ရသဆောင်းပါးစုံ အုန်းနိုင်

စစ်အုပ်ချုပ်ရေးအောက်က ၁၉၉၀ာပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၃)

အုန်းနိုင်
မတ်လ ၃၊ ၂၀၁၄

 

● အပြောတစ်မျိုး  အလုပ်တစ်မျိုး

(….ကျနော်ကိုယ်တိုင်ဒီသဘောထားကို  စတင်မယ်။ ဒီ သဘောထားကတော့ ခင်ဗျားတို့  ဗိုလ်မှူးတို့  ဗဟိုက တစ်ယောက်ရမှဖြစ်မယ်ဆိုရင်

တစ်ယောက်တော့မလာနဲ့..။ နှစ်ယောက်စလုံးသာ..လာခဲ့။ နှစ်နေရာစလုံးအတွက်သာ..လာခဲ့။ ကျနော်လည်း  ရှောင်ပေးမယ်။ တခြား တသီးပုဂ္ဂလအနေနဲ့  လည်းမဝင်ပါဘူး။ ဘေးမှာအေးအေးပဲထွက်ထိုင်နေပါမယ်..။အမတ်လုပ်ချင်လို့နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး..။ရှစ်လေးလုံးရဲ့   အဆက်…။ကျောင်းသားတွေစခဲ့တဲ့   နိုင်ငံရေးလမ်းကြောင်းကို  ဆက်လိုက်ဖို့  နိုင်ငံရေးလုပ်နေတာပါ….)

 

နိုဝင်ဘာလရဲ့ ဒုတိယပတ်၊ တတိယပတ်လောက်မှာတော့(စိတ်အထင်၂ဝ-၂၁ရက်နေ့ လောက်) ပဲခူးတိုင်းက တိုင်းစည်းဗိုလ်မှူးမောင်အေး ကျနော့် အိမ်ကို ရောက်လာပါတယ်။ ညနေလေးနာရီလောက်မှာပါ။သူနဲ့အတူ  အဖွဲ့ ချုပ်ကြေညာစာတမ်း တစ်ထပ်ကြီး လည်း ပါလာပါတယ်။ အိမ်ကဧည့်ခန်းမှာထိုင်ပြီး သူနဲ့ပါလာတဲ့ ကြေညာစာတမ်းတွေထဲက (၉.၁၁.၈၉)နေ့ စွဲနဲ့   ညွှန်ကြားချက်အမှတ်(၄)ကို တွေ့လိုက်ပါတယ်။ ဒီညွှန်ကြားချက်က ကိုယ်စားလှယ်လောင်းများအမည်စာရင်းလျာထားရာတွင် လိုက်နာကျင့်သုံးရန်အတွက် ရည်ညွှန်းပါ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ မှ (၁၉၈၉ခု၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် အောက်ပါအတိုင်းဆုံးဖြတ်ချမှတ်ခဲ့ပါသည်လို့  ဆိုပြီး

 

(က) အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ အလုပ်အမှုဆောင်အဖွဲ့ ဗဟိုဦးစီးအဖွဲ့ နှင့် ဗဟိုလုပ်ငန်းအဖွဲ့ များတွင် ပါဝင်သည့်  အဖွဲ့ ဝင်များအား လုံးအတွက် ဗဟိုအဖွဲ့ ချုပ်မှ ရွေးချယ်လျာထားရမည်။

 

(ခ) အမျိုး သားဒီမိုကရေစီ အဖွဲ့ ချုပ် တိုင်း/ပြည်နယ်စည်းရုံးရေးအဖွဲ့ ဝင်ဖြစ်သော တိုင်းအရန်အဖွဲ့ ဝင်များအတွက် သက်ဆိုင်ရာတိုင်းစည်းရုံးရေးအဖွဲ့ များမှ ထည့်သွင်းရွေးချယ်ထားရမည်။

 

(ဂ) မဲဆန္ဒနယ်တစ်ခုတည်းရှိသည့်    မြို့ နယ်များအတွက် သက်ဆိုင်ရာ  မြို့ နယ်များမှပင် စိစစ်၍ မဲဆန္ဒနယ်  နှစ်နယ်ရှိသည့်မြို့ နယ်များ  အတွက်မူ မဲဆန္ဒနယ်တစ်နယ်ကိုဗဟိုမှ  အထက်အပိုဒ် (က) ပါပုဂ္ဂိုလ်များအတွက် ခွဲဝေသတ်မှတ်  လျာထားရန်ဖြစ်ပါသည်။

 

လို့  ပါရှိပါတယ်။ နောက်  နိုဝင်ဘာလ(၁၃)ရက်နေ့စွဲနဲ့ စာမှာလည်း ညွှန်ကြားချက်အမှတ်(၅)ဆိုပြီး အပိုဒ်(၃)မှာ မဲဆန္ဒ နယ်အလိုက်ပြည်သူ့ လွှတ်တော်   ကိုယ်စားလှယ်လောင်းများ  လျာထားရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်   ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်များ၊ဗဟိုဦးစီအဖွဲ့ ဝင်များနှင့် ဗဟိုလုပ်ငန်းအဖွဲ့ ဝင်များအပြင် အခြားနိုင်ငံတော်နှင့်အဖွဲ့ ချုပ်အတွက်လိုအပ်သူများအားလုံးအတွက် သင့်လျော်ရာ  မဲဆန္ဒနယ်တွင်ထည့်သွင်းရွေးချယ်လျာထားမည်ဖြစ်ပါကြောင်း။

 

လို့ ပါရှိတာတွေ့ ရပါတယ်။ အဲဒီ(၁၃.၁၁.၈၉)နေ့ စွဲနဲ့ စာအမှတ်ဝဝ၃/ဖွဲ့ စည်း(ရွေး)၈၉   မှာလည်း

 

(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့   အထက်ရည်ညွှန်းပါ စာအရ ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ် လောင်းများ လျာထားခြင်းနှင့်စိစစ်ရွေးချယ်ခြင်း  တို့ အတွက် တိုင်း/ပြည်နယ်ကြီးကြပ် ရေးအဖွဲ့   များသည် ၄င်းတို့  ဧ။်  ကြီးကြပ် ကွပ်ကဲဦးဆောင်မှုဖြင့် မြို့ နယ်စိစစ်ရေးအဖွဲ

့များကို   ချမှတ်ထားသည့် မူနှင့်အညီဖွဲ့ စည်းပေးရမည်ဖြစ်ပါသည်။

 

(၂)     တိုင်း/ပြည်နယ်ကြီးကြပ်ရေးအဖွဲ့   က ထပ်ဆင့်ထောက်ခံအတည်ပြုတင်ပြသည့်အမည်စာရင်းသည်သာလျှင် တရားဝင်ဖြစ်ကြောင်း  ထပ်ဆင့်ညွှန်ကြားပါသည်။

 

လို့   ပါရှိတဲ့  နောက်စာနှစ်စောင်ကို ဦးချစ်ခိုင်လက်မှတ်ထိုးထားပါတယ်။ဒီစာတွေ ရဲ့  အလိုအရ  ကိုယ်စားလှယ် နှစ်နေရာ ရှိတဲ့ မြို့ နယ်တွေမှာ တနေရာကို  ဗဟိုကချပေးမယ်..။မြို့ နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း  စိစစ်ရေး အဖွဲ့ တွေ  ဖွဲ့ စည်းရာမှာလည်း  တိုင်း နဲ့ ဗဟိုက အတည်ပြုရမယ် ဆိုတဲ့  အချက်တွေ ပါလာတာမို့  နှစ်နေရာ ရှိတဲ့  မြို့ တွေမှာ  တနေရာကို ဗဟိုကယူမယ်..။ဒါကို  လက်ခံတဲ့  စိစစ်ရေးအဖွဲ့ တွေကိုသာ  တိုင်းနဲ့ ဗဟိုက  လက်ခံမယ်  ဆိုတဲ့ သဘော..။မြို့ နယ်တွေကိုဗဟိုက  ချည်ပြီး တုပ်ပြီးသား ဖြစ်အောင်  လုပ်လိုက်တဲ့  သဘောပါ..။ဒါကြောင့်  ဒါတွေကို  ဖတ်ပြီးတာနဲ့ ကျနော်က  ဗိုလ်မှူးမောင်အေးကိုတည့်တည့်ကြည့်ပြီး  ဗြောင် ပြောချလိုက်ပါတယ်..။

 

“အကုန်လုံး  ကျနော်တို့  ကြိုတင်မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ကျနော်က ရပ်/ကျေးဖွဲ့စည်းရေး၊ မြို့ နယ်  ညီလာခံကိုယ်စားလှယ်ရွေးချယ်ရေးကတည်းက တိုင်းနဲ့ ဗဟိုဟာ မြို့ နယ်ကို  အပိုင်စီးဖို့ လုပ်တာတွေကို ကြို မြင်ခဲ့ လို့  အောက်ခြေမှာလည်း   ဒါတွေကိုထောက်ပြပြီး

ဗဟိုကို  စာတင်ခဲ့တဲ့သူပါ။ ဒါကိုဗိုလ်မှူးသတိထားမိခဲ့မလားတော့  မသိဘူး။ ဒါတွေကြောင့်   ရွေးကောက်ပွဲဝင်ရေးကိုလက်ခံပြီ  ဆိုကတည်းက တိုင်းက  ဦးလှဖေနဲ့  ဦးမြလေးကိုအတိအလင်းသတိပေးခဲ့ပါတယ်။ ဒီလိုပုံမျိုး  ဆိုရင်  ဒီမြို့ နယ်ကလက်မခံဘူး  ဆိုတာ….။ ဗိုလ်မှူးမောင်အေးက “ဘာကိုလက်မခံတာလဲ” လို့ ဖြတ်မေးပါတယ်။

 

“ မဲ ဆန္ဒနယ်  နှစ်နယ်ရှိရင် တစ်နယ်ကို ဗဟိုကယူမယ်ဆိုတဲ့မူကို လက်မခံတာပါ။ ကျနော်အစကတည်းက  ပြောပါတယ်။ ကျနော်တို့ မြို့ က လူတွေကလည်း   ဒါကိုဦးလှဖေနဲ့ ဦးမြလေးကို အတိအလင်း  ပြောပြီးသားပါ။ ဗဟိုက   တစ်နေရာလျာထားမယ်ဆိုတာလက်မခံနိုင်တာပါ။ တစ်နေ့ ဒီ ဒုံပဲဆိုက်မယ်လို့  ထင်ပြီးသားပါ။ ကျနော်က နိုင်ငံရေးကို  ကျောင်းသားကတည်းကတောက်လျှောက် စိုက်လိုက် မတ်တပ် ဆောင်ရွက်ခဲ့သူပါ။ ဘယ်ညွှန်ကြားစာကဘယ်ကိုရည်ရွယ်တယ်ဆိုတာ သတိထားဖတ်ပါတယ်။ ဒါကြောင့်  ကျနော် တို့  မြို့ ကိုလည်း   ကြို ပြီးသတိထားဖို့  အမြဲပညာပေးစည်းရုံးထားပါတယ်။ အခု.. ဗိုလ်မှူးယူလာတဲ့ညွှန်ကြားချက်(၄)ရယ်၊ ညွှန်ကြားချက်(၅)ရယ်၊ စာအမှတ(်ဝဝ၃)ရယ်က မြို့ နယ်စည်းရုံးရေး ကော်မတီကို ချည်ပြီးတုပ်ပြီးလုပ်လိုက်တာပေါ့…”

 

ကျနော်  မျက်နှာကိုပြုံး နေနိုင်အောင်ကြိုးစားပါတယ်။ ဒါပေမယ့်ဖြစ်ရင် လှောင်ပြုံးပဲ ဖြစ်ဖို့များပါတယ်။

 

“ကျနော်  ရန်ကုန်ကမပြန်ခင်   ရန်ကုန်မှာ ရှိတဲ့ ပေါင်းတည်အသင်းက  လူတွေနဲ့  တွေ့ တော့လည်းကြား ခဲ့ပါတယ်။ ပေါင်းတည်က  ဘယ်အစိုးရအဖွဲ့  မှာမဆို ဝန်ကြီးအဆင့်ပါခဲ့ဖူးတာချည်းပဲမို့  အခုလည်း ပေါင်းတည်မှာ   တစ်နေရာမှာတော့ဝန်ကြီးဖြစ်နိုင်မယ့်သူကို ဒါမှ မဟုတ်..၀န်ကြီးဖြစ်ခဲ့ဖူးသူကိုပေးဖို့ပေါ့လေ။ ကျနော့်ကိုတော့   အရေးအခင်းမှာကျွန်တော်လှုပ်ရှားခဲ့တာတွေကြောင့်  ချန်ထားလို့ မဖြစ်လို့  တစ်နေရာပေးမယ်။နောက်တစ်နေရာကိုတော့  ရန်ကုန်က ဝန်ကြီးအဆင့်ရှိတဲ့သူကို   ပေးဖို့ဆိုတဲ့ ရန်ကုန်ရောက်ပေါင်းတည်သား  တွေရဲ့ သဘောထား..တွေကို  သိခဲ့ ရတယ်..။ဒါအမှန်ပဲ..။ ရန်ကုန်တုန်းကရင်းနှီးတဲ့ ပေါင်းတည်အသင်းအမှုဆောင်နဲ့ လူကြီး တချို့ က  ပြောခဲ့တဲ့စကားတွေပါ။ ကျနော်  ကလည်းအဲဒီသူတွေကို ခင်ဗျားတို့  ဖာသာဝန်ကြီးရူးရူးနေကြ..။ ပေါင်းတည်မဲဆန္ဒ နယ်မှာ   မဲပေးကြမှာ ကရန်ကုန်ရောက်နေတဲ့ပေါင်းတည်သားတွေမဟုတ်ဘူး။ ပေါင်းတည်မဲဆန္ဒနယ်တစ်နယ် အတွက် ကျနော့်ကိုတစ်နေရာပေးမယ်ဆိုတာလည်း ခင်ဗျားတို့ကပေးနိုင်တာမဟုတ်ဘူး..။ ပေါင်းတည်က မဲဆန္ဒ ရှင်တွေကပေးမှာလို့..။ဒီအတိုင်းကို   ပြောခဲ့တာ..”

 

“ ဒီမှာဗိုလ်မှူး…ကျနော်  ဗိုလ်မှူးကိုအပွင့်လင်းဆုံးပြောမယ်။ ဒါဟာ ကျနော် တစ်ယောက်တည်းရဲ့သဘောထားလည်းမဟုတ်ဘူး..။မြို့ နယ်စည်းကော်မတီရဲ့   သဘောထားဖြစ်မှာပဲ..။ကျနော်ကိုယ်တိုင်ဒီသဘောထားကို  စတင်မယ်။ ဒီ သဘောထားကတော့ ခင်ဗျားတို့  ဗိုလ်မှူးတို့  ဗဟိုကတစ်ယောက်ရမှဖြစ်မယ်ဆိုရင်   တစ်ယောက်တော့မလာနဲ့..။ နှစ်ယောက်စလုံးသာ..လာခဲ့။နှစ်နေရာစလုံးအတွက်သာ..လာခဲ့။ ကျနော်လည်း  ရှောင်ပေးမယ်။ တခြားတသီးပုဂ္ဂလအနေနဲ့  လည်းမဝင်ပါဘူး။ ဘေးမှာအေးအေးပဲထွက်ထိုင်နေပါမယ်..။အမတ်လုပ်ချင်လို့နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး..။ရှစ်လေးလုံးရဲ့   အဆက်…။ကျောင်းသားတွေစခဲ့တဲ့   နိုင်ငံရေးလမ်းကြောင်းကို  ဆက်လိုက်ဖို့  နိုင်ငံရေးလုပ်နေတာပါ..”

 

သူလည်း  ဘာမှဝင်မပြောတော့ပါဘူး..။ ရှေ့   မှာချထားတဲ့လက်ဖက်ရည်တွေလည်းဒီအတိုင်းပါပဲ။ သူ…နေမထိထိုင်မသာဖြစ်နေပုံတော့ပေါ်ပါတယ်။ ကျနော်..ဆက်ပြောပါတယ်။

 

“ အေး-တစ်ခုတော့ရှိတယ်..။ မြို့ နယ်အောင်နိုင်ရေးအဖွဲ့ က..ဘယ်လောက်လုပ်ပေးနိုင်မလဲ..။

 

စည်းကော်မတီထဲက   ဘယ်နှစ်ယောက်လောက်က   အဲဒီလို..ဗဟိုကဆင်းလာတဲ့မိုးကျရွှေကိုယ်၊ ကိုယ်စားလှယ်လောင်းများ  အတွက်   လုပ်ပေးနိုင်မလဲ၊စည်းရုံးပေး  နိုင်မလဲဆိုတာတော့ ကျနော်တာဝန်မခံနိုင်ဘူး”

 

အချုပ်ကတော့   ဒီသဘောပါပဲ..။သူ့   ဆီကပါလာတဲ့ညွှန်ကြားစာတွေဖတ်နေတာနဲ့..ဒီ့ပြင်  အကြောင်းအရာလေးတွေ  ပြောတာနဲ့တစ်နာရီ၊ တစ်နာရီခွဲလောက်တော့   ကြာသွားမယ်။ ကျနော်စကားပြတ်တော့  သူလည်း  သူ့  ရွာဘိုကုန်းမှာ  ညအိပ်မှာမို့သွားတော့မယ်လို့  နှုတ်ဆက်ပါတယ်၊ ပြန်ကာနီးတော့  ဗိုလ်မှူးမောင်အေးကတစ်ခွန်းတော့ပြောတယ်။

 

‘ဆရာရေ-ကျွန်တော်တော့ ဒီရွေးကောက်ပွဲမှာဝင်  အရွေးမခံဘူးလို့ဆုံးဖြတ်ထားတယ်’တဲ့။ ကျနော် ကလည်းပြောလိုက်ပါတယ်။ “ အဲဒါ  ..သိပ်မှန်တဲ့ဆုံးဖြတ်ချက်ပေါ့ဗျာ”  လို့ ..။ နောက်တစ်နေ့  မှာပဲ မြို့ နယ်စည်းရုံးရေးကော်မတီ  အစည်းအဝေးခေါ်ပြီး   ဗိုလ်မှူးမောင်အေးယူလာတဲ့

ညွှန်ကြားလွှာတွေ တင်ပြပြီး သူ့ ကိုကျနော်..ဘယ်လိုပြောလိုက်တယ်ဆိုတာကိုပါ  တင်ပြပါတယ်။ မြို့နယ်စည်းကော်မတီမှာတော့   ပွက်လောရိုက်သွားတာပေါ့။   အရင်ကပြောတုန်းကတော့တစ်မျိုး ..။အခုညွှန်ကြားလွှာတွေမှာတော့  တစ်မျိုး  မို့ လို့ အားလုံးပဲ     မကျေနပ်ကြ ပါ။ညွှန်ကြားချက်(၄)ပါ   မဲဆန္ဒနယ်နှစ်နယ်ရှိသော  မြို့ နယ်များမှာ တစ်နေရာကို  ဗဟိုကသတ်မှတ်မယ်ဆိုတာကို   ဟိုတုန်းကတော့ အခြေအနေအရလိုအပ်မှလုပ်မှာပါ..ဆိုပြီး ..။

 

အခုတော့…ဒါဟာလုပ်ကိုလုပ်မယ့်မူ  ဖြစ်နေလို့  မကျေနပ်ကြပါ။နောက်ပြီးညွှန်ကြားချက်(၅)မှာပါတဲ့အဖွဲ့ချုပ်နဲ့နိုင်ငံတော်အတွက်  လိုအပ်သူများကို သင့်လျော်ရာ မဲဆန္ဒနယ်များတွင်ထည့်သွင်းရွေးချယ်လျာထားမည်  ဆိုတာက လည်း    အရင်ပြောခဲ့တာတွေနဲ့   မကိုက်ညီလို့လက်မခံနိုင်ပါ..။အဲဒီထက်  ဆိုးတာကစာအမှတ်ဝဝ၃/ဖွဲ့ စည်း(ရွေး)၈၉၊ စာပါ ….တိုင်း/ပြည်နယ် ကြီးကြပ် ရေးအဖွဲ့ ကထပ်ဆင့်ထောက်ခံအတည်ပြု တင်ပြသည့်အမည်စာရင်းသာလျှင်   တရားဝင်ဖြစ်သည်ဆိုတာလည်း   မကြိုက်ပါ။

 

ဒါကြောင့်   ညွှန်ကြားချက်(၄)နှင့်(၅)ကို  လက်မခံနိုင်ဘူးဆိုတဲ့ဆုံးဖြတ်ချက်ချပါတယ်။ တစ်ပါတည်း မြို့ နယ်အတွက်    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း  စိစစ်ရေးကော်မတီကို ဖွဲ့ စည်းပါတယ်။စိစစ်မှုကော်မတီကသတ်မှတ်တဲ့   ကိုယ်စားလှယ်လောင်းစာရင်းကို  ပေးပို့ရင်း..ဗဟိုမှာသွားပြီး   အရေးဆိုဖို့ ကျနော်ရယ်၊ ဦးမြမောင်ရယ်၊ စိုင်းနေညွန့်  ရယ်  သုံးဦးကိုလည်းတစ်ခါတည်းရွေးချယ်လိုက်ပါတယ်။

 

မြို့ နယ်  ကိုယ်စားလှယ်လောင်းစိစစ်ရေးအဖွဲ့ ကိုတော့အပြင်ကအဖွဲ့ ဝင်မဟုတ်တဲ့ပုဂ္ဂိုလ်အဖြစ်(၁)ဒေါက်တာစိန်စိန်ရီ(ဗိုလ်မှူးဟောင်း)  (၂)ဦးမွှေး(၃)ဦးသိန်း(ဆန်စက်)တို့ကိုရွေးပါတယ်။ စည်းကော်မတီရဲ့ကိုယ်စားလှယ်ကတော့   ဦးမြမောင်၊ ဦးအောင်တင်နဲ့   ဦးသိန်းလှတို့    ပါဝင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts