သတင်းဆောင်းပါး

NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ဘေးဧရိယာမြန်မာမိတ်ဆွေများနဲ့ အတွေ့အကြုံရှင်းလင်း

 NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ဘေးဧရိယာမြန်မာမိတ်ဆွေများနဲ့ အတွေ့အကြုံရှင်းလင်း

မိုးမခအထောက်တော် ၀၀၂၊ မတ် ၁၂၊ ၂၀၁၄

 ၂၀၁၄ မတ်လဆန်းက အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမှာ လေ့လာရေးခရီးစဉ်နဲ့ တပတ်ခန့် ရောက်ရှိလာတဲ့ အင်န်အယ်ဒီပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒမင်း မြန်မာပြည်သို့ ပြန်လည်မထွက်ခွာမီ ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာ့အရေးစိတ်ဝင်စားသူ မြန်မာမိတ်ဆွေများနဲ့ ခေတ္တတွေ့ဆုံခဲ့ပါတယ်။ အဲသည်မှာ မြန်မာ့အရေးနဲ့ လက်ရှိသူထမ်းဆောင်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှု အတွေ့အကြုံများကို ရင်းနှီးစွာ ပြောကြားရှင်းလင်းပြခဲ့ပါတယ်။ အဲသည်ထဲက ပြောကြားချက်များထဲက ကောက်နုတ်ဖော်ပြရမယ်ဆိုရင် …

၂၀၁၅ ရွေးကောက်ပွဲ ပြင်ဆင်ရေး

လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၃၃၄ နေရာစလုံးကို ပါတီက ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားတွေကို ဦးစားပေးမှာ ဖြစ်ပေမယ့် ပါတီအနေနဲ့လည်း ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ USDP ကလည်း နေရာတိုင်းမှာ ပါဝင်မှာဖြစ်တာကြောင့် တိုင်းရင်းသားပါတီတွေက ၀င်ပြိုင်တာရှိနိုင်သော်လည်း ပြိုင်ဖက်က strong မဖြစ်လို့ရှိရင် အင်န်အယ်ဒီပါတီက strong ဖြစ်တဲ့သူကို ရွေးချယ်ပြီး ၀င်ပြိုင်တာမျိုးဖြစ်တယ်လို့ ဒေါ်စန္ဒမင်းက ပြောပါတယ်။ ယူအက်စ်ဒီပီ ကို အနိုင်ယူနိုင်ဖို့အတွက် အင်န်အယ်ဒီက နေရာတိုင်းမှာ ၀င်ပြိုင်မှာဖြစ်ပါတယ်။

အမတ်လောင်းရွေးချယ်ရာမှာလည်း တမြို့နယ်ကို ၃ ယောက်စီ ရွေးထားတယ်လို့ ဆိုပါတယ်။ ၃ ယောက်မှာ တဦးက ပြည်သူ့လွှတ်တော်၊ တဦးက အမျိုးသားလွှတ်တော်၊ တဦးက တိုင်းဒေသကြီးလွှတ်တော်တို့ကို ၀င်ရောက် အရွေးခံကြပါမယ်။ အမတ်လောင်းမှာ အမျိုးသားနဲ့ အမျိုးသမီးယှဉ်လာရင် အမျိုးသမီး၊ မြန်မာနဲ့ တိုင်းရင်းသားယှဉ်လာရင် တိုင်းရင်းသားကို ဦးစားပေးပြီး ရွေးမယ်လို့ သဘောထားပါတယ်။ အင်န်အယ်ဒီက အမတ်လောင်းရွေးချယ်ရာမှာ ပညာတတ်ဖြစ်ရန်၊ ပါတီအပေါ်သစ္စာရှိရန်နဲ့ အခြားနောက်ခံအကြောင်းအရာကိုတော့ ကြည့်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

လက်ရှိလွှတ်တော်တွင်း လှုပ်ရှားမှုများ

 

အပတ်စဉ် တနလာင်္နေ့တိုင်း အင်န်အယ်ဒီအမတ်များနဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အစည်းအဝေး အမြဲပြုလုပ်ကြပါတယ်။ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ထဲကနေ အခြေခံဥပဒေပြင်ဆင်ရေးကို ဦးစားပေးလုပ်ကြမယ်လို့ ဆိုပါတယ်။ လူထုရဲ့ လွှတ်တော်ပြင်ပကနေ ပြင်ဆင်ရေးလှုပ်ရှားမှုတွေကို ခုချိန်မှာ လွှတ်တော်က ဂရုတစိုက်မရှိကြသေးဘူးလို့ သုံးသပ်ပါတယ်။ အကယ်၍ လွှတ်တော်တွင်းကနေ အခြေခံဥပဒေပြင်ဆင်မှု မဖြစ်မြောက်လာခဲ့ရင် လွှတ်တော်ပြင်ပမှာ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့  ပူးပေါင်းမှုနဲ့ လူထုလှုပ်ရှားမှုတွေ ပိုမို ဖော်ဆောင်လာမယ်လို့ ပြောပါတယ်။ ဆန္ဒပြတာတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခုချိန်မှာ မဖြစ်စေချင်သေးဘူးလို့ သိရပါတယ်။ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုတာမျိုး အဆင့်ကို သွားရမယ့်အချိန်ကို စောင့်ကြရမယ်၊ တတိုင်းပြည်လုံးအဆင့် ဆန္ဒပြဖော်ထုတ်ပြီဆိုတဲ့ အခါမှာလည်း ဘယ်အတိုင်းအတာအထိ လုပ်မလဲ၊ ဘယ်လိုမျိုး ထိန်းသိမ်းမလဲ၊ ဘယ်လိုအကျိုးဆက်ရလာမလဲဆိုတဲ့ အဆင့်ဆင့်ကို စဉ်းစားကြရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သဘောထားတယ်လို့ သိရပါတယ်။

 

 

မျိုးစောင့်ဥပဒေများ ပြဌာန်းရန် ကြံ့ဖွှံ့အစိုးရက ပြင်ဆင်နေသည့်ကိစ္စ

 

ခုချိန်မှာ လွှတ်တော်နဲ့ အစိုးရအဆင့်မှာ မျိုးစောင့်ဥပဒေများ ပြဌာန်းရန် အာဏာပိုင်တွေက ပြင်ဆင်နေတဲ့ကိစ္စကို အင်န်အယ်ဒီက ဘာမျှ ၀င်ရောက်ပြောဆိုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ သို့သော်လည်း ပြည်သူလူထုကြားထဲမှာ အသိအမြင် ပိုမိုကျယ်ပြန့်လာဖို့အတွက် အထူးသဖြင့်အဓိကကျတဲ့ နယ်များ၊ ဆင်ခြေဖုံးဒေသများမှာ စာပေဟောပြောပွဲများကို အားပေးတယ်လို့ သိရပါတယ်။ ယခင်တုန်းကလည်း မျိုးစောင့်ဥပဒေကို ပြဌာန်းရေး NDF ပါတီကနေ တင်သွင်းဖို့ ကြိုးစားတုန်းက အမျိုးသားလွှတ်တော် ဥက္ကဌကိုယ်တိုင်ကလည်း သဘောမတူကြောင်း ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုတခု တင်သွင်းတဲ့နေရာမှာ ပြည်သူလူထုကို စိတ်ဝမ်းကွဲစေသလား၊ တိုင်းပြည်ကို အကျိုးရှိစေသလားဆိုတဲ့ ရှုဒေါင့်ကနေ ကြည့်ပြီး ခွင့်ပြုရမှာဖြစ်လို့ ဥက္ကဌကနေ ဆုံးဖြတ်ခွင့် ရှိပါတယ်။ အခုဟာက သမ္မတဘက်က တင်သွင်းလာလို့ လွှတ်တော်က လက်ခံတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သမ္မတဖက်က အဆိုတင်သွင်းလာရင် လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့လည်း ငြင်းခွင့်ရှိပါတယ်။ အခုတင်သွင်းလာတဲ့ဆီမှာ လွှတ်တော်ကိုယ်စားလှယ်များထဲက ထပြီး ငြင်းတဲ့သူမရှိလို့ သမ္မတရဲ့ အဆိုကို လွှတ်တော်ကနေ လက်ခံပြီးတော့ အစိုးရကို ပြန်လွှဲအပ်လိုက်တဲ့ အဆင့်ကို ရောက်သွားတာဖြစ်တယ်လို့ ဒေါ်စန္ဒာမင်းက သုံးသပ်ပါတယ်။ ဥပဒေကြမ်းရေးဆိုတယ်ဆိုတာက သက်ဆိုင်ရာဝန်ကြီးဌာနက ရေးဆွဲတယ်၊ ပြီးတော့ လွှတ်တော်ကဖြစ်စေ၊ လွှတ်တော်က ဖွဲ့စည်းထားတဲ့ သက်ဆိုင်ရာကော်မရှင်ကဖြစ်စေ လက်သင့်ခံ၊ မခံကို ဆွေးနွေးပြီး ထောက်ခံခြင်း၊ ပယ်ချခြင်းတို့နဲ့ အတည်ပြုရတာဖြစ်တယ်။ အခုချိန်မှာ သန်း၆၀သော ပြည်သူတွေရဲ့ သဘောထားထက် လက်မှတ်ထိုးတောင်းဆိုသူ လူ ၃ သန်းရဲ့ ဆန္ဒကို သမ္မတကြီးက အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။

 

 

၂၀၁၅ မှာ နေပြည်တော်နဲ့ အခြားမဲဆန္ဒနယ်များနဲ့ ပတ်သက်ပြီး

 

          ဒေါ်စန္ဒမင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်က ဇမ္ဗူသီရိမြို့နယ် ဖြစ်ပါတယ်။ လက်ရှိသမ္မတကြီး ဦးသိန်းစိန်ရဲ့ မူလမဲဆန္ဒနယ်မြေဖြစ်ပါတယ်။ အကယ်၍သာ သမ္မတကြီးသာ နောက်တကြိမ်ရွေးကောက်ပွဲဝင်မယ်ဆိုရင် ဒေါ်စန္ဒာမင်းနဲ့ ယှဉ်ပြိုင်ရမှာက ဦးသိန်းစိန်ဖြစ်ပါတယ်။ လက်ရှိလွှတ်တော်က ပြဌာန်းချက်အသစ်တခုက နောင်အစိုးရအဖွဲ့ထဲမှာ သမ္မတ၊ ဒုသမ္မတတို့ ၀န်ကြီးတို့ ခန့်ထားမယ်ဆိုရင် ရွေးကောက်ပွဲကနေတက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပဲ ဖြစ်ရမယ်ဆိုတာကြောင့် လက်ရှိအစိုးရ၀န်ကြီးတွေကိုယ်တိုင်က သက်ဆိုင်ရာ မဲဆန္ဒနယ်တွေကို ပြန်ဆင်းနေကြတယ်လို့ သိရပါတယ်။

 

ခုချိန်မှာ လက်ရှိ အစိုးရ၀န်ကြီးတွေ၊ ပြည်နယ်ဝန်ကြီးတွေနဲ့ အမတ်တွေဖြစ်တဲ့ ကြံ့ဖွံ့ပါတီက ပုဂ္ဂိုလ်တွေအားလုံးက မူလနယ်မြေတွေကနေ ၀င်ရောက်အရွေးခံဖို့ အများစုက ဆုံးဖြတ်ထားကြပုံရပါတယ်။ အင်န်အယ်ဒီက ကိုယ်စားလှယ်လောင်းတွေ အဆင်သင့်မဖြစ်သေးသော်လည်း အာဏာရပါတီကတော့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ပထမတခေါက် ၂၀၁၀တုန်းက မဲလိမ်ပြီး ညစ်ပြီး အနိုင်ရထားတဲ့ အမတ်တွေ ၂၀၁၅ မှာ အမှန်တကယ် ၀င်မပြိုင်ရဲတော့ဘူးလို့ လူထုရဲ့ လက်ညိုးထိုးခံရမယ့်အစား နိုင်နိုင် ရှုံးရှုံး ၀င်ပြိုင်ပြီးတော့ ရင်ဆိုင်မယ်လို့ လက်ရှိအာဏာရအမတ်တွေက သဘောထားတဲ့အသံတွေ ကြားရတယ်လို့ ဆိုပါတယ်။

 

 

၅၉(စ) ပြင်၊ မပြင် နဲ့ ၂၀၁၅ အတွက် စိန်ခေါ်မှုများ

 

          လက်ရှိအခြေအနေ အလားအလာက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ဟန့်တားနေတဲ့ ၅၉(စ) ပြင်ပေးဖို့ လွယ်လွယ်နဲ့တော့ ဖြစ်မလာနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်တာနဲ့ အားငယ်စရာ စိတ်ပျက်စရာ မဟုတ်ပါဘူး။ နောက်ရွေးကောက်ပွဲမှာ အင်န်အယ်ဒီက မဲအများဆုံးနဲ့ အနိုင်ရပါတီ၊ အာဏာရပါတီဖြစ်အောင်လုပ်လို့ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် မရွေးနိုင်ရင်လည်း ပါတီကပဲ နောက်သမ္မတတယောက်ကို ရွေးကောက်တင်မြှောက်လို့ ရပါတယ်။ နောက်ရွေးချယ်စရာ သမ္မတဘယ်သူဖြစ်မလဲဆိုတာ ပြည်သူတွေက ခုကတည်းက စဉ်းစားသင့်ပါတယ်။

 

          နောက်တချက်ကတော့ မီဒီယာတွေမှာ ကြံ့ဖွံ့ပါတီက အမတ်တွေ၊ အစိုးရ၀န်ကြီးတွေကို ဝေဖန်တာတွေ၊ ဖော်ထုတ်တာတွေ လုပ်နေကြပါတယ်။ ပါးရိုက်တယ်တို့၊ ဗိုက်လှန်ပြတယ်တို့ ဒါမျိုး တယောက်ပြီးတယောက် ဆွဲချနေကြတာပေါ့။

 

          အဲသလိုမျိုးပဲ အခြားဖက်ကနေပြီးတော့လည်း အတိုက်အခံဖက်က လူတွေကို ဆွဲချနေကြတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်တာတွေလုပ်တယ်။ ပြီးတော့ (ကျမ) ဒေါ်စန္ဒာမင်းကိုလည်း ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ လုပ်ကြပါတယ်။ ‘ပြည်တန်ဆာဥပဒေကို တင်သွင်းပေမယ့် မျိုးစောင့်ကိုတော့ ကန့်ကွက်တဲ့ မိန်းမ’ ဆိုပြီးတော့ စသည်ဖြင့်ပေါ့။ သည်လိုမျိုး ပစ်မှတ်ထား ဆွဲချတာတွေလည်း ထပ်ပြီးတော့ ပေါ်လာဦးမှာပါပဲ။

 

          သည်တော့ အတိုက်အခံတွေဖက်မှာ who is the second-line leader? ဒုတိယတန်းခေါင်းဆောင်တွေ ရွေးထားတာ မရှိသေးဘူး။ မီဒီယာကိုလည်း နိုင်တယ်၊ international exposure ကိုလည်း ရှိရမယ်။ အဲသည်လိုမျိုး အင်န်အယ်ဒီပါတီက ခေါင်းဆောင်တွေ ၄၊ ၅ ဦးလောက်ကို ပြည်ပမှာရှိနေတဲ့ မြန်မာတွေကပဲဖြစ်ဖြစ် ပြည်တွင်းက မြန်မာတွေကပဲဖြစ်ဖြစ် ကိုယ့်ဖာသာကိုယ် ရွေးကြည့်ကြ၊ စဉ်းစားကြည့်ကြပါလားလို့ တိုက်တွန်းကြောင်း သူက ပြောပါတယ်။

 

 ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ ဥက္ကဌလုပ်မယ်ဆိုပြီး နိုင်ငံရေးထဲ ၀င်လာတာမဟုတ်ပါဘူး၊ ခေါင်းဆောင်လုပ်မယ်ဆိုပြီး ၀င်လာတာမဟုတ်ပါဘူး။ ပြည်သူတွေက ရွေးချယ်လိုက်လို့ သူက ခေါင်းဆောင်ဖြစ်လာရတာပါ။ second line leader တွေကို ပါတီကလည်း ရွေးမထားဘူး၊ ဥက္ကဌကလည်း မရွေးထားဘူးဆိုရင် မြန်မာပြည်သူလူထုကနေပြီးတော့ ကိုယ်ကြိုက်တဲ့သူ ၄ ၊ ၅ ဦး ကို ကိုယ့်ဖာသာရွေးပြီး တင်ပေးကြရင် မကောင်းဘူးလားလို့ ဒေါ်စန္ဒာမင်းက သဘောထားကို တင်ပြပါတယ်။

 

အဲသည်လိုဆိုရင်လည်း အခြားတဖက်က ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာတွေ၊ ဆွဲချတာတွေ လုပ်လာနိုင်တာကိုလည်း သတိထားရမယ်လို့ ဆိုပါတယ်။ ဟိုဖက်ကလည်း ဒေါ်စုကလွဲရင် နောက်ထပ်ခေါင်းဆောင် မရှိသေးဘူးဆိုတာ သိနေတယ်၊ စောင့်ကြည့်နေတယ်ဆိုတာ ပြည်သူတွေက သိထားစေချင်တယ်လို့ ဒေါ်စန္ဒာမင်းက မှတ်ချက်ပေးပါတယ်။

 

 

ဒေါ်စန္ဒာမင်းရဲ့ နာဂတောင်တန်းခရီးစဉ်နဲ့ အတွေ့အကြုံများ

 

          စစ်ကိုင်းတိုင်းမှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားဒေသတခုဖြစ်တဲ့ နာဂတောင်တန်းဒေသကို သူသွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ အင်န်အယ်ဒီပါတီရုံးခွဲ အမြောက်အများ ဖွင့်လှစ်နိုင်ခဲ့တယ်။ သွားရေး လာရေး စားဝတ်နေရေး ပညာရေး လူမှုရေး အထွေထွေ ခက်ခဲဆင်းရဲလှတဲ့ နာဂတောင်တန်းဒေသကို လက်ရှိကိုယ်စားပြုနေတဲ့ အနိုင်ရကြံ့ဖွံ့အမတ်တွေတောင်မှာ သွားရောက်ခြင်း မရှိလို့ သူသွားတဲ့ခရီးတလျောက်မှာ နောက်ကနေ ကြံ့ဖွံ့အမတ်တွေက လိုက်ပြီးတော့ အိမ်တအိမ်ကို ပန်းကန်တခြပ်၊ ငွေ ၅ထောင်လိုက်ပေးတာတွေ့ခဲ့ရတယ်။ ဒေါ်စန္ဒာမင်း လေ့လာရေးလာတော့မှပဲ ကြံ့ဖွံ့အမတ်တွေရဲ့ အရေးတယူလုပ်တာ ခံဖူးတော့တယ်လို့ နာဂပြည်သူတွေက မှတ်ချက်ပေးတယ်လို့ ဆိုပါတယ်။

 

          နာဂဒေသမှာ လေရှီး၊ လဟယ်၊ နန်းယွမ်းဆိုပြီး မြို့နယ် ၃ မြို့နယ် ရှိပါတယ်။ NLD ရုံးခွဲများ ဖွင့်ထားခြင်း မရှိပါဘူး။ ခေတ်အနောက်ကျဆုံး တိုင်းရင်းသားဒေသတခု ဖြစ်တာကို တွေ့ရပါတယ်။ တိုင်းရင်းသားဖွံဖြိုးရေး စီမံကိန်းတွေ ၀န်ကြီးဌာနတွေက ဘတ်ဂျက်တွေ ချထား၊ ယူထားပေမယ့် နယ်စပ်ဒေသဖွံဖြိုးရေး၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးတွေကို ထိထိရောက်ရောက် အောင်မြင်ဖြစ်ထွန်းအောင် လုပ်ဆောင်ပေးတာမျိုး အစိုးရဘက်က အားနည်းနေတာ ပျက်ကွက်နေတာ အများကြီး ဖြစ်နေတယ်လို့ သိရပါတယ်။ ဘတ်ဂျက်တွေ ပိုက်ဆံတွေ ချပေးထားတာ၊ ယူထားတာတွေ မရှိလို့မဟုတ်ဘူး၊ ဖြစ်အောင် မလုပ်ပေးတာ၊ အချိန်မီ အကောင်အထည်မဖော်ပေးတာတွေက အဓိကပြသနာဖြစ်နေတယ်လို့ သူက သုံးသပ်ပြပါတယ်။

 

          အဲသည်ခရီးစဉ်က ၁၀ ရက်ခရီးစဉ်ဖြစ်ပြီးတော့ ဒေါ်စန္ဒာမင်းက သူ့ကိုယ်ပိုင်ငွေကြေးကို သုံးစွဲပြီး ပါတီစည်းရုံးရေး ခရီးစဉ်သွားခဲ့တာလို့ ဆိုပါတယ်။ သူ့ယုံကြည်ချက် သူ့အသိစိတ်ဓာတ်နဲ့ သွားခဲ့တာလို့ ပြောပါတယ်။ ပါတီဝင် ၈၀၀ ကျော်နဲ့ ရုံးခွဲပေါင်း ၂၄ ရုံး ဖွဲ့နိုင်ခဲ့တယ်။ သူ့နေပြည်တော် မဲဆန္ဒနယ်မှာ ၂ နှစ်ကျော်ခဲ့ပြီ ပါတီဝင် ၁ ထောင်မကျော်ပေမယ့် နာဂတောင်တန်းဒေသမှာတော့ ၁၀ ရက်အတွင်း ပါတီဝင် ၈၀၀ ကျော် စည်းရုံးနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

          နာဂဒေသ ဖွံဖြိုးတိုးတက်ရေးအတွက် ကိုယ်ထူကိုယ်ထထူထောင်ရေး အလုပ်တွေ လုပ်နိုင်အောင် အားပေးလှုံဆော်မယ်လို့ သူက ပြောပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ သောက်သုံးရေ လွယ်ကူရေးတို့ လုပ်ကိုင်ရမယ်။ အများပြည်သူတွေကနေ တိုက်ရိုက် ကူညီနိုင်ကြဖို့၊ ဒေသခံတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပေးဖို့ ဒေါ်စန္ဒာမင်းက အားပေးမယ်၊ လှုံဆော်မယ်လို့ ပြောပါတယ်။

 

 

နိုင်ငံတော်စီမံကိန်းများနဲ့ ငွေကြေးဘတ်ဂျက်များကို စုံစမ်းစစ်ဆေးခြင်း

 

          တိုင်းရင်းသားဒေသတွေ၊ နယ်စပ်ဒေသတွေ ဆင်းရဲမွဲတေနေတာတွေကို မျက်မြင်ကြုံခဲ့ရတဲ့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးလည်း ဖြစ်နေတာကြောင့် အစိုးရရဲ့ စီမံကိန်းတွေ ဘတ်ဂျက်ရေးရာကိစ္စတွေကို ကြည့်ရှုလေ့လာနိုင်တဲ့အတွက် နာဂခရီးစဉ်က ပြန်ရောက်လာပြီးတဲ့နောက် လွှတ်တော်မှာ နိုင်ငံတော်ရဲ့ ဘတ်ဂျက်တွေ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်၊ မှတ်တမ်းတွေကို စုဆောင်း လေ့လာတယ်လို့ ဆိုပါတယ်။ ဒေသဆိုင်ရာအလိုက် ချမှတ်ထားတဲ့ ၀န်ကြီးဌာနအလိုက် စီမံကိန်းတွေ၊ ဘတ်ဂျက်ချမှတ်ထားတာတွေကို သီးခြားစာရင်းပြုစုပြီးတော့ ဒေသခံပါတီဝင်တွေကနေတဆင့် အဲသည်ဒေသတွေမှာ အဲသည်စီမံကိန်းတွေ၊ ဘတ်ဂျက်ချမှတ်သုံးစွဲမှုတွေ အမှန်တကယ် ရှိမရှိ၊ ခရီးရောက်မှု ရှိမရှိကို စစ်ဆေး တိုက်ဆိုင်မှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

          အဲသည်မှာ ဘာသွားတွေ့ရသလဲဆိုတော့ ကျန်းမာရေး၊ ပညာရေး၊ ဆောက်လုပ်ရေး၊ နယ်စပ်ဒေသ၊ ပြည်ထဲရေး အစရှိတဲ့ဝန်ကြီးဌာနတွေက ငွေတွေ ထုတ်ယူထားတယ်။ လွန်ခဲ့တဲ့ နှစ်တွေကလည်း စီမံကိန်းတွေပြ၊ ငွေတွေ ထုတ်ထားတယ်။ ပြီးတော့ ဘာတခုမှ ထိထိရောက်ရောက် မလုပ်ဘူးဆိုတာ တွေ့ရပါတယ်။ ဒါတွေကို လွှတ်တော်မှာ ဆွေးနွေး ထောက်ပြတဲ့သူ မရှိခဲ့ဘူး။ လွှတ်တော်ရဲ့ စီးပွားရေးကော်မရှင်မှာ ပါဝင်တဲ့ ဒေါ်စန္ဒာမင်းကိုယ်တိုင်က အဲသည် ဘတ်ဂျက်၊ စီမံကိန်း၊ အစိုးရအလုပ်တွေအကြောင်းကို သေချာလေ့လာ သင်ယူပြီးတော့ ဒါတွေကို လွှတ်တော်မှာ ဝေဖန်ထောက်ပြ ဆွေးနွေးနိုင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

          နာဂတောင်တန်းအတွေ့အကြုံကို ဒေါ်စန္ဒာမင်းကိုယ်တိုင် လွှတ်တော်မှာ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရတွေ ၀န်ကြီးဌာနတွေရဲ့ ပျက်ကွက်မှုတွေကို ထောက်ပြဆွေးနွေးခဲ့ပါတယ်။ အဲသည်ဆွေးနွေးချိန်တုန်းက နာဂဒေသက ပြည်သူတွေ လက်ဆောင်ပေးလိုက်တဲ့ နာဂရိုးရာခြုံစောင်ကို ၀တ်ဆင်ပြီး ဆွေးနွေးခဲ့ပါတယ်။ အဲသည်ဆွေးနွေးတာကို နာဂတောင်တန်းဒေသက ပြည်သူတွေ ရုပ်မြင်သံကြားကနေ တိုက်ရိုက်နားထောင်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ကိုယ့်မြို့နယ် ကိုယ့်ဒေသတင်သာမကဘူး၊ ပြည်ထောင်စုအားလုံးကို စိတ်ဝင်စားရမယ်၊ လုပ်နိုင်သလောက် လုပ်ပေးရမယ်လို့ သဘောထားတယ်လို့ သူက ပြောပါတယ်။

 

          နောက်ထပ်အရေးကတော့ –  နယ်စပ်ဒေသ၀န်ကြီးဌာနက စီမံကိန်းတွေချပြီးတော့ ငွေတွေထုတ်ထားတယ်။ သန်း ၅ထောင် ကျော်တယ်။ တခုမှ မလုပ်ဘူး၊ တံတား ၁၀ စင်းဆောက်မယ်ဆိုပြီး ငွေတွေ ထုတ်ထားတယ်၊ တခုမှ မဆောက်ဘူး။ ဘဏ်တွေထဲမှာ ငွေတွေ ထည့်ထားပြီးတော့ မသုံးစွဲပဲနဲ့ ဘဏ်တိုးတွေ ယူနေတယ်လို့ သူက ပြောပါတယ်။ အကယ်၍ ပရောဂျက်မလုပ်ဖြစ်လို့ နိုင်ငံတော်ကို ငွေပြန်အပ်တဲ့အခါမှာ ရထားတဲ့ အတိုးငွေတွေ ပြန်ပါမလာဘူးလို့ ဆိုပါတယ်။ အဲဒါတွေကို လွှတ်တော်မှာ ထပ်မံဆွေးနွေးဖို့ ဒေါ်စန္ဒာမင်းက စီစဉ်နေချိန်မှာ ပြည်ပခရီးစဉ်ကြောင့် အင်န်အယ်ဒီက ကိုယ်စားလှယ်တဦးကို အပ်ထားခဲ့ရတယ်လို့ ပြောပါတယ်။ (အဲသည်အကြောင်း လွှတ်တော်မှာ မဆွေးနွေးဖြစ်ပါဘူး၊ အဲသည်မှတ်တမ်း ကျပျောက်သွားတယ်လို့ အဲသည်ပုဂ္ဂိုလ်က ပြောတယ်လို့ သိရပါတယ်)

 

 

၂၀၁၅ ရွေးကောက်ပွဲအတွက် ဒေါ်စန္ဒာမင်းရဲ့ စိတ်ကူး

 

          သူ့အနေနဲ့ နာဂဒေသ ထူထောင်ရေး၊ ဖွံဖြိုးရေးအတွက် အားပေးလှုံဆော်ဖို့ လိုအပ်တာတွေ မြင်တာကြောင့် နောက်တခါ ရွေးကောက်ပွဲဝင်ရမယ်ဆိုရင် နာဂဒေသခံ တိုင်းရင်းသားပြည်သူတွေအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင် အရွေးခံချင်တယ်လို့ သူက ပြောပါတယ်။

 

          နေပြည်တော်က မဲဆန္ဒနယ်ထက်စာရင် နာဂဒေသကို ကိုယ်စားပြုချင်ပါတယ်။ အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရရင်လည်း နာဂဒေသအတွက် အတိုင်ပင်ခံတဦးအဖြစ် ကိုယ်ထူကိုယ်ထသွားလုပ်ပေးမယ်လို့ သူက စဉ်းစားနေပါတယ်။ နေပြည်တော်က နယ်မြေတွေက သမ္မတရဲ့ တိုက်ရိုက်အုပ်ချုပ်ခွင့်ရ သီးခြားဥပဒေတခုနဲ့ အုပ်ချုပ်တာဖြစ်တဲ့အတွက် အဲသည်နယ်မြေ ၄ ခုက လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေသခံ အုပ်ချုပ်ရေးအာဏာပိုင်တွေက အရေးတယူ သဘောမထားတာတွေ ရှိတာကို တွေ့ကြုံနေရပါတယ်။ နေပြည်တော်ဖြစ်တဲ့အားလျော်စွာ တံတားတွေ လမ်းတွေကလည်း သည်ထက် ထူးပြီး ဆောက်နေစရာလည်း မလိုအပ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဒေသအတွက် အခန်းကဏ္ဍက အကန့်အသတ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

 

          လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် ပညာရေးထောက်ပံ့ငွေထဲကနေ နာဂဒေသက လူငယ် ၃ဦးကို ပညာသင်ထောက်ပံ့ထားပါတယ်။ အဲသည်ကလေးတွေက ၁၀တန်းကို ကိုယ့်ဖာသာကိုယ် ကြိုးစားပြီး အောင်မြင်လာတာဆိုပေမယ့် တက္ကသိုလ်တန်း အဝေးသင်ပညာရေးမှာတော့ အခြားဒေသတွေက ကျောင်းသားတွေနဲ့ ယှဉ်ရင် ခက်ခက်ခဲခဲ ရုန်းကန်ကြရပါတယ်။ ပထမနှစ်မှာ ၁ ဦးပဲ အတန်းအောင်ခဲ့ပြီး ကျရှုံးတဲ့ ၂ ဦးကို ပညာတော်သင်ထောက်ပံ့ကြေး ရုပ်သိမ်းလိုက်တာကြောင့် စာမေးပွဲကျသူ ကလေး ၂ဦးမှာ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ အလွန်ဆင်းရဲတဲ့ ဒေသက တိုင်းရင်းသား ၂ ဦးရဲ့ ပညာရေး အဟောသိကံမဖြစ်အောင်လို့ ဒေါ်စန္ဒာမင်းက သူ့ဖာသာသူ ဆက်လက်ပညာသင်ထောက်ပံ့ပေးမယ်ဆိုပြီး ပြန်လည် ခေါ်ထားတယ်လို့ ပြောပါတယ်။ တလကို ပညာသင်စာရိတ် ၃ သောင်းလောက်ကိုတော့ သူ ဖြစ်အောင် ကြိုးစားနိုင်တယ်လို့ ဆိုပါတယ်။ နာဂကလေးတွေ ပညာတတ်ဖို့ စာတတ်ဖို့ကလည်း ရေရှည်အလုပ်ဖြစ်တယ်လို့ သူက သဘောထားပါတယ်။

 

 

နာဂဒေသ ကိုယ်ထူကိုယ်ထ ဖွံဖြိုးရေးအတွက် နှိုးဆော်တဲ့အလုပ်

 

          အင်န်အယ်ဒီပါတီတရပ်အနေနဲ့ တိုင်းရင်းသားဒေသဖွံဖြိုးရေး အားပေးလှုံဆော်တာတွေ ပိုမို ဖြစ်စေချင်တယ်လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။ ၂၀၁၅ မေလမှာ ဒေါ်စန္ဒာမင်း အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားကို ခေတ္တလာရောက်ဦးမှာ ဖြစ်ပါတယ်။ အဲသည်အခါကျရင် နာဂဒေသအတွက် မရှိမဖြစ်လိုအပ်တဲ့ သောက်သုံးရေ ရရှိရေး စီမံကိန်းဖြစ်မြောက်အောင် မြန်မာပြည်သူတွေက ၀ိုင်းဝန်း ကူညီကြဖို့ကို မေတ္တာရပ်ခံသွားပါတယ်။

 

          နိုင်ငံရေးပါတီဝင်တဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တာကြောင့် သူကိုယ်တိုင် ရန်ပုံငွေအလှူခံတာ၊ အကူအင်္ညီတိုက်ရိုက်တောင်းတာတွေ မလုပ်ပါဘူး။ ဒါပေမယ့် အလှူရှင်တွေ၊ စေတနာရှင်တွေ၊ လုပ်အားပေးတွေ၊ ပညာရှင်တွေကနေပြီး တိုက်ရိုက်ဒေသခံ အစုအဖွဲ့တွေနဲ့ ချိတ်ဆက် လုပ်ဆောင်နိုင်ကြဖို့ကိုတော့ ဒေါ်စန္ဒာမင်းက အားပေးမယ်၊ ပြောဆိုပေးမယ်လို့ ပြောကြားပါတယ်။

 

          အဲသည်နေ့က ဆွေးနွေးပွဲမှာ ဒေါ်စန္ဒာမင်းရဲ့ အတွေ့အကြုံ အတွေးအမြင်တွေကို နားထောင်ပြီးတဲ့နောက် စေတနာရှင် မြန်မာမိသားစုတွေက နာဂဒေသ တနိုင်တပိုင်ဖွံဖြိုးရေးအတွက် အလှူငွေ မြန်မာငွေ ကျပ် ၉ သိန်းခန့် ပေးအပ်ခဲ့ကြပါတယ်။ ဒါ့အပြင် နာဂဒေသက ကျောင်းပညာရေးအတွက် မတည်ငွေ ကျပ် သိန်း ၅၀ ကို သွားဆရာဝန် ဒေါက်တာမောင်မောင်သော်၊ မနီနီသော် မိသားစုကလည်း လှူဒါန်းပေးအပ်ခဲ့ကြပါတယ်။

 

 

(ဓာတ်ပုံ – သုံးရောင်ခြယ် မိုးကျော်)

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ဘေးဧရိယာမြန်မာမိတ်ဆွေများနဲ့ အတွေ့အကြုံရှင်းလင်း
  1. NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ဘေးဧရိယာမြန်မာမိတ်ဆွေများနဲ့ အတွေ့အကြုံရှင်းလင်း(via from Moemaka)

  2. စင်ကာပူ၊ မလေးရှား၊ ထိုင်း နိုင်ငံတွေက ဆင်းရဲတော့ မလာတော့ဘူးလား ဒေါ်လေးရယ်…

  3. ၂၀၁၅ ဇမ္ဗူသီရိမြို့နယ် ဦးသိန်းစိန်ဝင်ပြိုင်ရင် သူ့နဲ့ပြိုင်မှာလား… ။ စင်ကာပူမှာတော့ ဘယ်အတိုက်ခံမှ ဝင်မပြိုင်ဘူး။ မလေးရှားမှာတော့ ဝင်ပြိုင်ကြတယ်။ မြန်မာအစိုးရက မလေးရှား၊ နိုင်ငံရေးနဲ့ရွေးကောက်ပွဲကို အတုယူနေတယ်လို့ ပြောတယ်။ အခု ပြိုင်လို့ နိုင်ခါနီးဖြစ်နေတဲ့ အတိုက်ခံခေါင်းဆောင် အာနဝါကို ၁၅နှစ်တုန်းကအမှု ပြန်ဖွင့်ပြီး ထောင်ချလိုက်တယ်…။ သတိထားရမယ်…

Comments are closed.