ကဗျာ ရဲရင့်သက်ဇွဲ

အလွမ်းသင့် ကျိန်စာမြစ်ထဲက …

ရဲရင့်သက်ဇွဲ
မတ်လ ၅၊ ၂၀၁၄

 

ညက အိပ်မက်တယ်…..
အိပ်မက်ကလန့်နိုးတော့
ညဟာ တောကြီးမျက်မည်းထဲ
ငုတ်လျှိုးလို့ နေလေရဲ့  ……
အိပ်မရတဲ့အတူ မထူးတော့တဲ့ညမို့ 
တံခါးကို ဖွင့်တော့
အအေးဒီဂရီ အနှုတ်၃က
ငါ့ကို ပွေ့ ဖက်နှုတ်ဆက်တယ်…..

 

ပူလောင်နေတဲ့ ရင်ဘတ်ကြီးထဲက
လောင်မီးကျ အတွေးတွေကတော့
အေးခဲမှုကိုထိုးဖောက်
မေမေ့ အပါးကိုရောက်သွား.တယ်…..

 

သားရေ……
အမေ အခု ဒေါက်နဲ့ထောက်ပြီး
လမ်းလျှောက်ကျင့်နေပြီ….
အိမ်ရှေ့လမ်းပေါ်မှာပဲပေါ့
အမေ့သား ပြန်လာမယ့်လမ်းကို မျှော်ရင်းနဲ့ 
အခု အမေလမ်းလျှောက်ကျင့်နေတယ် ……
သတ္တူလှိုင်သံပါတဲ့ တယ်လီဖုန်းထဲက
လေဖြတ်ထားတဲ့
မေ့မေ့ အသံမှာ မျှော်လင့်ခြင်းတွေနဲ့ အတူ
ကျန်းမာခြင်း အားမာန်တွေကို
ငါ … ကြားသိခံစားရတယ်…

 

မေမေနဲ့  နောက်ဆုံးတွေ့ ခဲ့ရတာ
၁၉၉၄ ဖေဖေါ်ဝါရီ
ဖေဖေဆုံးတုံးက ခွင့် ၂ လနဲ ငါ မလေးရှားကအပြန်ပေါ့
အခုတော့ အနှစ်နှစ်ဆယ်ရှိခဲ့ပြီ

 

စာတွေ ကဗျာတွေကိုချစ်တဲ့ မေမေ
သက်တော်ရာကျော်ရှည်ပါစေ

 

မသေခင်တခေါက်လောက်တော့
မေမေ့ကိုပွေ့ ဖက်ခွင့်ရချင်သေး

 

ဟိုးငယ်နုစဉ်ကာလများကလို
လရောင်အောက်မှာ သားနဲ့ အမေ
စကားတွေဖောင်ဖွဲ့ ချင်သေး
ကဗျာတွေ ရွတ်ပြချင်သေး …..ရဲ့  …..။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts