လူများ၊ ရုပ်ပုံလွှာများ သန်းဝင်းလှိုင်

သမိုင်းတကွေ့မှ သခင်တင်မြ – အပိုင်း (၅)


သန်းဝင်းလှိုင်

မတ်လ ၅၊ ၂၀၁၄

 

● ရုပ်အခြေအနေကား မရှိတော့ပြီ

ပြည်တွင်းစစ်ရပ်စဲရေး၊ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်သည် ဥပဒေတွင်းဝင်ရောက်ရေးကို ဦးတည်ထား သဖြင့် ယေဘုယျအားဖြင့် မှန်ပါ၏။

 

ဤလမ်းစဉ်က ညွှန်ကြားထားသော လုပ်ငန်းများကိုသာ ခေါင်းဆောင်များက ရှေ့ဆောင်နိုင်စွမ်းနှင့် ပါတီအဖွဲ့အစည်းနှင့် လက်နက်ကိုင်တပ်များက အကောင်အထည် ဖော်နိုင်စွမ်းရှိပြီး ပြည်သူလူထုကြီးကလည်း ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုနောက်သို့ အုံကြွလိုက်ပါနိုင်သော ရုပ်အခြေအနေများ ရှိပါက ထိုလမ်းစဉ်က ဖော်ပြထားသော အောင်မြင်မှုများကို ရရှိနိုင်ပေမည်။ သို့ရာတွင် ထိုလမ်းစဉ်က ပြုလုပ်မည်ဟု ညွှန်ပြထားသော လုပ်ငန်းများ အကောင်အထည် ဖေါ်စေနိုင်သည့် ရုပ်အခြေအနေကား မရှိတော့ပေ။

 

ဤလမ်းစဉ် ချမှတ်စဉ်က ပါတီဗဟိုကော်မတီသည် ပကတိအားဖြင့် တည်ရှိနေသော ရုပ်အခြေအနေ အရပ်ရပ်ကို ယေဘုယျအားဖြင့်သာ တွေးဆအကဲဖြတ်ခဲ့သည်။ အလေးအနက် အသေးစိတ် လေ့လာ အကဲဖြတ်မှုကား မရှိခဲ့ပေ။

 

လမ်းစဉ်က ကွဲပြားနေသော စုပေါင်းခေါင်းဆောင်မှုကို ပြန်လည်ယူဆောင်ရမည်။ သုံးပါတီ တစ်ပါတီ ဖြစ်ရေးကို အမြန် ပြန်လုပ်ရမည်ဟု ညွှန်ကြားခဲ့၏။

 

လမ်းစဉ်က ဤသို့ ညွှန်ကြားခဲ့စေကာမူ သုံးပါတီညီညွတ်ရေးမှာ ပို၍ပျက်ပြားခဲ့ရသည်။ ပို၍ မညီမညွတ် ဖြစ်လာရသည်။ ပါတီတွင်း စုပေါင်းခေါင်းဆောင်မှုမှာလည်း ထိုးစစ်များကြောင့် ဗဟိုကော်မတီ ၊ တိုင်းကော်မတီ၊ ခရိုင်ကော်မတီ အစည်းအဝေးများကိုပင် မှန်မှန်မလုပ်နိုင် ဖြစ်ခဲ့ရသည်။

 

ပျက်ပြားချည့်နဲ့နေသော ပါတီကို ပြန်စုစည်းရမည်။ ပါတီတွင်း ညီညွတ်မှုကို ပြန်လည်ထူထောင်ရမည် ဟု လမ်းစဉ်က ညွှန်ပြထားသည်။

 

တိုင်း (၃) အုပ်စု ပေါ်လာ၏။ အောက်ဗမာပြည် တိုင်းကော်မတီက ဗဟိုချုပ်ကိုင်မှု လက်မခံ ဟု ဖြစ်လာ၏။ အဆင့်ဆင့် ချုပ်ကိုင်မှုကို မနာခံမှုများ ပိုများလာ၏။ ပါတီတွင်း အစဉ်သဖြင့် ရှိခဲ့သော ဂိုဏ်းဂဏ သဘောထားများမှာလည်းလျော့နည်းသွားသည်မရှိ၊ပိုတိုးပွားလာ၏။ စည်းကမ်းပျက်မှုများနှင့် ပတ်သက်၍လည်း ထို့အတူပင်ဖြစ်၏။ပြည်တွင်းစစ်ရပ်စဲ၍ ဥပဒေအတွင်းရောက်ပါက နေထိုင်စားသောက်ရန် ခရိုင်ကော်မတီများမှ အစ စီးပွားရှာမှုများပေါ်လာ၏။ နှမ်းပေး၊ စပါးပေး၊ ဝက်မွေး၊ ဖက်ပေး၊ အိမ်ဆောက် စသည်များ ပြုလုပ်လာခြင်း၊ လမ်းစဉ်က ကျယ်ပြန့်သော တပ်ပေါင်းစု တည်ဆောက်ရမည်ဟု ညွှန်ပြထား၏။

 

သုံးပါတီ ညီညွတ်မှု မရှိသဖြင့် တပ်ပေါင်းစုလည်း မတည်ဆောက်နိုင်ခဲ့။ လမ်းစဉ်က လက်နက်ကိုင် တပ်များကို နိုင်ငံရေးအသိ မြင့်မားစေရမည်။တိုက်ခိုက်ရေးစိတ်ဓါတ်နှင့် တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေး ရမည်ဟု ညွှန်ပြထား၏။

 

အစဉ်တစိုက်ကြွေးကြော်ခဲ့သောတပ်နှင့်ပါတီညီညွတ်ရေးကားမရခဲ့သောကြောင့် လက်နက်ကိုင်တပ်မှူး တပ်သားများကလည်း ပါတီဝင်များကို မလေးစား၊ ပါတီစည်းရုံးရေးမှူးများကလည်း တပ်မှူး တပ်သားများကို အထင်မကြီးမှုများ ဆက်လက်ရှိနေ၏။ လက်နက်ကိုင်တပ်မှူး တပ်သားများကို နိုင်ငံရေးအသိ မြှင့်တင်မပေးနိုင်။ ပါတီကော်မတီများနှင့် စည်းရုံးရေးမှူးများက စီးပွားရေးလုပ်သည်ကို မြင်ရသောအခါ အချို့ တပ်မှူးငယ်များနှင့် တပ်သားများကလည်းစီးပွားရေးလုပ်သူလုပ်၊ဓါးပြတိုက်၊လူထုဆန့်ကျင်မှုများလုပ်ဖြစ်လာကြ၏။ ဤအမှုများကို လည်း ပါတီမှ အရေးမယူနိုင်၊ အရေးယူပါကလည်း တတပ်လုံးမပြီး၊ လက်နက်ချသွားမှာ စိုးနေရ၏။

 

နိုင်ငံရေး အသိမရှိဘဲ စည်းကမ်းပျက်နေသောကြောင့် လက်နက်ကိုင်တပ်များမှာ တိုက်ခိုက်ရေး စိတ်ဓါတ်များ ပျက်ပြားနေ၏။ အသေခံပြီး စွန့်စားတိုက်ခိုက်လိုသော စိတ်ဓါတ်များ ခေါင်းပါးနေ၏။ “ဥပဒေတွင်း ဝင်တော့မှာပဲ၊ ဘာဖြစ်လို့ အသေခံရမှာလဲ” ဟူသော အယူအဆများ ဝင်လာကြ၏။ ထို့ကြောင့်ပင် တပ်သားများအား နိုင်ငံရေးပညာကို ပေး၍ ထိန်းသိမ်းရသည်ထက် ထောက်ပံ့ကြေးနှင့် အသုံးစရိတ် အသုံးအဆောင် ပစ္စည်းများပိုမိုပေး၍ ထိန်းသိမ်းလာရ၏။ ဤနည်းဖြင့် ထိန်းသိမ်း၍လည်း မရပေ။ ထို့ကြောင့်ပင် တိုက်ပွဲများမှာ အောင်မြင်မှုထက် ဆုံးရှုံးမှုများက ပို၍ များလာ၏။

 

လမ်းစဉ်က လက်နက်ကိုင် စစ်ပွဲ ပိုမိုထိရောက်စွာ ဆင်နွှဲရန်အတွက် လယ်သမားများ လူထု၏ ထောက်ခံမှုရရှိရန်လိုသည်။လယ်သမားလူထု၏ထောက်ခံမှု ရရှိရန် မြေယာပြုပြင်ရေး လုပ်ငန်းများ ပြုလုပ်ရမည် ဟု ညွှန်ပြထား၏။

 

ကွန်မြူနစ်ပါတီ၏ မြေယာလမ်းစဉ် လက်ဝဲလက်ျာ အမှားများကြောင့် လယ်သမားများသည် ပါတီ၏ မြေယာလုပ်ငန်းအပေါ် စိတ်ပျက်နေ၏။ ကွန်မြူနစ်ပါတီ၏ အခြေခံဒေသများ ပျက်ပြားကျဉ်းမြောင်းလာသဖြင့် တည်ငြိမ်သောဒေသ ဟူ၍ မရှိတော့ကာ မြေယာဝေခြမ်းရေး ပြုလုပ်နိုင်သော ဒေသများမှာ လုံးဝမရှိတော့သည့် အခြေအနေသို့ ရောက်နေ၏။ လယ်သမားလူထုမှာ ကွန်မြူနစ်ပါတီ ဝေခြမ်းပေးမည့် မြေယာရရှိရေးထက် ပြည်တွင်းစစ်ကို ရပ်စဲပြီး ငြိမ်းချမ်းစွာသာ နေလိုကြသော ဆန္ဒများသာ ပေါ်နေလေသည်။ လယ်သမားလူထုမှာ လက်နက်တိုက်ပွဲကို အုံကြွထောက်ခံမှုလည်း မရှိသောကြောင့်  လယ်သမားအများစုမှာ မလွှဲမကင်းသာ၍ အကူအညီပေးနေရခြင်းသာဖြစ်၏။မူလကရှိခဲ့သော တောင်သူလယ်သမားအဖွဲ့အစည်းများမှာလည်း ပျက်ပြားခဲ့ ရလေသည်။

 

ဤအခြေအနေများမှာ ကွန်မြူနစ်ပါတီ တစ်ခုတည်းတွင်သာ တည်ရှိနေသော အခြေအနေ မဟုတ်ပေ။ အလံနီ ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော် ၊ ကော်သူလေး (ကယား) စသော အဖွဲ့အသီးသီးတွင်ပါ ထိုစဉ်က ကြုံတွေ့ဖြစ်ပွားနေသော အခြေအနေများပင် ဖြစ်လေသည်။

 

အထက်ပါတို့သည်ကား လမ်းစဉ်က ညွှန်ပြထားသော လုပ်ငန်းများ အောင်မြင်ရေးကို ဖြောင့်ဖြောင့် ဆန့်ကျင်နေသော ကွန်မြူနစ်ပါတီ ခေါင်းဆောင်တို့၏ စိတ်ဆန္ဒနှင့် ကင်း၍ ပကတိအားဖြင့် တည်ရှိနေသော ရုပ်အခြေအနေများပင် ဖြစ်လေသည်။

 

ကျွန်တော်အပါအဝင် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် မိမိတို့၏ ခေါင်းဆောင်နိုင်စွမ်း အပေါ်တွင် သံသယအချို့ ရှိခဲ့သော်လည်း ခေါင်းဆောင်နိုင်မှုကိုသာ ပို၍ တွက်ခဲ့၏။

 

၅၅ ခုနှစ် ပြည်တွင်းစစ်ရပ်စဲရေးလမ်းစဉ်ဖြင့် ပါတီအားကြုံတွေ့နေရသော အကျပ်အတည်းမှ လွတ်မြောက်အောင် ခေါင်းဆောင်သွားနိုင် လိမ့်မည်ဟု ထင်ခဲ့ကြ၏။ သို့ရာတွင် “ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးကို ဖြိုမယ်ကြံ ခါးကမသန်” ဖြစ်နေသည်ကိုကား မတွေးမိခဲ့ကြပေ။

 

ဗဟိုကော်မတီနှင့်ပါတီတရပ်လုံးမှာ အမှားအမျိုးမျိုး၏ ဒဏ်ချက်တို့ကြောင့် အင်အားချည့်နဲ့ကာ ခါးရိုးပျော့နေပေပြီ။ပါတီတွင်းနှင့် လက်နက်ကိုင်တပ်များအတွင်း လက်နက်ကိုင်တိုက်ပွဲကို ဆက်လက်ဆင်နိုင် သော နိုင်ငံရေးအသိနှင့် စိတ်ဓါတ်ဆိုင်ရာ အခြေအနေ စည်းရုံးရေး ဖွဲ့စည်းမှု မရှိတော့ပေ။

 

ထို့ကြောင့် လက်နက်ကိုင် ခုခံရေးကို ပိုမိုပြင်းထန်စွာ ဆင်ရမည် ဟု ခေါင်းဆောင်မှု တဖွဖွ ကြွေးကြော်အော်ဟစ်နေစေကာမူ ခေါင်းဆောင်မှု၏ဆန္ဒနှင့် ကင်း၍ လက်နက်ကိုင်တိုက်ပွဲမှာ ကျဆင်းခဲ့ရသည်။

 

လက်နက်ချ အရှုံးပေးမှုကိုတားဆီးရမည်ဟု ပြောဆိုနေသည့်အကြားမှာ လက်နက်ချ အရှုံးပေးမှုများက ပိုမိုများပြားလာရသည်။ ထို့ကြောင့် ၅၇ ခုနှစ် ချမ်းအေး (မောင်စူးစမ်း)၏ “လက်နက်နှင့် ဒီမိုကရေစီလဲရေး” အယူအဆ ပေါ်လာသောအခါတွင် ပါတီတွင်း တည်ရှိနေကြသော ပကတိ ရုပ်ဘဝသည် ဘွားဘွားကြီး ပေါ်လာတော့၏။ အစုလိုက် အပြုံလိုက် လက်နက်ချမှုများမှာ တစ်ပြည်လုံးတွင် အနှံ့အပြား ပေါ်ခဲ့လေသည်။ လက်နက်ကိုင်တိုက်ပွဲ ဆက်လက်ဆင်နွှဲ၍ မရနိုင်သော ပါတီတွင်း ပါတီပြင် အခြေအနေ၏ တိုက်တွန်းမှုကို ခေါင်းဆောင်မှုသည် မတားဆီးနိုင်တော့ပေ။ “တောင်ပြိုသည်ကိုကျူရိုးနှင့် ထောက်၍မရသလို” ဖြစ်နေတော့၏။ ချမ်းအေး၏ “လက်နက်နှင့်ဒီမိုကရေစီလဲရေး” အယူအဆ လကျာ်အရှုံးပေးရေး ဝါဒဖြစ်သည်ဟု ပါတီတစ်ရပ်လုံးက လက်ခံယုံကြည်လာအောင် မပြုလုပ်နိုင်တော့ပေ။

 

တည်ရှိနေသောပါတီတွင်း အကျပ်အတည်းများကို ဖြေရှင်းမပေးနိုင်သောလူထုက လိုလားတောင့်တ နေသော ပြည်တွင်းစစ်ရပ်စဲရေး ဆန္ဒကို ဖြည့်ဆည်းမပေးနိုင်သော ဗဟိုကော်မတီ၏ ခေါင်းဆောင်မှုအပေါ်တွင် ယုံကြည်မှု ကင်းမဲ့လာသည်။ အဆုံးတွင် ဒေသအသီးသီးရှိ အလယ်အလတ် ခေါင်းဆောင်များ ရှေ့ဆောင်၍ “တသုတ်ပြီးတစ်သုတ် လက်နက်နှင့်ဒီမိုကရေစီ” လဲကုန်ကြတော့၏။

 

လက်နက်ကိုင်တိုက်ပွဲ ဆက်လက်ဆင်နွှဲရန် ပါတီတွင်း၊ ပါတီပ ရုပ်အခြေအနေမရှိတော့သဖြင့် လက်နက်ကိုင် တိုက်ပွဲကို ရပ်စဲ၍ ဥပဒေတွင်းသို့ ဝင်ရောက်ခဲ့သည်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ အစိတ်အပိုင်း သာမကတော့ဘဲ ၁၉၅၈ ခုနှစ်တွင် ပြည်သူ့ရဲဘော်ပါတီတစ်ခုလုံး၊ ပအို့ဝ် တော်လှန်ရေးအဖွဲ့၊ မွန်တော်လှန်ရေး တပ်ဦး၊ ရခိုင်ပြည် ပြည်သူ့လွတ်လပ်ရေးပါတီ တို့ ဖြစ်လေသည်။ ဤအဖွဲ့အစည်းများသည် လက်နက်ကိုင် တိုက်ပွဲကို ရပ်စဲခဲ့သဖြင့်တရားဝင် တည်ရှိခွင့်နှင့်လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိခဲ့ကြလေသည် ဟူ၍ သုံးသပ်သည့် စာတမ်းကို ရေးသားခဲ့သည်။

 

ထို့နောက် ဘောင်ဒရီ စစ်အချုပ်တွင်ပင် ၁၉၆၁ ခုနှစ်တွင် “ဘုံဘဝမှာဖြင့်” စာအုပ်ကို ရေးသားခဲ့သည်။ “ဘုံဘဝမှာဖြင့်” စာအုပ်သည် ၁၉၃၈ – ၃၉ ခုနှစ် ၁၃ဝဝ ပြည့်အရေးတော်ပုံမှ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ နေသူရိန်လူထုအစည်းအဝေးအထိ သမိုင်းဖြတ်သန်းမှုကို ရေးဖွဲ့ထားသည်။ အဆိုပါ စာအုပ်ကို မြဝတီမဂ္ဂဇင်းတွင် လစဉ်အခန်းဆက် ထည့်သွင်းဖေါ်ပြပြီးနောက် ပုဂံစာအုပ်တိုက်မှ အတွဲ (၆) တွဲ ခွဲ၍ ထုတ်ဝေခဲ့သည်။နောက်ပိုင်းတွင်သင့်စာပေ၊ပန်းရွှေပြည်စာအုပ်တိုက်တို့ ကပေါင်းချုပ်အဖြစ်ထုတ်ဝေခဲ့ကြသည်။

 

“ဘုံဘဝမှာဖြင့်”စာအုပ်အမှာကို စာရေးဆရာ သိန်းဖေမြင့်က အောက်ပါအတိုင်း ရေးသားပေးခဲ့ပါသည်-

 

“တစ်နေ့သောအခါမြဝတီမဂ္ဂဇင်း၌ထောင်ထဲမှသခင်တင်မြရေးလိုက်သော နိုင်ငံရေးစစ်တမ်း တစ်စောင် ကို ဖတ်ရလေသည်။

 

ကွန်မြူနစ်အဖြူ၊အနီ လှုပ်ရှားမှုများတွင်သူပါဝင်ခဲ့သော သူ့အတွေ့အကြုံများကိုအံထုတ် တင်ပြထား သည်။ကွန်မြူနစ်ပါတီ၏ အမှားများကိုသဘောတရား ဆရာတစ်ဦး၏ ရှုမြင်သုံးသပ်ပုံမျိုးလည်း မဟုတ်၊ မျောက်လွဲကျော်လုပ်ရန် ရန်သတ္တရုပြုပြီး ထွက်လာသည့် ပုံမျိုးလည်းမဟုတ်ဘဲ ကွန်မြူနစ် အလယ်အလတ် ခေါင်းဆောင်ပိုင်းမှ ရိုးရိုးအကောင်းဆုံး အမှုထမ်းရင်း ရှေ့ဆက်လုပ်မရလောက်အောင် ဖြစ်နေသော အမှားများကို ကွက်ကွက်ကွင်းကွင်း ရှုမြင်သုံးသပ်ပုံမျိုး ဖြစ်ကြောင်းတွေ့ရလေသည်။ ကျွန်တော်သည် ထိုစစ်တမ်းတွင် နိုင်ငံရေးအယူအဆနှင့် အကျင့်အကြံ၌ရိုးသားသန့်ရှင်းသော သခင်တင်မြကို ပြန်လည်တွေ့ဆုံ ရလေသည်။

 

ထို့ကြောင့် လွန်လေပြီးသော နှစ်ပေါင်းများစွာအတွင်း လူပုဂ္ဂိုလ်ဆိုင်ရာတွင် သခင်တင်မြတစ်ယောက် မရိုးမသား ကိုယ်ကျိုးစီးပွား ရှာနေသည်ဟူ၍လည်းကောင်း၊ ကိုယ်ကျင့်တရား ဖောက်ပြားနေပြီဟူ၍ လည်းကောင်း ကျွန်တော် မကြားမိချေ။

 

မြဝတီမှ ထိုစစ်တမ်းကို ဖတ်ရပြီးနောက် မကြာပါ။ သူ့အား လူကိုယ်တိုင် ပြန်တွေ့ရတော့သည်။ အရင်ကအတိုင်း လူချောလူသန့်တစ်ယောက်ကို ပြန်တွေ့ရသော်လည်း ထိပ်ပြောင်ကြီးနှင့် လူကြီးတစ်ယောက် ဖြစ်နေလေပြီ။ နိုင်ငံရေးသမားတစ်ယောက်အနေဖြင့်လည်း အတော်ရင့်ကျက်နေလေပြီ။ ဗိုလ်နေဝင်း ကိုယ်တိုင် သူ့စစ်တမ်းနှင့်တကွ သူ့အမှုတွဲကို လေ့လာပြီး ထောင်မှထုတ်လိုက်ခြင်း ဖြစ်လေသည်။ ဗိုလ်နေဝင်းသည် သခင်တင်မြအား ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးတွင် တပ်သားတစ်ယောက်အဖြစ်သုံးရန် ဆုံးဖြတ် ခဲ့လေပြီ။” ဟူ၍ရေးသားထားလေသည်။

 

၁၉၆၂ ခုနှစ်မတ်လ၂ရက်နေ့တွင်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းသည် ဦးနုခေါင်းဆောင် သော ပထစ ပါလီမန်ဒီမိုကရက်တစ် အစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းပိုက်လိုက်ပြီးနောက် သြဂုတ်လတွင် သခင်တင်မြအား ဖမ်းဆီးချုပ်နှောင်ထားရာ ဘောင်ဒရီအချုပ်ခန်းသို့ ဦးစောဦး၊ ကိုချစ်လှိုင် (ကိုကိုမောင်ကြီး) ၊ ဗိုလ်သိန်းတန်၊ ကိုလှမြိုင် (ကိုဆောင်း) နှင့် ဗိုလ်မှူးဖေသန်းမောင်တို့ ရောက်ရှိလာကြသည်။ ဗိုလ်ချုပ်ကြီး နေဝင်းက လွှတ်လိုက်သဖြင့် လာရောက်ကြောင်းပြောပြီး တော်လှန်ရေးကောင်စီ၏ ကြေညာချက်ဖြစ်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို သူ့အားရှင်းပြကြသည်။ သူ၏သဘောထားကိုလည်း မေးမြန်းကြသည်။ သခင်တင်မြကလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အား အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သော နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးအစီအစဉ်များကိုမေးမြန်းခဲ့ကြသည်။သခင်တင်မြ၏ဆရာရင်း သခင်စိုးကမူ တော်လှန်ရေး ကောင်စီတက်လာခြင်းသည်မြန်မာ့သမိုင်းနောက်ပြန်ဆုတ်ခြင်းဖြစ်ပြီး အရင်းရှင်ဒီမိုကရေစီမှာ ခေတ်လယ်ပဒေ သရာဇ် ၊ ဧကရာဇ်တစ်ချက်လွှတ် အာဏာပိုင် စနစ်သို့ ပြန်လှည့်သွားခြင်း ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။

 

ဤသို့ သုံးလေးကြိမ်ခန့် လာရောက်ဆွေးနွေးပြီးနောက်၊ သခင်တင်မြသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ကို ထောက်ခံကြောင်း သဘောထားပြန်ကြားခဲ့သည်။ ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင်သူ့အား ဘောင်ဒရီအချုပ်မှ စစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်မှူးကြီးမောင်လွင်က ပြန်လွှတ်ပေး လိုက်သည်။ ၁၉၆၂ ဒီဇင်ဘာလ ၆ ရက်နေ့ အချုပ်မှလွတ်ပြီး ၅ ရက်မြောက်နေ့တွင် သခင်တင်မြအား ဗိုလ်ချုပ်ကြီးနေဝင်းကခေါ်ခိုင်း၍ ဗိုလ်မှူးဖေသန်းမောင် လာခေါ်သဖြင့်စစ်ရုံးရှိဒဂုံရိပ်သာသို့ လိုက်သွားခဲ့ရသည်။ စစ်ရုံး ဒဂုံရိပ်သာတွင် ဗိုလ်မှူးကြီးစောမြင့်(မှူးသမိန်)၊ ဦးချစ်လှိုင်(ကိုကိုမောင်ကြီး) ၊ ဗိုလ်သိန်းတန် တို့ကိုလည်း တွေ့ဆုံရသည်။

 

ဒဂုံရိပ်သာတွင်နေထိုင်သောဗိုလ်မှူးချုပ်အောင်ကြီးနှင့်ပထမဆုံးတွေ့ရသည်။ဗိုလ်မှူးချုပ် အောင်ကြီးနှင့် ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုကြပြီးနောက် ဗိုလ်အောင်ကြီးက “ခင်ဗျားကို ဗိုလ်ချုပ်ကြီး နေဝင်းက တွေ့ပြီး ဆွေးနွေးလိမ့်မယ်” ဟု ပြောကြားသည်။

 

နံနက် ၉ နာရီတွင် ဗိုလ်ချုပ်ကြီး နေဝင်း ရောက်လာသောအခါ သခင်တင်မြ၊ ဗိုလ်မှူးကြီးစောမြင့်၊ ဦးချစ်လှိုင်၊ ဗိုလ်သိန်းတန် တို့နှင့်အတူ သခင်တင်မြအား နိုင်ငံရေးသဘောထားများကို ဆွေးနွေးကြသည်။ ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်အခြေအနေနှင့် ပထစ အစိုးရအဖွဲ့ အတွင်းရေး အခြေအနေ ၊ ဖက်ဒရယ်မူကိစ္စ၊ အခြေအနေ အရပ်ရပ်ကြောင့် စစ်တပ်က အာဏာသိမ်းခဲ့ရကြောင်း ရှင်းပြသည်။ ဗိုလ်ချုပ်အောင်ဆန်း ရှိစဉ်ကတည်းကလို လက်ဝဲအင်အားစုများကို စုစည်းညီညွတ်စေပြီး ဆိုရှယ်လစ်စနစ်ကို အောင်မြင်အောင် ဆောင်ရွက်ဖို့ ရည်ရွယ်ကြောင်း ရှင်းပြသည်။ သခင်တင်မြကလည်း မဆလပါတီ အောင်မြင်ရေးအတွက် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

 

ဗိုလ်ချုပ်ကြီး နေဝင်းက သခင်တင်မြသည် ပါတီစည်းရုံးရေးနှင့် လူထုစည်းရုံးရေးတွင် အတွေ့အကြုံရှိသူ ဖြစ်သဖြင့် ကိုချစ်လှိုင်၊ ဗိုလ်သိန်းတန်တို့နှင့်အတူ လမ်းစဉ်ပါတီ စည်းရုံးရေးတွင် တာဝန်ပေးရန် ဗိုလ်မှူးကြီး စောမြင့်အား ပြောလိုက်သည်။ လမ်းစဉ်ပါတီဖွဲ့စည်းရေးအတွက် ရုံးအဖွဲ့ကို ဗိုလ်မှူးကြီး စောမြင့်က ပြည်လမ်း၊ အသံလွှင့်ရုံတွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။ ထိုရုံးအဖွဲ့တွင် သခင်တင်မြသည် ကိုချစ်လှိုင်၊ ဗိုလ်သိန်းတန်တို့နှင့်အတူ ပါဝင်ဆောင်ရွက်ရသည်။

 

၁၉၆၂ ဒီဇင်ဘာလ ၃ဝ ရက်မှ ၁၉၆၃ ဇန်န၀ါရီလ ၁ ရက်နေ့အထိ စစ်ကိုင်းခရိုင်၊ အုန်းတောရွာတွင် တောင်သူလယ်သမားများနှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်ခဲ့သည်။ယင်းအုန်းတောနှီးနှောဖလှယ်ပွဲတွင် တော်လှန် ရေးကောင်စီက တင်သွင်းကြေညာရန် မြေယာတော်လှန်ရေး လုပ်ငန်းစဉ်တရပ်ကို ရေးဆွဲ၍ ဗိုလ်ချုပ်ကြီး နေဝင်း၏နေအိမ် (မေခလမ်းရှိနေအိမ်)တွင် တော်လှန်ရေးကောင်စီ အစည်းအဝေး ပြုလုပ်ရာ သခင်တင်မြသည် ဦးဘငြိမ်၊ ကိုချစ်လှိုင်တို့ နှင့်အတူ တက်ရောက်ခဲ့ရသည်။

 

ယင်းအစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေး ဝန်ကြီး ဖြစ်သော ဗိုလ်မှူးချုပ် တင်ဖေက ဦးဆောင်၍ ဗိုလ်မှူးကြီးသန်းစိန်(ပခုက္ကူ) နှင့် ဦးဘငြိမ်တို့ ရေးဆွဲထားသော မြေယာတော်လှန်ရေး လုပ်ငန်းစဉ်ကို တင်ပြကြသည်။ယင်းလုပ်ငန်းစဉ်ကိုဆွေနွေးကြပြီး ဗိုလ်ချုပ်ကြီးနေဝင်းကသခင်တင်မြအား ၎င်း၏သဘောထား ကိုမေးမြန်းရာ သူကယခုတင်ပြသော မြေယာလမ်းစဉ်မှာဗကပများ ၁၉၅ဝ ပြည့်နှစ်က တရုတ်ပြည် မြေယာတော်လှန်ရေး လမ်းစဉ်ကို ကူးချပြီး လုပ်ခဲ့သည့် လမ်းစဉ်နှင့်တူနေကြောင်း၊ မြေရှင်ကြီးများ၏ မြေယာပိုင်ဆိုင်မှုကို ဖျက်သိမ်းရေးသာမဟုတ်ဘဲ၊ လယ်သမားအားလုံး၏ မြေယာပိုင်ဆိုင်မှု အားလုံးကို ဖျက်သိမ်း၍ မြေယာအားလုံးကို လယ်သမားများနှင့် လက်မဲ့ လယ်ယာမဲ့များကို ပြန်လည်ငှေသည့် “အကုန်သိမ်း အကုန်ဝေ” မြေယာပြောင်းလဲရေးစနစ် ဖြစ်နေကြောင်း၊ ပဲခူး၊ ဝေါမြို့နယ်တွင် ဤ အကုန်သိမ်း အကုန်ဝေ လုပ်ခဲ့သဖြင့်ဗကပများအားလယ်သမားထုက မုန်းတီးဆန့်ကျင်ပြီး အစိုးရပူးပေါင်း၍ ကာကွယ်ရေးတပ်များဖွဲ့ကာ တိုက်ခိုက်ခဲ့ကြောင်း အတွေ့အကြုံများကို တင်ပြခဲ့သည်။

 

ဗိုလ်ချုပ်ကြီး နေဝင်းက တော်လှန်ရေးကောင်စီအနေဖြင့် မြေယာပြဿနာမှာ ဗကပများ မှားခဲ့သည့် အမှားမျိုးထပ်မှား၍မဖြစ်ကြောင်းပြောကြား၍ ယခုတင်ပြသော မြေယာလုပ်ငန်းစဉ်ကို တော်လှန်ရေးကောင်စီ၏ မူဝါဒ၊ တိုင်းပြည်အခြေအနေနှင့် ကိုက်ညီစွာ ပြန်လည်ရေးသားရန် ပြောကြားခဲ့သည်။ ထိုအချိန်မှစ၍ သခင်တင်မြသည် မကြာခဏ တော်လှန်ရေးကောင်စီ အစည်းအဝေးနှင့် ပါတီစည်းရုံးရေးဗဟိုကောင်စီ အစည်းအဝေးများသို့ ဖိတ်ကြားခံခဲ့ရသည်။

 

၁၉၆၃ ဇန်န၀ါရီ ၃ဝ ရက်မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ဟင်္သာတခရိုင် ဒူးယားရွာ၌ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ ကျင်းပရာ သခင်တင်မြသည် ဦးစောဦး၊ ကိုချစ်လှိုင်၊ ဦးသိန်ဖေမြင့် တို့နှင့်အတူ တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲ အားလပ်ချိန်တွင် ဗိုလ်မှူးကြီးသိန်းစိန်၊ ဗိုလ်မှူးကြီးတင်စိုးနှင့် မြေယာတော်လှန်ရေး ပြဿနာများကို ဆွေးနွေးကြသည်။

 

၁၉၆၃ ဖေဖော်ဝါရီိလထဲတွင် တော်လှန်ရေးကောင်စီက ဖိတ်ကြားသဖြင့် ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အရှေ့ပိုင်းဌာန ဌာနမှူး ပရော်ဖက်ဆာ အူလ်ယာနော့ဗ်စကီးနှင့် အဖွဲ့ဝင်များ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဝင်ဒါမီယာရှိ ဝန်ကြီးချုပ်ရုံးဟောင်းတွင် တစ်ပတ်ခန့် ဗိုလ်မှူးချုပ်တင်ဖေနှင့် အခြားတော်လှန်ရေးကောင်စီဝင်များနှင့် ဦးဘငြိမ်၊ ဦးစောဦး၊ ကိုချစ်လှိုင်၊ ဗိုလ်သိန်းတန်၊ ဗိုလ်မှူး ဖေသန်းမောင်၊ ဗိုလ်မှူးတင်အေးတို့နှင့်အတူ သခင်တင်မြသည် ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရသည်။

 

ပါမောက္ခအူလ်ယာနော့ဗ်စကီးကဆိုဗီယက်ယူနီယံဆိုရှယ်လစ်အစိုးရ၏ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင် ရွက်ပုံများ၊ ကွန်မြူနစ်ပါတီနှင့် အလုပ်သမား သမဂ္ဂဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်ပုံများ ၊စက်မှုပေါ်လစီနှင့် မြေယာပေါ်လစီများ၊အရှေ့ဥရောပကွန်မြူနစ်နိုင်ငံများ၏အတွေ့အကြုံများ မျှဝေဟောပြော ရှင်းလင်းပြသသည်။

 

၁၉၆၂ မေလ ၂၁ ရက်တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူး ရဲထွဋ်သည် အလင်းဝင်လာသည်။ ၁၉၆၃ မေလလောက်တွင် သူသည် လမ်းစဉ်ပါတီသို့ ရောက်ရှိလာသည်။ ၁၉၆၃ ဧပြီလ ၁ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ကြေညာ၍ ဇွန်လ ၁၁ ရက်နေ့တွင် တောတွင်းအဖွဲ့အစည်းများနှင့် မျက်နှာစုံညီ ဆွေးနွေးရန်အတွက် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ကြေညာခဲ့သည်။တောတွင်းအဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးရန်အတွက် ဗိုလ်ချုပ်ကြီးနေဝင်းက တော်လှန် ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါအဖွဲ့၌ အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်မှူးကြီး ကျော်စိုး၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီးလှဟန်၊ ဒုဗိုလ်မှူးကြီးသောင်းဒန်၊ သခင်တင်မြ၊ ဒုဗိုလ်မှူးကြီး ချစ်ခင် (လေ) တို့ ပါဝင်ကြသည်။

 

(ဆက်လက်ဖော်ပြပါမည်)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts