ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အခန်း (၂၈)

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)
မတ်လ ၂၊ ၂၀၁၄

 

တန်ဘိုးမသိသူ၏ လက်ထဲ ပြည်တန်ပတ္တမြားသည်လည်း လမ်းဘေးကျောက်ခဲပမာ ဖြစ်လိမ့်မည်။ အတ္တနှင့် ရောမွှေ ထားသော အုပ်စိုးသူတို့သည် မံသ-ပညာ နှစ်ဖြာသောစက္ခုတို့၌ အာဏာအဆိပ်ပါ ခတ်မိထားကြပြန်သည်။ ထိုအခါ ကလပ်အထက် တင်ရမည့်  ရတနာတို့ကို  အမှိုက်ခြင်းထဲ ပစ်ထည့် ထားကြကုန်၏။ သည်အခြေနေ သည်အဖြစ်တို့ဖြင့် ခေတ်ကာလကို ရင်ဆိုင် ဖြတ်သန်းခိုက် ထိုတန်ဖိုးရှိ ရတနာတခုကို အမိအရ တွေ့ရှိလိုက်သူတို့အဖို့ အိမ်မက်တွေ ပဲ့ကြွေကျလာသည်ကို ထွေးပွေ့လိုက်ရသလိုရှိမည်။ မထင်မှတ်ပဲ ရွှေ အိုးကြီးလိမ့်လာတာဟု တင်စားလို့လည်း ရမည်ထင်သည်။

 

ထိုနေ့မနက်က သာယာဝတီထောင် သီးသန့် အနောက်တိုက် အတွက် ထူးခြားမှုရှိနေသည်။ တန်းဖွင့်လျှင်ဖွင့်ခြင်း အခန်းနံပါတ်(၁)၌ အားလုံးစုရုံးရောက်ရှိနေကြသည်။ ဝမ်းသာအားရ ဆီးကြို စကားတွေနှင့် ဝေစည်နေသည်။ အပြန်အလှန်နှုတ်ဆက် စကားတို့ဖြင့် ဆူညံနေသည်။ တကယ်တော့ အခုမနက် ကိုယ်တွေနေရာကို ရောက်လာသူမို့ နှစ်ထောင်း အားရရှိနေကြသော်လည်း သူက ကိုယ်တွေထက် ဤထောင်ကို လေးနှစ်လောက်စောပြီး ရောက်နှင့်ခဲ့သူ။ ကိုယ်တွေ မရောက်ခင်လေးကမှ အခု အနောက်တိုက်ကနေ သီးသန့်အရှေ့တိုက်ကို ရွှေ့ထားသည်ဟုဆိုသည်။ သူရှိရာနေရာတိုင်း လူတွေစုပြီးသားဖြစ်နေလေတော့ ဆရာ့ကို ထိုအရှေ့တိုက်မှာထားခြင်းထက် အချိန်အကန့်သန့်နှင့် ဖွင့်ပေးနေသော အနောက်တိုက်တွင် လူစုစု အဖြစ်ကို ဟန့်တားနှိုင်မည်ဟု ထောင်မှ တွက်ဆပုံ ရသည်။ တန်းဖွင့်လျှင် ဖွင့်ခြင်း ဒေါက်တာအေးချမ်း ဒီဘက်တိုက်ကို ရောက်လာပြီဟေ့ ဆိုသော နှုတ်ဆင့်ကမ်းသံက အားလုံးကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေခဲ့သည်။ မိနစ်ပိုင်းမျှသာ ဖွင့်သော ကိုယ်တွေအတွက် ကမန်းကတန်း ကိုယ်ပိုင်ကိစ္စတို့ကို လုပ်ပြီး ဆရာရှိရာ (၁) ခန်းကို အများနည်တူ အပြေးအလွှား သွားရောက်ခဲ့သည်။

 

ဆရာက အားလုံးကိုပြန်လည်ဧည်ခံ စကားပြောနေသည်။ ကျန်သူများကို ဖွင့်ပေးထားပြီး ဆရာ့တယောက်တည်းကိုသာပိတ်ထားသည်။ ထိုပိတ်ထားသောကိစ္စ အတွက် ဆရာက စိတ်မပူ သူဘာမှ အပြစ်မလုပ်ထား၍ သူကိုဖွင့်ပေးမှာ ဖြစ်ကြောင်းပြောပြနေသည်။ သမိုင်းဆိုင်ရာကိစ္စရပ်တွေကို စိတ်ဝင်တစားရှိသော မိမိအတွက် ရေငတ်တုန်း ရေတွင်းထဲကျတာ ဟုဆိုမည်လား သို့မဟုတ် -မုတ်ဆိတ် ကို ပျားလာစွဲသော အနေထားဟုပင် ပြောရတော့မည်ထင်သည်။  ဆရာနှင့်တွေတွေ့ချင်းမိတ်ဆက်စကားပြောအပြီး သိချင်တာကို ချက်ခြင်း မေးလိုက်မိတော့သည်။

 

“ဆရာ ဗိုလ်ချုပ်စောမောင်က ပီအိတ်ခ်ျဒီ ဘွဲ့ရ ဒေါက်တာ တဲ့ဗျာ အရည်းကြီးတွေကို ချီးမွမ်းထားတယ် (လို့ထင်တယ် စကားလုံး အတိအကျ မဟုတ်) အဲ့ဒါ ဘယ်သူ့ကိုပြောတာလဲ အရည်းကြီးတွေက တကယ် ဆိုးခဲ့တယ်ဆိုတဲ့စကား ဟုတ်မဟုတ် ဗိုလ်ချုပ်စောမောင်  ခွန်းတုံ့ပြန်ခဲ့ရခြင်း အကြောင်းကိုရှင်းပြပေးပါလား ”

 

ဆရာက ထိုကိစ္စ နောက်ကျလျှင် ပြောပြမည်ဟုဆိုသည်။ နောက်တိုက်လူတွေ အများကြီးထဲ ကိုယ်တယောက်ထဲ ထူးထူးဆန်းဆန်း သမိုင်းဆိုင်ရာ မသိတာ မေးသည်ကို သတိပြုမိပုံပေါ်သည်။ ဆရာ့ အမှု အကြောင်းကို ၁၉၉၀ရွေးကောက်ပွဲ ကာလလောက်က သတင်းစာမှာ ဖတ်ဖူးခဲ့တာကို ပြန်အမှတ်ရသည်။ တပည့်တွေကို ချစ်ခင် တပည့်တွေနှင့် တသားတည်းဆက်ဆံတတ်သော ဆရာ တပည့်တွေကြောင့်ပင် ဒီဘဝကိုရောက်ခဲ့ရသည်။ (နောက်ပိုင်း ထောင်တွင်းတွင် တပည့်တွေ ပူဆာသည်ကို ဆောင်ရွက်ပေးသဖြင့် ပြဿနာတက် တိုက်အပိတ်ခံရတာတွေကိုပါ သိလာရတော့ ဆရာ၏ တပည့်တွေအပေါ်ထားသောစိတ်ထားကို တလေးတစား ဖြစ်ရ ပြန်ပါသည်။)

 

အင်းစိန်ထောင်မှ သာယာဝတီ ထောင် ရောက်လာခဲ့ပုံကို ဆရာပြောပြတော့ ၁၉၉၀ စက်တင်၂၅ ထောင်တွင်းနာမည်ကျော် -စာဥသီချင်းနှင့် ဒုတ်စကြာမိုးရွာသော အဖြစ်အပျက်တို့ကို သေချာသိလိုက်ရသည်။ ထိုစဉ်က ဆရာတကိုယ်လုံး ဒဏ်ရာတွေ ဗရဗွနှင့် ။ အများနည်းတူ သူလည်း ခေတ်ဆိုး ကြီးကို မျက်နှာခြင်းဆိုင် ပက်ပင်းတိုးခဲ့ရမှုတွေ၏ ရလာဒ်ကိုခံစားရခြင်းပင်ဖြစ်သည် ။ ထိုစက်တင်ဘာ ၂၅ရက်နေ့က ဆရာတို့ကို ရိုက်နှက်ပြီး နေ့ချင်းပင် သာယာဝတီထောင်ကို ပြောင်းပေးလိုက်သည်ဟု ဆရာက ပြောသည်။ ဖြစ်ပေါ်လာသည့် ပြဿနာကို ကိုယ်နှင့်မဆိုင်ဟု မျက်နှာလွှဲနေတတ်သည့်အကျင့် မရှိခြင်းက သူ့ကိုဒီနေရာသို့ ရောက်စေခဲ့ခြင်း ဖြစ်သည်။ ဆရာကို မြင်မိခိုက်  ဗန်မော်တင်အောင် ပြောဖူးသည့် လူတယောက်၏ တန်ဖိုးကိုဘာနှင့် တိုင်းတာရမလဲ ဆိုတာ သူ့ခေတ်က ပခုံးပေါ် တင်ပေးလိုက်သော တာဝန်ကို ဘယ်လောက်ကျေသလဲ ဆိုတာနှင့် တိုင်းတာ ရမည်ဟူသော စကားအား အမှတ်ရမိတော့သည်။ နောက်ပိုင်း အတူနေကာလတွေကြောင့် ဆရာ့အတွက်တော့ ခေတ်တခေတ် ဆိုသော ကာလအရှည်ကို မဆိုထားနှင့် နေ့တနေ့က ပေးသော လူသားတယောက်၏ တာဝန်ကိုပါ ကျေပွန်သူဟု ဆိုရပေလိမ့်မည်။

 

ကိုယ်တွေ အတွက် ထိုနေ့က သူနှင့် စကားပြောခွင့် ခဏသာရသည်။ မေးချင်တာတွေ သိချင်တာတွေကို တန်းစီပြီးရှိနေသည်။ ကိုယ်တွေက အခန်းထဲပြန်ဝင်ပြီး ဆရာကို တယောက်ထဲ ဖွင့်ပေးလိုက်သည်။ ဒီတိုက်တွင် သူက နှစ်ရှည်လများ နေပြီးခဲ့သူ။ ဒီတော့  ဘာယာ (ကင်းသမား)များနှင့် ပါ တရင်းတနှီးရှိပြီးသား ။ဆရာ့ကို အားလုံးက တလေးတစား ဆက်ဆံတာကို တွေ့ရသည်။ ခဏ အကြာမှာ ဆရာ အခန်းထဲက ထွက်လာသည်။ ဘောင်ဘီတိုတို နှင့် မိလ္လာ ဂန်ဖလားကို လက်တဖက်ဖြန့် ပင့်မပြီး အပြင်ဖက်မှာ သွားနေသည့်ဟန်က ထောင်တွင်း တလျှောက်လုံး မြင်တွေ့ရမည့်ပုံသဏ္ဍာန်ဖြစ်သည်။ စိုင်းထီးဆိုင် သီချင်းကို ဆိုညည်းရင်း ပေါ့ပေါ့ပါးပါးပင် အလုပ်တွေကို လုပ်နေသည်။ ဤသည်ကား စစချင်း ဆရာနှင့် ကြုံဆုံရသည့် မြင်တွေ့မှု နိဒါန်းအစ ရက်တရက် က အဖြစ်အပျက်ဖြစ်သည်။

 

နေ့စဉ် ကြုံဆုံရမှုများစွာထဲက အမှတ်ရစရာတွေကို အဖြစ်အပျက်လိုက် မှတ်ဥာဏ် သေတ္တာငယ်ထဲ သိမ်းထားမိတာလည်းရှိ။ မသိမ်းထားမိတာလည်းရှိမည်။ ပညာဖြင့် နေထိုင်သူတယောက်ဆီက သာမန် အလ္လာပ သလ္လာပ စကားတွေသည်ပင် မှတ်သားစရာများ ပါနေသည်ချည်း။ ပညာရှင်တယောက် အတွက် ပြောဆိုသည့် စကားတခွန်းသည် အထောက်အထား အချက်အလက်မခိုင်လုံပဲ ပြော၍မရ ။ထိုအလေ့အကျင့်က သာမန်အချိန်မှာလည်း ဆရာကို တပ်ဆင်ပေးထားပြီးဖြစ်သည်။ နိုင်ငံရေးအယူအဆ အစုံတို့ တည်ရှိရာ ဒီရပ်ဝန်းတွင် ဆရာ့ဆီမှ ထွက်ကျလာမည့် စကားတခွန်းသည် သမိုင်းဆိုင်ရာ အသိဥာဏ်လိုအပ်ချက် အတွက် မရှိမဖြစ် ဖြည့်ဆည်းပေးရာ လည်းဖြစ်နေသည်။ အစာငတ်သူ အတွက် အစားတလုတ် ကမ်းလင့်ခြင်းကိုပင် မြန်မာ အစဉ်အလာက ကျေးဇူးရှင်အဖြစ် တန်ဖိုးထား ကြသည်။ ပညာသင်ချိန်တွင် စာသင်ခန်းတံခါးကိုပိတ်ပြီး ထောင်တံခါး ဖွင့်ထားသောခေတ်မှာ လူငယ်များ အတွက် ပညာမိုးပေါက်ကို သောက်သုံးခွင့်ရခြင်းသည်လည်း ဒုလ္လဘ တခုလို့ သတ်မှတ်ရမည်ဖြစ်သည်။ ဒီအရပ်ဒေသကို ဘဝ တက္ကသိုလ်ဟု သတ်မှတ်သည်မှာ အခုမှ တကယ့် ဗျုပ္ပတ်နှင့်လိုက်လျှောပေပြီ။

 

သမိုင်းလိုပညာရပ်ဆိုင်ရာ စကား မဟုတ်ပဲ ဆရာ ပညာသင်စဉ် တနေ့တာလှုပ်ရှားမှု အကြောင်းကို နားထောင်ရသည်ကပင် မဂ္ဂဇင်းထဲက ဆောင်းပါးကောင်းတပုဒ်လို ပြည့်စုံနေသည်။ နားနှင့်ဖတ်ခွင့်ရသော သက်ရှိစာအုပ်ကြီးကို အရှေ့တိုက်မှ အနောက်တိုက် ရွှေ့ပေးလိုက်ခြင်း ဖြစ်သည်ဟုဆိုရမည်။   လူမခိုးသော ရွှေအိုးကို ဆရာပိုင်ထားသည်။ ပိုင်ဆိုင်ထားသည့် အရင်းအမြစ်ကို အလဟဿ မထား။ အချိန်တိုင်း ပြန်လည်ဖြန့်ဝေ နေခြင်းက အတိုးနှုံး နေ့စဉ်တက်နေသော ပစ္စည်းကို ရင်နှီးပြီး ရွှေအိုးအသစ်ပြန်လည်မြှုပ်နှံ နေခြင်းပင်ဖြစ်သည်။ ထောင်တွင်း ဂျပန်စာ ဂျပန်စကား သင်သော သင်တန်း၊ သမိုင်းဆိုင်ရာ ဟောပြောမှု ၊နေ့တိုင်းတခုမဟုတ်တခု ဆရာ့ အတွက် အချိန်ပြည့်နေသည်။ အနောက်တိုက်မှ လူသစ်များ အတွက် တခုခု ပြောပေးရန် ဝိုင်းတောင်းဆိုကြသည် ။ ဒီတော့လည်းဆရာမငြင်း။ မိမိ အိတ်ကပ်ထဲမှ ဖိတ်ကျ ရသည်ကို သူပျော်နေသည်။ ပေးဆပ်ခြင်း အတွက်ထောင်ထဲရောက်ပြီး၊ ဝေငှ ခြင်းဖြင့်နေထိုင်ရသည်ကို သူကျေနပ်နေသည်။  သူရသော အဖိုးအခကား ပီတိဖြစ်မည်။ ခေါင်းစဉ်သီးသန့်မထားပဲ ကြုံကြီုက်တုန်း အမှတ်တမဲ့ ထွက်ကျလာသော စကားတွေသည်ပင် သိမ်းဆည်းထားစရာ ဖြစ်နေသည်။ မှတ်မိသမျှကို သီးသန့် စာတပုဒ် အဖြစ် ဖန်တီးဖို့ကြိုးစားပါဦးမည်။

 

ဆေးဖက်ဝင် သစ်တပင်မှ ကြွေလွင့်လာသောသစ်ရွက်တရွက်သည်လည်း အမှိုက်ဘဝသို့ မရောက်။ သိမ်းဆည်းထားသူအတွက် တန်ဖိုးက ရှိနေသည်။ ဆရာက ဒီလိုပြောဖူးးတယ်ဆိုသည့် စကားကို  စကားဝိုင်းအတွင်းချခင်းပြီး အကိုးအထောက်ပြရခြင်းကိုက ပြသူအတွက် ဂုဏ်ကိုတက်စေခဲ့သည်။ သင်ထားဆည်းပူးထားသောပညာတွေသည် စာသင်ခန်းအတွင်း သုံးရန်ဟုသာဟု သတ်မှတ် ထားပါက ဆရာဘဝ ရှင်လျှက်သေ သူဖြစ်မည် ။ ယခုတော့ လိုချင်သူရှိလျှင် ပေးမည်ဟု ခံယူထားအဖို့ ရောက်လေရာ ရှင်သန် နေတော့သည်။

 

ကျရောက်လာမည့် ဘေးဒဏ်ကိုစိုးရွံ့စိတ်ဖြင့် တာဝန်မဲ့ နေခဲ့ပါက သူဒီနေရာ ရောက်လာစရာမရှိ။ လူအများ မိုးခါးရေသောက်သော ခေတ်ကြီးတွင် မိုးခါးရေကိုငြင်းပယ်ခဲ့ခြင်းက ရာထူးဌာနန္တရတို့နှင့် ကင်းဝေးခဲ့ရသည်။ မိုးခါးရေသောက်သူတို့က ဘောဂသမ္ပတ္တိ တို့ဖြင့်ပြည့်ဝနေချိန် ဆရာ့ကို သိက္ခာနှင့် ပေးဆပ်မှု တို့ အတွက်တော့ ပခုံးခြင်းယှဉ်ဝံ့ကြမည်မထင်။  သူယခု သမိုင်းကို လေ့လာသူ မဟုတ် သမိုင်းကို ဖန်တီးသူဖြစ်နေပါပြီ။ ဤစာစုကို ဆရာဗန်မော်တင်အောင်၏ မြိုင် ဝတ္ထုထဲက စာသားလေးနှင့်သာအဆုံး သတ်ချင်ပြီးဆရာ့ကို ဂုဏ်ပြုလိုက်ချင်ပါသည်။

 

အနှိပ်စက်ခံရမှာ ကြောက်လို့ပဲဖြစ်ဖြစ် ၊ အသတ်ခံ ရမှာ ကြောက်လို့ပဲဖြစ်ဖြစ် တိုးတက်မူ့နဲ့ အမှန်တရား ဘက်က ရပ်တည်မယ့် သူတွေသာ သမိုင်းတစ်လျှောက်မှာ ပေါ်ပေါက်မလာဘူးဆိုင်ရင် လူ့လောကဟာ တိရစ္ဆာန် လောက သာသာ လောက်ပဲ ရှိ့နေဦးတော့ မှာပေါ့ ……မြိုင်ရယ် ။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts