိုနီးရှားတို့မှာ အားကောင်းခဲ့ပါတယ်။ လက်ဝဲမွတ် စလင် ဆိုပေမဲ့ နိုင်ငံတကာရေးရာမှာ အမေရိကန်ကိုဆန့်ကျင်ပြီး ရွတ်ရှားကိုထောက်ခံတာ၊ ပြည်သူပိုင်သိမ်းတဲ့ ဆိုရှယ်လစ်ဆန်ဆန်စီးပွားရေးတွေ ကျင့်သုံးတာဘဲရှိပြီး ပြည်တွင်းမှာတော့ မွတ်စလင်ကွန်မြူနစ်ပါတီတွေကို ရေရေ လည်လည်နှိပ်ကွပ်ခဲ့ပါတယ်။ အယ်လ်ဘေးနီးယား၊ ယူဂိုဆလားဗီးယား၊ ယီမင်တို့မှာတော့ မွတ်စလင်ကွန်မြူနစ်ပါတီ တွေ လွှမ်းမိုးခဲ့တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဆော်ဒီအာရေဗျလို အခြေခံဝါဒီတွေ ကမ္ဘာ့မွတ်စလင်အသိုင်းအဝိုင်းထဲ ခေါင်းမထောင်နိုင်ခဲ့ပါဘူး။

 

ဒီလို လက်ဝဲမွတ်စလင်တွေ လွှမ်းမိုးနေတာကို ချေဖျက်ဖို့ အမေရိကန်ဟာ အကြီးအကျယ်လုံးပမ်းခဲ့ပါတယ်။ လက်ဝဲ မွတ်စလင်တွေ အာဏာမရအောင်၊ အာဏာကပြုတ်ကျအောင် အမျိုးမျိုးကြိုးစားခဲ့တယ်။ ပါလက်စတိုင်းမှာ ဟားမတ်စ် အဖွဲ့၊ အာဖဂန်မှာ (ယီမင်ကလာတဲ့) အိုစာမာဘင်လာဒင်နဲ့ တာလီဘန်၊ နိုင်ငံတကာမှာ ဆော်ဒီအာရေဗျတို့ကို ပံ့ပိုး ပေးပြီး အင်အားကောင်းအောင် လုပ်ပေးခဲ့တယ်။ လက်ဝဲမွတ်စလင်တွေ ပြုတ်ကျသွားပေမဲ့ နောက်ဆုံးမှာတော့ အမေရိကန်ဟာ သရဲမွေးမိတဲ့ မှော်ဆရာလိုဖြစ်သွားပါတယ်။

 

ဆိုဗီယက်ရွတ်ရှားပြိုကွဲပြီးတော့ လက်ဝဲမွတ်စလင်တွေလည်း အားနည်းလာသလို လစ်ဗျား၊ အီရတ်၊ ဆီးရီးယား တို့မှာလဲ လက်ဝဲမွတ်စလင်ခေါင်းဆောင်ဆိုတဲ့ ဂါဒါဖီ၊ ဆဒ္ဒန်ဟူစိန်၊ အာဆာဒ်တို့ဟာ ဖောက်ပြန်ပျက်စီးလာပြီး ဆိုးဝါး တဲ့ အာဏာရှင်ငကြောင်တွေ၊ ကိုယ်ကျိုးရှာသမားတွေဖြစ်လာလို့ မွတ်စလင်ထဲမှာ လက်ဝဲသမားတွေ နာမယ်ပျက် လာတယ်၊ လူထုကဆန့်ကျင်လာပါတယ်။ ဒီလိုအခြေအနေမှာ အရင်က ငြိမ်ကုပ်နေခဲ့ရတဲ့ အစ္စလမ်အခြေခံဝါဒီတွေ ခေါင်းထောင်လာပြီး တကမ္ဘာလုံးမှာ မွတ်စလင်ဆိုရင် အခြေခံဝါဒနဲ့ တွဲမြင်လာတဲ့အခြေအနေကို ရောက်လာပါတယ်။ တကယ်တော့ အက္ခရာသင်္ချာ၊ တြီဂိုနီမေတြီ၊ ကဲကုလ တို့ကို တီထွင်ခဲ့တဲ့ အစ္စလမ်ရွှေခေတ် (၈ ရာစုမှ ၁၃ ရာစုအထိ) မှာတောင် ပဒေသရာဇ်မွတ်စလင်ဘုရင်တွေ ကြီးစိုးခဲ့ပေမဲ့ အခြေခံဝါဒီ မလွှမ်းမိုးခဲ့ပါဘူး။ အခြေခံဝါဒီတွေဟာ ၁၉ ရာစု ကျမှ ပေါ်လာတာဖြစ်ပါတယ်။

 

လက်ဝဲမွတ်စလင်နိုင်ငံရေး အားနည်းသွားတဲ့ကွက်လပ်ကို လက်ျာစွန်းမွတ်စလင်အခြေခံဝါဒီတွေက အမေရိကန် နယ်ချဲ့ဆန့်ကျင်ရေးအကြောင်းပြပြီး မွတ်စလင်နင်းပြားတွေနဲ့ မွတ်စလင်ပညာတတ်တွေကို အတိုင်းအတာ တော် တော်များများ စည်းရုံးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ အောက်ခြေမွတ်စလင်လူထုတွေဟာ အိုစာမာဘင်လာဒင်လို အရင်းရှင် သူဌေးကြီးတွေ၊ ဆော်ဒီမင်းမျိုးမင်းနွယ်တွေလို ပဒေသရာဇ် သူဌေးကြီးတွေ ချယ်လှယ်ရာ၊ လှည့်စားရာခံပြီး သွေးစုတ်ခံ ဘဝတွေကို ရောက်သွားကြပါတယ်။

 

ဒီလိုနဲ့ အခုအချိန်မှာ သာမန်မွတ်စလင်လူထုတွေဟာ အခြေခံဝါဒီတွေလွှမ်းမိုးတဲ့ ပလီဆရာတွေ သြဇာအောက် ရောက်လာကြတော့တယ်။ ဒါကြောင့်လည်း နိုင်ငံတကာမှာ အရင်က ဆော်ဒီနဲ့ တချို့နိုင်ငံတွေကလွဲရင် တွေ့ရခဲတဲ့ ခေါင်းမြီး ခြုံမွတ်စလင်မတွေ မုတ်ဆိတ်ရှည်မွတ်စလင် ထီးတွေ ထင်ထင်ရှားရှား ပေါများလာပါတယ်။ ရန်ကုန် မန္တလေးမှာလည်း အခု အဲ့လိုဘဲဖြစ်နေတယ်။ လက်ဝဲမွတ်ဆလင်ခေတ်တုံးကတော့ မျက်နှာဖုံးဖို့ မပြောနဲ့၊ ဆံပင်အုပ်တာတောင် ရှားခဲ့ပါတယ်။ တက္ကသိုလ်တွေမှာ မွတ်ဆလင်မတွေ သူလိုငါလိုဘဲ ကျောင်းတက်တာ များခဲ့တယ်။ ယေဘုယျ အားဖြင့် မွတ်စလင်အမျိုးသမီးတွေအတွက် အခွင့်အရေးအတော်လေး ရှိခဲ့ပါတယ်။

 

အနောက်နိုင်ငံတွေမှာရှိတဲ့ ဂျူးလူမျိုးတွေဟာ ယေရှုခရစ်တော်ကိုသတ်ခဲ့တယ် ဆိုတဲ့ အတိတ်ကာလကပြစ်မှုနဲ့ (အစ္စလာမ်အခြေခံဝါဒနဲ့ ဆင်တူတဲ့) ဘာသာရေးဓလေ့ထုံးစံတွေကြောင့် ပတ်ဝန်းကျင်က ခရစ်ယာန်ဘာသာဝင်တွေက မျက်စိနောက်ပြီး ဂျူးဆန့်ကျင်ရေးတွေ အားကောင်းခဲ့တာဖြစ်ပါတယ်။ ဂျူးတွေဟာလဲ ဝက်သားမစားတာ၊ လည်လှီး သားကိုမှစားတာနဲ့ တခြားစားရေးသောက်ရေး ဇီဇာကြောင် တာတွေ ရှိလို့ တခြားဥရောပသားတွေနဲ့ တသီးတခြား ဖြစ်နေခဲ့တယ်။ အဲဒီတုံးက ဥရောပမှာ မွတ်စလင် သိတ်မရှိသေးတော့ ဂျူးတွေကိုဘဲ ပစ်မှတ်ထားခဲ့ကြတယ်။ အခု အခါမှာတော့ ဥရောပတိုက်မှာ မွတ်စလင်တွေ အများကြီးဝင်လာပြီး အခြေခံဝါဒအတိုင်း သူများနဲ့ကင်းကွာတဲ့ ဓလေ့ ထုံးစံတွေ ကျင့်သုံးကြလို့ ဥရောပမှာ အရင်တုံးက ဂျူးဆန့်ကျင်ရေးအစား မွတ်စလင်ဆန့်ကျင်ရေးက အစားထိုး အားကောင်းလာ ပါတယ်။

 

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး လွတ်လပ်ရေးရလာတဲ့ အာရှအလယ်ပိုင်းက (စီးပွားရေးမြင့်ပြီး အနောက်တိုင်းဆန် တဲ့) မွတ်စလင်နိုင်ငံ သစ်တွေမှာတော့ အစ္စလမ်အခြေခံဝါဒ ဘယ်လိုမှမတိုးနိုင်သေးဘဲ secular နိုင်ငံတွေအဖြစ် ရပ်တည်နေပေမဲ့ အာဏာရှင်စနစ်တွေ ကြီးစိုးနေဆဲဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ လွတ်လပ်ရေးမရသေးဘဲ ရွတ်ရှားပြည်ထောင်စုထဲ ဆက်ပါနေရလို့ သူပုန်ထအကြမ်းဖက်နေတဲ့ ချက်ခ်ျနီးယားပြည်နယ်မှာတော့ အခြေခံဝါဒီတွေ ထိုးဖောက်နေနိုင်တာ တွေ့ရပါတယ်။

 

ဒုတိယကမ္ဘာစစ်မဖြစ်ခင်က အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ ဘင်္ဂါလီတွေဟာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး အတွက် လှုပ်ရှားခဲ့လို့ ဗမာပြည်ကို နယ်နှင်ဒဏ်ပေးခံရတာတွေ များခဲ့ပါတယ်။ အဲဒီဘင်္ဂါလီဟိန္ဒူ-မွတ်စလင်တွေဟာ နောင်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ကို စတင်တည်ထောင်သူတွေ အမာခံတွေ ဖြစ်လာပါတယ်။ ရဲဘော်ဂိုရှယ် ခေါ် ဘတင်၊ ဒေါက်တာနတ်၊ ဆရာရာဂျန်တို့ဟာ နယ်နှင်ခံရတဲ့ လက်ဝဲဘင်္ဂါလီတွေ ဖြစ်ကြပါတယ် (ဟိန္ဒူဘာသာဝင်တွေ ဖြစ်ပုံရတယ်)။ နယ်နှင်ခံရလို့ ဗမာပြည်ရောက်လာတဲ့ လက်ျာဘင်္ဂါလီ မွတ်စလင် နိုင်ငံရေးသမားတဦးကတော့ ဖဆပလခေတ်မှာ ဝန်ကြီးဖြစ်ခဲ့တဲ့ ဦးရာရှစ်ဖြစ်တယ်။ အဲဒီ ဘင်္ဂါလီဟိန္ဒူ-မွတ်စလင်တွေဟာ ဗိုလ်ချုပ်အောင် ဆန်းတို့လို ဒို့ဗမာအစည်းအရုံးဝင် သခင်တွေနဲ့ တွဲပြီး ဗမာပြည်လွတ်လပ်ရေးအတွက် လှုပ်ရှားခဲ့ကြပါတယ်။

 

ကိုလိုနီခေတ်က ကုလား-ဗမာအဓိကရုဏ်းမှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် သခင်ကိုယ်တော်မှိုင်းအုပ်စု ဒို့ဗမာ အစည်းအရုံးဟာ မွတ်စလင်တွေကို ဘာသာရေးအရတိုက်ခိုက်တာ၊ ပလီတွေကို အကြမ်းဖက်တာ၊ ဗမာတွေနဲ့ ဘဝတူ ဆင်းရဲသားနင်းပြားမွတ်စလင်တွေကို ခွဲခြားမှုမရှိဘဲတိုက်ခိုက်တာကို ဆန့်ကျင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သခင်အောင်ဆန်း တို့ဟာ မွတ်စလင်ဓနရှင်ကြီးတွေ၊ အင်္ဂလိပ်အစိုးရလက်ဝေခံ မွတ်စလင်ခရိုနီကြီးတွေကိုတော့ နိုင်ငံရေးအရ ဆန့်ကျင် ခဲ့တယ်၊ စီးပွားရေးအရ သပိတ်မှောက်တာကို အားပေးခဲ့ပါတယ်။ သခင်ဗစိန်ဂိုဏ်း ဒို့ဗမာအစည်းအရုံးကတော့ ကုလား မှန်သမျှဆန့်ကျင်ရေး၊ မွတ်စလင်မှန်သမျှဆန့်ကျင်တိုက်ခိုက်ရေးကို အားပေးခဲ့ပါတယ်။

 

အခုတော့ ဗမာပြည်မှာ ဦးရာဇတ်၊ ဗိုလ်မှူးဘသော် (မောင်သော်က)၊ ကိုအောင်မေသုတို့လို တိုးတက်တဲ့မွတ်စလင်တွေ ပေါ်မလာတော့ပါဘူး။ ကမ္ဘာမှာလဲ လက်ဝဲမွတ်စလင်တွေ၊ တိုးတက်တဲ့ လစ်ဘရယ်မွတ်စလင်တွေ မှိန်ပျောက်သွား ပါတယ်၊ နာဆာတို့ အာရာဖတ်တို့လို မွတ်စလင်တွေ ထပ်ပေါ်မလာတော့ပါဘူး။ မွတ်စလင်လက်ဝဲ အကြွင်းအကျန် တွေဟာ အခုတော့ အယ်လ်ဂျာဇီးရားသတင်းဌာနမှာဘဲ ခိုကပ်နေရပုံရှိတယ်။

 

မွတ်စလင်အခြေခံဝါဒကို အောက်ခြေမွတ်စလင်လူထုက တိုးတက်တဲ့အတွေးအခေါ်နဲ့ မတိုက်ဖျက်နိုင်သရွေ့ မွတ်စလင်တွေအဖို့ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရမယ့်ပုံမပေါ်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts