သတင်းဆောင်းပါး

ခရမ်းလွန် မဟာသင်္ကြန် ၂၀၁၄

မောင်ထွန်းလွင် (မိုးလေ၀သ)
မတ်လ ၃၊ ၂၀၁၄
Photo by Aung Htet
 ++++++++++++
(မိုးမခ မှတ်ချက် 

မြန်မာ့ရိုးရာအတာသင်္ကြန်နဲ့အတူ တွေ့ကြုံရနိုင်ဖွယ်ရှိတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်ဆောင်းပါးကို မိုးမခစာဖတ်ပရိတ်သတ်နှင့်အတူ အများပြည်သူ သတိပြုမိစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဆရာဦးထွန်းလွင် (မိုးလေ၀သ) ၏ ဖေ့ဘုတ်ခ် စာမျက်နှာမှ ခွင့်မတောင်းပဲ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

++++++++++++

ခရမ်းလွန်ရောင်ခြည်ဆိုတာ ခရမ်းလွန် UV ဆိုတာ Ultra Violet Radiation ရဲ့အတိုကောက် အခေါ်အဝေါ်ဖြစ်ပါတယ်။ အမှန်တော့နေရောင် မှာ ပါလာတဲ့ အလင်းတန်းလျပ်စစ်သံလိုက် လှို်င်းတွေ ရဲ့ တစ်စိတ်တစ်ပိုင်းပါဘဲ။ လိုရင်း ပြောရရင်တော့ UV ဆိုတာ စွမ်းအားမြင့်တဲ့ စွမ်းအင်ဖြာထွက်မှုဘဲ ဆိုပါတော့။ တကယ်တော့ ကမ္ဘာပေါ်မှာ ဘယ်နေရာ ဘယ်ဒေသမှာ ဘဲ နေနေ၊ နေရောင်ခြည်ကိုသာ ခံစားရ တယ်ဆိုရင် UV ရောင်ခြည်ရဲ့ ပြင်းအား အဆင့်တစ်ခုခုကိုတော့ ခံစားကြမှာ အမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ခံစားကြရမယ့် ခရမ်းလွန်ရောင်ခြည်ရဲ့ ပြင်းအား နဲ့ အန္တရာယ်ရှိမှု အတိုင်းအတာတွေကတော့ မိမိရဲ့ နေထိုင်ရာဒေသရဲ့လတ္တီတွဒ်အနိမ့်အမြင့်၊ တစ်နှစ်တာရဲ့ အချိန်ရာသီ၊ တစ်နေ့ တာရဲ့အချိန်နာရီ၊ နေထိုင်ရာဒေသရဲ့ ပင်လယ်ပြင်အထက် အမြင့်၊ ဖြစ်ပေါ်နေတဲ့ တိမ်ထူထပ်မှု အခြေအနေ၊ အထက်လေထုလွှာရှိ အိုဇုံးလွှာရဲ့အထူအပါး စတဲ့ အခြားခြားသာ အချက်အလက်အများအပြားမှာ အမှီပြုပြီး မတူညီဘဲ ကွာပြားနိုင်ကြပါ တယ်။ ယေဘုယျအနေနဲ့ တော့ ခံစားရတဲ့ခရမ်းလွန်ရောင်ခြည်ရဲ့ ပြင်းအားနဲ့ မိမိရဲ့ ကျန်းမားရေးဆိုင်ရာအန္တရာယ်ရှိနိုင်မှု အခြေအနေတွေကို ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း များနဲ့ ကိုယ်စားပြု ဖေါ်ပြနိုင်ကြပါတယ်။ အာကာသ နည်းပညာ နဲ့ သင်္ချာပုံစံတွက်ချက်နည်း ပညာများ ဖွံ့ဖြိုးတိုးတက်လာတဲ့ ယနေ့ကာလမှာတော့ မိမိနေထိုင်ရာဒေသရဲ့ နာရီအလိုက် ဖြစ်ပေါ်နေတဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း များကို အလွယ်တကူ သိရှိနေနိုင်ကြပြီဖြစ် ပါတယ်။ လူ့ခန္ဓာကိုယ်အပေါ် အညွှန်းကိန်း မြင့်မားတဲ့ ခရမ်းလွန်ရောင်ခြည်များ လွန်ကဲစွာ ကျရောက်မိပါက အရေပြားကင်ဆာ (non-malignant နဲ့ malignant malenom နှစ်မျိုးလုံး)၊ အရွယ် မတိုင်မီ အရေပြားများ ရင့်ရော်ခြင်း၊ မျက်စိတိမ်စွဲခြင်၊ မျက်စိကင်ဆာ၊ snow blindness နဲ့ မျိုးပွား ဗီဇပျက်စီးခြင်း (သားသမီးမရနိုင်တော့ခြင်း) စတဲ့ ကျန်းမာရေး ဆိုင်ရာပြဿနာတွေ ကို ကြုံတွေ့နိုင်ပါတယ်။

 

● ခရမ်းလွန်ရောင်ခြည်ဖြာထွက်မှု

ခရမ်းလွန်ရောင်ခြည်ဆိုတာဟာ လူသာမာန်တို့ မျက်စိနဲ့မမြင်နိုင်တဲ့ အလင်းပုံစံ တစ်မျိုးဘဲ ဖြစ်ပါ တယ်။ ဒါကြောင့် အမြင်အာရုံကိုပေးနိုင်တဲ့ မြင်နိုင်တဲ့အာရုံခွင်ရဲ့ အစွန်းဆုံးတစ်ဖက်ဖြစ်တဲ့ ခရမ်းရောင်ခြည် ကို ကျော်လွန်ပြီး မြင်နိုင်ခွင်အပြင်ကို ကျရောက်သွားတဲ့ ခရမ်း(အ)လွန်ရောင်ခြည် လို့ ခေါ်ခြင်းဖြစ်ပါတယ်။ အမှန်မှာတော့ လူသားများရဲ့ အမြင်အာရုံနဲ့ ခရမ်းလွန်ရောင်ခြည်ကို မမြင်နိုင်ပေမယ့် ပျားတို့၊ လိပ်ပြာတို့ အနေနဲ့တော့ ခရမ်းလွန်ရောင်ခြည်ကို မြင်နိုင်ကြတဲ့အတွက် အမျိုးအမည် ခွဲခြားတဲ့ နေရာတွေနဲ့ ခရီးလမ်းညွှန်ပြုတဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။ ခရမ်းလွန်ရောင်ခြည် UV ကို UVA၊ UVB နဲ့ UVC ဆိုပြီး လှိုင်းအလျားတန်ဖိုး ကွာခြားမှုအလိုက် ခွဲခြားထားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ(၃)မျိုး စလုံးဟာ လူတွေရဲ့ ကျန်းမာရေးကို သူ့နည်း သူ့ဟန်နဲ့သူတော့ ထိခိုက်စေလေ့ ရှိပါ တယ်။

 

● UVA

ကမ္ဘာ့မျက်နှာပြင်တွင် UV ရောင်ခြည်များရဲ့ ၉၅% ဟာ UVA ရောင်ခြည်များနဲ့ ဖွဲ့စည်းထား ပြီး လှိုင်းအလျားအနေနဲ့ 315-400 nm ရှိပါတယ်။ UVA ရောင်ခြည်တွေ ဟာ UVB ရောင်ခြည်များ ထက် အရေပြားအတွင်း ပိုမိုနက်အောင်စိမ့်ဝင်နိုင်စွမ်းရှိပြီး လူသားများရဲ့ဗီဇကလပ်စည်း DNA များကို သွယ်ဝိုက် ထိခိုက်ပျက်စီးစေတတ်ပါတယ်။ အသားအရည်ကို ပျက်စီးရင့်ရော်စေတတ်ပြီး၊ အရေပြားကင်ဆာကို ရရှိစေတတ်တဲ့ အပြင် မျက်စိကိုလည်းထိခိုက်ပျက်စီးစေတတ်ပါတယ်။ UVA တွေဟာ အသားအရည် ကို နေလောင်မှုမဖြစ်စေတတ်ပါ။ အများအားဖြင့် နေရောင်ခံ လိမ်းဆေးများ လိမ်းခြင်း အားဖြင့် UVA နဲ့ UVB နှစ်မျိုးလုံးကို အကာအကွယ်ပေးနိုင်ပါတယ်။

 

● UVB

UVB ရောင်ခြည်တွေဟာ UVA တွေလောက် အရေပြားအတွင်းထိုးဖေါက် ၀င်နိုင်စွမ်း မရှိကြပါဘူး။ နောက်ပြီး UVB တွေကို အရေပြားရဲ့အပေါ်ယံအလွှာတွေက အများဆုံး စုပ်ယူထားလိုက်ကြပါတယ်။ တကယ်တော့ UVB တွေဟာ အရေပြားနေလောင်ခြင်း (sunburns or skinburns) နဲ့ အရေပြားကင်ဆာ (skin cancer) ရော ဂါ ကို အဓိကဖြစ်စေတဲ့ တရားခံတွေဖြစ်ပါတယ်။ အဲဒါ့အပြင် UVB ရောင်ခြည် တွေဟာ malignant maleno- ma ရောဂါကိုပါ ဖြစ်တတ်ပြီး၊ ဂရုမစိုက် ကာကွယ်ကုသမှုမပြုပါက အသက်အန္တရာယ် ဆုံးရှုံးမှုအထိ ဖြစ်စေနိုင်ပါတယ်။ ခန့်မှန်းခြေအားဖြင့် UVB ရောင်ခြည်များရဲ့ ၉၀% ကို အိုဇုံး၊ ရေငွေ့၊အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် စတဲ့ ဓါတ်ငွေ့များက စုပ်ယူထားလေ့ ရှိပါတယ်။ အထူးသဖြင် အိုဇုံးဓါတ်ငွေ့များက UVB မျာကို အဓိကစုပ်ယူလေ့ရှိပါတယ်။ ဒါကြောင့် UVB ရောင်ခြည် များရဲ့ ကမ္ဘာ့မျက်နှာပြင်အနီး သိပ်သည်းမှုအနည်းအများဟာ လေထုအတွင်းရှိ အိုဇုံးဓါတ်ငွေ့များ အနည်းအများအပေါ်တွင် မူတည်နေပါ တယ်။ တစ်နည်းပြောရရင် အိုဇု့းလွှာရဲ့အထူအပါးအပေါ်မှာမူတည်နေပါတယ်။ UVB ရောင်ခြည်ရဲ့ လှိုင်းအလျား ဟာ 280-315 nm အတွင်း ရှိပါတယ်။

 

● UVC

တကယ်တော့ UVC ရောင်ခြည်ဟာ UV ရောင်ခြည်(၃)မျိုးထဲမှာ ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်စေနိုင်တဲ့ ရောင်ခြည်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရောင်ခြည်တွေကို ကမ္ဘာမြေပြင်ဆီကို ရောက်မလာ ရလေအောင် လေထုလွှာအတွင်းက အိုဇုံးအလွှာက အကာအကွယ်ပေးထားပါတယ်။ သို့သော်ငြား လည်းဘဲ စက်မှုလုပ်ငန်းများက ထုတ်လွှတ်နေတဲ့ CFC(chlorofluorocarbons) များနဲ့ halon ဓါတ်ငွေ့များ ကြောင့် အိုဇုံးလွှာဟာ ကနေ့အချိန်မှာတော့ ပေါက်ပြဲပျက်စီးခဲ့ရပြဲဖစ်တဲ့အတွက် အချို့ UVC ရောင်ခြည် တွေ ကမ္ဘာမြေပြင်ဆီကို ရောက်လာဖို့ ခွင့်ပြုလိုက်ရြဲပီဖြစ်ပါတယ်။ ကနေ့အချိန်မှာတော့ သြစတြေလျ တိုက်မှာ ဒီပြဿနာဟာ ကြီးမားနေပြီဖြစ်ပါတယ်။ အကြောင်းကတော့ သြစတြေလျတိုက်အပေါ်မှာ ရှိနေတဲ့ အိုဇုံးလွှာဟာ ပါးလွှာ လာနေ ပြီဖြစ်လို့ဖြစ်ပါတယ်။ UVC ရဲ့ လှိုင်းအလျားဟာ 100-280 nm အထိ ရှိပါတယ်။

 

● ခရမ်းလွန်ရောင်အညွှန်းကိန်း (UV Index)

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းဆိုတာဟာ ကပမ္ဘာပေါ်ရှိနေရာတစ်ခုအတွက် အချိန် တစ်ချိန်မှာ ရှိနေတဲ့ ခရမ်းလွန်ရောင်ခြည်ဖြာ ထွက်မှုတွေ ရဲ့ပြင်းအားပမာဏကို လူသားများအပေါ် ကျန်းမာရေးဆိုင်ရာ အန္တရာယ်ရှိနိုင်မှု အတိုင်းအတာနဲ့ ဖေါ်ပြထား တဲ့ စကေးတစ်ခုဖြစ်ပြီး ယေဘုယျအားဖြင့် စကေးတန်ဖိုး များကို 0 မှ 11+ အထိ ၁၂ ဆင့်ခွဲခြားထားပါတယ်။

 

● ခရမ်းလွန်ရောင်ခြည် နဲ့ နေရောင်ခြည်မှ အကာအကွယ်ပြုခြင်း။ (UV Index and Sun Protection)

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း 8 နဲ့အထက်ကို ကျော်လွန်လာပါက ကျန်းမာရေး အတွက်အန္တရာယ်ရှိလာနိုင်လို့ ပြည်သူလူထုအတွက်သတိပေးချက်တွေထုတ်ပြန်ရပါတယ်။ အညွှန်းကိန်း 8-10 အထိ အဆင့်ကို အလွန်မြင့်မားတဲ့အဆင့်(Very High) လို့ သတ်မှတ်ပါတယ်။ ကာကွယ်မှုအနေနဲ့ နေပူထဲတွင် ရှိနေပါက အနားကျယ်ပြန့်တဲ့ ဦးထုပ်(မက်ဆီကန်ဦးထုပ်မျိုးတွေ၊မြန်မာလိုဆိုရင်တော့ ခမောက်လိုမျိုးပေါ့) ကိုဆောင်း ထားခြင်းဖြင့် ဦးခေါင်း၊ မျက်နှာ၊ မျက်စိ၊ လည်ပင်း၊ ပခုံး စတာတွေကို ခရမ်းလွန်ရောင် ခြည်ဘေးမှ အကာအကွယ် ပေးနိုင်ပါတယ်။ ခြေ၊လက်စတဲ့အပိုင်းတွေကိုတော့ လုံခြုံတဲ့ အ၀တ်အစား(အင်္ကျီ၊ ပုဆိုး၊ ဘောင်းဘီ) စတာတွေ ၀တ်ဆင်ခြင်းဖြင့် ကာကွယ်နိုင်ပါ တယ်။ ရောင်ခြည်ကို အကာအကွယ်ပေးတဲ့ SPF 30+ မျက်မှန်ကိုလည်း တပ်ဆင်ထား သင့်ပါတယ်။

 

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း 11+ နဲ့အထက်အဆင့်ကိုတော့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ လွန်ကဲအဆင့်(Extreme) ဖြစ်ပါတယ်။ နေရောင်ခြည်ထဲ ကြာမြင့်စွာရှိနေပါက အန္တရာယ်အလွန်ကြီးမား (serious risk)နိုင်ပါတယ်။ ကာကွယ်မှုအနေနဲ့တော့နေရောင်ြ ခည် ထဲမှာ တိုက်ရိုက်မထိတွေ့မိဖို့ ရှောင်ရှားခြင်းဟာ အကောင်းဆုံးနည်း လမ်းဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အချိန်အကြာကြီးမနေမိဖို့ လိုအပ်ပါတယ်။ အဲဒါကို မနက်(၁၁)နာရီမှ ညနေ(၁)နာရီအတွင်း အထူးရှောင်ရှားသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေ ပြန်လည်ကျဆင်းလာတဲ့အထိ နေပူထဲထွက်ခြင်းကို သတိထားသင့် ပါတယ်။ မလွဲမရှောင်သာနေပူထဲထွက်ကြရရင်လည်း ကာကွယ်မှု အနေနဲ့ နေပူထဲတွင်ရှိနေပါက အနားကျယ်ပြန့်တဲ့ ဦးထုပ်(မက်ဆီကန်ဦးထုပ်မျိးတွေ) ကိုဆောင်းထားခြင်းဖြင့် ဦးခေါင်း၊ မျက်နှာ၊ မျက်စိ၊ လည်ပင်း၊ ပခုံး စတာတွေကို ခရမ်း လွန်ရောင်ခြည်ဘေးမှ အကာအကွယ် ပေးနိုင်ပါတယ်။ ခြေ၊လက်စတဲ့ အပိုင်းတွေ ကိုတော့ လုံခြုံတဲ့ အ၀တ်အစား(အင်္ကျ ၊ ပုဆိုး၊ ဘောင်းဘီ) စတာတွေ ၀တ်ဆင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ရောင်ခြည်ကိုအကာအကွယ်ပေးတဲ့ SPF 30+ မျက်မှန်ကိုလည်း တပ်ဆင်ထား သင့်ပါတယ်။

 

အထက်ပါကာကွယ်မှုနည်းလမ်းအကြံပြုချက်များမှာ အသားအရေဖျော့တော့သော အထူးသဖြင့် အသားလတ်သော အသက်အရွယ်ကြီးသူများအတွက် အလေးထားဆောင်ရွက် ဖို့ လိုအပ် ပါ တယ်။ ကျန်းမာရေးအရ အကာအကွယ်ပြုဖို့လိုသူများအတွက် လည်း လိုက်နာဖို့လိုအပ် ပါတယ်။.

 

● ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများရဲ့မူလအစ။ (Origins of the UV Index)

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း(UVI)စကေကးကို World Health Organisation (WHO) က United Nations Environment Programme (UNEP), World Meteorological Organisation (WMO), International Commission on Non-Ionizing Radiation Protection (ICNIRP) နဲ့ German Federal Office for Radiation Protection (Bundesamt fur Strahlenschutz) စတဲ့ အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ တီထွင်ထားခဲ့ခြင်း ဖြစ်ပါတယ်။

 

● ခရမ်းလွန်ရောင်ခြည်ပြင်းအား(UV Strength)

ခရမ်းလွန်ရောင်ခြည်အင်အား(Strength) ပမာဏကို တည်နေရာလတ္တီတွဒ်၊ တစ်နှစ် တာ ရဲ့ ရာသီကာလ နဲ့ တစ်နေ့တာရဲ့အချိန်ကာလတို့က အဆုံးအဖြတ်ပေးလေ့ရှိ ပါတယ်။ အီကွေတာနဲ့ ဝေးကွာတဲ့ ဒေသတွေမှာတော့ ခရမ်းလွန်ရာင်ခြည် အင်အား ပမာဏတွေ ဟာ နွေကာလတွေမှာ အင်အား များပြားတတ်ကြပြီး ဆောင်းကာလတွေမှာ နည်းပါးတတ်ကြ တဲ့အတွက် နွေဆောင်း အပြောင်းအလဲများ တတ်ကြလေ့ရှိပါတယ်။ အီကွေတာနဲကနီးတဲ့ဒေသတွေမှာတော့ ခရမ်းလွန်ရောင်ခြည် အင်အားပမာဏ စတွေဟာ တစ်နှစ်တာပတ်လုံး မြင့်မားတဲ့အဆင့်မှ လွန်ကဲတဲ့အဆင့်မှာ ရှိနေတတ်ကြ ပါတယ်။ ခရမ်းလွန် ရောင်ခြည် ပြင်းအားမြင့်မားမှုအန္တရာယ်ကို နေ့အချိန်မှာသာ ဂရုစိုက်ရန်လိုအပ်ပြီး၊ ညအခါမှာ ဂရုစိုက်ရန် မလိုအပ်ပါ။ နေ့အခါတွင်လည်း မွန်းတည့်ချိန် ကာလတွေဟာ အပြင်းထန်ဆုံးဖြစ်ပါတယ်။

 

● လတ္တီတွဒ်နဲ့ ရာသီကာလအပေါ်အမှီပြုပြောင်းလဲခြင်း။(Latitude and Time of Year)

ခရမ်းလွန်ရောင်ခြည်တွေဟာ ယေဘုယျအနေနဲ့ အီကွေတာနဲ့နီးလေ အင်အားများလေ ဖြစ်ပါတယ်။ အကြောင်းကတော့ အီကွေတာ ရပ်ဝန်းဒေသတွေမှာ နေရောင်ခြည်ဟာ များးသော အားဖြင့် ခေါင်းပေါ်ကို တည့်တည့်ကျရောက်လေ့ ရှိတဲ့အတွက် ခရမ်းလွန်ရောင်ခြည်တွေ ကို လေထုအတွင်းက စုပ်ယူပေးနေတဲ့ အိုဇုံး အလွှာဟာ အီကွေတာဒေသတွေအပေါ်မှာ ပါးလွှာနေခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် မိမိနေထိုင်တဲ့ဒေသကို လိုက်ပြီးတော့လည်း ခရမ်းလွန်ရောင်ခြည် အင်အား ပမာဏတွေဟာ တစ်နှစ်တာအတွင်း အပြောင်း အလဲ အနည်း အများ ကွာခြားလေ့ ရှိပါတယ်။

 

အချို့သောဒေသတွေဖြစ်တဲ့ ဥပမာအနေနဲ့ သြစတြေလျနိုင်ငံမြောက်ပိုင်း သုံးပုံတစ်ပုံ ခန့် (Brisbane ရဲ့မြောက်ဖက်ဒေသများ) နဲ့ အမေရိကတ်ပြည်ထောင်စု တောင် ပိုင်းဒေသများ (Southern California, Arizona, New Mexico, Texas, Louisiana, Mississippi, Alabama, Georgia and Florida) တွေဟာ ခရမ်းလွန်ရောင်ခြည် အင်အားအမြဲမြင့်မားနေလေ့ရှိ တဲ့ဒေသတွေ ဖြစ်ပါတယ်။

 

ယေဘုယျအားဖြင့် ကမ္ဘာ့အပူပိုင်းဒေသဖြစ်တဲ့ မြောက်ယဉ်စွန်းတန်း(Tropic of Cancer) နဲ့ တောင်ယဉ်စွန်းတန်း (Tropic of Capricorn) ကြားဒေသများ (မြန်မာနိုင်ငံ အပါအ၀င်)ဟာ ခရမ်းလွန် ရောင်ခြည်အင်အားအကောင်းဆုံး ဒေသ များဖြစ်ကြပါတယ်။ မြောက်ယဉ်စွန်းတန်း ရဲ့ မြောက်ဖက်ဒေသ များနဲ့ တောင်ယဉ်စွန်း တန်းရဲ့တောင်ဖက်ဒေသတွေဟာ တစ်နှစ်တာ အတွင်း အင်အားအပြောင်းအလဲ အများဆုံးဖြစ်ပေးလေံရှိပြီး၊များသော အားဖြင့် နွေဦးပေါက် ကာလ၊ နွေကာလနဲ့ ဆောင်းဦးပေါက်ကာလ များမှာ အင်အားကောင်းလေ့ရှိကာ မိုးရာသီ နဲ့ ဆောင်းရာသီကာလ များ တွင် အင်အားလျော့နည်းလေ့ ရှိပါတယ်။

 

တစ်နေ့တာအတွင်းနာရီအလိုက်အင်အားပြောင်းလဲပုံ။(Time of Day) ခရမ်းလွန်ရောင်ခြည်တွေဟာ နေမွန်းတည့်ချိန်(solar noon)ကာလမှာ အင်အား အကောင်းဆုံး ဖြစ်လေ့ရှိပါတယ်။ ပျမ်းမျှတန်ဖိုးအနေနဲကတော့ နံနက်(၁၀)နာရီမှ ညနေ(၄) နာရီအတွင်း တန်ဖိုး တွေကို ပျမ်းမျှယူလေ့ရှိပါတယ်။ တကယ်တော့ solar noon ဟာ (၁၂)နာရီ မွန်းတည့်ချိန် နဲ့ မတူဘဲ များသော အားဖြင့် (၁)နာရီ(၂)နာရီ ခန့် ကွာခြားတတ်ပါတယ်။ အမှန်တော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေ ဟာ တစ်နာရီနဲ့တစ်နာရီ၊ တစ်နေ့နဲ့ တစ်နေ့၊ တစ်နေရာနဲ့တစ်နေရာ ကွာခြား နေတတ် ပါတယ်။ တစ်နေ့လုံး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေ နည်းနေရာမှ နောက် တစ်နေ့ မှာတော့ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း တွေဟာ လွန်ကဲတဲ့အဆင့် ကို ရောက်နေတတ်ပြန်ပါတယ်။ အဲဒါကြောင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများဟာ အရေးကြီးလှပါတယ်။ ကလေးငယ်တွေ၊ အရွယ်မရောက်သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေသူ တွေအတွက် အန္တရာယ်အလွန်ကြီး လှပါတယ်။

 

အိုဇုံးဓါတ်ငွေ့အဆင့်။ (ozone level) ကမ္ဘာပေါ်ရှိနေရာတစ်နေရာရဲ့ ခရမ်းလွန်ရောင်ခြည်အင်အားအဆင့်ဟာ အဲဒီနေရာရဲ့ အထက်လေထု ထဲမှာရှိနေတဲ့ အိုဇုံးလွှာရဲ့အထူအပါးအပေါ်မှာတည်နေပါတယ်။ ဥပမာအနေနဲ့ သြစတြေလျနိုင်ငံရဲ့ အထက် လေထုလွှာထဲမှာရှိတဲ့ အိုဇုံးအလွှာဟာ ပါးနေတာကြောင့် နေရောင်ထဲမှာ ပါလာကြတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ လေထုကို ဖေါက်ထွင်းပြီး သြစတြေ လျမြေပေါ်ကို ပိုမိုရောက်ရှိ လာနိုင်ကြပါတယ်။ အဲဒါ့အပြင် အိုဇုံးလွှာပါးနေမှုဟာ လူတွေကိုအန္တရာယ်ပြုနိုင်တဲ့ UVB ရောင်ခြည် အမျိုးအစား တွေကို မြေပြင်ကို ပိုမိုရောက်ရှိ လာစေနိုင်ပါသေးတယ်။ အိုဇုံးလွှာ ပါးလွှာနေပြီဖြစ်တဲ့ဒေသ တစ်ခုမှာ နေထိုင်နေသူတစ်ဦးအဖို့ အိုဇုံးဓါတ်ငွေ့အညွှန်းကိန်း တန်ဖိုးတွေကို တစ်နေ့ ချင်း စီစစ်နေထိုင် ကြဖို့ လိုအပ်နေမှာဖြစ်ပါတယ်။ အမှန်တော့ ကမ္ဘာကြီးပေါ်မှာ သြစတြေလျနိုင်ငံတစ်နိုင်ငံသာ အိုဇုံးလွှာပါးလွှာမှုကို ကြုံတွေ့နေရတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အိုဇုံးလွှာယာယီလျော့ပါးနေတဲ့ နေရာတွေ၊ အမြဲလိုလို လျော့ပါးနေ တတ် တဲ့နေရာတွေ အများကြီးရှိနေပါတယ်။ (သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံတွေရှိနေတဲ့ အာရှဒေသ လည်း ပါဝင်နိုင်ပါတယ်)။ အဲဒီလို အိုဇုံးလွှာ အပေါက်ငယ်လေးတွေ ဖြစ်နေ ကြတဲ့ နေရာတွေမှာနေထိုင်ကြရတဲ့သူတွေအဖို့ အိုဇုံးလွှာရဲ့အခြေအနေကို အရေးတယူ ဂရုတစိုက် မရှိကြဘဲ၊ ကြိုတင်ကာကွယ်မှုတွေမပြုကြဘူးဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေ မယ့်အန္တရာယ်အလွန်ကြီးမားလှပါတယ်။

 

● ရောင်ပြန်ဟပ်ခြင်း(Reflection)

ခရမ်းလွန်ရောင်ခြည်တွေဟာ အမျိုးမျိုးသော မျပ်နှာပြင်များမှတစ်ဆင့် အတိုင်းအတာ အသီးသီးနဲ့ ရောင်ပြန်(အလင်းပြန်)ဟပ်ခြင်းနဲ့ ရောင်ခြည်လွင့်စင်ခြင်းတွေ ဖြစ်စေ တတ်လေ့ရှိပါတယ်။ ဥပမာ မြေပြင်ပေါ်ရှိ ရေမျက်နှာပြင်၊ ရေခဲမျက်နှာပြင်၊ နှင်းထုမျက်နှာပြင်နဲ့ အခြားရောင်ပြန်စေတတ်တဲ့ မျက်နှာပြင် အမျိုးမျိုးတွေဖြစ်ကြ ပါတယ်။

 

● ရေမျက်နှာပြင်မှရောင်ပြန်ခြင်း။(Water Reflection)

ရေကူးခြင်း၊ လေလှော်ခြင်း၊ ရွက်လွှင့်ခြင်း၊ လှိုင်းစီးခြင်း၊ ငါးမျှားခြင်း စတဲ့ ရေမျက်နှာပြင် အပေါ် အခြေခံပြုလုပ်ကြတဲ့ ဆောင်ရွက်မှုများအပြင် ရေကူးကန်ဘေး မှာ နေစာလှုံတဲ့ ကိစ္စအပါအ၀င် လုပ်ငန်းရပ် တွေဟာ ခရမ်းလါန်ရောင်ခြည်သင့်မှုကို တိုးပွားစေလေ့ရှိ ပါတယ်။ လေ့လာမှုများ အရ ပင်လယ်ရေ မျက်နှာပြင် တစ်ခုဟာ ခရမ်းလွန်ရောင်ခြည် သင့်မှုကို ၂၅% အထိတိုးစေပြီး၊ သဲသောင်ပြင်တစ်ခုကတော့ ၁၅% အထိ တိုးစေ တတ်ကြောင်းသိရပါတယ်။ တစ်ခါ တစ်ရန် ရေများ နဲ့ရေငွေ့များ၊ ချွေးများကြောင့် အကာအကွယ်အဖြစ် လိမ်းကျံထား တဲ့ နေရောင်ခံလိမ်းဆေးများဟာ ပျက်ပြယ်သွား ကြလေ့ရှိတတ်ပါတယ်။

 

● ဆီးနှင်းများကြောင့် ရောင်ပြန်ဟပ်ခံရခြင်း။(Snow Reflection)

ဆီးနှင်းမျက်နှာပြင်များမှတစ်ဆင့် ခရမ်းလွန်ရောင်ခြည် ရောင်ပြန်ဟပ်ခံရခြင်း ဟာလည်း အရေးကြီး တဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ အထူးသဖြင့် ဆီးနှင်းအသစ်များဟာ ပိုဆိုးဝါးလေ့ရှိကြ ပါတယ်။ နောက်ထပ် ဖြစ်ပေါ်လာတဲ့ ဆီးနှင်းအသစ်များရဲ့ မျက်နှာပြင်များဟာ ခရမ်းလွန် ရောင်ခြည်များကို ၈၀% အထိ အရောင်ပြန်စေပါတယ်။ Photokeratitis လို့ခေါ်ဆိုတဲ့ ဆီးနှင်းကွယ်ရောဂါ (Snow blindness) ရောဂါရရှိမှုမှာ မျက်နှာပြင်ရောင်ပြန် ဟပ်မှုများရဲ့ အရေးပါပုံကို ဖေါ်ပြနေပါတယ်။ အဲဒါတွေ အပြင် တောင်ထိပ်အမြင့်များမှာရှိတဲ့ ဆီးနှင်းများဆိုရင် ဆီးနှင်းရောင်ပြန်ဟပ်မှု ကိုဖြစ်စေတဲ့အပြင်၊ တောင်ထိပ် အမြင့်ကြောင့် အိုဇုံးလွှာပါးလာမှုကိုဖြစ်စေပြီး။ ခရမ်းလွန်ရောင်ခြည်ပိုမိုရောက်ရှိလာမှုတို့ကိုပါ နှစ်ရပ်ပေါင်း ဖြစ်နိုင်တဲ့အတွက် ခရမ်းလွန်ရောင်ခြည်သင့်မှုကို ပိုမိုဆိုးဝါးစေတတ်ပါတယ်။

 

အမြင့်ကြောင့်ခရမ်းလွန်ရောင်ခြည်သင့်မှုကိုတိုးပွားစေခြင်း။(Altitude) မြေပြင်အထက်အမြင့်ပိုင်းကိုရောက်လာလေ၊ အိုဇု့းဓါတ်ငွေ့ အလွှာဟာ ပိုမို ပါးလွှာ လာလေ ဖြစ်တဲ့အတွက် ခရမ်းလွန်ရောင်ခြည်သင့်မှုဘေးဟာ ပိုမိုတိုး လာလေဖြစ်ပါ တယ်။ လေ့လာမှုများအရ အထက်အမြင့် ပေ ၁၀၀၀ တိုးလာတိုင်း ခရမ်းလွန် ရောင်ခြည် သင့်မှုပမာဏကို ၁၀% မှ ၁၂% အထိ တိုးလာ စေနိုင်ကြောင်းသိရပါတယ်။ ဥပမာ ဧ၀ရက်တောင်ထိပ်ကိုတက်သူတိုင်းအတွက် ခရမ်းလွန် ရောင်ခြည် ပြင်းအားဟာ ၁၀၀% အထိ တိုးလာစေနိုင်ပါတယ်။

 

တိမ်ကင်းစင်မှု နဲ့ တိမ်ထူထပ်မှု။(Clear Skies & Clouds) အများအားဖြင့် တိမ်ကင်းစင်နေတဲ့နေ့အချိန်တွေမှာ ခရမ်းလွန်ရောင်ခြည်အဆင့် တွေဟာ မြင့်မား နေလေ့ ရှိပါတယ်။ အမှန်တော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေ တဲ့နေ့တွေမှာလည်း ခရမ်းလွန်ရောင်ခြည် အဆင့်တွေဟာ မြင့်မားနေနိုင်ပါတယ်။ တိမ်များကြောင့် ခရမ်းလွန်ရောင်ခြည်တွေ လွင့်စင်ခြင်း (scattering)ကို ဖြစ်စေ တတ်ခြင်းဟာလည်း မျက်နှာပြင်ကြောင့် ဖြစ်ပေါ်တတ်တဲ့ ရောင်ခြည်ပြန်ခြင်းလိုဘဲ ခရမ်းလွန်ရောင်ခြည်သင့်မှုအန္တရာယ်ကို ကြီးမားစေလေ့ရှိပါတယ်။ တစ်ခါတစ်ရန် လေထုအတွင်း ဖြစ်ပေါ်နေတဲ့ မင်းလွင်(လေထုလွှာအတွင်း ဖုံမှုန့်များ ပါဝင်နေမှု)ဟာလည်း ခရမ်းလွန်ရောင်ခြည်သင့်မှု အန္တရာယ်ကို တိုးပွားစေတတ် ပါတယ်။ တိမ်များ ရှိနေပါက ခရမ်းလွန်ရောင်ခြည်သင့်မှုကို လျော့ပါး စေတတ်တယ်လို့ လူအများဟာ အထင်ရှိတတ် ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ အယူတစ်ခုသာဖြစ်ပြီး အမှန်တော့ ခရမ်းလွန်ရောင်ခြည်တွေရဲ့ ၈၀% ခန့်ဟာ ပါးလွှာတဲ့ တိမ်ထုတွေ ကို ဖေါက်ထွင်း ၀င်ရောက်လာနိုင်ကြပါတယ်။

 

မဟာသင်္ကြန် နဲ့ ခရမ်းလွန်ရောင်ခြည်သင့်မှု အန္တရာယ်။ လက်ရှိအချိန်ဟာ မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်ကျရောက် မှုတွေ မြင့်မားနေ ဆဲဖြစ်ပါတယ်။ ဒါကြောင့် ရောင်ခြည်သင့်မှု အန္တရာယ်ရှိနေဆဲပါတယ်။ ဒီအခြေအနေ ဟာ လာမယ့် မဟာသင်္ကြန်ကာလမှာ ပိုမိုမြင့်မား လာစရာ အကြောင်းတွေရှိနေပါ တယ်။ ပထမအချက်ကတော့ သင်္ကြန်ကာလမှာ နေပူထဲ မှာ ရေကစားကြမှာဖြစ်လို့ ခရမ်းလွန်ရောင်ခြည်ကျရောက်မှု မြင့်မားတဲ့ မွန်းတည့်ချိန်ကာလ တွေ မှာ ရေကစားသူ အများအပြားဟာ နေပူထဲမှာရှိနေဖို့ အခွင့်အလမ်းများနေပါတယ်။ ဒုတိယအချက်ကတော့ ရေကစားမဏ္ဍပ်တွေမှာ ကားကြပ်ပိတ်ဆို့မှုတွေများနေတာ ကြောင့် နေပူထဲမှာ နေချိန်ကာလ ပိုမိုရှည်လျား လာနိုင်ပါတယ်။ ရန်ကုန်မှာ လက်ရှိ ရိုးရိုးအချိန်တွေမှာတောင် မီးပွိုင့်တွေမှာ ကားပိတ်ဆို့မှုကြောင့် အချိန်အကြာကြီး ကားတွေ တန်းစီရပ်နေကြရတာဟာ လက်တွေ့ပါဘဲ။ တတိယအချက်ကတော့ သင်္ကြန်ကာလမှာ အ၀တ်အစားလုံလုံခြုံခြုံ မ၀တ်ကြတဲ့လူတွေက ပိုများပါတယ်။ ဒ်ါဟာ ခရမ်းလွန် ရောင်ခြည် ဘေးသင့် မှုတွေအတွက် အကာအကွယ် ပိုမိုမဲ့သွားစေနိုင်ပါ တယ်။ နောက်ဆုံးအချက်ကတော့ တစ်ချိန်လုံး ရေတွေနဲ့ကစားနေကြတဲ့ သင်္ကြန်ရဲ့ သဘာဝကြောင့် ခန္ဓာကိုယ်တွေ ဟာရေစို နေကြမှာ ဖြစ်တဲ့အပြင် ရေတွေ နဲ့နီးကပ် နီးစပ်နေကြမှာ ဖြစ်တဲ့အတွက် ရေရဲ့ရောင်ပြန် ဟပ်မှုကြောင့် ခရမ်းလွန် ရောင်ခြည် သင့်မှုကို ၂၅% ပိုမိုမြင့်တက်လာစေ နိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါ တယ်။

 

ရိုးရာသင်္ကြန်ပွဲဆိုတာ မြန်မာတို့ရဲ့နှစ်သစ်မင်္ဂလာပွဲဖြစ်တဲ့အားလျော်စွာ အစဉ်အလာ မပျက် တစ်နှစ်တစ်ကြိမ် မြန်မာလူမျိုးတိုင်း ပါဝင် ဆင်နွဲကြစမြဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာဘဲ အန္တရာယ်ရှိနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ သဘာဝဘေးကိုလည်း သတိထားကြပြီး အန္တရာယ်ဘေးအနည်းဆုံး ဖြစ်ရလေ အောင် သတိဆောင်ပြီး ဆင်ဆင်ခြင်ခြင် ပါဝင် ဆင်နွဲကြခြင်းဖြင့် မင်္ဂလာနှစ်သစ်ကို မင်္ဂလာအပြည့်နဲ့ ကြိုဆိုနိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts