ကဗျာ ရဲရင့်သက်ဇွဲ

တပေါင်းကို ဦးညွှတ်ကြ

ရဲရင့်သက်ဇွဲ
မတ်လ ၂၊ ၂၀၁၄

 

 

အပွင့်တွေ အနီပွင့်တွေ
မြေပြင်အနှံ့  ပြန့် ကျဲ
သွေးတွေကျဲပက်ထားသလိုပ
တပေါင်းဟာ
အလျှံတငြီးငြီး တောက်လောင်နေပုံများ …..။

 

တပေါင်းရဲ့  သင်္ကေတ
လက်ပံပွင့် နီနီရဲရဲတွေထဲက
သမိုင်းရဲ့ စာမျက်နှာများ
ပြိုးပြိုးပျက်ပျက် ၀င်းဝင်းလက်လက်နေခဲ့ကြပုံများ …

 

သက္ကရာဇ်တွေ ပြန်တွက်ကြည့်
၁၉၄၅ မတ်  ၂၇
၁၉၇၆ မတ်  ၂၃
၁၉၈၈ မတ်  ၁၃ ၊ ၁၆

 

အဖြစ်အပျက်တွေ ပြန်လှည့်ကြည့်
လူထုရဲ့ ဖက်ဆစ်တော်လှန်ရေး
ငြိမ်းချမ်းရေးဖခင် မျိုးချစ်စာဆိုကြီး
သခင်ကိုယ်တော်မှိုင်း ရာပြည့် အရေးတော်ပုံ
သပိတ်စုံ သူပုန်ထ
အုံကြွတဲ့  လူထုတိုက်ပွဲအစ ကျောင်းသားများရဲ့ 
ဒီမိုကရေစီ ရေးလှုပ်ရှားမှု အရေးတော်ပုံ အဖြစ်အပျက်အစုံ
တပေါင်းမှာ ၀င့်ကြွားတောက်ပခဲ့လေရဲ့  …..။
စီးဆင်းခဲ့တဲ့
တပေါင်းရဲ့  အတိတ်ကြောင်းက
ငါတို့ ရဲ့  တော်လှန်ရေးရဲဘော်အပေါင်းကို
အားသစ်လောင်းပေးနေတယ် ….
တပေါင်းရဲ့  တိုက်ပွဲခေါ်သံဟာ
ငါတို့ ရဲ့  နှလုံးသွေးထဲမှာ
အားကောင်းမောင်းသန်  …..။

 

အို … တော်လှန်ရေး သူရဲကောင်း
မြင့်မြတ်သူအပေါင်းတို့ 
သမိုင်းမော်ကွန်းများနဲ့ တပေါင်း
လာခြင်းကောင်းတဲ့ တပေါင်း
မဟာအင်အားများ ပေးစွမ်းတဲ့ တပေါင်း
အဲဒီ … တပေါင်းကို ဦးညွှတ်ကြ
အဲဒီ … တပေါင်းကို ဦးညွတ်လိုက်ကြ ….။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts